Thursday 29 July 2010

ရိုးသားစွာ ဆိုတာ

ပြောပါဦး။
အရိုးသားဆုံး တက်မက်မှုတွေ
အကုန်လုံး လန်းဆန်းနေတုန်းလား။

အဆိုအမိန့်နဲ့
ငယ်ချစ်ဦး အပါအဝင်ပေါ့။

ပြောင်းဖူးပြုတ်ကနေ
ငါးသလောက်ပေါင်း
တညင်းသီး ဆားရည်စိမ်
ကော်ဖီ လက်ဖက်ရည်
အယ်ကိုဟော နဲ့ နီကိုတင်း အထိ။

ကလေးတစ်ယောက်လို
လိုချင်တာက လွဲလို့
ဘာမှမသိတဲ့ ..
.. အစရှိသည်များနှင့်
တက်မက်မှု အကုန်လုံး ချရေးလိုက်ပါဦး။

တကယ်ပဲ ရိုးသားစွာ တက်မက်ခဲ့လို့
ခုချိန်ထိ လန်းဆန်းနေတာလား။

ခုချိန် ရိုးသားစွာ တက်မက်မိရင်
နောင်တစ်ချိန်ထိ လန်းဆန်းနေမှာလား။

ရိုးသားစွာ ဆိုတာ ဘာများပါလိမ့်။
ရိုးသားစွာ ဆိုတာ ...
ကလေးတစ်ယောက်လို
ဘာမှ မသိတာ ပဲ ဖြစ်မယ်ထင်ပါရဲ့။ ။

ချမ်းညီချို
27-07-2010

Web site for this image :
http://www.berkeleybeacon.com

Wednesday 28 July 2010

အချိန်ရရင်ဖတ်ပေါ့ ကိုကို (သစ်သု)




(၁) သွားရတော့မယ် ကိုကို ..။
တကယ်ဆို ဒီလိုဝေးကွာခြင်းမျိုးဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ တူတူရှိခဲ့တာမှမဟုတ်တာ။ ထားပါတော့။ ဒီလိုအချိန်မျိုးဟာ မိုးလေးခပ်ဖွဲဖွဲကျနေပြီး တစ်ယောက်ကိုတစ်ယောက်က စာဖတ်ပြ။ တစ်ယောက်နားမလည်တဲ့စာကို တစ်ယောက်ကရှင်းပြနေတဲ့အချိန် ဖြစ်နေသင့်တာ။ အနားမှာက အနောက်တိုင်းဆန်ဆန်မီးပုံလေးနဲ့ မှိန်ပြပြမီးရောင်ကြားမှာ တစ်ယောက်ကိုတစ်ယောက် မေ့မြောအောင်ကြည့်ကြ။ ပြီးရင် ကိုကို သက်ပြင်းရှိုက်မယ်။ မတ်တပ်ရပ်မယ်(ဘောင်းဘီအိတ်ထဲလက်ထည့်ပြီး) အိမ်ရှေ့ဘက်လျှောက်သွားပြီး စီးကရက်ဖွာမယ်။ မိုးရွာနေတာကို တူတူကြည့်ဖို့လှမ်းခေါ်မယ်။ ကျွန်မက ဘာထူးဆန်းလို့လဲ မိုးရာသီမိုးရွာတာပဲ ဆိုပြီး၊ ငြူစူမယ်၊ စိတ်ကောက်နေပြန်ပြီလားဆို ကိုကိုကအထဲပြန်ဝင်လာမယ်။ နားရွက်ကိုဆွဲနေကျအတိုင်း ခပ်ဖွဖွဆွဲလိမ်မယ်။ သွား သွား အိမ်ပြန်နောက်ကျမယ်ဆိုပြီး ပြန်ပို့ဖို့ ပြင်ဆင်မယ်။ ကျွန်မက ပြန်ခါနီး နှုတ်ဆက်နေကျအတိုင်း နှုတ်ဆက်မယ်။

