Monday 26 July 2010

ဂြိုဟ်အမှတ် ၁၀/၁၇၀၅

+++ ဂြိုဟ်အမှတ် ၁၀/၁၇၀၅ +++

တစ်နေ့သ၌ ကျွန်တော့် ဂြိုဟ်ကမ္ဘာထဲတွင် ပန်းလေးတစ်ပွင့် ပွင့်လာခဲ့သည်။ နံနက်ခင်းတစ်ခု ဥယျာဉ်ထဲတွင် ပေါင်းပင် မြက်ပင်များ သုတ်သင်ရှင်းလင်းနေခိုက် နေရောင်ခြည်အောက်တွင် လှပစွာပွင့်နေသော ပန်းလေးကို ပထမဦးဆုံးအကြိမ်အဖြစ် ငေးကြည့်မိသည်။ ကျွန်တော့်ဂြိုဟ်ကမ္ဘာတွင် နံနက်ခင်းပေါင်း ၃၆၅ ခု ရှိ၍၊ မကောင်းသောစိတ်များသည် မသိမထားမိပါက ပေါင်းပင်မြက်ပင်များကဲ့သို့ ရှင်သန်ကြီးထွားတတ်သည် ဆိုသောကြောင့် နံနက်ခင်း ပေါင်းပင်များ ရှင်းလင်းနေချိန် "ကောင်းသော နံနက်ခင်းပါရှင်.." ဟူသော အသံစူးစူးလေးကို စတင်ကြားမိခဲ့ခြင်း ဖြစ်သည်။

ပန်းကလေးသည် မူယာများသူလေးလည်း ဖြစ်ပါသည်။

"အဟွတ် အဟွတ် ရှင့်နေရာက လေစိမ်းတွေ တအားတိုက်တာပဲ" ဟု ဆိုသောအခါ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရပါသည်။ လောကကြီးထဲ စတင်ဝင်ရောက်စ ပန်းလေးရဲ့ ပွင့်ဖတ်နုနုများအကြား အရာရာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖြတ်သန်းတိုက်ခတ်နိုင်သော လေစိမ်းများအကြောင်း ကျွန်တော် သိရှိ ခံစားနားလည်လို့ ရပါသည်။ ထို့ကြောင့် ပန်းလေးအတွက် ဖန်ပေါင်ချောင်လေးတစ်ခု ရေးဆွဲရပါဦးမည်။

သို့သော် ဖန်ပေါင်းချောင်သည် ပန်းကလေးကို ကျွန်တော့် ဂြိုဟ်ကမ္ဘာထဲရှိ သိုးတစ်ကောင်၏ စားသုံးမှု အန္တရာယ်မှ ကာကွယ်ပေးနိုင်လိမ့်မည်ကား မဟုတ်ပေ။ (ထိုသိုးကလေးကို အဖြုရောင် မဟုတ်သော်လည်း တစ်ကောင်တည်းသာရှိ၍ သိုးမည်းလေးဟု ကျွန်တော် မခေါ်ရက်ခဲ့ပါ။) ကျွန်တော်တစ်ယောက်တည်း နေထိုင်သော ဤ ဂြိုဟ်ကမ္ဘာတွင် သိုးမည်းတစ်ကောင်လည်း ရှိသည်ဟု ပြောရမှာကို ရှက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဖန်ပေါင်ချောင်လေးကတော့ ပန်းကလေးကို လေစိမ်းများ၏အန္တရာယ်မှ အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ပြီး သိုးမည်းလေး၏ အန္တရာယ်မှ ကာကွယ်ရန်အတွက်တော့ ပါးခြုပ်လေးတစ်ခု ရေးဆွဲရပါဦးမည်။

ညနေဆည်းဆာချိန်များတွင် ပန်းကလေးကို လေစိမ်းများမတိုက်အောင် ကာကွယ်ပေးရင်း
(၁) အခြားဂြိုဟ်ကမ္ဘာများတွင် နေထိုင်သော အရက်သောက်ခြင်းကိုရှက်လို့ မေ့ပစ်နိုင်အောင် အရက်သောက်နေသော အရက်သမားများ အကြောင်း၊
(၂) ကိန်းဂဏန်းများကိုသာ စိတ်ဝင်စားသော လူကြီးများနေထိုင်ရာ ဂြိုဟ်ကမ္ဘာများအကြောင်း၊
(၃) ဖြတ်သွားဖြတ်လာပြုမိသူများကအစ သူတို့ဆီ ဝင်ရောက်ခစားဖို့ လာသည်ဟု ထင်နေသော ဘုရင်ကြီးများနေထိုင်ရာ ဂြိုဟ်ကမ္ဘာများအကြောင်း၊
(၄) မီးတောင်သေများရှိပြီး မပေါက်ကွဲအောင် စက္ကန့်မလပ် စောင့်ကြည့်နေရသော ဂြိုဟ်ကမ္ဘာများအကြောင်း
ပြောပြရပါဦးမည်။

ချမ်းညီချို
17-06-2010

(ညွှန်း - Antoine de Saint-Exupéry's The Little Prince)

No comments:

Post a Comment