Thursday 29 November 2012

ရွှတ်ခဲ့ဖတ်ခဲ့သည် ရှိသော် .. မရွှတ်ခင်၊ မဖတ်ခင်မှာ

 ရွှတ်ခဲ့ဖတ်ခဲ့သည် ရှိသော် .. မရွှတ်ခင်၊ မဖတ်ခင်မှာ


      ဘုရား .. ဘုရား ကိုတောင် ကျယ်ကျယ်ဟပြီး မတရဲဘူး၊ အန်မှာစိုးလို့ လို့ ပြောရမတတ်အောင်ပဲ သုံးလေးရက်ဆက်တိုက် ရှိရှိသမျှ အန်ထွက်ခဲ့ရတော့ 'ဒီဒဏ်ကို ခံနိုင်ပါတယ်လေ ..' ဆိုတဲ့ ကျွန်တော့်ရဲ့ အရင်က ယုံကြည်ချက်လေး ဘယ်နားကျပျောက်လို့ သွားမှန်း မသိတော့ဘူး။ ဒီထိုးဆေးတွေ၊ သောက်ဆေးတွေကိုလည်း နားမလည်နိုင် ဖြစ်မိတယ်။ သူတို့နဲ့ အသားတကျဖြစ်လာပြီ၊ အဆင်ပြေလာပြီလို့ ထင်ပြီး ဝမ်းသာနေခဲ့မိတာလည်း အခုတော့ လေထဲ လွင့်လို့ သွားပြန်တာပါပဲ။ ခြောက်ရက်၊ ခုနစ်ရက်လောက် နေမကောင်းဖြစ်ရတာဟာ စိတ်ဓာတ်ကိုလည်း တော်တော်ထိခိုက်စေတယ်လို့ ထင်တယ်။

      ကျိန်းသေပေါက် ထိခိုက်မှာပါ။ လူဟာ ဝေဒနာ ခံစားနေရချိန်မှာ ကောင်းတဲ့အတွေး၊ ပျော်စရာအတွေး နဲ့ ကုသိုလ်ဖြစ်စေတဲ့အတွေးတွေကို ဘယ်မှာလာပြီး တွေးနိုင် စဉ်းစားနိုင်မှာတုန်း။ ကျွန်တော်လည်း အဲလိုပါပဲ။ ပိုဆိုးတာက မကောင်းတဲ့အတွေးတွေပါ ခေါင်းထဲကို ရောက်ရောက်လာတာ။ ဘာကိုမှန်းမသိ လက်လျှော့လိုက်ချင်တဲ့ အတွေးတွေ၊ ဘာကြောင့်မှန်း မသိ ဒေါသထွက်နေတဲ့ အတွေးတွေ မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ခေါင်းထဲကို ရောက်ရောက်လာကြတယ်။ ဟုတ်ပါတယ်၊ ဘာမှမဖြစ်နိုင်တော့ပါဘူးလေ ဆိုပြီး ဘယ်သူ့ကိုမှန်းမသိ အရှုံးတွေလည်း ပေးနေခဲ့မိသေးတယ်။ ကိုယ်က မကျန်းမာတော့ စိတ်နဲ့အတွေးတွေပါ လိုက်ပြီး မကျန်းမာသလို ဖြစ်ကုန်ပြီနဲ့တူတယ်။ ခုချိန် မှန်ထဲ သွားကြည့်လိုက်လျှင် ခိုရုပ် ထွက်နေလောက်ပြီ။ ခိုကတောင် အရှုံးပေးရလောက်အောင်ကို ညည်းမိနေတဲ့ ဘဝရောက်နေပြီ။

      ဒီလို ဘဝမှာ ဒီလိုပဲ ငြိမ်နေလို့တော့ လုံးဝ မဖြစ်ဘူး။ နေမကောင်းလို့ ဆေးခန်း မသွားနိုင်လျှင် ဆေးခန်းကို ကိုယ့်ဆီလာဖို့ လုပ်ရမယ်။ မနက်ဖြန် ထပြီး ဆေးရုံကို သွားနိုင်လျှင် သွား၊ မသွားနိုင်လျှင် ဆေးရုံက ကားကို လာခေါ်ခိုင်းရမယ်လို့ သေသေချာချာ စဉ်းစားထားလိုက်တယ်။ ဒီလောက်ကြီး နေမကောင်းဖြစ်တာ သိပ်တော့ အထာမကျဘူးလို့ ကျွန်တော် ထင်မိတယ်။ စာရေးစာဖတ် လုပ်ဖို့ မပြောနဲ့၊ ကွန်ပြုတာသုံးဖို့ မပြောနဲ့ အိပ်ရာထဲက လူကိုတောင် အပြင်ရောက်အောင် ထွက်မလာနိုင်ဘူး။ ဘာဖြစ်လို့ ဘာဖြစ်မှန်း ကျွန်တော်လည်း မသိဘူး။

      အခုလို ညသန်းခေါင်ကျော်ကျမှ ခေါင်းနည်းနည်း ထူလာနိုင်တယ်။ မျက်လုံး ဖွင့်နိုင်၊ ကွန်ပြုတာကိုလည်း ခလုတ်ဖွင့်နိုင် ဖြစ်လာတယ်။

      အဲလို လူလည်း မျက်လုံးဖွင့်နိုင်၊ ကွန်ပြုတာလည်း ဖွင့်နိုင် ဖြစ်လာချိန်မှာ ပထမဦးဆုံး လုပ်ချင်တာကတော့ စာတစ်ပုဒ်လောက် ရေးထားခဲ့ချင်တာပါပဲ။ အကယ်၍များ အခန့်မသင့်လို့ "ရွှတ် .." ကနဲ အသက်ကလေးများ ထွက်သွားခဲ့သည်ရှိသော်၊ "ဖတ် .." ကနဲ လိပ်ပြာကလေးများ လွင့်သွားခဲ့သည်ရှိသော် "အားလုံးကို သတိရပါတယ် .." လို့ မရွှတ်ခင်၊ မဖတ်ခင်မှာ ပြောသွားချင်တာပါ။


       ထွေထွေထူးထူးရယ်လို့လည်း မဟုတ်ပါဘူး။ 

       ဒီလိုပဲ၊  သတိရကြောင်း သာကြောင်း မာကြောင်းနဲ့ နာကြောင်း ပေါ့။     ။

ချမ်းညီချို
၂၉ - ၁၁ - ၂၀၁၂






   
     

Wednesday 21 November 2012

သူတို့ကလည်း ချစ်တယ် ကျွန်တော်ကလည်း ချစ်တယ်

 သူတို့ကလည်း ချစ်တယ် ကျွန်တော်ကလည်း ချစ်တယ်

     
      ဒီနေ့ အိပ်ရာနိုး၊ မျက်စိနှစ်လုံး ဖွင့်လိုက်ကတည်းက ဖေ နဲ့ မေ့ကို သတိတွေရနေမိတာဟာ မနေ့ညက မအိပ်ခင်မှာ သူတို့အကြောင်းတွေကို စဉ်းစားနေပြီးမှ အိပ်ပျော်သွားခဲ့လို့လားတော့ မသိဘူး။

      "တခြားဟာတွေကို ခေါင်းထဲ ထည့်မနေနဲ့ဦး၊ ကျန်းမာရေးက အရေးကြီးတယ်၊ ကျန်းမာရေးကို အရင် ဂရုစိုက်ပြီး လုပ်လိုက် ... သိလား .. သား။"

      မာမီ့မွေးနေ့ ဖုန်းလှမ်းဆက်တုန်းက ဖေကြီးရဲ့ သေသေချာချာ မှာလိုက်တဲ့ စကား။ ဟုတ်တယ်၊ ဖေကြီးလို အမြဲတမ်း မိုးလင်းကနေ မိုးချုပ်အထိ အလုပ်တွေ အမြဲကြိုးစားပြီး လုပ်နေမိခဲ့ရင် ကျွန်တော်မှာ့လည်း ကျန်းမာရေးက ကောင်းနေလောက်တယ်လို့  တွေးလိုက်မိတယ်။

       ခန်းဆီးကို ဆွဲမဖွင့်ဖြစ်သေးပေမယ့် မပြင်မှာ မိုးတွေ ဖွဲကျနေတယ်၊ အရောင်တွေက မှောင်မှောင်နဲ့ မှိုင်းကျလို့ နေတယ် ဆိုတာ ကျွန်တော် ရိပ်မိနေပါတယ်။ ပြုတင်းမှန်ကို လာလာတိုးပက်ပြီး လွှင့်စင်လို့ထွက်ခွါသွားရတဲ့ မိုးစက်တွေရဲ့ အော်သံတစ်ချို့ကိုတောင် ကြားမိသလိုပဲ။ အလို တူချင်မှ တူပေမယ့် အားမတန်တဲ့ အဆုံး အရှုံးပေးလိုက်ရပုံမျိုးနဲ့ သစ်ပင်တွေဟာ လေကြမ်းကြီးတွေနောက် လိုက်ပြီး ယိမ်းလို့နေကြရတာကိုလည်း မြင်ရမယ်၊ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားလို့ ရတယ်ဆိုတဲ့အတွက် ငှက်တစ်ကောင်မှ မရှိတဲ့ ဟောဒီဝန်းကျင်မှာ သစ်ပင်တွေ အားလုံးဟာ မိုးစက်နဲ့ လေအောက်မှာ ရှက်ပြီး ခေါင်းကို ငုံ့သျှိုးလို့ နေနေကြရမယ် ဆိုတာတွေကို ကျွန်တော် ရိပ်မိနေပါတယ်။ ဒီလိုနဲ့ပဲ ခန်းဆီးကို ဆွဲဖွင့်လိုက်မယ့်လက်တွေဟာ လေထဲမှာ ရပ်တန့်လို့နေတယ်။
    
      မာမီ့မွေးနေ့တုန်းက ဖုန်းကို ပထမဦးဆုံး လာကိုင်တဲ့ မမအိက "ဟဲ့! မောင်ချမ်းရဲ့ .. စားချင်ချင် မစားချင်ချင် အတင်းသာ အစားကို ဝင်အောင် စား၊ သိလား။ ဒါမှ ဒီဟာက ကုလို့ ရမှာ။ အဲလို စားရင်း စားရင်းနဲ့ မင်းအစ်ကို ကိုတင်မောင်ထွန်းလည်း အခု ဝိတ်ပြန်လျှော့လို့တောင် မရတော့ဘူး၊ ဟီ ဟိ .. တဲ့ ။"  နဂိုကတည်းကမှ အစားအသောက်စားဖို့ ပျင်းတာ အခံရှိတဲ့ ကျွန်တော့်ကို ဒီ ဆေးတွေကြောင့်  ပိုပြီး အစားမစားနိုင်ဖြစ်မှာကို စိုးရိမ်ကြရှာတယ် ထင်ပါတယ်။

       မြန်မာပြည် ပြန်လာပြီးတော့ မိသားစုနဲ့ အိမ်မှာနေပြီး ဆေးကုတာကို မခံပဲ၊ ဒီအင်္ဂလန်မှာလည်း ဘယ်သူနဲ့မှ တွဲမနေပဲ တစ်ယောက်တည်းနေပြီး ဆေးကုတာကို လုပ်မယ်လို့ သေချာကြီး ဆုံးဖြတ်လိုက်ပြီဆိုတော့ ရန်ကုန် ပြန်လာဖို့ကိစ္စကို ထပ် မပြောလေတော့ဘူး။ သူတို့ကလည်း ချစ်တယ်၊ ကျွန်တော်ကလည်း ချစ်တယ်၊ အဲဒါကြောင့်ပါပဲ။ "ချစ်ခြင်းမေတ္တာ၏ မှန်ကူကွက်များ" ဆိုတဲ့ စကားလုံး (စီးရီးတစ်ခုရဲ့ ခေါင်းစဉ်) ကို ပြန်ပြီးသတိရမိတယ်။

      မာမီက ဒီတစ်ခေါက် သူ့ရဲ့ လက်ရာတွေက နည်းနည်း စပ်သလို ဖြစ်သွားတဲ့ အတွက် နောက်တစ်ခေါက်ကျရင် အစပ်လျှော့ဖို့ နဲ့ ငါးကြော်တို့ ဒါမှမဟုတ် ငါးပိကောင်ကြော်တို့ လုပ်ရင် ကောင်းမလားလို့ မေးတော့ ကျွန်တော်ကလည်း ကြုံတုန်း "မာမီ .. ငါးကလေးအိုးကပ်တို့ ဘာတို့ စားရလျှင် တော်တော် ကောင်းမလား မသိဘူး၊ သိလား " ဆိုပြီး အကြံပေးသလိုလို ဘာလိုလိုနဲ့ အမေ့ကို ကပ်ချွဲလိုက်တယ်။ တကယ်တော့ မာမီက လက်ဘက်ခြောက်တွေ လွဲသွားတဲ့ကိစ္စကို စိတ်ညစ်နေတာပါ။ ကျွန်တော်က ရေနွေးသောက်တဲ့ လက်ဘက်ခြောက် လိုချင်တာကို ဆိုင်တွေမှာ လက်ဘက်ရည်ဖျော်ရောင်းတဲ့ လက်ဘက်ခြောက်အချိုမှုန့်တွေနဲ့ မှားပြီး ထည့်ပေးလိုက်မိလို့ တဗျစ်တောက်တောက်။
    
      မွေးနေ့ မုန့်ဟင်းခါးအကြောင်း မေးတော့ "ဪ .. သားရယ် မွေးနေ့အထိတောင် မစောင့်နိုင်လို့ မနေ့ကတည်းက တစ်ရက်ကြိုပြီးတောင် ချက်စားလိုက်ပြီ .." တဲ့။ မာမီ့လက်ရာ မုန့်ဟင်းခါးကို မစားရတာ ကြာလှနေပြီ။ ခုချိန်ထိ မုန့်ဟင်းခါးဆိုရင် မာမီ့လက်ရာကပဲ အကောင်းဆုံးလို့ ထင်နေတုန်း။ ဒါကို ပြောလိုက်လျှင် "သားရယ် .. အဲဒါကြောင့် ဒီကို ပြန်လာပါလို့ ပြောတာပေါ့" လို့ပဲ ထပ်ပြောလေမလား မသိ။ 

      
      ချစ်ခြင်းမေတ္တာ၏ မှန်ကူကွက်များမှာ ကိုယ့်ကိုချစ်တဲ့ မိဘတွေကလည်း ကိုယ်နေမကောင်းတဲ့အတွက် သူတို့ဆီပဲ ပြန်လာပြီး သူတို့ ပြုစုတာကို ခံစေချင်တယ်၊ ကိုယ်ကလည်း နေမကောင်းတဲ့အတွက် သူတို့ဆီပြန်ပြီး လူမမာအဖြစ်နဲ့ နေရင်း သူတို့ကို ဒုက္ခ မပေးချင်ဘူး။ အဲဒါကြောင့် သူတို့ကလည်း ချစ်တယ်၊ ကျွန်တော်ကလည်း ချစ်တယ် ဆိုတာ၊ အဲဒါ။

      ဘာပဲဖြစ်ဖြစ် အလကားကုသခွင့် ရှိနေတဲ့ ဒီအင်္ဂလန်မှာနေပြီး ဆေးကုတာက ပိုပြီး ကောင်းတယ်ဆိုတာကို ဟိုတစ်နေ့က ကိုဝင်းမင်းနဲ့ ဖုန်းပြောတုန်းက ပြောဖြစ်သေးတယ်။ ကုန်ကျစရိတ်တင် မဟုတ်ပဲ ဆေးဝါးတွေရဲ့ အရည်အသွေးက အစ ပိုပြီး စိတ်ချရတယ် ဆိုတာတွေလည်း ပါတာပေါ့လေ။ နောက်ဆုံးတော့ ဒီမှာ တစ်ယောက်တည်းနေရတာက ဒီလောက် အရေးမကြီးပါဘူး၊ ဒီဒုက္ခက သေးသေးလေးပါလို့ ပြောဖြစ်ကြတယ်။ မြန်မာပြည်သားတွေပီပီ ကိုယ့်မြန်မာပြည်မှာ နေရတာကိုတော့ ပိုပြီး သဘောကျတာ ကျိန်းသေတာပေါ့။ သူတို့၊ ကိုယ်တို့တွေက နောက်ဆုံးမှာတော့ မြန်မာပြည်မှာပဲ ခေါင်းချချင်စိတ်ကလေးက သွားတူနေပြန်သေးတယ်။

     ဒီနေ့ အိပ်ရာနိုးကတည်းက ဖေကြီး နဲ့ မာမီ့အကြောင်း ထိုင်စဉ်းစားနေမိတာ ပုံမှန် ကိုက်နေကျ ခေါင်းတောင် မကိုက်ပဲ နေပါလားဆိုတာကို အခုမှ သတိထားမိတယ်။ အိပ်ရာနိုးလာတိုင်း အမြဲတမ်း ခေါင်းရဲ့ ညာဘက်အခြမ်းက ကိုက်ကိုက်နေကျလေ။ ဒီနေတော့ အိပ်ရာနိုးပြီး ကော်ဖီတစ်ခွက်နဲ့ ဒီစာတိုကို ထိုင်ရေးနေ၊ ထိုင်တွေးနေရင်း ခေါင်းမကိုက်ဖြစ်ဘူး။ ဪ! .. မိဘမေတ္တာ ဆိုတာ ဒီလောက်အထိ စွမ်းပကားကြီးမားပါကလား။     ။

ချမ်းညီချို
၂၁ - ၁၁ - ၂၀၁၂  



 




Sunday 18 November 2012

စက္ကူလေယာဉ်ပျံလေးလို ဝဲချင်ရာ ဝဲခဲ့မိတယ်လို့


စက္ကူလေယာဉ်ပျံလေးလို ဝဲချင်ရာ ဝဲခဲ့မိတယ်လို့ 


     ညက အိပ်လို့ မရခဲ့တဲ့အတွက် အခုမနက်မှာ လူက အိပ်ရာထဲကနေ မထွက်ချင်လှဘူး။ (အခုမနက်အစား အခုနေ့လယ်လို့ ပြောင်းပြီး ပြောရင် ပိုမှန်မယ် ထင်တယ်)။ နာရီကို ကြည့်လိုက်တော့ ၁၃း၀၀ နာရီနားမှာ လက်တံတွေက ဝဲနေတယ်။ အပြင်မှာ ရာသီဥတုက ဘယ်လိုလဲ သိချင်လာတာနဲ့ ခန်းဆီးကို မရဲတရဲ ဆွဲဖွင့်ကြည့်လိုက်တယ်။ မဆိုးပါဘူး၊ လင်းလင်းချင်းချင်းတော့ ရှိသားပဲ။