(၂) မထင်ခဲ့ဘူးပေါ့ ကိုကို ..။
ကျွန်မတို့ ဝေးသွားကြတာ။ ဘယ်သူကမှ ဘယ်သူ့ကို ထားခဲ့တာလည်း မဟုတ်ရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း အပြစ်မမြင်ခဲ့ကြပါဘူး။ ကျွန်မတို့ သိပ်လိုက်ဖက်ညီနေလို့များ (လိုက်ဖက်ညီတယ်ဆိုတာ မရှာဘဲ တွေ့ခဲ့တဲ့ ထပ်တူညီမှုတွေပါ) ဘုရားသခင်က ကြည့်မရတော့လို့ နှင်တံနဲ့ တို့လိုက်လေသလား။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကတစ်ယောက်ရဲ့ ပထမတို့ နောက်ဆုံးတို့ ဘာတို့များ ဖြစ်ချင်ခဲ့ကြလား။ နှစ်ယောက်လုံး မရှိခဲ့ကြဘူး။ ကျွန်မတို့နှစ်ယောက် ဆက်ဆံရေးကို ဘေးလူတွေက ဘယ်လိုတွေလဲဆိုပြီး အံ့သြနေကြလေမလား။ လမ်းမှာတွေ့လည်း ပြုံးနေနိုင်ရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မပူလောင်စေခဲ့ဘူး။ ဘာနဲ့မှ မချည်ခဲ့ကြပါဘူး။

(၃) ကျွန်မတို့နှစ်ယောက် ပန်းခြံမသွားဘူး။ ရုပ်ရှင်ရုံမှောင်မှောင်လည်း မသွားဘူး။ ချစ်သူတွေသွားကြတယ်ဆိုတဲ့နေရာတွေ မရောက်ခဲ့ပါဘူး။ ကျွန်မရော ကိုကိုပါ မာနမကြီးကြပါဘူး။ ဒါပေမယ့် ကိုယ့်လိုင်းပေါ်မှာကိုယ်ရပ်တယ်။ သူများလိုင်းကို ကျော်မကြည့်ဘူး။ ကျွန်မတို့ဟာ အနီးကပ်ဆုံးဖြစ်နေတဲ့ အဝေးကလူတွေပါပဲ။ ကျွန်မတို့အတွက် ရင်ခုန်မှု အထိအတွေ့သာယာမှု သ၀န်တိုမှု ချုပ်ချယ်မှု ဘာဆိုဘာမှမရှိခဲ့ပါဘူး။ ကိုကိုနဲ့ကျွန်မဟာ အရမ်းကို မှောင်မိုက်နက်ရှိုင်းတဲ့ အဖြူရောင်တွေပါ။
ကျွန်မတို့ကို ဘာက နီးကပ်စေလဲတော့မသိဘူး။ ဝေးသွားရတာတော့ ကိုကိုနဲ့ကျွန်မ အရမ်းနီးကပ်ခဲ့လို့ပါပဲ။
ကျွန်မတို့အတွက် ဘာစာရွက်စာတမ်းမှ မလိုဘူး။ ကျွန်မ ငိုခဲ့သလား။ ကိုကိုရော ငိုနေမလား။ ဒါဟာ နောက်ဆုံးတွေ့ခြင်းပဲဆိုတာသိလျက်နဲ့ ကျွန်မတို့နှစ်ယောက်အတူရှိနေရဲတာ ဘာကြောင့်လဲ။ ကိုကို ၀မ်းမနည်းသလို ကျွန်မလည်း ၀မ်းမနည်းခဲ့ဘူး။

(၄) ကျွန်မတို့က အစတည်းက လွတ်မြောက်ခြင်းနဲ့ ချစ်ခဲ့ကြတော့ ဒီလိုတစ်နေ့ဖြစ်လာမယ်ဆိုတာ သိနေသလိုလိုပါပဲ။ ကျွန်မလည်း ဘာမှမထိခိုက်သလို ကိုကိုလည်း ဘာမှမထိခိုက်ပါဘူး။ ကိုကိုကတော့ လက်ဆစ်တွေအရင်ထက် ပိုချိုးမယ်။ ဆေးလိပ်တွေအရင်ထက် ပိုသောက်မယ်။ အရင်ထက် အခန်းကိုပိုဖွမယ်။ ထမင်းတွေ ဟင်းတွေ အပြင်က၀ယ်စားမယ်။ အရင်ထက် နောက်ကျအောင် စာတွေထိုင်ဖတ်မယ်။ အခန်းထဲမှာ လမ်းလျှောက်မယ်။ ကျွန်မရော။ ကျွန်မ ဘာထိခိုက်လဲ။ ကျွန်မ မသိဘူး။ ကျွန်မက ကိုယ့်ကိုကိုယ်ထက် ကိုကို့ကို ပိုစိတ်ဝင်စားတာကိုး။ကျွန်မက ကိုယ့်ကိုကိုယ်လည်း အထင်ကြီးတယ်။ ယုံကြည်တယ်။

