Monday 26 July 2010

သတိ - လေတိုက်သည်

+++ သတိ - လေတိုက်သည် +++

အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။ ဟိုးအရင်တုန်းကတော့ သူရဲကြီးကောင်းကြီး တစ်ယောက်ရဲ့ ရုပ်ထုလို့ ထင်ရတာ။ တစ်ချို့လူတွေကတော့ ဒါ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပါတဲ့။ တစ်ချို့လူတွေကတော့ ဒီအရုပ်ကြီးက လူတွေကို စီးပွါးတိုးတက်အောင် ကူညီမစပေးတဲ့ နတ်ရုပ်ကြီးလို့ ထင်နေတယ်။

အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။ အဘိုး အဖွားတွေကတော့ ဒါ စစ်သူရဲကောင်းကြီးတဲ့။ ဘယ်တိုက်ပွဲမှာ ဘယ်လို တိုက်ခဲ့တာ၊ ဘယ်တိုက်ပွဲမှာ ဘယ်လို လူတွေကို ကာကွယ်ခဲ့တာ စသည်ဖြင့် ပုံပြင် ဇာတ်လမ်းတွေလည်း ရှိလေရဲ့။ ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။

ကျွန်တော့် ဦးလေးတွေ အဒေါ်တွေကတော့ ဒီအရုပ်ကြီးဟာ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပါတဲ့။ ဒီက လူတွေကို လူမှုကျင့်ဝတ်တွေနဲ့၊ စုပေါင်းစွမ်းအား ဆိုတာမျိုးတွေ သင်ပေးသွားခဲ့တယ် ဆိုပဲ။ ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။ ပြီးတော့ အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။

ကျွန်တော့် အစ်မကတော့ ဒီအရုပ်ကြီးက လူတွေကို စီးပွါးတိုးတက်အောင် ကူညီမစပေးတဲ့ နတ်ရုပ်ကြီးလို့ ထင်နေတယ်။ ဒီလို ထင်တာ သူတစ်ယောက်တည်း မဟုတ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအရုပ်ကြီးရဲ့ ခြေရင်းမှာ ပန်းတွေ၊ ထမင်းတွေ၊ ကောင်ညင်းဖြု/ဝါ တွေ အမြဲတွေ့တွေ့နေရတော့ နတ်ရုပ်လို့ ထင်တဲ့ သူတွေ တော်တော်များများ ရှိလို့ပဲ ဖြစ်ရမယ်။ ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။ ဒီလိုနဲ့ပဲ အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။

တစ်နေ့မှာတော့ ထူးထူးဆန်းဆန်း အရုပ်ကြီးရဲ့ ခေါင်း ဘယ်ကို ရောက်သွားမှန်း မသိဘူး။ ဘာခေါင်းတပ်ပေးရင် ကောင်းမလည်း လူတွေ ဆွေးနွေးကြတာလည်း မအောင်မြင်ဘူး။ သူရဲကောင်းကြီးက တစ်ဖွဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်ကြီးက တစ်ဖွဲ့၊ စီးပွါးတိုးတက်အောင် ကူညီမစပေးတဲ့ နတ်က တစ်ဖွဲ့နဲ့။

ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။ ဒီလိုနဲ့ပဲ အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများပြီး အရုပ်ကြီးကတော့ ဒီလိုပဲ တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာပါပဲ။

ချမ်းညီချို
18-04-2010

No comments:

Post a Comment