      အမြဲတမ်း ကိုက်နေကျဖြစ်တဲ့ ဒီဦးခေါင်းကြီးကို ခေါင်းအုံးပေါ်ကနေ ဆွဲမလိုက်တယ်။ ခြေထောက်တွေကို စောင်ခြုံထဲကနေ တဖြေးဖြေးချင်း ဆွဲထုတ်နေတုန်းမှာ ကော်ဖီဖျော်ဖို့ နွားနို့ ကုန်နေတယ် ဆိုတာကို ရိပ်ကနဲ သတိရမိလိုက်တယ်။ ဒီနေ့တော့  သီရိဂျေမောင်မောင် (ဘလက်ကော်ဖီ) နဲ့ပဲ နှစ်ပါးသွားရတော့မယ်ဆိုတာ ကျိန်းသေသွားပေါ့။

      အစာနဲ့ တွဲသောက်ပါလို့ မှာထားတဲ့ ဆေးငါးလုံးကို ဒီအတိုင်းပဲ ရေနဲ့ ရောသောက်ပစ်လိုက်ရင်း ကိုက်နေတဲ့ ခေါင်းအတွက်ပါ ပါရာစီတမောနှစ်လုံးကို ရက်ရက်ရောရောကြီး တွဲသောက်ချပစ်လိုက်တယ်။ ဒီလောက် ဖျားချင်နာချင် နေမကောင်းချင်နေတာ တွေ့ကြသေးတာပေါ့လို့ မထင်မှတ်ပဲ ရွတ်မိလိုက်တယ်။ စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်မယ်ဆိုတဲ့ အထာမျိုး။ စိတ်ထဲမှာတော့ ကိုယ် နဲ့ ဒီရောဂါ ဝေဒနာတွေနဲ့ ထိပ်တိုက် စီးချင်းထိုးကြတော့မလိုလို ပြင်ဆင်ထားလိုက်မိတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိတယ်။ ဖျားစမ်း! ဘယ်လောက် ဖျားမလဲ! ကြည့်ကြသေးတာပေါ့လို အထာပေါ့။

     ကြာသပတေးနေ့က ထိုးဆေး ထိုးရတော့ သောကြာ နဲ့ စနေ နှစ်ရက်မှာ စာတိုလေး တစ်စောင်လောက်ပဲ ရေးလိုက်နိုင်လောက်အောင်ကို လူက မှောက်နေခဲ့တာ။ ကွန်ပြုတာသုံးမယ် ဆိုပြီး ဒီစကရင်ကြီးရှေ့ ရောက်လာရင် လူက အန်ချင်သလိုလို ဘာလိုလိုနဲ့ ဖြစ်ဖြစ်လာလို့ ပြန်လှဲနေမိတဲ့ အချိန်တွေ တော်တော်များတယ်။ အသုံးတည့်လျှင် တည့်နိုင်တယ်လို့ ထင်မိတဲ့အတွက် နာရီဝက်လောက် အောက်ဆင်းပြီး လမ်းလျှောက်ခဲ့မိသေးတယ်။ အပြင်ထွက်လျှင် ကိုယ်ပူရှိန်က ပိုတက်လာတယ်လို့ ထင်မိတဲ့အတွက် အိမ်ထဲကို ပြန်ပြန်ဝင်လာမိတယ်။

      ဆိုင်တယ် မဆိုင်တယ် မသိဘူး။ ဆရာငြိမ်းအေးအိမ်ရဲ့ စာတွေ ဖတ်ချင်လာမိတယ်။ အဲသလိုနဲ့ ဖြစ်စဉ်က မသုံးတော့ပဲ ပစ်ထားတဲ့ ဖေ့စ်ဘုဒ်ထဲ ပြန်ဝင်ဖို့ ကြိုးစားရတဲ့ဖြစ်စဉ်ကို ရောက်သွားတယ်။ သုံးခေါက်မြောက် ထည့်လိုက်တဲ့ ပတ်စ်ဝါဒ်က မှန်သွားတဲ့အတွက် ချောချောမောမောပဲ စာတွေကို ဖတ်ခွင့်ရသွားပါတယ်။ သီရိဂျေမောင်မောင်တစ်ခွက်နဲ့ ပွတ်ချွန်းတစ်လိပ် ပြင်ထားလိုက်ပြီး စဖတ်တော့ တကယ်တမ်းမှာ ခေါင်းက မူးလာတော့ သုံးလေးပုဒ်ပဲ ဖတ်နိုင်ပါတယ်။ အဲသလိုနဲ့ပဲ ပြုတင်းပေါက်နားမှာ လေသွား ရှူလိုက်၊ စကရင်ပေါ်က စာသားတွေကို ပြန်လာဖတ်လိုက်နဲ့ပေါ့။ (တော်တော်လေးကို အဆင် မပြေဘူး)။ လက်ထဲမှာ စာရွက်တွေကို ကိုင်တွယ်ပွတ်သပ်ပြီး ဖတ်ရတဲ့ အရသာကို ပြန်တမ်းတလာမိတယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုတာ ဒါပဲ ဖြစ်မှာပါပဲ။

     စာဖတ်ရတာ အဆင်မပြေလို့ ရုပ်ရှင်ကြည့်လျှင် ကောင်းမလား ဆိုပြန်တော့လည်း စိတ်က မကြည့်ချင်ပြန်ဘူး။ (ဟုတ်တယ်၊ နေ့ခင်းဘက် ရုပ်ရှင်ကြည့်ရတာကို ကျွန်တော် သိပ်မကြိုက်လှဘူး)။ မနေ့ညကတော့ (အိပ်မက်လိုလို ဘာလိုလိုနဲ့) ဖေကြီးနဲ့ မာ့မီရဲ့ ဘဝဇာတ်ကြောင်းကို ဗီဒီယိုကားလေး တစ်ကားအဖြစ် ရိုက်ဖြစ်တယ်လို့ စိတ်ထဲမှာ ဝိုးတိုးဝါးဝါးနဲ့ ထင်နေတယ်။ အိပ်မက်အနေနဲ့ မက်ခဲ့မိတာလား၊ ဒီလို လုပ်မယ်လို့ ကျွန်တော် စိတ်ကူးခဲ့မိတာလားကို ကျွန်တော် အခု ပြန်စဉ်းစားကြည့်တော့ မသေချာဘူး။ မေမေရဲ့ မွေးနေ့အကြောင်းရယ်၊ မအိတို့ သားအမိတွေ ရန်ကုန် အလည် ပြန်မယ့် အကြောင်းတွေကို သွားပြီး စဉ်းစားလိုက်မိလို့နဲ့ တူပါတယ်။

     ကျွန်တော် ဒီမှာ ဘာတွေ လုပ်နေပါလိမ့်။

     ဘဝက ခေါက်ရိုးချိုးလှလှလေးတွေနဲ့  စနစ်တကျ လုပ်လိုက်ပြီးတော့မှ သွားချင်ရာ သွားလို့ လေထဲ ပစ်တင်လိုက်တဲ့ စက္ကူလေယာဉ်ပျံလေးလိုပဲ ဝဲချင်ရာ ဝဲခဲ့မိတယ်လို့ ထင်မိတယ်။ စနစ်တကျနဲ့ ခေါက်ရိုးလေးတွေကို လုပ်နေချိန်မှာရော၊ လေထဲ ပစ်တင်လိုက်တဲ့ အချိန်မှာရော လှပနေခဲ့တဲ့  စက္ကူလေယာဉ်ပျံလေးဟာ ဝဲချင်ရာနေရာတွေကို ဝဲခဲ့ပြီး၊ တခါတလေတော့လည်း လေကြောင်းသင့်သလို ဝဲခဲ့ပြီး  အဆုံးသတ်တော့ အောက်ကို ပြန်ထိုးကျလာနေပြီ။ ဒီ  စက္ကူလေယာဉ်ပျံလေးဟာ တကယ်တော့ (ကျွန်တော့်) ပြင်္ကဒိန်တွေ၊ သက္ကရာဇ်တွေ နဲ့ တည်ဆောက်ခဲ့တာပဲ မဟုတ်လား။ လေထဲမှာ ဝဲနေခဲ့တုန်းက ကမ္ဘာကြီးကို အပေါ်စီးက မြင်ခဲ့ရတယ်လို့လည်း ထင်မိခဲ့သေးတယ်။

      အဆုံးသတ်မှာ ဘယ်နေရာကို ဘယ်လို ထိုးဆင်းသွားမလဲ ဆိုတာကတော့ ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှူပါ ခင်ဗျား ပေါ့။

ချမ်းညီချို
၁၈ - ၁၁ - ၂၀၁၂



Saturday 17 November 2012

မလိုချင်ငြင်းပယ်ခဲ့ ဒီမေတ္တာတရားတို့ရယ် ... အို ... ရင်ထဲပြန်ပြီး သိမ်းဆည်းသွားပါမယ်

 နှုတ်ဆက်ခြင်း


မကြာခင်လေးမှာပဲ အဝေးကို သွားတော့မယ် .. ဒီအချိန် မင်းကိုကွယ် ငါ နှုတ်ဆက်ခဲ့ပါတယ်
မပြေလည်ခဲ့တာလည်း မင်းရင်ထဲရှိလျှင် .. ကျေပါ ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်


မလိုချင်ငြင်းပယ်ခဲ့ ဒီမေတ္တာတရားတို့ရယ် .. 

အို .. ရင်ထဲပြန်ပြီး သိမ်းဆည်းသွားပါမယ်

ငါ့ရင်မှာကြေကွဲ အင်းအနှောက်အယှက်ဖြစ်ရင်လည်း
ကျေပါ ကိုယ့်ကို အင်း ခွင့်လွှတ်တော့ကွယ်

အိမ်ပြန်ချိန်လေးမှာ ဝမ်းနည်း နှုတ်ဆက်ခဲ့တယ်
ဒီအချိန်မှာ မင်းရဲ့ အပြုံးလေး .. ခဏလောက် ရချင်တယ်
မပြေလည်စရာ အကြောင်းတွေရှိလည်း ခဏလောက် မေ့ပစ်ခဲ့
ဟိုအရင်အတိုင်းပဲ ..ဘာမှ မပြောင်းလဲ
မင်းရဲ့အနားက အမြဲတမ်း မိတ်ဆွေကွယ်

ငါတို့ ဝေးလေတဲ့ ဘဝတာ လမ်းမရယ် .. တစ်ခါတစ်လေတော့ ပြန်ပြီး သတိရလိုက်ပါကွယ်
ပျော်စရာတွေကြုံခဲ့ အင်း အတိတ်ကအကြောင်းတွေနဲ့ .. ကျေပါ ကိုယ့်ကို အင်း ခွင့်လွှတ်တော့ကွယ်

ဒီအချိန်မှာ မင်းရဲ့ အပြုံးလေး .. ခဏလောက် ရချင်တယ်
မပြေလည်စရာ အကြောင်းတွေရှိလည်း ခဏလောက် မေ့ပစ်ခဲ့
ဟိုအရင်အတိုင်းပဲ ..ဘာမှ မပြောင်းလဲ
မင်းရဲ့အနားက အမြဲတမ်း မိတ်ဆွေကွယ်

မကြာခင်လေးမှာပဲ အဝေးကို သွားတော့မယ် .. ဒီအချိန် မင်းကိုကွယ် ငါ နှုတ်ဆက်ခဲ့ပါတယ်
မပြေလည်ခဲ့တာလည်း မင်းရင်ထဲရှိလျှင် .. ကျေပါ ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

 ကျေပါ ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်





      "ကျန်တာတွေ လျှောက်မတွေးပါနဲ့ ဗျာ ဘ၀က တကယ်တိုပါတယ်။ ဖြစ်သမျှတွေ ဆက်သာရေးပါ။ Forget the world ! " လို့ မနေ့က ကျွန်တော့်စာမှာ Anonymous အနေနဲ့ ပေးသွားတဲ့ ကွန်မန့်တစ်ခုကြောင့် ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ပြန်သတိရလာတော့တယ်။ ဟုတ်သားပဲ၊ ဒီလို တစ်နှစ်လောက် ဆေးကုပြီးသွားရင် ကိုယ်လည်း ပြန်ပြီး ဒေါင်ဒေါင်မြည်သွားမှာပဲ မဟုတ်လား။ အချို့ဆရာဝန်တွေပြောသလို ကုလို့ မရတဲ့ လူ ၂၀% ထဲ ပါသွားပြီး အသည်းကင်ဆာနဲ့တော့ ဘဝက ဇာတ်လမ်း ဆုံးမှာ မဟုတ်ဘူးလို့ ထင်မိတယ်။

      အသည်းကင်ဆာ ဖြစ်ရအောင်ဗျာ အသည်းနဲ့ ပတ်သက်တဲ့ မကောင်းမှုရယ်လို့ တစ်ခုမှ ကိုယ်က လုပ်ဖူးတာမှ မဟုတ်တာ။ ဟုတ်တယ်မှတ်လား။ (ဟုတ်ပါတယ်! .. ဟုတ်ပါတယ်!)။

      အဲသလိုနဲ့ အစာနဲ့ တွဲသောက်ပါလို့ မှာထားတဲ့ ဆေးငါးလုံးကို ဒီအတိုင်း အစာမရှိပဲ အရည်ဖြစ်တဲ့ ကော်ဖီနဲ့ တွဲသောက်ပစ်လိုက်တယ်။ အမှန်တကယ်က ဒီနေ့ အိပ်ရာနိုး ကွန်ပြုတာဖွင့်ပြီးကတည်းက ကိုရွှေရေးပေးလိုက်တဲ့ ဇော်ဝင်းထွဋ်ရဲ့ " နှုတ်ဆက်ခြင်း" ဆိုတဲ့ နားထောင်နေမိတာ။ ဒီအပေါ်က စာသားတွေက အဲဒီသီချင်းရဲ့ စာသားတွေပေါ့။ ဒါပေမယ့် ဒီစာကို ရေးအပြီး အဲဒီ ဗီဒီယိုနဲ့ တွဲမယ်ချိတ်မယ် အလုပ်မှာ တွဲလို့ မရ ဖြစ်နေတယ်။ အဲဒါကို လုပ်နေတာ ကော်ဖီတစ်ခွက်နဲ့ ပွတ်ချွန်းတစ်လိပ် ကုန်နေပြီ၊ ခုထိ မရသေးဘူး။

      စကားမစပ် နောက်အပတ်မှာတော့ ဒီအသည်းရောင်အတွက် ကုလို့ အဆင်ပြေတဲ့ အိမ်နေရာတစ်ခုကို ပြောင်းဖို့ လိုက်ရှာဦးမှပဲလို့ စဉ်းစားမိတယ်။ နေမကောင်းလည်း ဒီလိုပဲ ကြိတ်မှိတ်ပြီး အပြင်ကို ထွက်ရမှာပဲ။ လက်ရှိအိမ်နေရာက နေရတာ သိပ်အဆင်မပြေလှဘူး။ ဒီအကြောင်းကို "စိတ်ညစ်ရတာ တစ်ခုခု" မှာ ရေးလိုက်ဖူးတယ်။  အဲလိုဆိုတော့ တစ်ခုခုတော့ လုပ်မှဖြစ်မယ်။
 

       ဟော! ဒင်း ဒေါင် တူ တောင် နဲ့ ကျွန်တော့်အစ်မ မထက် ဂုဂယ်လ်ထဲကို ရောက်ရှိလာလေရဲ့။
       ကျွန်တော်က ဝမ်းနည်းခြင်းတွေ၊ ခုချိန်ထိ အပြစ်ရှိတယ်လို့ ခံစားနေမိတဲ့ ကြုံဆုံခဲ့ရတဲ့ သူငယ်ချင်းကံကြမ္မာတွေ၊ ချစ်သူကံကြမ္မာတွေ အကြောင်း သူ့ကို ပြောပြမလို့ လက်ပြင်နေတုန်းမှာပဲ ကျွန်တော့်ထက် အငယ် ညီမဝမ်းကွဲတစ်ယောက် မနက်ဖြန် မင်္ဂလာဆောင်တော့မယ်လို့ သူက တန်းပြောတယ်။

ချမ်းညီချို
၁၇ - ၁၁ - ၂၀၁၂


 

Friday 16 November 2012

ချစ်ခြင်းမေတ္တာ၏ မျက်နှာများတတ်ပုံနှင့် မှတ်တမ်းမှတ်စု

ချစ်ခြင်းမေတ္တာ၏ မျက်နှာများတတ်ပုံနှင့် မှတ်တမ်းမှတ်စု


၁၄ - ၁၁ - ၂၀၁၂ (ကြာသပတေးနေ့)

      ဆေးထိုးပြီးသွားရင် အရင်ကလို ချက်ချင်းသွေးတိတ်မသွားတာက သုံးခေါက်၊ ထိုးပြီး ဆယ်စက္ကန့်ပြည့်အောင် ပါးစပ်ကနေ တစ် .. နှစ် .. သုံး .. လေး နေတုန်းမှာတင် ခေါင်းထဲမှာ မိုက်ကနဲ ဖြစ်ဖြစ်သွားတာက နှစ်ခေါက်။