(၅) ကျွန်မကို ကိုကို သတိရတဲ့ စနေနေ့ညချမ်း အချိန်ရောက်ရင် အိမ်ရှေ့ထွက်ပြီးကောင်းကင်ကို မော့ကြည့်ပါ အဲဒီမှာကျွန်မရှိမယ်။ ကိုကို သောက်နေတုန်း သတိရရင် ၀ိုင်ခွက်ထဲကို ငုံ့ကြည့်ပါ၊ အဲဒီမှာကျွန်မရှိမယ်။ စီးကရက်ဖွာတုန်း သတိရရင်မီးခြစ်လေးကို ကြည့်လိုက်ပါ။ မီးတောက်ထဲမှာ ကျွန်မရှိမယ်။ စာအုပ်ဖတ်တုန်း သတိရရင် စာအုပ်ကိုချလို့ ကျွန်မစာကိုလာဖတ်ပါ။ ။

(၆) ကျွန်မသွားပြီ ကိုကို...။
ကီအေးရို အိန်ကွန်တာရားအာသိ ! (စပိန်နစ်(ရှ))

သစ်သု
၂၀၁၀

မည်ကာမတ္တ ဝတ္ထု (သစ္စာနီ)

(မှတ်ချက်။ ။ ဤ ဝတ္ထုတွင် ပါဝင်သော လူများသည် သက်ရှိလူများ မဟုတ်ကြပါ။ သက်မဲ့ဇာတ်ကောင်များ မဟုတ်ကြပါ။ ပညတ်များ မဟုတ်ကြပါ။ အက္ခရာစာလုံးများ မဟုတ်ကြပါ။ ဘာမှ မဟုတ်ကြပါ)။

(၁း ခ)
မှတ်မှတ်ရရ မရှိသော နေ့တစ်နေ့တွင် ကျွန်ုပ် ထံသို့ စာမူ ရေးသား ချီးမြင့်ပါရန် တောင်းခံသော စာတစ်စောင် ရောက်ရှိလာပါသည်။ ထို့အတွက် ကျွန်ုပ် ဝတ္ထု တစ်ပုဒ် ရေးရပါမည်။ သို့သော် ကျွန်ုပ်၏ ထိုအလွယ်တကူ ဆုံးဖြတ်ချက်မှာ ကျွန်ုပ်၏ အလွယ်တကူ အခက်အခဲ ဖြစ်၍ နေပါသည်။ ရှုပ်ရှုပ်ထွေးထွေး မရှိဘဲ ရှင်းလင်းအောင် ပြောရလျှင်၊ ကျွန်ုပ်သည် ဝတ္ထုကို ရေးချင်သော အခါတွင်သာ ရေးလေ့ရှိ၍ သေချာသော အချက် တစ်ခုမှာလည်း ဝတ္ထု တောင်းခံ ခံရသည့် အခါများသည် ကျွန်ုပ် ရေးချင်လေ့ ရှိသော အခါများနှင့် တိုက်ဆိုင်လေ့ မရှိသော အချက်ပင် ဖြစ်သည်။ ကျွန်ုပ်အတွက် ဝတ္ထု တစ်ပုဒ် ရရှိလာမည့် ကိစ္စမှာ ငါးစာ တပ်မထားသော ငါးမျှားချိတ်နှင့် ရေမရှိသော အိုင်တွင် ငါး ထိုင်မျှားနေသလောက်ပင် မရေရာနိုင်လွန်းလှသော အရာ ဖြစ်သည်။ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာအတွက်လဲ၊ ဘာမှ မသေချာပါ။ သို့သော် ကျွန်ုပ် ရေးရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်ပင် သက်ရှိထုတ်ကုန်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

