ကျွန်တော် ဒီနှစ် ၂၀၁၀ က စပြီး အင်တာနက် ဒိုင်ယာရီပဲ ရေးပါတော့တယ်။ အမှန်တကယ်တော့ ဒီကိစ္စဟာ ကျွန်တော့်ထက်ငယ်တဲ့ မျိုးဆက်မှာတော့ ခေတ်စားနေပြီးသားပါ။ ဒီလူငယ်တွေကတော့ မျက်လုံးမှိတ်ပြီး နားထောင်ရတော့မယ်။ ဘာ့ကြောင့် စာအုပ်ပေါ်မှာ မရေးတော့သလဲ ဆိုတာကတော့ အချက်တွေ အများကြီးပါပဲ။
အဓိကအချက်က ဒိုင်ယာရီကို စာအုပ်ထဲမှာ မရေးတော့ စက္ကူသက်သာတယ်။ စက္ကူဆိုတာ သစ်ပင်၊ ဝါးပင်ကလုပ်ရတာဆိုတော့ ကိုယ့်ကြောင့်တတ်နိုင်သမျှ သစ်တောချွေတာရေးလုပ်တဲ့ သဘောလည်း ရောက်တယ်။ Global Warming ကိစ္စကို အထောက်အကူပြု ကူညီတဲ့သဘောလည်း သက်ရောက်ပါတယ်။
ပြီးတော့ စာအုပ်ဖိုးလည်း မကုန်တော့ဘူး။ Internet Connection ရှိနေသ၍ ကြိုက်တဲ့နေရာကနေ ပြန်ဖတ်လို့ ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒိုင်ယာရီလည်း အလွယ်တကူ ပြန်ဖတ်လို့ရတယ်။ Click Click နဲ့ လုပ်ရုံပဲ။
အခုနောက်ပိုင်း ဗမာလို စာရိုက်ရတာကလည်း အလွယ်တကူ ရိုက်လို့ရနေတာပဲဆိုတော့ တော်တော် အဆင်ပြေတယ်။ မှားသွားရင်လည်း ပြန်ပြင်လိုက်၊ မေ့ကျန်ခဲ့တာ ရှိရင်လည်း ထပ်ထဲ့လိုက်ပေါ့။
စာအုပ်ထဲမှာ ရေးရင် ဓာတ်ပုံတွေ သီချင်းတွေက ထည့်ရတာ ခက်မယ်။ အထူးသဖြင့် ကျွန်တော်က အမှတ်တရဖြစ်စေတဲ့ ဓာတ်ပုံလေးတွေ ထည့်ချင်တာ။
နောက်ဆုံးအချက်ကတော့ ကျွန်တော်သေသွားရင် နောက်လူတွေက ကျွန်တော့် ဒိုင်ယာရီ စာအုပ်တွေကို ဘာလုပ်ကြမလည်းဆိုတာ မသိဘူး။ လွှင့်ပစ်လိုက်မှာလား၊ ဖတ်ကြည့်မှာလား၊ သိမ်းထားမှာလား။ မသေချာဘူး။ အင်တာနက်ထဲမှာ ရေးထားခဲ့ရင်တော့ ကျွန်တော့် ဒိုင်ယာရီတွေဟာ လောကကြီးရဲ့ နေရာတစ်ရာက Hard Disk တစ်ခုရဲ့ ဒေါင့်တစ်နေရာမှာ အချိန်တော်တော်ကြာအောင် ကျန်နေဦးမှာ ကျိန်းသေတယ်။
ချမ်းညီချို
09-02-2010

No comments:
Post a Comment