      အခု စပြီး လုပ်နေတဲ့ (ကျွန်တော့်ရဲ့) ဆေးကုသမှုနုတ်စ်စာအုပ်လေးထဲမှာ အဲသလို ချရေးထားလိုက်တယ်။ ထိုးပြီး သွေးမတိတ်တာက သုံးခေါက်ဆိုတော့ ရက်သတ္တပတ်သုံးပတ်။ သုံးပတ်ဆိုတော့ အောင်မယ်! တစ်လနီးပါးတောင် ရှိလာပါပေါ့လား။ ဒါမျိုးက ဒီလောက် သုံးလေးပတ်ကြာအောင် စောင့်မနေသင့်ပဲ ချက်ချင်းပြောပြသင့်တဲ့ဟာမျိုးလား၊ ဒါမှမဟုတ် စကားအဖြစ် ပြောပြစရာကို မလိုအောင် လုံးဝ အရေးမကြီးတဲ့ အချက်တစ်ခုလား။ (ကျွန်တော် မသိဘူး)။ အရင်နဲ့ မတူလို့ စာအုပ်ထဲမှာ ချမှတ်ထားလိုက်တာပဲ ရှိတယ်။ အပ်မဖြုတ်ရခင်မှာကို ခေါင်းထဲမှာ မိုက်ကနဲဖြစ်သွားတာကတော့ နှစ်ခေါက်ပဲ ရှိသေးတယ်။ ဒါကလည်း အရင် အခေါက်တွေက လုံးဝ မဖြစ်ဘူး။ ဒါ ကောင်းတဲ့အချက်လား၊ မကောင်းတဲ့အချက်လား ဆရာဝန်မဟုတ်တော့ ကျွန်တော် မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အချက်အလက်လေးတွေကို စာအုပ်လေးတစ်အုပ် သီးသန့်ထားပြီး ချချရေးမှတ်ထားတော့မယ်လို့ အရင်အပတ် ဘုသျှေနဲ့ ဖုန်းပြောတုန်းက စပြီး  စဉ်းစားဖြစ်ခဲ့ကြတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အသုံးတော့ ဝင်မှာပဲ သေချာတယ်။ ဘယ်လိုမျိုးလဲ သိလား -

      ဆေးရုံချိန်းရှိလို့ ဆေးရုံသွားတဲ့နေ့ကျရင် " မောင်မင်းလူကလေး! ဘယ်လိုလဲ နေကောင်းလား .." ကနေ စပြီး "ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ .." ဆိုပြီး ဝင်ဒီက မေးမှာပဲ။ (စကားမစပ် - ဒီ 'မောင်မင်းလူကလေး ..' ဆိုတဲ့ စကားလုံးက ကျွန်တော်တို့ မြန်မာတွေက သူတို့ ပေါင်တံရှည်လူဖြုတွေထက် လူကောင်သေးလို့ ရှေးတုန်းက စာရေးဆရာကြီးများက ဒီလို မောင်မင်းလူကလေး လို့ သုံးခဲ့တာဖြစ်မယ်လို့ ထင်မိတယ်။ ဒီစကားလုံးကို ရှေးတုန်းက အင်္ဂလိပ်အုပ်ချုပ်မှု ခံနေရချိန် နောက်ခံ ဇာတ်လမ်းမျိုး စာအုပ်စာပေတွေထဲမှာ ဖတ်ဖူးခဲ့လို့သာ ခေါင်းထဲမှာ စွဲနေပြီး 'မောင်မင်းလူကလေး' လို့ အခု လိုက်သုံးပြီး ရေးကြည့်လိုက်တာ၊ တကယ်တော့ ဒီစကားလုံးရဲ့ တကယ့်အဓိပ္ပာယ်နဲ့ သမိုင်းကို ကျွန်တော် မသိဘူး။ သတ်ပုံကျမ်းထဲမှာ သွားရှာကြည့်လျှင်လည်း တွေ့ရမယ်လို့ မထင်ဘူး)။
    
       ဪ! နေပါဦး၊ ပြောနေရင်းနဲ့ အတွေးတော်က ဘယ်ကို ချော်တောငေါ့သွားပြန်တာပါလိမ့် ..

      ဪ! .. ဆေးရုံချိန်းရှိလို့ ဆေးရုံသွားတဲ့နေ့ကျရင် ဝင်ဒီက ထုံးစံအတိုင်း " မောင်မင်းလူကလေး! ဘယ်လိုလဲ နေကောင်းလား .." ကနေ စပြီး "ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ .." ဆိုပြီး  မေးမယ်။

      အဲဒီအခါကျရင် ကိုယ်က နုတ်စ်စာအုပ်ကို ဟန်ပါပါနဲ့ ဖပ်ကနဲ ဆွဲထုတ်လိုက်ပြီး ".. ဘာတွေဖြစ်ခဲ့သလဲဆိုတော့ ဝင်ဒီရေ ..အဟမ်း!" ဆိုပြီး ဖြစ်သမျှကို အချက်အလက်တွေနဲ့ တိတိကျကျ နေ့စွဲနဲ့ အချိန်ပါမကျန် အကုန် သေသေချာချာ စုံစုံစေ့စေ့ ပြောပြလိုက်မယ်။ ဒီလို စာအုပ်နဲ့ စနစ်တကျ ချမှတ်ထားတာကိုသာ ဝင်ဒီမြင်လိုက်ရင် "ဟယ်! ငါ့ ဗမာပြည်က လူမမာလေးက တော်လိုက်တာ၊ အဆင့်မြင့်လိုက်တာ။ ကြည့်စမ်းပါဦး၊ ဖြစ်သမျှကို တိတိကျကျ စနစ်တကျ ရေးထားမှတ်ထားတယ်၊ တော်လိုက်တာ၊ တော်လိုက်တာ .." ဆိုပြီး ဖြစ်သွားမှာ ကျိန်းသေတယ်။

      အဓိကအချက်ကတော့ဗျာ ကျွန်တော်တို့ မြန်မာတွေဟာ နေရာတကာမှာ စည်းစနစ်တကျနဲ့ အဆင့်အတန်း မြင့်မြင့် နေတတ်ထိုင်တတ်ကြောင်းကို ဒီအင်္ဂလိပ်မတွေ သိသွားစေချင်တာပါပဲ။ (တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ စေတနာက အဲလို)။

      ဝေဒနာခံစားနေရတဲ့ ကြားထဲကကို နောင်လာလူသားတွေအတွက် အချက်အလက်တွေကို တတ်နိုင်သမျှ ရေးသွင်းသွားခဲ့တာကို သူတို့ တော်တော် သဘောကျလိမ့်မယ်။ ဒီအင်္ဂလိပ်တွေ၊ စပိန်တွေ ဒီလို မှတ်တမ်းမှတ်ရာ ရေးသွင်းတာကို ဘယ်လောက် ဂရုစိုက်ကြသလဲ၊ တန်ဖိုးထားကြသလဲဆိုတာ ပညာ တတ်/ရှိ သူတိုင်း သိကြတယ်လို့ ထင်ပါတယ်။


၁၅ - ၁၁ - ၂၀၁၂ (သောကြာနေ့)

      မနေ့ညက အဲသလောက်ပဲ ရေးလိုက်နိုင်တယ်။ ထိုးဆေးရဲ့ အရှိန်က ပြလာတယ်လို့ ထင်တာပါပဲ၊ ကိုယ်အပူချိန်က အရမ်းမြင့်လာပြီး ဖျားချင်သလိုကြီး ဖြစ်လာတာနဲ့ စောင်ခြုံထဲ ဝင်လိုက်ရတဲ့အဖြစ်ကို ရောက်သွားတယ်။

      အဲသလိုနဲ့ ဒီနေ့ နေ့ခင်းဘက်ကျမှ အိပ်ရာက ပြန်နိုးလာတယ်။ နိုးနိုးချင်း (ထုံးစံအတိုင်း) အိမ်သာတက်တယ်၊ ကော်ဖီတစ်ခွက် သောက်တယ်။ ပြီးတော့ ကိုဝင်းမင်းကို သူပေးထားတဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း လှမ်းပြောရင်းနဲ့  နှစ်ယောက်သား အတော်ကြာအောင် ဖုန်းပြောနေမိတယ်။ ဖုန်းက ပြောနေ ပြောနေရင်းနဲ့ အချိန်ကြာလာသည်နှင့်အမျှ သူ့ကို ကျွန်တော့် ရောဂါ ဝေဒနာတွေအကြောင်း ညည်းပြနေခဲ့မိတယ်။ ဒီလိုမျိုး အခြားသူတွေကို ကိုယ့်ရောဂါအကြောင်း ညည်းပြပြီး သူတို့ပါ ရော စိတ်ညစ်သွားအောင် လုံးဝ မလုပ်ပါဘူးလို့ ဒီလောက် ကိုယ့်ကိုကိုယ် စည်းကမ်းချထားခဲ့တဲ့ကြားကနေ သတိလက်လွတ် ဖြစ်ပြီး ပြောနေမိတယ်။ အခြားသူတွေ ကိုယ်နဲ့ ရောရောပြီး စိတ်ညစ်ညစ်သွားတာကို မကြိုက်ဘူး။ (အဲဒါကြောင့် များသောအားဖြင့် လူရွှင်တော်ပဲ လုပ်တယ်)။ ဒီနေ့ကျတော့ ဆေးတွေရဲ့ အရှိန်ကြောင့်ပဲလား ဒါမှမဟုတ် သူနဲ့ကိုယ်နဲ့က ရင်ဘတ်ချင်းနီးတဲ့ သူတွေမို့လို့လားတော့ မသိဘူး တော်တော်ပြောဖြစ်သွားတယ်။

      အခုနောက်ပိုင်းမှာ ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ကြောင့် သိပ် စိတ်မညစ်ရစေဘူးလို့ ဆုံးဖြတ်ထားပြီးကတည်းက ဒီလိုနေမကောင်းတာတွေ၊ ဘာတွေကို သိပ်ပြောပြလေ့ မရှိတော့ဘူး။ (ဒါမှားလား မှန်လား ကျွန်တော် မသိသေးဘူး။ စဉ်းစားနေတုန်းပဲ၊ ဒီအကြောင်းကို နောက်ကျရင် စာတိုလေး တစ်တိုလောက် ရေးဖို့ စိတ်ကူးရှိပါတယ်)။ 


      ဆိုတော့ "နေကောင်းလား ..." ဆိုရင် ကောင်းတယ် ပဲ၊ "အဆင်ပြေလား ..." ဆိုရင်လည်း ပြေတယ် ပဲ။ မပြောမဖြစ် ပြောရမယ်၊ မဖြေမဖြစ် ဖြေရမယ် ဆိုတာမျိုး ဖြစ်လာလျှင်တော့ အဲဒီလူပေါ်မှာ မူတည်တယ်။ ပြောစရာ မလိုဘူး၊ ဖြေစရာ မလိုဘူးလို့ ထင်လျှင် သူ့ကို ပြောစရာ၊ ဖြေစရာ မလိုအောင် ကိုယ်က နေနေလိုက်တာပါပဲ။  (ဒါမှန်လား၊ မှားလား ကျွန်တော် မသိဘူး)။
 

      စိမ်းကားတယ်လို့ ထင်သွားတဲ့သူတွေ အများကြီး ရှိပါလိမ့်မယ်။ ဒီဘဲက အထာကိုင်တယ်ဟ လို့ ထင်သွားတဲ့သူတွေလည်း အများကြီး ရှိပါလိမ့်မယ်။ အဓိက အချက်ကတော့ အမြင်ကပ် သွားတာပါပဲ။ (ကျွန်တော့်ကို) အမြင်ကပ်သွားပြီး အပေါင်းအသင်းဆက်မလုပ်တော့တာ၊ ရှိနေတဲ့ ပတ်သက်ဆက်နွယ်မှုကို ရပ်/ဖြတ် တောက် လုပ်ပစ်လိုက်ကြတာပါပဲ။
      
      များသောအားဖြင့် ဒီလိုနဲ့ပဲ ဝေးဝေးသွားခဲ့ကြတာ မဟုတ်လား။ ဒီလိုနဲ့ ဝေးကွာခဲ့ကြပေမယ့်လည်း ဒီအပေါင်းအသင်းဟောင်းတွေ၊ ရည်းစားဟောင်းတွေနဲ့ ပတ်သက်ယှက်နွယ်ခဲ့တဲ့ အချိန်တွေအကြောင်း ပြန်စဉ်းစားကြည့်မိတိုင်း (အနည်းနဲ့အများ) / (နည်းနည်းပဲ ဖြစ်ဖြစ်) ကျွန်တော်တို့ ပျော်ခဲ့ဖူးကြပါတယ်။ ဟုတ်တယ်၊ နည်းနည်းပါးပါးပဲဖြစ်ဖြစ် ပျော်ခဲ့ဖူးပါတယ်။
     
             အမှန်တကယ်တော့ လက်ရှိအချိန် နဲ့ ကုန်ဆုံးသွားခဲ့တဲ့အချိန် ဆိုတာ ဟောဒီ အချိန်တစ်စက္ကန့် မရှိတရှိလေးက ဟိုဘက် နဲ့ ဒီဘက်ကို ရွေ့သွားတာလေးပဲ။ အဓိကအကျဆုံးကတော့ အဲဒီအချိန်ကို လက်ခံလိုက်တဲ့ ကျွန်တော်တို့ပဲပေါ့။     ။

ချမ်းညီချို
၁၅ - ၁၁ - ၂၀၁၂




Thursday 15 November 2012

ဒါမျိုးပေါ့ ချစ်တိုင်းလည်း မညားဆိုတာ

ဒါမျိုးပေါ့ ချစ်တိုင်းလည်း မညားဆိုတာ


      မထက်ရဲ့ ပါဆယ်ထုပ်ထဲက ဒေါ်မြရင်တစ်ထုပ် ထွက်လာတာတွေ့တော့ ကျွန်တော့်မျက်နှာ ဝင်းကနဲ ဖြစ်သွားမယ်ဆိုတာ မှန်မကြည့်ပဲနဲ့တောင် ပြောနိုင်ပါတယ်။ ဝက်အူချောင်းတစ်ထုပ် ပါတယ်လို့ ပြောလိုက်တော့ ပုသိမ်ဝက်အူချောင်းပဲ ဖြစ်ရမယ်ကွ မှန်းထားတာ ဒေါ်မြရင်ကို တွေ့လိုက်တော့လည်း အင်း! မဆိုးပါဘူးပဲပေါ့။ ဒါဆိုရင် ကျန်နေတဲ့ ဆန်လေးနဲ့ ထမင်းအိုးတည်လိုက်မယ်၊ ကျက်ရင် ဒေါ်မြရင် ကြော်စားမယ်ကွဆိုပြီး စပ်နေ ကွဲနေတဲ့ လျှာရယ်၊ နာနေတဲ့ လည်ချောင်းရယ်ကို မေ့ပစ်လိုက်ဖို့ ကြိုးစားပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင် ဆိုသည့်အတိုင်း ဆေးလေးလုံးနဲ့ မနေ့က လည်ချောင်းအတွက် ပေးလိုက်တဲ့ ဆေးကို ကြိုသောက်ထားလိုက်ပါတယ်။ (မောင်ချမ်းတို့ ဝက်အူချောင်းကြော် စားရမယ်ဆိုတာနဲ့ ဒေါ်မြရင်လောက်ပဲ ဖြစ်ပစေဦးတော့ တော်တော်လေးကို တက်တက်ကြွကြွ ရှိပါတယ်)။
     
      ဒါပေမယ့် လောကဆိုတာကြီးက ဖြစ်ချင်တိုင်း ဖြစ်နေတာ မဟုတ်ပါလား။ တကယ်စားတဲ့အခါကျတော့ လေးလုပ်လောက်ပဲ စားလို့ ဝင်ပါတယ်။ ရှေ့ဆက်စားလို့ မရတော့ပဲ ပြန်ကန်ထွက်လာတော့မှာ ဖြစ်တဲ့အတွက် ဆရာဝန်မှာထားတဲ့အတိုင်း Domperidone တစ်လုံးကို အမြန် သောက်ချလိုက်ရပြီး အိပ်ရာပေါ်မှာ ရှူးရှူးရှဲရှဲနဲ့ ဒေါသတွေ ထွက်လို့ လာပါတယ်။

      ကျွန်တော် ဘာကို ဒေါသထွက်နေမိတာလဲ။

     ကိုယ်ကြိုက်လှတဲ့ အစားတောင် စားမဝင်ဖြစ်ရတာကို ဒေါသထွက်နေမိတယ်လို့ ထင်ပါတယ်။ ခဏကြာတော့ မနက် အိပ်ရာနိုးတုန်းက ရေးထားမိတဲ့ "ချစ်တဲ့ လွန်ပါစေ အလွမ်းညတွေ" ဆိုတဲ့ စာကို မကျေမနပ်နဲ့ မကြိုက်တော့တဲ့ စိတ်ကြီးကလည်း အလိုလို ဝင်လာပါတယ်။ သီချင်းကိုက နားထောင်ရတာ ဘာကြီးမှန်း မသိတော့သလိုလို။ (ဒီစာကြီးကို ဖျက်ထုတ်လိုက်ရင် ကောင်းမလား ဆိုပြီး စဉ်းစားတာ အကြိမ်ကြိမ်ပါပဲ)။

     အဖတ်မဝင်ရင် အရည်သောက်မယ်ကွာ လို့ စိတ်ကူးပြီး ကော်ဖီ ဖျော်ဖို့လုပ်တော့ ဆေးလိပ် ကုန်နေတာကို သွားသတိထားမိတယ်။ ဟာ! ... ဆိုပြီး ဘာကိုမှန်းမသိ ဒေါသက ထွက်လို့ လာပြန်ပါတယ်။ ( ကော်ဖီသောက်တိုင်း ဆေးလိပ်တစ်လိပ်လောက်ပါ တွဲတွဲပြီး သောက်တတ်တဲ့ အကျင့်ကို အပြစ်တင်ချင် တင်လို့ရပါတယ်)။

      မကွဲနိုင်တဲ့ အရာတစ်ခုခုကို တစ်နေရာရာကို ပစ်ပေါက်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။
ဥပမာ - သိပ်မဖတ်ဖြစ်တော့တဲ့ စာအုပ်တစ်အုပ်အုပ်ကို နံရံကို ပစ်ပေါက်လိုက်တာမျိုး။ စိတ်မထိန်းနိုင်ရင် ပစ်ပေါက်လိုက်တဲ့ အချိန်မှာ အဆဲတစ်ခွန်းလောက်ကိုပါ ရွတ်ထည့်လိုက်တာမျိုးပေါ့။

      အဆုံးသတ်တော့ ဘာမှ မလုပ်ဖြစ်ပါဘူး။
ကွန်ပြုတာစားပွဲပေါ်မှာ နဖူးကို အောက်စိုက်တင်ထားလိုက်ပြီး ခြေထောက်တွေကို ရည်ရွယ်ချက်မရှိ ဝမ်းနည်းပမ်းနည်း ငေးစိုက်ကြည့် နေမိလိုက်တာ အကြာကြီးပါပဲ။