(၃း ခ)
ဝတ္ထုတို စတင် မွေးဖွားပေးခဲ့သည် ဆိုသော အဂ္ဂါအယ်လင်ပိုးထံမှ အမွေ တောင်းခံခွင့်သာ ရမည် ဆိုပါလျှင် ကျွန်ုပ်သည် ဆေးတံ တစ်ချောင်းမှ လွဲ၍ တောင်းဖြစ်လိမ့်မည် မထင်ပါ။ အိုဟင်နရီ၏ မျက်လှည့်ပြပွဲ ကန့်လန့်ကာ ကျသွားခဲ့သည်မှာ ကြာပါပြီ။ ချက်ကော့၏ သေနတ် တစ်လက်မှာလည်း ပစ်ခတ်မရအောင် သံချေးတက်၍ နေပါပြီ။ မင်းခိုက်စိုးစန် သဘောတူပါစ။ ဝေမှူးသွင် ဆိုသော ကောင်လေးကို ရူးနေသည်ဟု လူ အတော်များများက ပြောကြပါသည်။ ကျွန်ုပ် အခမဲ့ အရူးရှေ့နေ လုပ်ပါရစေ။ (သူ့၏ မိဘမေတ္တာ အရှုပ်တော်ပုံ ဝတ္ထုရှည်အတွက် အမှာစာ ရေးပေးခဲ့ပါသည်)။ မောင်မောင်ဇေယျသည် ဝတ္ထုတိုရေးဆရာ တစ်ဦး ဖြစ်ကြောင်း မည်သူ့ ထောက်ခံစာ တင်ပြရန် လိုပါသနည်း။ ဝတ္ထုတိုသည် ထိုသို့ ဖြစ်သည်။ သို့မဟုတ် ဤသို့ ဖြစ်သည်။ သို့မဟုတ် ဤသို့လည်း မဟုတ်၊ ထိုသို့လည်း ဖြစ်သည်ဆိုလျှင် မှားမည် ထင်ပါသလား။ ဝတ္ထုတိုသမား တစ်ယောက်အတွက် အစဉ် ထာဝရပင် အနုပညာကို လွတ်လပ်စွာ ဖန်တီးနိုင်မှုသည် ဝတ္ထုတိုဆိုင်ရာ အယူအဆများ၊ ဥပဒေသများ၊ သီအိုရီများထက် ပိုမို အရေးကြီးသော လိုအပ်ချက် ဖြစ်လေသည်။

(၁း ဂ)
ဇာတ်လမ်းဆိုသည်မှာ အဖြစ်အပျက်ဟု ဆိုလျှင် အဖြစ်နှင့် အပျက်ကိုသာ ဇာတ်လမ်းဟု ဆိုခြင်းပင် ဖြစ်ရာ ဖြစ်ခြင်းနှင့် ပျက်ခြင်းမှ လွဲ၍ တခြားမရှိသော လောက သဘာဝကြီး တစ်ခုလုံးပင် ဇာတ်လမ်းဖြစ်သည် ဆိုလိုရာ ရောက်၍ ဇာတ်လမ်းဆိုသည်မှာ ထူးခြားမှု မရှိသော သဘာဝဓမ္မ ဖြစ်ရိုးဖြစ်စဉ် ပျက်ရိုးပျက်စဉ်တို့ပင် ဖြစ်လေရကား ဆန်းပြားမှု ဟူ၍လည်း မရှိတော့ပြီဖြစ်ရာ ဇာတ်လမ်းဟု ခေါ်စရာလည်း မရှိရာ ရောက်နေသဖြင့် အရာအားလုံးသည်ပင် ဇာတ်လမ်းဖြစ်၍ နေလေတော့သည်။

(၂း က)
နေသောသော နေ့တစ်နေ့တွင် ... ဝတ္ထုတစ်ပုဒ်ကို ဤသို့ စတင်နိုင်လေသည်။ မနှစ်က မိုးဦးကျကာလ၌ ထိုကဲ့သို့လည်း စတင်နိုင်သည်။ မည်ကဲ့သို့မဆို စတင်နိုင်သည်။ ထို့အတူ မည်ကဲ့သို့မဆို အဆုံးသတ်နိုင်သည်။ အဘယ့်ကြောင့် ဆိုသော် အဆုံးအစ မရှိခြင်း၌ သဘာဝ တရား၊ အချိန်ကာလနှင့် အနုပညာတို့မှာ တူညီကြခြင်းကြောင့် ဖြစ်လေသည်။