ချမ်းညီချို
၁၅ - ၁၁ - ၂၀၁၂


ချစ်တဲ့ လွန်ပါစေ အလွမ်းညတွေ

ချစ်တဲ့ လွန်ပါစေ အလွမ်းညတွေ


      ကျွန်တော် လှိုင်ဦးမော်ရဲ့ 'လွန်ပါစေ အလွမ်းညတွေ' ကို မနက်ပိုင်းတိုင်းလိုလိုမှာ နားထောင်နေဖြစ်ခဲ့တာ သုံးလလောက်တောင် ရှိနေပြီ။ ကျွန်တော့်ကို ကျွန်တော် အလွမ်းညတွေကနေ လွန်မြောက်စေချင်တာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကို အလွမ်းညတွေကနေ လွန်မြောက်စေချင်တာလားတော့ မသိဘူး၊ ဒီ 'လွန်ပါစေ အလွမ်းညတွေ'  ချည်းပဲ ဖြစ်နေခဲ့မိတာ ကြာပြီ။ အဓိက ဆွဲဆောင်မှုက သီချင်းရဲ့ စာသားပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ (ကျွန်တော့်အကြိုက်ပဲ ဖြစ်နေပြီး ခင်ဗျားတို့အကြိုက် ဖြစ်ချင်မှ ဖြစ်မှာပါ၊ ထားပါလေ ဒါက အရေးမကြီးပါဘူး)။ ဘာပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ (နားမထောင်ဖူးသေးလျှင်) နားထောင်ကြည့်စေချင်တယ်။ သီချင်းရဲ့ အဝင် ပထမဦးဆုံး စာသားက အားပြင်းလို့၊ စာသားရဲ့ ရည်ရွယ်ချက်လေးက ကိုယ့်စိတ်ကြိုက်ဖြစ်နေလို့ ချက်ချင်းကို ရင်ဘတ်ထဲမှာ တွဲလွဲခိုပြီး တင်ကျန်နေရစ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက်ကိုယ် အဓိက မထားပဲ ချစ်ရတဲ့သူအတွက် "မင်းကလေးအကြောင်းတွေပဲ အဝေးက ဆုတောင်းဆဲလေ .. အားအင်(တွေ)ပြည့်(ဖြည့်)ဖို့ လွန်ပါစေ အလွမ်းညတွေ ..." ဆိုတဲ့ စာသားဟာ တော်တော်လေးကို စေတနာပါနေတယ်လို့ ခံစားရပါတယ်။ (ဒီနေရာမှာ စေတနာဟာ ဘယ်လို စေတနာမျိုးလဲဆိုတာကို ဆွေးနွေးမည် မဟုတ်ပါ)။


      သီချင်းရဲ့ ဒုတိယအပိုဒ်လောက် အရောက်မှာတော့ လူကလည်း အတိတ်မှာ ပြန်ရောက်နေပြီ။ ဟိုး/အရင် တုန်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ ထင်မိ၊ ခံစားမိခဲ့ကြတဲ့ ရည်းစားဟောင်းတွေနဲ့ စကားလက်ဆုံ ပြန်ကျချင် ကျလို့နေပါတယ်။ စာမေးပွဲနောက်ဆုံးနေ့မှာ နှုတ်ခမ်းနီတွေနဲ့ လူရှေ့သူရှေ့မှာ လာနမ်းသွားပြီး နောက်စကားတစ်ခွန်းမှ မပြောဖြစ် တော့/ခဲ့ တဲ့ ကောင်မလေး ဘယ်ရောက်သွားပြီလဲဆိုတာလည်း ပါတယ်။ တကယ်တမ်းကျတော့ တော်တော်များများက အပေါ်ယံအရေပြား ယားယံမှုလေးတွေပါ၊ ငါ့ကို တကယ် ချစ်တယ် သံယောဇဉ်ရှိကြတယ်ဆိုတာ ဒီလောက်ပဲရှိတာဆိုပြီး လက်ထဲက တစ်ဆုပ်စာလူတွေဆီကို စိတ်က ပြန်ရောက်လာတယ်။ လက်တစ်ဆုပ်ထဲမှာ ဖေဖေ၊ မေမေ၊ ကိုကြီး၊ ကိုလေး၊ မအိ နဲ့ မထက်လို မိသားစုတွေ၊ ကိုရွှေ ကိုတင်မောင်ထွန်း နဲ့ မတူးတို့လို ချစ်စရာကောင်းတဲ့ ယောက်ဖနဲ့ မရီးတွေ၊ ရှားရှားပါးပါး ကျန်နေတဲ့ ဘုသျှေလို ချစ်စရာ သူငယ်ချင်းညီမလေး နဲ့ ဒီက ကိုဝင်းမင်းထွန်းနဲ့ ကိုဇင်ခိုင်လို မိတ်ဆွေကောင်းတွေ ခပ်ပါးပါးလေးပေါ့။

      ရောဂါဝေဒနာဖြစ်ပြီး အလုပ်လည်း မလုပ်နိုင်တော့ပဲ ဆေးရုံကနေစပြီး ဆေးကုတဲ့အချိန်မှာ လက်ဆုပ်ထဲကလူတွေ တဖြည်းဖြည်းနဲ့ ပါးပါးကျသွားလိုက်တာ အခုဆို ကိုယ်နဲ့ ပုံမှန်စကားပြောဖြစ်တယ်ဆိုတဲ့လူဆိုတာ ခြေထောက်ချိုးရေလို့ ရနေပြီ။ အားလုံးဟာ ကိုယ့်အလုပ်နဲ့ ကိုယ်၊ သူ့အလုပ်နဲ့ သူ ဘယ်သူကမှ ဘယ်သူ့ကို အရေးလုပ်ပြီး ဂရုမစိုက်နိုင်ကြတော့ဘူး (ခုခေတ်ကြီးက အဲလို)။

အဲသလိုအချိန်မှာ ကြည်ဇော်အေးရဲ့ "ကိုယ့်အချင်းချင်း" ဆိုတဲ့ ကဗျာကို ပြန်သတိရမိတယ်။

+ ကိုယ့်အချင်းချင်း +

ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတာကအစ
ဘယ်သူ့ဂရုစိုက်နေရမှာတုန်း ဆိုတာမျိုးအဆုံး
ဘာမှမပူနဲ့
ငါတို့ခြေရာလက်ရာတွေမှာ
သဲလွန်စတွေကျန်ခဲ့တာချည်း
ဆေးဖက်ဝင်တယ်ပြောပြော
နူတတ်တယ် ပြောပြော၊ ပြောချင်ရာသာပြော
ဟိုကောင်က ဟိုလို၊ ဒီကောင်က ဒီလို
ဟိုကောင်က အီးမေးလ်နဲ့ ပို့မှ
ဒီကောင်က စာတိုက်ပုံးထဲသွားထည့်မှ
ငါတို့ဟာ ပုလင်းအဖုံးကို ရတနာမြေပုံလို ဓားနဲ့ခြစ်လို့
ငါတို့ဟာ ရောက်ရာအရပ်မှာ
သွေးစို့အောင် ပလူပျံလို့
အခြေအနေရော အချိန်အခါရော
ငါတို့ဟာ အုတ်ရောရော ကျောက်ရောရော
.
.
.
.
.
.
.
.
သူငယ်ချင်း ကျေးဇူးပြုပြီးငါ့ကို
မင်းလက်မှတ်ထိုးနေကျ စာရွက်တွေလို မဆက်ဆံရ
သူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို
မင်းဆိုနေကျ သီချင်းတွေလို မဆက်ဆံရ
သူငယ်ချင်း
ငါထိုးလိုက်ရင် လဲသွားမယ့်သူဟာ မင်းမဖြစ်စေချင်ဘူး
ငါထိုးလိုက်ရင် ပေါက်မယ့်ထီလက်မှတ်ဟာ မင်းဖြစ်စေရမယ်
ဘာဖြစ်လို့လဲဆိုတော့
အလွမ်းသယ်ပြီးရင်
အလောင်းသယ်ဖို့ပဲ ကျန်တော့တာကိုး။ ။

ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၇)

ကဗျာအကြောင်းကို စဉ်းစားနေမိလိုက်တာနဲ့ပဲ သီချင်းက နောက်ဆုံးအပိုဒ်နား ရောက်လာနေပြီ။ မထင်မှတ်ပဲ စာသားတွေက -
"စဉ်းစားရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးသွားပြီ .. လွမ်းနေဆဲမို့ လွန်ပါစေ အလွမ်းညတွေ ..."  ဆိုလား။

အင်း! ဟုတ်တယ် ..

"လွမ်းနေဆဲမို့ လွန်ပါစေ အလွမ်းညတွေ ..." ။     ။

ချမ်းညီချို
၁၅ - ၁၁ - ၂၀၁၂

Wednesday 14 November 2012

သောက်ပေဦးတော့ နောက်တစ်မျိုး

သောက်ပေဦးတော့ နောက်တစ်မျိုး


      ဆေးရုံချိန်းအတိုင်း ဒီနေ့ နေ့ခင်း ဆေးရုံကို အသွားမှာ ဓာတ်လှေခါးနဲ့ ရှစ်ထပ်မြောက်ကို တက်နေကတည်းက ဆရာမဝင်ဒီနဲ့ တွေ့ရင် ပြောဖို့ ချရေးထားတဲ့ နုတ်စ်စာအုပ်ကို လက်ထဲမှာ အသင့် ကိုင်ထားလိုက်တယ်။ စာအုပ်လေးထဲမှာ မနေ့က ကျွန်တော့်လျှာပေါ်မှာ ထွန်ခြစ်နဲ့ ခြစ်ထားပေါက်ထားသလို အက်ကွဲကြောင်းတွေ ထနေလို့ နာကျင်နေတဲ့ဒဏ်ကို တော်တော်လေး ခံနေရပြီး အစာ စားဖို့မပြောနဲ့ ရေသောက်ရင်တောင် လျှာက စပ်ဖျဉ်းလာတယ်၊ လည်ချောင်းကလည်း နာလာတယ် ဆိုတာတွေကို သေသေချာချာ ရေးတို့ထားတယ်။ ပိုပြီး သေချာအောင် စာမျက်နှာရဲ့ ထိပ်ထောင့်မှာ "Painful Day .." လို့ ရုပ်တည်နဲ့ ဖမ်းရေးထားလိုက်သေးတယ် (ဘယ်ရမလဲ ဒါမျိုး ဟင်း! ဟင်း!)။

      အခန်းထဲ ရောက်သွားတော့မှ ခဲလေသမျှက သဲရေကျရတော့တာပဲ။ ဒီနေ့ ဝင်ဒီ နေမကောင်းလို့ အလုပ် မလာဘူး တဲ့။    (ဪ! ငါ့ ဆရာမနှယ် ဘာများ ဖြစ်တာပါလိမ့်။ ရိုးရိုးဖျားတာလောက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါသေးတယ်။ ပြီးမှ သွား သတိရတာက ဪ.. သူ့သားလေး နေမကောင်းတာက ပိုဖြစ်နိုင်တယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ဒီက တစ်ခါတုန်းက ပြောဖူးတယ် သူ့သားမှာ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု ရှိတဲ့အကြောင်း)။ ရောဂါ ဝေဒနာဆိုတာကလည်း ဖြစ်နေတဲ့ ကိုယ်တင် မကပဲ ကိုယ့်ကို ကုသပေးနေကြတဲ့ ဆရာဝန်တွေ၊ ဆရာဝန်မတွေလည်း ဖြစ်နေကြတာပဲ။ ကျန်းမာရေးဆိုတာ တကယ့်ကို ဂရုစိုက်သင့်တဲ့ဟာပါလားဆိုတာ ကျွန်တော်ကတော့ အခု လက်ခံနေပါပြီ။

      ကျန်းမာရေးဆိုတာကြီးကလည်း ကြည့်လေ။ ကိုယ်က ဘာမှလည်း မလုပ်မိပါပဲနဲ့ အခု လျှာတွေ ကွဲနေတယ်၊ လည်ချောင်းက ကွဲပြီး စပ်နေတယ်။ ရေတောင် မနည်း မြိုချနေရတယ် အဖြစ်က။ အဲဒါအတွက်ကို ဒီ စပယ်ရှယ်လစ် ဆရာဝန်နဲ့ တွေ့ရဖို့က နာရီဝက်လောက် စောင့်လိုက်ရတယ်။ ဝင်ဒီသာ ရှိရင် ဒီလောက် စောင့်ရတာ မဟုတ်ဘူး။ ဝင်ဒီက ကျွန်တော် သိပ် မစောင့်ရအောင် သူ့လူတွေကို လိုက်ပြီး လော ပေးလေ့ရှိတယ်။ (ချစ်စရာကောင်းတာ၊ သဘောကောင်းတာက အဲသလို)။ ဒီနေ့ ဝင်ဒီ့ အစား တာဝန်ယူပြီး လုပ်ပေးတဲ့ ပေါလ် ကျတော့ ကိုယ်နဲ့က အခုမှ စတွေ့ဖူးတာဆိုတော့ ဘယ်သိပ်ဂရုစိုက်လှမတုန်း၊ ဟုတ်တယ်မှတ်လား။ ဆေးရုံပေါ်က ကုတင်ပေါ်မှာ လှဲပြီး စောင့်နေရင်းနဲ့ ပျင်းလာလွန်းလို့ လမ်းထ လျှောက်ရတဲ့ အဆင့်တောင် ရောက်ပါတယ်ဆို ကိုပေါကြီးတို့ကတော့။ (စောင့်ရတော့ လူက ဖုလာပြီး ပေါလ်တွေ ဘာတွေ လုပ်မနေတော့ဘူး၊ ကိုပေါကြီးပဲ ခေါ်လိုက်တော့တယ်)။ (ဒိထက် ပိုစောင့်ရရင်တော့ ဟေ့ကောင်! ငပေါ ဖြစ်သွားနိုင်လောက်တယ်)။


      ခဏနေတော့မှ လည်ချောင်း နဲ့ လျှာကို စစ်ကြည့်ပေးမယ့် ဆရာဝန် ရောက်လာတယ်။ ပါးစပ်ဖြဲပါ၊ လျှာထုတ်ပါ နဲ့ပေါ့။ ပြီးတော့ ဖြဲနိုင်သလောက် ဖြဲပါဦး၊ လျှာကိုကော ဒီထက် ပိုပြီး ထပ်ထုတ်နိုင်သေးလား လုပ်နေလို့ "မထုတ်နိုင်ဘူး ဆရာ .." လို့၊ "ဒီမှာ ပါးစပ်ထောင့်က နေရာမှာ ကွဲနေလို့ ပါးစပ်ကို ကောင်းကောင်းဟလို့ မရဘူး .." လို့ ပြောပြလိုက်တော့မှ "ဪ! .. အဲဒါဆို ဟုတ်ပြီ" ဖြစ်သွားလေရဲ့။ အဆုံးသတ်တော့ဗျာ - ကွဲနေတဲ့ နှုတ်ခမ်းထောင့်တွေအတွက် သက်သာအောင် လိမ်းဖို့ ကရင်မ် (Clotrimazole Cream) တစ်ဗူးရယ်၊ တစ်နေ့ လေးကြိမ်သောက်ရမယ့် (Nystatin) ဆေးတစ်မျိုးရယ် ထပ်ပေးလွှတ်လိုက်တယ်။     
    
      တစ်နေ့ တစ်နေ့ ဒီဆေးတွေ သောက်သောက်နေရတာကို စိတ်ညစ်နေပါတယ်ဆိုမှ အခု နေ့တိုင်းသောက်ရတဲ့ ဆေးတစ်ဆယ့်ပြားအပြင် အခုလည်ချောင်းအတွက်ပါ တစ်မျိုး ထပ်တိုးသောက်ရဦးမယ် တဲ့။ တော်ပါသေးတယ်၊ ဒီလည်ချောင်းဆေးက တစ်ပတ်ပဲ သောက်ရမှာ မို့လို့။ ဟူး! ...

ချမ်းညီချို
၁၄ - ၁၁ - ၂၀၁၂


လူနာမည်က ပိုကောင်းမယ် ထင်တယ်

လူနာမည်က ပိုကောင်းမယ် ထင်တယ်


      မလာချင်တဲ့ ဆေးရုံဆိုတဲ့ နေရာကို အပတ်စဉ် ဆေးရုံချိန်း အနေနဲ့ ရောက်လို့ လာပြန်တော့ အရှေ့က လမ်းညွှန်အနေနဲ့ ကပ်ထားတဲ့ ဆိုင်းဘုဒ်ကိုကြည့်ပြီး ကလေးဘဝတုန်းက ကျောင်းမှာ အပြာအသင်း၊ အဝါအသင်း ဘာညာတွေ ခွဲပြီး ကျောင်းမှာ သန့်ရှင်းရေးအလုပ်တွေ အလှည့်ကျ လုပ်ကျရတာကို ပြန်သတိရမိတယ်။ ဝါစိမ်းနီပြာလား ဟုတ်လား၊ အသင်းလေးသင်း ခွဲပြီး သန့်ရှင်းရေးလုပ်ကြရတာ။ ဒီမှာလည်း နာမည်တွေကို ဒီလိုပဲ အရောင်တွေရဲ့ နာမည်နဲ့ လိုက်ပြီးများ ပေးကြသလား မသိဘူးလို့ အားအားယားယား လျှောက်စဉ်းစားနေမိတယ်။
 


      အဲဒါအပြီး ဓာတ်လှေခါးစီးဖို့ စောင့်နေတဲ့ အခါကျတော့ သူတို့ဆီက ဆေးရုံတွင်း ဋ္ဌာနခွဲလေးတွေရဲ့ နာမည်ကို ကျွန်တော်တို့ မြန်မာပြည်ကလို လူနာမည်မျိုးတွေ ပေးလေ့ရှိတာကို သွားသတိထားမိလိုက်တယ်။ ပုံထဲမှာ ကြည့်လေ Elton John Centre တဲ့၊ Robert Dann Day Case Centre တဲ့။ ဟုတ်တယ်ဟုတ်။


     အဆုံးသတ်တော့ လူသားတွေပဲ ဖြစ်ကြတဲ့အတွက် ကမ္ဘာပေါ်မှာ ဘယ်နေရာနားမှာပဲ ရောက်နေနေ အချို့သော အခြေခံ အကျင့်လေးတွေ၊ အချက်လေးတွေက သွားတူနေတတ်ကြတာပဲ။ ဟုတ်တယ်မှတ်လား။ မမေ့သင့်တဲ့ လူသားတစ်ယောက်ရဲ့ နာမည်ကို မေ့မသွားရလေအောင်၊ ဒီလူ ပြုခဲ့တဲ့ ကောင်းကျိုးတွေကိုလည်း မေ့မသွားရလေအောင် ဒီလို လူအများနဲ့ဆိုင်တဲ့ အထင်ကရ နေရာလေးတွေမှာ ဒီလူတွေရဲ့ နာမည်ကို ဒီလို ချရေးပြထားလိုက်တာ၊ ဒီလူတွေရဲ့ နေရာလို့ သတ်မှတ်ခေါ်ဝေါ်လိုက်တာ ကျွန်တော်ကတော့ ဒီအချက်လေးကို တော်တော် သဘောကျတယ်။
  
      ဥပမာ - ရန်ကုန်မှာဆိုရင် ကန်တော်မင်ပန်းခြံအစား ဒီးဒုတ်ဦးဘချို ပန်းခြံ ဒါမှမဟုတ် သခင်ဘိုးလှကြီး ပန်းခြံ စသည်ဖြင့် လူနာမည်တစ်ခုခု ဒါမှမဟုတ် လူတစ်ယောက်ယောက်အတွက် ခေါ်ဝေါ်လိုက်တာမျိုးကို ပိုဖြစ်စေချင်တယ်။ လူတော်လူကောင်းတွေ၊ မမေ့သင့်တဲ့လူတွေ ငါတို့တိုင်းပြည်မှာ အများကြီးရှိတယ်ဆိုတာကိုလည်း ဖော်ပြပြီးဖြစ်တယ်။
   
       နောက်ပိုင်း ခေတ်ကာလတွေမှာတော့ ဒီလို အထင်ကရနေရာတွေ၊ အမှတ်တရနေရာတွေ တည်ဆောက်ကြပြီဟေ့ဆိုရင်ဖြင့် သတိတရ ရှိနေသင့်တဲ့ လူတော်လူကောင်းတွေရဲ့ နာမည်တွေနဲ့ ခေါ်ဝေါ်ဂုဏ်ပြုကြဖို့ ဒီနေရာကနေ ကြုံတုန်း တိုက်တွန်းလိုပါတယ် ခင်ဗျာ။ (ဤကား စကားချပ် ဖြစ်ပြီး မမေ့ရန် တိုက်တွန်းလို)။

ချမ်းညီချို
၁၄ - ၁၁ - ၂၀၁၂

တစ်နေ့က နဲ့ မနေ့က အကြောင်း ဒီနေ့မှာ ပြောကြည့်ချင်တာ အဆင်မပြေဘူး

 တစ်နေ့က နဲ့ မနေ့က အကြောင်း ဒီနေ့မှာ ပြောကြည့်ချင်တာ အဆင်မပြေဘူး


ဗူးသျှေရေ -
ဒီဓာတ်ပုံကို မြင်လိုက်တော့ တို့တွေရဲ့ နှစ်ကူးမင်္ဂလာ ပိတောက်ပန်းတွေကို ပြေးပြီး သတိမရလိုက်ဘူးလား။

       ရွှေဝါရောင်အိုအို နဲ့ အတက်နေ့ပိတောက်လို မောနေပန်းနေတာတောင် လှနေပနေတုန်းပဲ ။


စိတ်ထဲမှာ ရုတ်တရက် ပိတောက်ပန်းတွေကို သွားပြီး သတိရလိုက်လို့ပါဟာ။ အဓိက ပြောချင်တာကတော့ အဲဒီအချက် မဟုတ်ပေဘူး။

တစ်နေ့က (မိုးတိတ်သွားပြီ - ငါ ဆေးခန်း သွားလိုက်မယ် ဒါဆိုရင်) တုန်းက ပန်းခြံထဲက ဖြတ်လျှောက်တော့ သစ်ပင်တွေ၊ သစ်ရွက်တွေ အကုန်လုံးက အစိမ်းရောင်နဲ့ စိမ်းလို့စို နေတာဟ။ မနေ့က (အော့အန် နေမကောင်း၊ လည်ချောင်းနဲ့ လျှာတွေ ကွဲနေပြီး ဆေးခန်းကနေ ပြန်လာတဲ့နေ့၊ နင်နဲ့ တစ်နာရီလောက် အဲထုဖြစ်တဲ့ နေ့) တုန်းက  ပန်းခြံထဲက ဖြတ်လျှောက်တော့ သစ်ပင်တွေ၊ သစ်ရွက်တွေ အကုန်လုံးက အခု ဓာတ်ပုံထဲကလို ဝါအိုအို အရောင်လေးတွေ ဖြစ်ကုန်ပြီဟ။ (ဒီအကြောင်းကို ဖုန်းပြောတုန်းက ပြောဖို့ မေ့သွားတယ်)။

ဟောဒီ သဘာဝလောကကြီးတောင် တစ်နေ့က နဲ့ မနေ့က မတူအောင်ကို ချက်ချင်း ပြောင်းလဲသွားတတ်တဲ့ အကြောင်းကို စာရေးပြီး ပြောမလို့ပဲ၊ ဒါပေမယ့် မနေ့ညက ငါ အရမ်း နေမကောင်းဖြစ်လာပြီး လုံးဝ အိပ်ရာပေါ်မှာ လန်သွားခဲ့တဲ့ အဆင့်ရောက်သွားတယ်။ (အခု ဒီ မနက် နိုးလာကာမှ ကွန်ပြူတာ ပိတ်၊ မီးချောင်းပိတ်၊ နောက်ဖေး မီးသီး ပိတ် အကုန် လုပ်ရတဲ့ အထာမျိုးပေါ့ဟာ၊ ဘယ်လိုဖြစ်ပြီး အရမ်း စွပ်ဖျားပြီး ဒီတိုင်းကြီး အိပ်ပျော်သွားတာလဲကို သိကို မသိနိုင်တော့ပါဘူး)။

      အခု နိုးလာတော့လည်း လူက လေနေတယ်။ ဖျားနေတုန်းပဲ၊ ဒါပေမယ့် နေ့ခင်းကျရင် ဆေးရုံ သွားရဦးမှာ။

 တော်ပြီ ဘုသျှေရာ - ဆက်မရေးတော့ဘူး၊ ငါ ခေါင်းမူးလာပြီ။

       ဖြစ်စဉ်တွေကို ကိုယ့်ဘာသာကိုယ်ပဲ ဖြည့်ပြီး တွေးတောယူလိုက်ပေတော့။

ချမ်းညီချို
၁၄ - ၁၁ - ၂၀၁၂

Tuesday 13 November 2012

ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ်

ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ်


      ဒီနေ့တော့ နှိုးစက်မြည်သံကြားကတည်းက စောင်ခြုံထဲကနေ ခြေထောက်ရော၊ ကိုယ်လုံးပါ တခါတည်း ထွက်လိုက်တယ်။ ဒီနေ့မနက် ဆေးခန်းက အချိန်မှီရောက်ဖို့ လိုတယ်လေ၊ အဲဒါကြောင့်။ ခြေထောက်က ကုတင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို ချလိုက်ရုံပဲ ရှိသေးတယ် ခေါင်းထဲမှာ ဝေကနဲ တစ်ချက် ဖြစ်သွားတယ်။ (ဝေကနဲ ဖြစ်တယ်လို့ ပြောသလား၊ မိုက်ကနဲ ဖြစ်တယ်လို့ ပြောသလား မကျိန်းသေလို့ ဒီမှာ ဝေကနဲ ဖြစ်သွားတယ်လို့ပဲ သုံးလိုက်ပါတယ်)။

      စိတ်ထဲမှာလည်း ထင့်ကနဲ တစ်ချက် ဖြစ်သွားတယ်။ ("ဘုရားရေ - ကျွန်တော် နေမကောင်းဘူးလား ..")။

      ထုံးစံအတိုင်း အိပ်ရာထတိုင်း ရေတစ်ခွက်သောက်နေကျမို့လို့ ရေသောက်မလို့ ရေခွက်ဆီ လက်အလှမ်းမှာတော့ လက်က  လိုရာကို မရောက်နိုင်တော့ဘူး။
      "ဝေါ့ ..." ကနဲ ဗိုက်ထဲက ရှိသမျှအစာဟောင်းတွေက ပါးစပ်ထဲကနေ ဘာမပြော ညာမပြောနဲ့ ပြန်ကန်ထွက်လာလို့ လက်က ရေခွက်အစား အမှိုက်ပုံးကိုပဲ ကမန်းကတမ်း ဆွဲယူလိုက်ရတယ်။
      စိတ်ကတော့ "သွားပါပြီ၊ ဒီနေ့ ဆေးခန်း သွားရပါမယ်ဆိုမှ လူက ဒီလို လာဖြစ်နေရတယ်လို့ .. ငါ့နှယ်! " ဆိုပြီး စဉ်းစားနေတယ်။
      ခဏပါပဲ၊ အန်တာ ရပ်သွားတယ်။ မရပ်လို့လည်း အန်စရာရယ်လို့မှ ရှိတာမှ မဟုတ်တာ။ ဘာတွေစားမိခဲ့သလဲ ပြန်စဉ်းစားကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ရက်စလုံးအတွက်မှ ငှက်ပျောသီးတစ်လုံးလား ဒါပဲ စားဖြစ်ခဲ့တာကိုး။
      ဟုတ်တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်က ဘာမှကို စားချင်စိတ် မရှိလို့ ငှက်ပျောသီးတစ်လုံး စားပြီး ကော်ဖီကသုံးခွက်လား ဒါပဲ ဗိုက်ထဲ သွင်းဖြစ်ခဲ့တာ။ (ဒီအသည်းရောင်အတွက် ဆေးကုသမှုကို ခံနေတဲ့ အချိန်မှာ အစားကို အရင်ထက် ပိုစားရမယ်၊ စားဖြစ်အောင်ကို တွန်းအားပေးပြီး စားကို စားရမယ်လို့ အသေအလဲမှာတဲ့ ကျွန်တော့်ရဲ့ ဆရာဝန်မ ဝင်ဒီကို သတိရမိတယ်)။

      အန်တာရပ်သွားလို့ ပါးစပ်ကို စပြီးပါးလုပ်ကျင်းတော့မှ ဒီနေ့ရဲ့ အဓိက အကျဆုံး ပြဿနာကို စပြီး ရင်ဆိုင်ရတော့တာပဲ။

      ပါးလုပ်ကျင်းတဲ့ အခါကျတော့ ပါးစပ်က အရမ်း စပ်ပြီး နာနေတယ်။ ဘာဖြစ်လို့မှန်း မသိဘူး။ လျှာက စပ်ပြီး အောင့်နေ နာနေတာမျိုးကြီး။ အဲဒါနဲ့ မှန်ထဲမှာကြည့်လိုက်တော့ "အား! လား .. လား .." လျှာက  အက်ကွဲကြောင်းတွေ ဗလပွနဲ့ ဖြစ်နေတာကိုး။ ဒါကြောင့် ရေတောင် အထိ မခံနိုင်ပဲ ရေ သွားထိရင်တောင် စပ်နေတာ။ (လူက ငိုချင်စိတ် နည်းနည်းပေါက်သွားတယ်)။
      ဆရာဖော်ဝေးရဲ့ "ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ် အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး မြစ်ရေလုံးလုံး ခန်းပြီ .." ဆိုတဲ့ ကဗျာစာသား တစ်စွန်းတစ်ပဲ့က ခေါင်းထဲ တိုးဝင်လာတယ်။ ဆရာရေ - ကျွန်တော်လည်း ကိုယ့်ကျင်းကို ကိုယ်တိုင်တူး ၊ ကျင်းနဖူးမှာ ညစဉ် ရပ်နေခဲ့မိပေါ့ ...

      အဆုံးသတ်တော့ လျှာတင် မကပဲ လည်ချောင်းကပါ ကွဲနေတယ်လို့ ထင်ပါတယ်။ ရေတောင် သောက်လို့ အဆင်မပြေဘူး။ ရေသောက်တဲ့အခါ လည်ချောင်းကို ရေက သွားထိတဲ့ အချိန်ကျရင် လည်းချောင်းက နာပါလေရော။ အရည်တွေ၊ အဖတ်တွေ မပြောနဲ့ အငွေ့တောင် မရဘူး ဒီလည်ချောင်းက။ ဆေးလိပ်သောက်တဲ့ အခါကျပြန်တော့လည်း ဆေးလိပ်ငွေ့က လည်ချောင်းထဲ ဝင်တဲ့အချိန်မှာ လည်ချောင်းက နာပြန်ပါလေရော။ ကဲ! ပြတ်ကရော - ဘာမှကို လုပ်လို့ မရတော့ဘူး။ တော်တော်လေးကို စိတ်ဓာတ်ကျသွားပါတယ်။

      ဒီလိုဖြစ်တာ ဒီနေ့တစ်ရက်ပဲ ဖြစ်ပါစေလို့ ခဏ ခဏ ဆုတောင်းနေမိပါတယ်။


      (ဘာဖြစ်လို့လဲဆိုတော့ အစားအသောက် အဆင်ပြေအောင်လို့ဆိုပြီး ကျွန်တော့်အစ်မ မထက်က ရန်ကုန်ကနေ အစားအသောက်တွေကို ပါဆယ်ပုံးနဲ့ ပို့ထားတယ်တဲ့။ အဲဒါက ရောက်ကာနီးနေပြီ။ ဒီလည်ချောင်းနာကြီးက ဒီပါဆယ်ပုံး မရောက်ခင်မှာ ပျောက်သင့်တယ်။ ဟုတ်တယ်မှတ်လား။)

      ဆေးခန်းရောက်သွားတော့ ဆရာဝန်က ဒီ သောက်ဆေးတွေ၊ ထိုးဆေးတွေက အရမ်းပူလို့ ဖြစ်တာ ဖြစ်နိုင်တယ်လို့ ပြောတာပါပဲ။ ပိုပြီး တိတိကျကျ သိရနိုင်ဖို့ကတော့ မနက်ဖြန် ဆေးရုံမှာ တခြား ဆရာဝန်ကြီးတွေနဲ့ တွေ့ပြီး၊ စမ်းသပ်ပြီးမှပဲ သိနိုင်မယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ မနက်ဖြန် ဆေးရုံကို သိပ် မသွားချင်ပါဘူး။ အပတ်တိုင်း သွားနေရတယ်ဆိုပေမယ့်လည်း ဖြစ်နိုင်ရင်တော့ မသွားချင်ပါဘူး။ ဆေးရုံမှာ လက်ထဲကို အပ်နဲ့ထိုးပြီး သွေးတွေ သုံးလေးပုလင်း ဖောက်ဖောက် ယူသွားပြီးရင် ကျွန်တော့်ခေါင်းထဲ မူးမူးပြီး ကျန်နေတတ်တယ်။ အဲဒါကြောင့် အပတ်တိုင်း ဆေးရုံသွားရတိုင်း သွားချင်စိတ် မရှိဘူး။
 
      သွားချင်စိတ်မရှိလည်း သွားနေရမှာပဲ။ စားချင်စိတ်မရှိလည်း ရှိအောင် လုပ်ကို လုပ်ပြီး စားဖြစ်အောင်ကို စားရမှာပဲ။ ခန္ဓာကိုယ်ထဲမှာ အစာမရှိရင်၊ အဟာရဖြစ်မနေရင် ကုနေတဲ့ ဆေးတွေကလည်း အစွမ်းထက်သင့်သလောက် ထက်မှာ မဟုတ်ဘူး။ (စိတ်ထဲမှာ ကော်ဖီလေးတစ်ခွက်လောက် သောက်ချင်လာတယ်)။ ကော်ဖီသောက်ရင်လည်း ဒီလည်ချောင်းက နာဦးမယ်၊ ဒီလျှာက စပ်ဦးမယ်ဆိုတာ သိနေပြန်တယ်။ ငိုရမလို၊ ရယ်ရမလို ဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိလာတယ်။ (တစ်ယောက်ယောက်ကို ဖက်ပြီး ငိုလိုက် ရယ်လိုက် ရရင်လည်း တော်တော်ကောင်းသွားနိုင်တယ်လို့ တွေးမိပြန်တယ်)။ အဲဒီအချိန်မှာ ညကိုးနာရီထိုးလောက်ကျရင် ငါ ဖုန်းပြန် ဆက်လိုက်မယ်၊ သိလား လို့ မနေ့က ပြောခဲ့တဲ့ ဗူးသျှေက ခေါင်းထဲ ဝင်လာတာနဲ့ စားပွဲပေါ်က တယ်လီဖုန်းဆီ လက်က လှမ်းမိသွားတယ်။ (ငါ လာပြီ  ဗူးသျှေရေ၊ အဲထုဖို့ အသင့်ပြင်!) ...  ။

ချမ်းညီချို
၁၃ - ၁၁ - ၂၀၁၂


Monday 12 November 2012

 ဆေးခန်းသွား တောလား နှင့် ကျွန်တော့် မဲဇာတောင်ခြေ



      ဒီနေ့ အိပ်ရာက နိုးလာတော့ ခေါင်းက အရင်နေ့တွေထက် ပိုပြီး နာနာကျင်ကျင် ကိုက်ခဲနေတာကို ခံစားရတယ်။ နေမကောင်းစဖြစ်တဲ့အချိန် (၂၀၁၂ ဧပြီလ) လောက်ကတည်းက နေ့စဉ်နေ့စဉ် အိပ်ရာက နိုးလာတိုင်း ဒီလိုပဲ ခေါင်းကိုက်ကိုက်နေတာကို သတိထားမိတယ်။ ခေါင်းရဲ့ ညာဘက်အနောက်ပိုင်းနေရာကနေ ထိုးပြီး စူးအောင့်နေတတ်တာမျိုး။ အဲဒါနဲ့ပဲ ကုတင်ပေါ်မှာ စောင်လေးခြုံရင်း  ဆက်ပြီး ထိုင်နေမိတယ်။ ပြတင်းခန်းဆီးကို ဆွဲဖွင့်လိုက်တော့ အမိမြန်မာပြည်ကလို လင်းချင်းပြီး သာယာတဲ့ နေမင်းကြီးကို ဘွားကနဲ တွေ့လိုက်ရပါစေလို့ မဖြစ်နိုင်မှန်း သိလျှက်နဲ့တောင် ဆုတောင်းလိုက်မိသေးတယ်။

      မိုးအေးတွေ ရွာကျနေပြီး ပုပ်မည်းနေတဲ့ ကောင်းကင်ဟာ အိမ်တွေ လမ်းတွေပေါ်မှာ ရှိရှိသမျှ အနွေးဓာတ်တွေ၊ အကြင်နာတွေနဲ့ လူ့အဖြစ်ကို ရလိုခြင်းဆိုတဲ့ လိုအင်ဆန္ဒတွေ အားလုံးကို အေးစက်ညှိုးကျသွားအောင် လုပ်ပစ်နေတာကို မြင်နေရတယ်။