(၃း က)
ဇာတ်ကောင်ဆိုသည်မှာ ဇာတ်လမ်း ဖြစ်စေရန် ဖွဲ့စည်း ဖန်တီးထားသော အရာများပေလော၊ ဇာတ်လမ်းဆိုသည်မှာ ဇာတ်ကောင်တို့ လှုပ်ရှားမှုပင်လော ဆိုသည်ကို ကျွန်ုပ် သဘောပေါက်ရန် မလိုပါ။ တစ်ခုလုံးနှင့် အစိတ်အပိုင်းများ ဆက်နွယ်မှု၊ ပိုင်းစ စိတ်မွှာခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်း သီအိုရီ၊ ပုံပန်းဖျက်ခြင်း ဘာညာတို့ကို သိလိုလျှင် ဆရာဇော်ဇော်အောင် ရှင်းပြပါလိမ့်မည်။ လောကတွင် စရိုက်ရှင်လည်း မရှိ၊ စရိုက်သေလည်း မရှိ။ ဇာတ်လိုက်လည်း မရှိ။ ဗီလိန်လည်း မရှိ။ လူစွမ်းကောင်းလည်း မရှိ။ မစွမ်း ဇာတ်ကောင်လည်း မရှိ။ လောကသာ ရှိပါသည်။

(၂း ခ)
ဘာအတွက် ကျွန်ုပ် ဝတ္တု ရေးရမှာလဲ။ ဘာမှ မသေချာပါ။ ပြည်သူ့အတွက်လား၊ ငွေကြေး အတွက်လား၊ ကျော်ကြားမှု အတွက်လား၊ အမှန်တရား အတွက်လား၊ ထိုအရာများကရော သေချာပါရဲ့လား၊ သေချာသည်မှာ ဘာမှ မသေချာခြင်းပင် ဖြစ်သည်။

(၁း က)
ပထမဆုံး ဝါကျကား ယခု အချိန်မှ လမ်းလျှောက်လာဆဲ ဖြစ်ပါသည်။

သစ္စာနီ
ဥဩငှက်၏ တေးသံတုနှင့် အခြားဝတ္ထုတိုများ ၁၉၉၉

Tuesday 27 July 2010

မြန်မာကဗျာနှင့် နိုင်ငံတကာနိမိတ်ပုံ (မောင်သာချို)



တစ်နေ့တွင် စာအုပ်အငှါးဆိုင်ကလေးတစ်ဆိုင်မှ ကျွန်တော် ပြန်လာခဲ့ပါသည်။ မည်သည့်မဂ္ဂဇင်းအသစ်တစ်အုပ်တလေကိုမှ ငှါး၍ မရခဲ့သည့်အတွက် ဟန်သစ်မဂ္ဂဇင်းအဟောင်းတစ်အုပ်ကို ငှါးပြီး ပြန်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကျွန်တော်လည်း ခပ်ပျင်းပျင်း ဖြစ်လာသောကြောင့် အိမ်သို့ တန်းမပြန်သေးပဲ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးဆီသို့ ထွက်လာခဲ့ရာ ကျွန်တော့်အရင် ရောက်နှင့်နေသည့် ကျွန်တော်၏ စာပေ မိတ်ဆွေတစ်ဦးနှင့် ဆုံသောကြောင့် သူ့စားပွဲမှာပင် ဝင်၍ ထိုင်ဖြစ်ခဲ့ပါ၏။ မိတ်ဆွေက ကျွန်တော့်တွင်ပါလာသော ဟန်သစ်မဂ္ဂဇင်းအဟောင်းကို ယူ၍ ဖတ်ပါသည်။ ကဗျာစာမျက်နှာများကို အလေးအနက် ဖတ်ရှုပြီးနောက် ခေတ်ပေါ် မြန်မာကဗျာများနှင့် ပတ်သက်၍ သူ၏ အမြင်ကို ဝေဖန်လာပါသည်။