      ကျွန်တော် ဒီနေ့ ဘာဖြစ်လို့ အိပ်ရာက ထလာတာပါလိမ့်။

      မနေ့က မအိပ်ခင်မှာ နာရီကို နိုးစက်ပေးထားခဲ့တယ်ဆိုကတည်းက ဒီနေ့မှာ လုပ်စရာ တစ်ခုခု ရှိကို ရှိနေလို့ပဲ ဖြစ်ရမယ်။ မျက်လုံးတွေကို ပြုတင်းပေါက်နဲ့ မိုးစက်တွေဆီကနေ မခွါချင်ခွါချင်နဲ့ ခွါလိုက်ပြီး ခြေထောက်တွေကို စောင်ခြုံထဲကနေ တဖြည်းဖြည်းချင်း ဆွဲထုတ်နေမိတယ်။ (ဒီလို စိတ်ဓာတ်ကျစရာ အရမ်းကောင်းတဲ့ မှုန်ရီရီ ဝိုးတဝါး နဲ့ စိုတိစိုစွတ် မိုးတဖွဲဖွဲ တစိမ့်စိမ့်ရွာနေတဲ့ မြင်ကွင်းမျိုးကို ဘာဖြစ်လို့ ကျွန်တော် အရမ်း သဘောကျရတာပါလိမ့်)။ ဪ! .. သတိရပြီ။ ဒီနေ့ ဆရာဝန်နဲ့ တွေ့ရမယ်လေ။ ဆေးခန်းက ဆရာဝန်ပေါ့။ ဒီနေ့ လုပ်စရာရှိနေတယ်ဆိုတာ ဒီဆရာဝန်နဲ့ တွေ့ဖို့ ဆေးခန်းကို သွားရမယ့်ကိစ္စပေပဲကို။

      အိပ်ရာပေါ်က ဆင်းပြီး ရေတစ်ဖန်ခွက်ကို သောက်နေကျအတိုင်း သောက်လိုက်တယ်။ ရေမသောက်ခင်မှာ ထုံးစံအတိုင်း ရေနွေးကရားကို ခလုတ်နှိတ်လိုက်။ ရေသောက်ပြီးသွားတော့ ကော်ဖီခွက်ထဲကို ကော်ဖီမှုန့်၊ သကြားနည်းနည်း နဲ့ နွားနို့ထည့်လိုက်တယ်။ ကွက်တိပဲ၊ ရေနွေးကရားကလည်း ကလစ်ဆိုပြီး (ဒါမှမဟုတ် ကလောက်ဆိုပြီး) အဆင်သင့် ဖြစ်လာတဲ့ အချိန်နဲ့။ ကော်ဖီခွက်ထဲကို ရေနွေးထည့်ပြီး မွှေနေတဲ့အချိန်မှာ ခေါင်းကိုက်ပျောက်အောင် ဆေးတစ်ခုခု အရင်သောက်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ ဆရာဝန်သူငယ်ချင်းတစ်ယောက်လောက် အနားမှာရှိရင် တော်တော်ကောင်းမှာပဲ။ ခေါင်းကိုက်ပျောက်အောင် အခုလို အိပ်ရာနိုးနိုးချင်း ပါရာစီတမောနှစ်လုံးလောက် သောက်လိုက်လို့ ရမလား ဘာလားပေါ့လေ၊ နည်းနည်းပါးပါး မေးရမြန်းရပေါ့။ (စဉ်းစားနေရင်းနဲ့ စိတ်က ပိုရှုပ်လာတယ်။ စဉ်းစားနေတာကပဲ ပိုပြီး ခေါင်းကိုက်စေတယ်လို့ ထင်လာတယ်)။

      အဲဒါနဲ့ပဲ - "သေချင်သေ မသေချင်နေ တရုတ်တန်းဈေးက အဖြစ်အပျက်လေး ... ဟေး .. ဟေး .. ဟေး!" ဆိုပြီး စိုင်းထီးဆိုင်သီချင်းကို ကိုယ့်စိတ်ကြိုက်အတိုင်း ပြောင်းဆိုပစ်လိုက်ပြီး ဒီခေါင်းကိုက်နေတဲ့ ဝေဒနာကို မသိချင်ယောင်ဆောင်ဖို့ ကြိုးစားတယ်။ ကွန်ပြူတာဖွင့်ပြီး အီးမေးလ်လေး ဘာလေး ဖတ်တာပေါ့။

ထုံးစံအတိုင်း ကျွန်တော့်အမအငယ် မထက်ဆီကနေ "မောင်လေး နေကောင်းလား .." ကနေ "ဆေးထိုးပြီးတော့ အစားကော စားဝင်ရဲ့လား" အထိ စိုးရိမ်မှုတွေအပြည့်နဲ့ အီးမေးလ်တွေကို ဂျီမေးလ်ထဲမှာ တပြုံတမကြီး ဖတ်ရပါမယ်။ သူကတော့ အပတ်တိုင်း အပတ်တိုင်း အနည်းဆုံး ဒီလို အီးမေးလ်မျိုး သုံးလေးစောင်တော့ ပို့ကို ပို့တယ်။ သူ့ခမျာ အချိန်မရရင်တောင် "နေကောင်းအောင် နေနော် .. သိလား" ဆိုတဲ့ စာလေးတစ်ကြောင်းပဲပါတဲ့ အီးမေးလ်လေးတစ်စောင်လောက်ကိုတော့ ရအောင် ပို့ရှာတယ်။ ငါ့အစ်မတို့ ချစ်ပုံက အဲလို။

အဲဒါနဲ့ ကိုယ်ကလည်း သူဆီ ဖြစ်သမျှအကြောင်းကို သံတော်ဦး တင်ရတယ်။ ဒီအပတ် ကြာသပတေးတုန်းက ဆေးထိုးလိုက်ပြီးတော့ ဖျားနေလိုက်တာ တနင်္ဂင်္နွေနေ့ကျမှ ပြန်နေကောင်းလာတဲ့ အကြောင်း၊ အခုတော့ နေကောင်းနေပြီ မစိုးရိမ်ပါနဲ့တော့ ဆိုပြီး သံတော်ဆင့်ရတယ်။ ဒီ အစ်မတော်ကနေမှ ဖခမည်းတော် နဲ့ မယ်တော် ဆီကို သတင်းက ဆက်လွှင့်မှာကိုး။

      ဒီလိုပဲ အီးမေးလ်တွေ ဖတ်ရင်းမှာ ဘုသျှေဆီက အီးမေးလ်လည်း ရောက်နေတာ တွေ့ရတယ်။ သူလည်း ကျွန်တော် နေမကောင်းတာ သိနေတော့ စိုးရိမ်စိတ် သိပ်ကင်းပုံ မရဘူး။ ကျွန်တော် သူ့ဆီ ဖုန်းဆက်မယ်လို့ စဉ်းစားနေတာ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် တစ်ခါမှ မဆက်ဖြစ်သေးဘူး။ ကျွန်တော်ကလည်း ကျွန်တော်။ မဆက်ဖြစ်တာက ဘာလို့လဲဆိုရင် ဖုန်းခေါ်ပြီး သွားရင် ဘာပြောရမှန်း မသိ ဖြစ်ဖြစ်နေတတ်လို့ မဆက်ဖြစ်တာ။ ဘာအကြောင်းအရာကို ဘယ်လို ဘယ်ကနေ စပြီး ပြောရမလဲ စဉ်းစားရတာ ကျွန်တော့်မှာ တစ်ဒုက္ခ။ အဲလိုနဲ့ပဲ သူငယ်ချင်းတွေဆီကို ကျွန်တော် ဖုန်းသိပ်မဆက်ဖြစ်ဘူး။ သတိကတော့ အမြဲရနေတာပဲလေ၊ သူတို့လည်း ဒါကို သိနေကြမှာပါ။ (ဖုန်းရေး ဖုန်းရာ ညံ့တယ်၊ ဖုန်းကံ မကောင်းဘူး၊ ဖုန်းကံ နိမ့်တယ် ပြောလည်း ခံရမှာပါပဲ)။

      ပြောနေရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။
      ဪ! .. ဘုသျှေဆီက အီးမေးလ်အကြောင်း ပြောနေတာ။ အဲဒါနဲ့ ဘာပဲဖြစ်ဖြစ် ဒီနေတော့ ငါ သူ့ဆီ ဖုန်းဆက်လိုက်ပါဦးမယ်ဟာလို့ စဉ်းစားလိုက်တယ်။ ဆေးခန်းကို မသွားတော့ဘူး ဒီနေ့။
 နေ့ခင်းဘက် ဖြစ်တာတောင် မှောင်နေအောင် မဲပြီး ရွာချနေတဲ့ မိုးကို မြင်နေရတာနဲ့တင် လူက ဘာမှ လုပ်ချင်စိတ်ကို ရှိတော့တာ မဟုတ်ဘူး။
 မြဝတီမင်းကြီးဦးစ 'မဲဇာတောင်ခြေ ..' ကို ရေးခဲ့တဲ့အချိန်ဟာ ဒီလိုအချိန်၊ ဒီလို ရာသီဥတုမျိုးပဲ ဖြစ်ရမယ်လို့  တွေးမိလိုက်တယ်။

      အဲလိုနဲ့ ကော်ဖီတစ်ခွက်ထပ်ဖျော် ဖုန်းကို အနားယူလိုက်ပြီး တူ .. တူ .. တန် ..တန် နဲ့ နှိပ်လိုက်တော့ "ဟယ်လို" တဲ့၊ ထူးသံကြားတယ်။ "ဘုသျှေလား ..? ငါပါ ချမ်းလေးပါဟ .." ဆိုတော့ (ထင်ထားသလိုပဲ) နေကောင်းလား၊ ကျန်းမာရေးက ဘယ်လိုလဲ ဆိုတာတွေက စမေးတယ်။

အဲသလိုနဲ့ သူနဲ့အတူ ငါးမိနစ်လောက် အဲထုလို့ ကောင်းနေဆဲမှာ (အဲထု = အပြန်အလှန် စကားပြောခြင်း) လုံးဝ မျှော်လင့်မထားပဲ အပြင်မှာ မိုးတိတ်သွားတယ်။ ဟာ! အဲဒါဆိုရင်တော့ ဆေးခန်းကို သွားဖြစ်အောင် သွားလိုက်တာ ကောင်းမယ် ဆိုပြီး ဘုသျှေကို မနက်ဖြန်မှပဲ ထပ်ဆက်တော့မယ်လို့ ပြောပြီး ဆေးခန်းကို ခပ်သွက်သွက်လေး ပြေးရလွှားရတယ်။

       ဘုသျှေ ရေ - ဖုန်းထဲမှာ ပြောခဲ့သလို ဒီက ဆေးရုံ၊ ဆေးခန်းတွေရဲ့ အချိန်းအချက် (Appointment) က သိပ်ဖျက်လို့ ကောင်းတာ မဟုတ်ဘူးဟ၊ သိလား။ တစ်ခေါက်ဖျက်လိုက်မိရင် အဲဒီအတွက် အစားထိုးရက်က နောက်နှစ်ပတ်၊ သုံးပတ်လောက်နေမှ ပြန်ရတာမျိုးဟ။ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်က စိတ်ထားမျိုးနဲ့ဆိုရင်တော့ ဒီနေ့လိုနေ့မျိုးမှာ ဆေးခန်းကို ဘယ်သွားလိမ့်မလဲဟာ။ "သေတစ်နေ့ မွေးတစ်နေ့ပဲ .. ဒီနေ့ မပြလိုက်ရလို့ သေသွားလည်း အေးတာပဲ၊ ကိစ္စ မရှိဘူး .." ဆိုတဲ့ စိတ်ဓာတ်မျိုးက အရင်က ရှိတာမျိုးပေါ့။ အခုတော့ ရောဂါဖြစ်ရင် ဝေဒနာ ဘယ်လို ခံစားရတယ်၊ ဆေးတွေကို ဘယ်လို သောက်ရတယ်၊ နေ့တိုင်းနေ့တိုင်း ဒီဝေဒနာအကြောင်းကိုပဲ တွေးနေမိပြီး ဘာမှ မလုပ်နိုင် မကိုင်နိုင်နဲ့ ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာကို သိလာပြီဆိုတော့ လူလည်း အနည်းနဲ့အများ အပြောင်းအလဲလေးတွေတော့ ဖြစ်လာတယ် ထင်တာပါပဲ။ ဒီလိုပါပဲဟာ။
 
     ဪ! .. စကားမစပ်

      ဘုသျှေရဲ့ - ငါ ဆေးခန်းသွားရင် ပန်းခြံထဲကနေ လမ်းဖြတ်လျှောက်ရတယ်ဟ။ ဒီနေ့ ငါ ဆေးခန်းကို အသည်းအသန် လျှောက်သွားနေတုန်းမှာ ဘာကို စဉ်းစားနေသလဲ သိလား။ စဉ်းစားတယ်ဆိုတာထက် ဆုတောင်းတယ်လို့ ပြောရင် ပိုမှန်မယ်။ (ငါ ဘာဆုတောင်းသလဲဆိုတာ နင် စဉ်းစားနိုင်ရင် နင့်ကို ဆရာကြီးလို့ တသက်လုံး ခေါ်ပါ့မယ်)။ (ဘာပဲဖြစ်ဖြစ် နင် မစဉ်းစားနိုင်ဘူးဆိုတာလည်း ငါ သိပါတယ်)။ "မိုးမရွာပါစေနဲ့ .." လို့ ဆုတောင်းတာပေါ့ဟာ၊ သိတယ်မှတ်လား။ မိုးပြန်ရွာရင် သေပြီလေဟာ၊ ဟုတ်တယ်ဟုတ်။
      အဲဒီမှာ လမ်းအမြန် လျှောက်နေရင်းနဲ့တောင် မနေနိုင် မထိုင်နိုင် ဖုန်းနဲ့ မဲဇာတောင်ခြေပုံတွေ သုံးလေးပုံ ရိုက်လာခဲ့သေးတယ်။

"ဆေးခန်းသွား တောလား" အမှတ်တရပေါ့ဟာ။      ။

ချမ်းညီချို
၁၂ - ၁၁ - ၂၀၁၂




စိတ်ညစ်ရတာ တစ်ခုခု

စိတ်ညစ်ရတာ တစ်ခုခု


      ဒီအသည်းရောင်ရောဂါအတွက် အပတ်စဉ် ဆေးရုံသွားရတာ၊ အပတ်စဉ် ဒီလက်မောင်းကနေ သွေးတွေ ထုတ်ထုတ်ပေးနေရတာ၊ အပတ်စဉ် ဆေးထိုးရတာ၊ ဆေးခန်းကိုလည်း အပတ်စဉ် နှစ်ကြိမ်တိုင်တိုင် သွားနေရတာ၊ ပြီးတော့ ဒီလို တစ်ဒါဇင်ကျော်တဲ့ ဆေးလုံးတွေကို နေ့စဉ်နေ့တိုင်း ဗိုက်ထဲရောက်အောင် မြိုမြိုချနေရတာတွေကို ကျွန်တော် လုပ်နိုင်ပါတယ်။ ဒီလိုမျိုး တစ်နှစ်လောက် ကုသရမယ်ဆိုတာကိုလည်း ကြိုသိပြီးသား ဖြစ်တဲ့အတွက် စပြီး မကုခင်ကတည်းက စိတ်ပိုင်းဆိုင်ရာအရ လုပ်ထားရမယ့် ပြင်ဆင်မှုတွေကိုလည်း လုပ်ထားပြီးသားပါ။ ထိုးဆေးက အားပြင်းတဲ့အတွက် ဆူမိုနပန်းသမားလို လူဝကြီးတောင် ထိုးပြီးရင် (၄၈)နာရီလောက် အသာလေး ဖျားနေမယ်ဆိုတာတွေ ကြိုသိပြီး၊ ကြိုဖတ်ထားပြီးသားပါ။

ဒီလောက် ပြင်းထန်ဆိုးရွားပေမယ့် ဘာဖြစ်လို့ အချိန်မဆိုင်းပဲ အခုလို ခပ်မြန်မြန်ကြီး ကုရသလဲဆိုတော့ မြန်မြန် မကုပဲ အချိန်ဆွဲလိုက်ရင် အခန့်မသင့်တဲ့အခါ အသည်းကင်ဆာ ဖြစ်သွားတတ်လို့ပါ။ အဲဒါကြောင့် ကျွန်တော်လည်း လန့်သွားပြီး တက်နေတဲ့ ကျောင်းတွေ၊ သင်တန်းတွေ နဲ့ အလုပ်တွေ အကုန်လုံးကို ရပ်ပစ်လိုက်ပြီး ဒီအသည်းရောင်ကို အရင် ပျောက်အောင် ကုဖို့ပဲ အဓိကထား လုပ်မိပါတော့တယ်။ (အခြားသူတွေလည်း ကျွန်တော့်လိုပဲ လုပ်ဖြစ်ကြလိမ့်မယ်လို့ ထင်ပါတယ်)။ ကျွန်တော့်အထင် ပြောရရင်တော့ ဆေးတွေက ဘယ်လောက်ပဲ ပြင်းပြင်း၊ ဆေးတွေကြောင့် စိတ်ဓာတ်တွေ ဘယ်လောက်ပဲကျကျ၊ ဆေးတွေကြောင့် အစားအသောက် လုံးဝနီးပါး မစားတော့တဲ့အထိပဲ ဖြစ်လာဖြစ်လာ နောက်ဆုံးမှာ အသည်းကင်ဆာ မဖြစ်ဖို့အတွက် ဆိုပြီးတော့ ဒီကုသမှုကို ခံယူကြတာပဲဖြစ်တယ်လို့ ထင်ပါတယ်။

      ဆေးတွေက တကယ်လည်း ပြင်းပါတယ်။ အပတ်စဉ် ထိုးဆေးရဲ့ ပြင်းထန်ပုံအကြောင်းကို "သေမင်းနှင့် ယပ်တောင်လေး တဖျပ်ဖျပ်" မှာ ကျွန်တော် ရေးခဲ့ဖူးပါတယ်။

      ဒီစာမှာ အဓိက ရေးချင်၊ ပြောချင်တာက ထိုးဆေးတွေအကြောင်း သောက်ဆေးတွေအကြောင်း မဟုတ်ဘူး။ ဒီဆေးတွေနဲ့ လုံးဝ မပတ်သက်ဘူးလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး၊ ပတ်သက်မှုကတော့ ရှိတော့ ရှိနေပြန်သေးတယ်။

      "ဪ ... လူတွေ    လူတွေ       .."

      လောကကြီးရဲ့ အစိတ်အပိုင်းအချို့က လူတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဆိုပြန်တော့လည်း ဒီလူတွေ မရှိလို့ကလည်း မဖြစ်။ ရှိပြန်တော့လည်း အကုသိုလ်က များ/ပွါး ရပြန်တယ်။
  
      (အခုလို နေမကောင်းလို့ ဆေးကုနေတဲ့ အချိန်မျိုးမှာကျတော့ ကြုံရဆုံရတဲ့ အကုသိုလ်က အရင်က အကုသိုလ်တွေထက် သုံးဆလောက် ပိုပြီး ပြင်းထန်တယ်လို့ ထင်မိတယ်)။

      ဖြစ်နေပုံက ဒီလို -

      ဆေးရုံက ကျွန်တော့်အတွက် နေ့တိုင်းသောက်ရမယ့် ဆေးတွေ၊ အပတ်တိုင်း ထိုးရမယ့် ဆေးတွေကို သုံးလေးပတ်စာ ကြိုတင်ပြီး ပေးထားလေ့ရှိတယ်။ အဲဒီ ဆေးတွေ အကုန်လုံးကလည်း ရေခဲသေတ္တာထဲမှာ သိမ်းကို သိမ်းထားရမယ့် ဆေးတွေချည်းပဲ။ အဲဒီမှာ ပြဿနာက စတော့တာပဲ။

      အမှန်တကယ်တော့ ဒါက ကျွန်တော့် ပြဿနာပါ။ ကျွန်တော်သာ ပိုက်ဆံရှိရင် ကိုယ်ပိုင်အိမ်လေးတစ်လုံးလောက် ဝယ်ပြီး နေနိုင်ရင် ဒီပြဿနာက ဖြစ်မှာ မဟုတ်ပါဘူး။

     အခုတော့ အဲသလို ကိုယ်ပိုင်အိမ်ဝယ်ပြီး မနေနိုင်တဲ့ လူတန်းစားဖြစ်တဲ့ အတွက်ကြောင့် အခြားသူတွေနဲ့အတူ အိမ်ငှါးပြီး နေရပါတယ်။ ကျွန်တော့် ငှါးနေတဲ့ အိမ်ရဲ့ အပေါ်ထပ်မှာ ကျွန်တော်အပါအဝင် စုစုပေါင်းလေးယောက် နေပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် ရေခဲသေတ္တာကတစ်လုံးပဲ ရှိပါတယ်။ အဲလိုဆိုတော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။ ဆေးရုံက ပေးထားတဲ့ ဆေးတွေကို ဒီရေခဲသေတ္တာထဲမှာပဲ ထားရပါတော့တယ်။ ကျန်တဲ့သူတွေ အကုန်လုံးက ဒါကို အရမ်း မုန်းပါတယ်။ ("ဒါကို အရမ်း မုန်းတယ် .." ဆိုတာ သူတို့ ပြောတာကို တိုက်ရိုက် ဘာသာပြန်ရေးလိုက်တာပါ)။ တကယ်ကို အဲလိုကို ပြောတာပါ။ ပြောတာမှ "F .." စကားလုံးတွေ အများကြီးနဲ့ကို အားရပါးရ ကျယ်ကျယ်လောင်လောင် ပြောပါတယ်။ ကျွန်တော်လည်း တော်တော် စိတ်ညစ်သွားပါတယ်။

      ရေခဲသေတ္တာ အသေးလေးတစ်လုံးလောက် ဝယ်ပြီး ကိုယ့်အခန်းထဲကိုယ် ထည့်ထားဖို့ကျပြန်တော့လည်း အိမ်ရှင်က ခွင့်မပြုပြန်ဘူး။ (အမှန်တကယ်တော့ ခွင့်ပြုရင်တောင် အခန်းထဲမှာ ထားစရာ နေရာက ရှိတာ မဟုတ်ပါဘူး)။ အိမ်ရှင်ကလည်း သိတဲ့အတိုင်း မီတာတက်မှာတို့ ဘာတို့ စိုးလို့နဲ့ တူပါတယ်၊ သိတယ်မှတ်လား၊ တစ်ယောက်ကို စပြီး ခွင့်ပြုလိုက်ရင် အကုန်လုံးက ဒီလို လိုက်ပြီး လုပ်ကြပြီဟေ့ဆိုရင် သူ့အတွက် မီတာခနဲ့ ဒေဝါလီခံသွားရမယ်လေ။ အဲဒါကြောင့်နဲ့ တူပါတယ်၊ ဒီကိစ္စကို ခွင့်မပြုဘူး။

     အဲဒီအတွက်ကြောင့် ဒီရေခဲသေတ္တာထဲမှာ ဆေးရုံကဆေးတွေထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နေ့စဉ် နေ့တိုင်း ဒီအခြား အိမ်ငှါးသုံးယောက်ဆီက စော်ကားတဲ့ စကားလုံးတွေ၊ ရန်စတဲ့ စကားလုံးတွေ၊ ထေ့လုံး ငေါ့လုံးတွေ အမြဲ ကြားနေရပါတယ်။ ရန်ဖြစ် ကွိုင်တွေတက်ပြီး အိမ်ပြောင်းသွားလည်း ကောင်းတာပဲဆိုတဲ့ အထာမျိုးပေါ့။

တစ်ခါတစ်လေ မီးဖိုထဲကနေ စကားသံတွေ ကြားနေရတယ် ...
"ဟာ! .. ဒီမှာ ဆေးရုံက ဆေးတွေ ရှိနေတုန်းပါပဲလား၊ ဒီလူ မသေသေးဘူးလား၊ ဟုတ်လား ၊ ဝါး ဟား ဟား .." ဆိုတာမျိုးတွေပေါ့။
 ကြာလာလေ လူက လက်က ယားလာလေ ဖြစ်လာနေတယ်။ ဒီအသည်းရောင်အတွက် ထိုးဆေးတွေ သောက်ဆေးတွေကြောင့် လူရဲ့ စိတ်က အရင်ကထက် ပိုပြီး ရှုပ်ရှုပ်ထွေးထွေး ရှိနေချိန်ဆိုတော့ ဒီလို ဒေါသထွက်စရာတွေ ကြားလာရရင် မီးဖိုထဲက ဓားနဲ့ တစ်ယောက်ယောက်နဲ့ လည်ပင်းကို ပက်ကနဲ တစ်ချက်လောက် ရမ်းလိုက်ရင် သွေးတွေ ဖွားကနဲ ဖြာကျလာမှာပဲဆိုပြီး စိတ်ကူးတွေ ယဉ်လာမိတယ်။ လူကော လက်ကော တဆတ်ဆတ် ဖြစ်လာတယ်။

      စိတ်ကို ထိန်းပါတယ်။

      သူတို့ဘက်က ကြည့်ပြန်ရင်လည်း ဟုတ်တော့ ဟုတ်နေတာပဲ မဟုတ်လား။ သူတို့ အစားအသောက် ထားတဲ့ နေရာ၊ နေ့စဉ် နေ့တိုင်း အစားအသောက် ထားတဲ့ နေရာနဲ့ အတူတူမှာ ဒီဆေးရုံက ထိုးဆေးတွေ၊ သောက်ဆေးတွေ လာပြီး ထားနေတယ်ဆိုတာ တော်ရုံတန်ရုံ အသိစိတ်ဓာတ်၊ အသိညာဏ်နဲ့က လက်ခံဖို့ လွယ်တာ မဟုတ်ဘူး။

       အခုတော့ သူတို့မျက်လုံးတွေကို ဖတ်ကြည့်ရတာ ဒီကောင် ဘယ်လိုလဲ၊ ဆက်နေဦးမှာလား၊ ပြောင်းတော့မှာလား၊ ဒီဆေးရုံက ဆေးတွေက ဒီအစားအသောက်ထားတဲ့ ရေခဲသေတ္တာထဲမှာ ဘယ်လောက်ကြာအောင် ဒီလိုပဲ ဆက်ရှိနေဦးမှာလဲ ဆိုတဲ့ မေးခွန်းတွေကို မျက်လုံးတွေထဲမှာ တွေ့ရတယ်။

      မနက်တိုင်း မနက်တိုင်း သူတို့ ပြောနေတာတွေကြောင့် ကျွန်တော် တော်တော် ဒေါသထွက်နေတယ်ဆိုတာကိုလည်း ကျွန်တော့်မျက်လုံးတွေကနေ သူတို့ မြင်နေရမှာပဲ ကျိန်းသေတယ်။
 
     ဒီစိတ်ဒုက္ခဟာ ကျွန်တော့်ရဲ့ အသည်းရောင်အတွက် ကုနေတာကို တော်တော်လေး အနှောက်အယှက် ဖြစ်စေတယ်။
  
      ဒီအသည်းရောင်ကြောင့် စိတ်ကျရောဂါ နဲ့ အစားအသောက်ပျက်ရောဂါ ဖြစ်နေချိန်မှာ ဒီနေတဲ့ အိမ်ကိစ္စကပါ စိတ်ကို ဒုက္စ ပေးနေတယ် ဆိုတော့ ထိုးနေတဲ့ ဆေးတွေက အလုပ်လုပ်သင့်သလောက် မလုပ်မှာကို ဆေးရုံက ဆရာဝန်ကြီးက စိုးရိမ်ရှာတယ်။
  
      အခုတော့ ဘာမှ ဆက်ပြီး မစဉ်းစားချင်တော့ဘူး ...
      ဒီကိစ္စကို ရင်ထဲကနေ ပေါ့သွားအောင် အခုလို ရေးချပစ်လိုက်တာ။ ဘာပဲဖြစ်ဖြစ် စိတ်တော့ နည်းနည်း သက်သာသွားသလို ရှိသလိုပဲ။
  
      ဘာတွေ ဆက်ဖြစ်မလဲ။ ရှေ့မှာ ဘာတွေ လုပ်ဖြစ်မလဲ (ကျွန်တော် မသိဘူး)။
      သိတာ တစ်ခုပဲ ရှိတယ် -
      (၁၄) ရက်နေ့ ဗုဒ္ဓဟူးနေ့ ဆေးရုံ သွားရမယ်။ အပတ်တိုင်း သွားရတာဆိုတော့ ဘယ်လို ခေါ်မလဲ?
      ဆေးရုံချိန်းပေါ့ ... ။     ။

ချမ်းညီချို
၁၂-၁၁-၂၀၁၂


Sunday 11 November 2012

ဘာအမျိုးအစားမှန်း မသိတဲ့ ဒေါသ


     ငယ်ငယ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ် ရောက်တဲ့အထိ အင်္ဂလိပ်ဆေးဆိုရင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးလေးတောင်မှ နွေမိုးဆောင်း ဆယ့်နှစ်လ တစ်နှစ်ပတ်လုံးနေလို့ တစ်လုံးတောင် မသောက်တဲ့ လူတစ်ယောက်အတွက် အခုတော့ တစ်နေ့ကို အင်္ဂလိပ်ဆေးလုံး ဆယ့်တစ်လုံး နေ့စဉ်နေ့တိုင်း မပျက်မကွက် သောက်နေရတဲ့ ဒုက္ခဟာ (သူ့အတွက်) ဘယ်လောက် ကြီးမားတဲ့ ဒုက္ခလဲဆိုတာ အလွယ်တကူ စဉ်းစားကြည့်လို့ရမယ်ထင်ပါတယ်။ အဲသလို မသောက်ချင်ပေမယ့်လည်း သောက်နေရတဲ့အတွက် ဒါကို မကျေမနပ် ဖြစ်နေတယ်။ ဒီလို မကျေမနပ် ဖြစ်နေပါတယ်ဆိုတဲ့အကြောင်းကို (လူတွေ သိအောင်) ပြောပြချင်တယ်။ ဒါဟာ လူတွေအတွက် အရေးကြီးသလား၊ အရေးမကြီးသလား ဆိုတာကတော့ အရှင်းကြီးပဲဗျာ၊ ဟုတ်တယ်မှတ်လား။

     ငယ်ငယ်ကတည်းက အင်္ဂလိပ်ဆေးတွေ မသောက်ဖြစ်တာကတော့ အင်္ဂလိပ်ဆေးတွေက သောက်ပြီးရင် နှုတ်ခမ်းတွေ တအားခြောက်တယ်ဗျ။ ရိုးရိုး နှုတ်ခမ်းခြောက်တာမျိုးထက် အများကြီးဆိုးတယ်၊ ကျွန်တော့် နှုတ်ခမ်းတွေ ခြောက်ရုံတင်မကပဲ ကွဲထွက်ကုန်တဲ့အထိ ဖြစ်တာ။ အဲလိုဖြစ်ရင် ဘာမှ စားလို့ သောက်လို့ မကောင်းတော့ဘူး။ အစားတစ်ခုခု စားရင် စပ်၊ အရည်သောက်ရင်တောင် ကွဲနေတဲ့နေရာကို သွားထိမိလိုက်ရင် စပ်၊ နှစ်ရက် သုံးရက်လောက် နှုတ်ခမ်းတစ်ခုလုံး ပူလောင်လောင် စပ်ဖျဉ်းဖျဉ်းကို ဖြစ်နေတော့တာ။

အင်္ဂလိပ်ဆေးလုံးတွေ၊ ဆေးပြားတွေ သောက်မိတိုင်း အဲသလိုကို ဖြစ်ဖြစ်နေတော့ အဲဒီကတည်းက အင်္ဂလိပ်ဆေးဆိုရင် တတ်နိုင်သမျှ မသောက်ဖြစ်အောင် ရှောင်လာတော့တာပဲ။ နေမကောင်းဖြစ်ရင်လည်း မသောက်ဘူး။ ချွေးထွက်သွားအောင် လေ့ကျင့်ခန်းတစ်ခုခုကို ပြင်းပြင်းထန်ထန် လုပ်လိုက်ပြီး ရေချိုးပစ်လိုက်တယ်။ များသောအားဖြင့် နေမကောင်းဖြစ်ချင်သလိုလို ဖြစ်နေတာက အဲဒီနည်းနဲ့ ပျောက်သွားတာပဲ။ အဲဒါနဲ့မှ မရဘူး ဆိုရင်တော့ အမေတိုက်တဲ့ မြန်မာတိုင်းရင်းဆေးတွေ သောက်ရတော့တာပါပဲ။ ငန်းဆေးတို့ ၊ ဘာတို့လို လူကို ချွေးတွေ ထွက်အောင် လုပ်ပစ်လိုက်တဲ့ ဆေးမှုန့်တွေကို ရေနွေးနဲ့ဖြစ်ဖြစ်၊ ကွမ်းရွက်ပြုတ်ရည်နဲ့ဖြစ်ဖြစ် သောက်လိုက်ရင် အဖျားပဲဖြစ်ဖြစ်၊ ဖျားချင်သလို ဖြစ်ချင်နေတာပဲဖြစ်ဖြစ် အကုန် ပျောက်တာပါပဲ။ အဲသလိုနဲ့ အင်္ဂလိပ်ဆေးတွေကို အောင်မြင်စွာနဲ့ ရှောင်ရှားလာခဲ့တာ အခု Hepatitis C Genotype Type 3 ဖြစ်နေပြီလည်းဆိုရော သွားတော့တာပဲ။

     ဘဝဆိုတာ ဒီလိုပါပဲ၊ ဟုတ်တယ်မှတ်လား။ ဖြစ်ချင်တာတွေ ဖြစ်ချင်သလို ဖြစ်ချင်တဲ့အချိန်မှာ ထထဖြစ်တတ်တာ ဘဝပဲ။ အခုတော့ ဘဝက အင်္ဂလိပ်ဆေးသောက်ရတာ မကြိုက်လို့ မသောက်ချင်ဘူးဆိုပြီး ခြေဖနောင့်လေးကို ဆောင့်၊ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့ ဝူးဝူးဝါးဝါး အော်ဟစ်ပြီး ငိုပြလို့ မရတော့ဘူး။ (မသောက်ချင်လည်း သောက်ကို သောက်ရတော့မယ်)။
 "အင်း! .. အင်း! .. သားလေး အင်္ဂလိပ်ဆေး မသောက်ချင်ရင် ဗမာငန်းဆေးလေးကို မခါးအောင် မေမေ ဖျော်ပေးမယ်နော်၊ ဟုတ်ပြီလား .. မငိုတော့နဲ့နော် ..နော် .. သားနော် .." ဆိုတဲ့ မေမေလည်း အနားမှာ မရှိဘူး။

      အခု ကျွန်တော် ဘာကို ဒေါသထွက်နေမှန်း ကျွန်တော် မသိဘူး။
      နှုတ်ခမ်းတွေ ကွဲရုံတင်မကပဲ လည်ချောင်းတွေပါ လိုက်ကွဲစေတဲ့ ဒီ နေ့တိုင်း ကြိတ်မှိတ်ပြီး မြိုချနေရတဲ့ လက်တစ်ဆုပ်စာ အင်္ဂလိပ်ဆေးပြားတွေကို မကျေမနပ် ဖြစ်နေတာလား။
     လည်ချောင်းက နာနေတယ် မာမီရယ်၊ ရေတောင် မသောက်ချင်တော့ဘူး လို့ ပြောပြီး ခေါင်းနဲ့အတင်းဝင်တိုး ခါးကိုတအားဆွဲဖက်ထားစရာ အမေ အနားမှာ မရှိတာကိုပဲ မကျေမနပ် ဖြစ်နေတာလား။
      နေမကောင်းတာက ခဏပါ သားရယ်၊ ပြီးရင် ဒီလိုပဲ နောက်တော့ ပျောက်သွားမှာပေါ့ လို့ ပြောမယ့် အဖေလည်း အနားမှာ မရှိတာကို မကျေမနပ် ဖြစ်နေတာလား။ ဘာကို မကျေမနပ်ဖြစ်နေမိမှန်းကို မသိဘူး။

     ဒီလိုနဲ့ ...
     မကျေမနပ် ဖြစ်နေရင်း ...

     မကျေမနပ်နဲ့ ...
               ဒီလို ဖြစ်နေရင်း  ...