သူဆွေးနွေးဝေဖန်သည့် အဓိက အချက်မှာ မြန်မာကဗျာများ အတွင်း၌ နိုင်ငံရပ်ခြား ဝေါဟာရများ ထည့်သွင်းသုံးစွဲမှုပင် ဖြစ်ပါသည်။ သူက ဟန်သစ်မဂ္ဂဇင်းထဲမှ ကဗျာတစ်ပုဒ်ကို ထောက်ပြပါသည်။ ကဗျာက စစချင်း "လက်ဖက်ရည်ဆိုင်ထဲမှာ၊ ကိုလံဘတ်ထိုင်နေတယ်" ဟု စထားရာ သူက ကိုလံဘတ်အစား မြန်မာအမည် သုံး၍ ရ မရ၊ "လက်ဖက်ရည်ဆိုင်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင် ထိုင်နေတယ်" ဟု ဖွဲ့လျှင် ဖြစ်မဖြစ်မေးပါသည်။

ကျွန်တော်က မရနိုင်ကြောင်း ရှင်းပြရပါသည်။ ကိုလံဘတ်သည် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ ဖြစ်သည်။ ကမ္ဘာသစ်ကို စွန့်စားရှာဖွေသူဖြစ်သည်။ ကမ္ဘာသိ ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် သူ့အမည်သည် အားကောင်းသော နိမိတ်ပုံ ဖြစ်သည်။ သို့ဖြစ်ရာ ဤကဗျာ၌ လက်ဖက်ရည်ဆိုင် ထိုင်နေသောသူများသည် အတွေးအခေါ် နယ်ပယ်သစ်၊ အနုပညာ နယ်ပယ်သစ်၊ ရာဇဝင်သမိုင်း နယ်ပယ်သစ်တို့ကို စူးစမ်းရှာဖွေသူများ ဖြစ်ကြောင်း ဖွဲ့ထားခြင်းဖြစ်ရာ ကိုလံဘတ်ဟူသော အမည်ကသာ အားကောင်းသော နိမိတ်ပုံအဖြစ် ဆောင်ရွက်ပေးပို့နိုင်သည်ဖြစ်ကြောင်း စသည်ဖြင့် တစ်နံတစ်လျား ရှင်းပြရပါသည်။

ယင်းနှင့်တစ်ဆက်တည်းမှာလည်း ဦးဖိုးလှိုင်သည် နယ်ပယ်သစ်ရှာသူမဟုတ်ကြောင်း၊ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်လက်ထက်တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် အစားထိုး အုပ်ချုပ်စေလိုသည့် တိုးတက်သည့် မြန်မာတစ်ဦးသာ ဖြစ်ကြောင်း စသည် စသည်တို့ကို ရှင်းပြကာ "လက်ဖက်ရည်ဆိုင်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင် ထိုင်နေတယ်" ဟု ဖွဲ့ခြင်းဖြင့် ဆိုလိုချက်ကို မရောက်ရှိနိုင်ကြောင်းတို့ကိုပါ ဆွေးနွေးခဲ့ရပါသည်။ လက်ဖက်ရည်ဆိုင်တွင် ယောမင်းကြီးဦးဖိုးလှိုင်ထိုင်၍ မဖြစ်နိုင်စကောင်းပါ။

သို့ဖြင့် အိမ်သို့ပြန်ရောက်ပြီးသောအခါတွင်ကား ယင်းနှင့်ပတ်သက်နှီးနွှယ်ရာ ကိစ္စအဝဝတို့ကိုပါ ဆက်လက်စဉ်းစားဖြစ်ပါတော့သည်။ ခေတ်ပေါ်မြန်မာကဗျာဆရာတို့သည် နိုင်ငံတကာ ဝေါဟာရများကို နိမိတ်ပုံ အဖြစ် အဘယ့်ကြောင့် သုံးကြပါသနည်း။ မြန်မာမှုနယ်ပယ်တွင် မရှိ၍၊ မသုံးမဖြစ်၍ သုံးကြခြင်း မဟုတ်တန်ရာပါ။ မလိုအပ်ပဲ စတန့်ထွင်၍ ထည့်သုံးခဲ့လျှင်လည်း စတန့်ကဗျာသာ ဖြစ်နေပါလိမ့်မည်။