     ဒီထိုးဆေးတွေ၊ သောက်ဆေးတွေက လူနာကို စိတ်ဓာတ်ကျစေတတ်တယ်။ ဒေါသ ထွက်စေတတ်တယ်၊ အရာရာကို မကျေမနပ်တွေ ဖြစ်နေတတ်တယ် ဆိုတဲ့ ဆေးရုံက ဆရာဝန်တွေရဲ့ သတိပေးစကားကို ပြန်ပြီး သတိရတဲ့ချိန်ကျတော့ ဒီစာက ရေးလို့တောင် ပြီးနေပြီ။       ။

ချမ်းညီချို
၁၁-၁၁-၂၀၁၂

Saturday 10 November 2012

သေမင်းနှင့် ယပ်တောင်ကလေး တဖျပ်ဖျပ်

သေမင်းနှင့် ယပ်တောင်ကလေး တဖျပ်ဖျပ်   

ဘာစာမှရေးလို့ မရဖြစ်နေတယ်။
ဘယ်ရေးလို့ ရမတုန်း။ ဒီမှာ လူက နေကောင်းနေတာမှ မဟုတ်တော့ စိတ်က ဒီခံစားနေရတဲ့ ဝေဒနာဆီမှာပဲ ရှိတယ်၊ ကျန်တာတွေကို အာရုံ မစိုက်နိုင်ဘူး။ ဒီ ခံနေရတဲ့ ဒဏ်၊ ဒီနေမကောင်းတဲ့ ဒဏ်၊ ဒီအသည်းအတွက် တစ်ပတ်တစ်ခါ ဆေးထိုးပြီးသွားရင် သုံးရက်လောက် ဒီထိုးဆေးအရှိန်ကြောင့် ဖျားပြီး အိပ်ရာထဲက ထမလာနိုင်တာတွေ၊ ဒါတွေကိုပဲ စိတ်က အမြဲ တွေးနေမိတယ်။ အဲဒါကြောင့်ပဲ စိတ်က အမြဲ ဒေါသထွက်နေတယ်။ ဒေါသထွက်တယ်ဆိုတာ လူကြားကောင်းအောင် ပြောမိတာပါ။ တကယ်တော့ စိတ်အားငယ်တာလို့ ပြောရင် ပိုမှန်မှာပါ။ တော်တော်လေးကို စိတ်ညစ်ရ၊ စိတ်ဓာတ်ကျရတဲ့ ဝေဒနာနဲ့ သူ့ရဲ့ ကုထုံးပါပဲ။

     အချိန်စောတုန်းမှာ ကုတာ ပိုကောင်းတယ်၊ အဲလိုမှ မကုရင် အသည်းကင်ဆာ ဖြစ်နိုင်တယ်လို့ ပြောတာဆိုတော့ အချိန်စောတုန်းမှာ အခုလိုပဲ ကြိတ်မှိတ်ပြီး ကုရတော့တာပေါ့။
     ကုနေရင်းနဲ့ အချိန်လေး ကြာလာတော့ ဒီနေ့တိုင်းသောက်နေရတဲ့ ဆေးပြားတွေရဲ့ ဒဏ်ရယ်၊ အပတ်စဉ်ထိုးနေရတဲ့ ထိုးဆေးရဲ့ဒဏ်ရယ် ၊ ဒီဒဏ်နှစ်ခုပေါင်းကို တစ်နှစ်လောက်ကြီး ဆက်တိုက်ခံနေမယ့်အစား အသည်းကင်ဆာပဲဖြစ်လိုက်ပြီးတော့ မြန်မြန်ကိစ္စ ချောသွားတာကပဲ ပိုကောင်းမယ်လို့တောင် ထင်လာမိပါတယ်။ တစ်နေ့ကို ဆေးပြားက ဆယ့်ပြားလောက် အသာလေးပဲ ပုံမှန်သောက်၊ ထိုးဆေးလေးက ပေါင်မှာ တစ်ပတ်တစ်လုံးလောက် ခပ်အောင့်အောင့်လေး ဆူဆူဆဲဆဲလေးနဲ့ ထိုး၊ ဒါတွေက သိပ်ကြာကြာ လုပ်ရမှာတော့ မဟုတ်ပေဘူး။ စုစုပေါင်းမှ (၄၈) ပတ် ပဲ လုပ်ရမှာဆိုပဲ။ တော်သေးတာပေါ့၊ တစ်နှစ်လုံးမှာက (၅၂) ပတ် ရှိတာလေ။ အဲသလိုဆိုတော့ အခု ကိုယ်က (၄၈) ပတ်ပဲ ဆေးကုရမှာဆိုတော့ တစ်နှစ်တောင် မပြည့်ပါဘူး၊ ဟုတ်တယ်မှတ်လား၊ ဒီလောက်ကတော့ ဒီလိုပဲ ဆူရင်း ဆဲရင်း စိတ်ဓာတ်ကျရင်း တစ်ပတ်မှာ ငါးရက်လောက် ဖျားနေရင်းနဲ့ ဒီတစ်နှစ်ဆိုတဲ့ အချိန်ကာလကြီးက ပြီးဆုံးသွားမှာပါ။ သတင်းတွေလည်း ကြားရပါတယ်၊ ဒီထိုးဆေးဒဏ်က ပြင်းလွန်းလို့ မခံနိုင်လို့ တစ်လခွဲ၊ နှစ်လလောက် ကြာအပြီးမှာ ဆက်မထိုးတော့ပဲ ရပ်ပစ်လိုက်တဲ့ လူတွေကလည်း အများကြီးပဲတဲ့။ အင်း! .. စဉ်းစားလို့ မရဘူး၊ ခံစားလို့ မရဘူး၊ လက်ခံပေးလို့ မရဘူး။ ကျွန်တော့်လို ပိန်ညှောင်နေတဲ့လူတောင် ဒီဆေးဒဏ်ကို ခံနိုင်သေးတာပဲ သူတို့က ဘာဖြစ်လို့ မခံနိုင်ရတာတုန်း။
     ဒီထိုးဆေးက ပြင်းတယ်ဆိုတာကတော့ မှန်ပါတယ်။

ဒီထိုးဆေးကို ပထမဆုံးအကြိမ် စထိုးတဲ့ အဖြစ်ကလေးကို မှတ်မိနေသေးတယ် (မှတ်မိဆို ပြန်ပြောပြချင်လို့ကို မှတ်မိနေတာပါ)။ ကျွန်တော်က ထိုးဆေးကို အပတ်တိုင်း ကြာသပတေးနေ့မှာ ထိုးဖြစ်တာကိုး။ အဲလိုနဲ့ ကြာသပတေးနေ့မှာ ရေခဲသေတ္တာထဲက အပ်ကို ထုတ်၊ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေး၊ ပြီးတော့ ထိုးမယ့် ပေါင်နေရာကိုလည်း ရေစိုတစ်သျှူးလေး ဘာလေးနဲ့ သုတ်ပြီး သန့်အောင် တစ်ချက် လုပ်လိုက်သေးတယ်။ အဲလို ဟိတ်ကြီးဟန်ကြီးနဲ့ ပြင်လိုက်ဆင်လိုက်ပေမယ့် တကယ် ထိုးကာနီးကျတော့ မထိုးရဲဘူး၊ ဒီအတိုင်းကြီး ဘာမှန်းမသိပဲ ထိုင်နေတာ ငါးမိနစ်လောက် ကြာသွားတယ်။ စိတ်ထဲမှာ လန့်တန့်တန့်ကြီး ဖြစ်နေတယ်။ ဂုဏ်တော်ကိုးပါးလေး ဘာလေး ရွတ်လိုက်ရရင် စိတ်ထဲမှာ နည်းနည်းပါးပါးများ ရဲရဲတင်းတင်း ရှိသွားမလား မသိဘူးလို့တောင် တစ်ချက် စဉ်းစားလိုက်ပါသေးတယ်။
ပြီးမှ 'ဟာ .. ငါ ဒီလောက် ဖြစ်နေစရာ မလိုပါဘူး။ ဆေးထိုးတာပဲ၊ သေအာင် ဓားနဲ့ ထိုးတာမှ မဟုတ်တာ၊ ထိုးကွာ .. ကြာတယ်' ဆိုပြီး ဖြောက်ကနဲ ဆေးထိုးအပ်က ခလုပ်ကို ဖိချလိုက်တာ "အားရိုးရိုး ....." "အောင်မြတ်ငီး ..." နာလိုက်တဲ့ အပ် (အပ်စုတ် အပ်ပဲ့ လဒအပ် ငါလခွေးအပ်)၊ ပေါင်ဆိုတာ တောင့်ကနဲ ဖြစ်သွားတယ်လို့တောင် ခံစားလိုက်ရတယ် (ငါ့နှယ် လချီးထဲမှပဲ!) [အဲသလိုကို ဆဲခဲ့မိပါတယ်။ ခွင့်လွှတ်တော်မူကြပါရန်။] တကယ် ဖြစ်ပျက်ခံစားခဲ့ရတာကို ပြန်ချရေးပြရတာဆိုတော့ အဲ့တုန်းက ဖြစ်သွားခဲ့သလို၊ တကယ်ကို သတိလက်လွတ် ဆဲထဲ့လိုက်မိခဲ့သလို အခုလို ရေးပြလိုက်ရတာ ဖြစ်ပါတယ်။ ဒါမှပဲ ကျွန်တော် ဘယ်လို အီစလံဝေ သွားခဲ့ရတယ်ဆိုတာ ဖတ်ရတဲ့သူရဲ့ စိတ်ထဲမှာလည်း ပေါ်မှာလေ၊ ဟုတ်တယ်ဟုတ်။
ဒီ ဆဲခြင်းဆိုခြင်းအကြောင်း ပြောနေရင်းနဲ့ တကယ် ပြောလိုတဲ့ အချက်ကို မေ့တော့မလို ဖြစ်နေပြီ။ ပြောလိုတာက ဆေးဒဏ်က ပြင်းတယ်၊ ပြင်းတယ်လို့ ညည်းနေကြတာကို ပြောလိုတာပါ။ ကျွန်တော့်တုန်းကတော့ ထိုးဆေးကို ကြာသပတေးညနေမှာ ခုနကလို ထိုးလိုက်တယ်၊ တစ်နာရီလောက်ကြာတော့ ဆရာဝန်တွေက ကြိုပြီး သတိပေး ပြောပြထားတဲ့အတိုင်းပါပဲ။ Flu like sympton တွေလို ကိုယ်တွေ ပူတက်လာတယ် (အပြင်းဖျားသလိုမျိုးကြီး)၊အဲဒါနဲ့ " အင်း! .. ဘာပဲဖြစ်ဖြစ် စောင်လေး ခြုံပြီး ခဏလှဲနေလိုက်တာကတော့ ကောင်းလိမ့်မယ် ထင်တယ်" ဆိုပြီး စောင်လေးခြုံပြီး တစ်ချက် အေးဆေးလေး ဝင်ကွေးနေလိုက်မိတယ်။
     မနက် ပြန်နိုးလာတော့ ဆေးထိုးပြီးကာစလို ကိုယ်တွေ အရမ်း ပူချစ်နေတာမျိုး မရှိတော့ဘူး။ နဖူးကို သေသေချာချာ စမ်းကြည့်တယ်၊ ဟုတ်တယ် ၊ ကိုယ်က အရမ်း ပူ မနေတော့ဘူး၊ (ဟာ! တော်သေးတာပေါ့ ) လို့ စိတ်ထဲကတောင် တွေးလိုက်မိပါသေးတယ်။ သတိထားမိတာ တစ်ခုကတော့ ဗိုက်နည်းနည်း ဆာသလို ရှိတာပဲ။ ဆရာဝန်တွေက သေသေချာချာ ပြောလိုက်တာ ဒီထိုးဆေးတွေရော၊ သောက်ဆေးတွေရော အကုန်လုံးက အစားအသောက် ပျက်တယ် ပေါ့နော်။ ကျွန်တော့်ကို ဘာမှ စားချင်စိတ် မရှိအောင်ကို ဖြစ်စေလိမ့်မယ်တဲ့၊ သေသေချာချာ မှာလိုက်တာ။ အဲဒါကို ထူးထူးဆန်းဆန်း ကျွန်တော့်ကျမှ ဗိုက်ဆာတာတောင် လာဖြစ်ရတယ်လို့။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းကို ဆေးရုံ ပြန်သွားရတဲ့ နေ့ကျရင် ပြောပြရမယ်လို့ နုတ်စ်စာရွက်လေးမှာ ချရေးထားလိုက်ပြီး ကွန်ပြုတာနားမှာ ကပ်ထားလိုက်တယ်။
      ပြီးတော့ ကော်ဖီလေး တစ်ခွက်ဖျော်ပြီး ကွန်ပြုတာကနေ အီးမေးလ်လေး ဘာလေးဖတ်၊ သတင်းလေး ဘာလေး နားထောင် လုပ်ဦးမှပဲဆိုပြီး ကွန်ပြုတာ ဖွင့်လိုက်တော့ ဒီနေ့က စနေနေ့ ဖြစ်နေလို့၊ ဒီနေ့ ကန်မယ့် ကျွန်တော်တို့ အင်္ဂလန်က ဘောလုံးပွဲတွေ အကြောင်းနဲ့ အသင်းတွေရဲ့ သတင်းတွေကို ပြနေတယ်။
     အဲဒီမှာ လူက ငုတ်တုတ်ကြီး ထိုင်နေရင်းကနေ လိပ်ပြာလွင့်ထွက်သွားသလို၊ နှစ်သုံးဆယ်လောက် မတွေ့ဖြစ်ပဲ ကွဲနေတဲ့ ငယ်ရည်းစားက ကိုကိုရေ ဆိုပြီး ကိုယ့်ကို အားရဝမ်းသာ ပြေးဖက်တာကိုပဲ အရှင်လတ်လတ် ခံလိုက်ရသလို သုံးစက္ကန့်လောက် အသက် ဘယ်လိုရှူရသလဲဆိုတာကို မေ့သွားတယ်။
"ဘုရား! ဘုရား! ..." "ငါ့ကို သရဲ ခြောက်နေတာတော့ မဟုတ်လောက်ပါဘူး .." ဆိုပြီး ကျွန်တော့် မိုဘိုင်းလ်ဖုန်းကို လိုက်ရှာပြီး ဒီနေ့ ဘာနေ့လဲကို သေချာအောင် ထပ် ကြည့်တယ် (စနေနေ့!) [ဟိုက်!!]။ "ဘုရားရေ .. တပည့်တော်ကို မနောက်ပါနဲ့ အရှင်ဘုရားရယ် .." ပြောရင်း အခန်းထောင့် စားပွဲပေါ်က ကွန်ပြုတာရဲ့ နေ့စွဲပြနေတဲ့ နေရာလေးကို ပြေးပြီး နှိပ်ကြည့်တယ် (စနေနေ့ကိုပဲ ပြနေတယ်!!!)။
"အား!! ... ဒီဆေးဒဏ် မခံနိုင်လို့ မကုချင်တော့ဘူး၊ ဆက် မကုတော့ဘူး .." လို့ ပြောနေတဲ့ သူတွေကို ကုပါ၊ ဘာမှ မဖြစ်ပါဘူး၊ အဲလောက်လည်း မပြင်းပါဘူးလို့ ပြောမလို့ စဉ်းစားနေပါတယ်ဆိုမှ။ အဲလို ပြောမယ့် ကိုယ်ကိုယ်တိုင်ကျတော့ ကြာသပတေးနေ့မှာ ဆေးကို ထိုးပြီး ကိုယ်တွေပူလာပြီး ခဏ ဝင်အိပ်လိုက်တာ စနေနေ့ မနက်ကျမှ ပြန်နိုးလာတယ်ဆိုတော့ ဘာပြောရမလဲ မသိတော့ဘူး။ ကြားထဲက ကျော်သွားတဲ့ သောကြာတစ်ရက်လုံးမှာ ဘာလုပ်ဖြစ်ခဲ့သလဲဆိုတာကိုလည်း ပြန်စဉ်းစားလို့ လုံးဝ မရဘူး။ တစ်နေ့လုံး အိပ်ပျော်နေတာပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပဲ ရှိတာပဲကို။
     ကဲ! အဲလိုဆိုတော့ ကိုယ့်လူရေ / ဆရာ / ဆရာမ/ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီမလေး တူမလေးတို့ရေ ဒီရောဂါဖြစ်ပြီဆိုရင်တော့ သောက်စရာရှိတာ သောက်၊ ထိုးစရာရှိတာ ထိုးသာ ထိုးဗျာ။ ဘာမှ စိတ်ပူမနေနဲ့။ ဆေးက ပြင်းလွန်းလို့ တစ်ရက်လောက် အိပ်ပျော်သွားတာပဲ ဘာဖြစ်တုန်း၊ အိပ်ပျော်ပစေပေါ့။ အိပ်မပျော်ပဲ နိုးနေရင်သာ အကုသိုလ် ဖြစ်ရင် ဖြစ်နေဦးမှာ၊ ဟုတ်တယ်မှတ်လား၊  
     လူ့ရဲ့စိတ်ဟာ သတိမထားဘူးဆိုရင် ကုသိုလ်စိတ်ထက် အကုသိုလ်စိတ်က ပိုပြီး အဖြစ်များတယ်လို့ ဆိုတယ် မဟုတ်လားဗျ ..။
ချမ်းညီချို
10th November 2012
အဲ့မှာ အဲ့အောက်က ဓာတ်ပုံက Hepatitis C Geno Type 3 ဖြစ်နေတဲ့ ကျွန်တော့်လို လူ၊ သွေးထဲမှာ ဗိုင်းရပ်စ်က 1.4 millions တောင် ရှိနေပြီဖြစ်တဲ့ ကျွန်တော့်လို လူအတွက် တစ်ပတ်တစ်ခါ မပျက်မကွက် ထိုးနေရတဲ့ ဆေးပေါ့။(ဟယ်! ချစ်စရာလေး ထိုးကြည့်ချင်လိုက်တာလို့တော့ မလုပ်နဲ့၊ ကျွန်တော့်လို ကြာသပတေးမှာ ထိုးလိုက်တာ စနေနေ့ မနက်ကျမှ ပြန်နိုးလာတဲ့ အဖြစ်မျိုး ရောက်သွားမယ်။ ဟင်း! .. ဟင်း! .. ဒါ စမ်းကောင်းတာမျိုး မဟုတ်ဘူး၊ မလုပ်နဲ့။ ။)

ချမ်းညီချို
10th November 2012