ဤကဲ့သို့ နိုင်ငံတကာ စကားလုံးများကို နိမိတ်ပုံအဖြစ် သုံးစွဲခဲ့ကြခြင်းမှာ မြန်မာကဗျာသမိုင်းအဆက်ဆက်၌ ယခုခေတ်သစ်မှသာ သုံးခြင်းဖြစ်ကြောင်းလည်း သတိပြုမိပါသည်။ ဂန္ထဝင်ကဗျာခေတ်၊ ခေတ်စမ်းခေတ်၊ တာရာခေတ် အသီးသီးရှိ မြန်မာကဗျာများတွင် နိုင်ငံတကာ စကားလုံးများကို နိမိတ်ပုံအဖြစ် မသုံးခဲ့ကြပါ။ သာမန် ရိုးရိုးဝေါဟာရများအဖြစ်သာ သုံးလျှင် သုံးခဲ့ကြပါသည်။

သို့သော် ၁၉၇၀ နောက်ပိုင်း ခေတ်သစ်သို့ရောက်ရှိသောအခါ နိုင်ငံတကာမှ လူအမည်၊ မြို့အမည်၊ နိုင်ငံအမည်၊ အဖြစ်အပျက်စသည်တို့ကို နိမိတ်ပုံများအဖြစ် ထည့်သွင်းသုံးစွဲလာကြကြောင်း တွေ့ရှိလာရပါသည်။ ယင်းမှာ မြန်မာမှုလောကနယ်ပယ်၌ ယင်းနှင့်ထပ်တူကျသော စကားလုံး သုံးစရာမရှိသောကြောင့်သာ သုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်းကိုလည်း ထင်းထင်းကြီးပင် တွေ့မြင်နေရပါသည်။

အောင်ချိမ့်က သူ၏ "ဂန္ထဝင်မမ" ကဗျာရှည်တွင် တစ်နေရာ၌ ဤသို့ ထည့်သွင်းဖွဲ့ဆိုပါသည်။
သိက္ခာ
မာန
မိတ္တဗလ ဋီကာ
ဒေးကာနက်ဂျီ
ပီမိုးနင်း
မျဉ်းဖြောင့်ပေါ်က လူ
ကွန်ပျူတာလို အသုံးပြုနိုင်တယ်။
အောင်ချိမ့်၏ ကဗျာရှည်၌ လူငယ်တစ်ဦးက မမအရွယ် တစ်ဦးကို မေတ္တာသက်ဝင်မိကြောင်း ရေးဖွဲ့ထားခဲ့ရာတွင် မမတို့ အသိုင်းအဝိုင်းသည် ဟန်ဆောင် လူမှုလောကဆက်ဆံရေး ကိစ္စရပ်များ၌ အကျွမ်းတဝင်ရှိလှကြောင်းကို ထည့်သွင်းဖွဲ့ဆိုထားခဲ့သည်။ ထိုအကြောင်းကို အထက်ပါအဖွဲ့ဖြင့် ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

ဤနေရာ၌ ကဗျာဆရာက "ဒေးကာနက်ဂျီ" ဆိုသော အမည်ကို သုံးသည်။ ဤနာမည်သည် ထင်ရှားပြီး ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်၌ အကျိုးရှိမည်ဟုဆိုလျှင် အတတ်နိုင်ဆုံး ဟန်လုပ်ပေါင်းသင်းတတ်ရမည်ဟူသော ကျမ်းကို ပြုစုခဲ့သော စာရေးသူဖြစ်သည်။ မိတ္တဗလ ဋီကာ၊ လူပေါ်လူဇော် စသည်ဖြင့် သူ၏ စာအုပ်များကို ဘာသာပြန်ဖူးသည်။ သို့ဖြစ်ရာ ကဗျာပါ မမတို့အသိုင်းအဝိုင်း၏ ဟန်လုပ်ပေါင်းသင်းတတ်မှုကို ဤစကားလုံးကိုသာ သုံးရပါလိမ့်မည်။ မြန်မာမှုနယ်ပယ်တွင် ဤစကားလုံးနှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော နိမိတ်ပြ စကားလုံးမရှိဟု ကျွန်တော် ယုံသည်။

မောင်ပြည့်မင်းက "အိပ်မပျော်ခြင်းအိပ်မက်" ဟူသော ကဗျာတစ်ပုဒ်ကို ဟန်သစ်မဂ္ဂဇင်းတွင် ရေးဖူးပါသည်။ ကဗျာ၌ အိပ်စက်၍ မရသဖြင့် သူ၏ ညသည် ညမပီသပါကြောင်း၊ တကယ်တော့ ညဟူသည် အိတ်စက်အနားယူလျှင်လည်း ယူ၊ သို့မဟုတ်လျှင်လည်း အရက်သောက်လျှင် သောက်၊ အပျော်အပါး လိုက်စားလျှင် လိုက်စား၊ တီဗီကြည့်လျှင် ကြည့်၊ ကိုယ့်ဇနီးနှင့်ကိုယ်နေလျှင်နေ၊ တစ်ခုခုတော့ ရှိနေသင့်ကြောင်း၊ သို့မှသာ ည၏ အဓိပ္ပာယ် ပြည့်ဝပေါ်လွင်နိုင်ကြောင်း၊ မိမိမှာမူ တစ်ခုမှလည်း လုပ်စရာမရှိ၊ အိပ်၍လည်းမရနှင့် လောင်မြိုက်နေရကြောင်းတို့ကို ဖွဲ့ဆိုထားခဲ့ပေရာ တစ်နေရာတွင် ဤသို့ ဖွဲ့ပါသည်။
စနေနေ့ည
နည်းနည်း သောက်ထားတဲ့ည
ဗန်ကောက်အနံ့သင်းတဲ့ည
တီဗီကားကောင်းတဲ့ည
သင့်သစ္စာရှိသောည
ညဝတ်အင်္ကျီပါးနဲ့ည
စတဲ့ညတွေဟာ
ညစစ်စစ်တွေပေါ့။
ဤအဖွဲ့တွင် ဗန်ကောက်အနံ့ဟူသော နိမိတ်ပုံအဖွဲ့တစ်ခု ပါဝင်လာပါသည်။ မြန်မာမြို့အမည်တစ်ခုကို အစားထိုး၍သုံးလျှင် မရနိုင်ဘူးလားဟု မေးစရာရှိလာပါသည်။ မရနိုင်ဟုပင် ဖြေရပါမည်။ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားသည်ဟု ထင်ရှားသောမြို့ မြန်မာနိုင်ငံတွင် မရှိပါ။ သို့သော ဗန်ကောက်သည် ထင်ရှားပါသည်။ နိုင်ငံတကာ နိမိတ်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် ကဗျာတွင် ဤစကားလုံးကိုသာ သုံးရမည်ဖြစ်ပါသည်။

သုခမိန်လှိုင်၏ ကဗျာတစ်ပုဒ်ကိုလည်း ထုတ်နှုတ်တင်ပြလိုပါသေးသည်။ မာနဟူသော ကဗျာဖြစ်ပါသည်။ ရုပ်ရှင်တေးကဗျာမှ ကဗျာဖြစ်ပါသည်။ အနုပညာသည်၏ မာနကိုဖွဲ့သော ကဗျာဖြစ်ပါသည်။ ကဗျာတွင် ဖော်ပြထားသည်က အချို့သည် မာနမရှိကြကြောင်း၊ အညံ့ခံလွယ်ကြကြောင်း၊ မာနယုံကြည်ချက် မပြင်းထန်ဘဲ လမ်းသစ်တို့ မပွင့်လန်းနိုင်ကြောင်းကို ရေးဖွဲ့ရာ၌ ဤသို့ထည့်သွင်းဖွဲ့ဆိုပါသည်။
အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်။
ဗန်းဂိုးသည် အဆင်းရဲခံ၊ အငတ်ခံ၊ ဘဝတစ်ခုလုံး အပျက်ခံပြီး မာနကြီးစွာ ယုံကြည်ချက်ကြီးစွာဖြင့် သူ၏ အနုပညာပွင့်သစ်များကို ဖွင့်ဖူး ဝေဆာစေသူ ဖြစ်သည်။ သူသည် ကမ္ဘာသိ အားကောင်းသော နိမိတ်ပုံဖြစ်သည်။ သူ မယုံသည့် ပန်းချီကို မဆွဲသူ ဖြစ်သည်။ ထိုအမည်ကိုယ်စား အစားထိုးသုံးနိုင်သည့် အနုပညာသမားအမည် မြန်မာတို့တွင် မရှိ။ ထို့ကြောင့် သုံးရခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အောင်ဝေးကလည်း ကဗျာတစ်ပုဒ် ဖွဲ့ဆိုဖူးပါသည်။ ရုပ်ရှင်တေးကဗျာတွင် ဖော်ပြခဲ့သော ကဗျာပင် ဖြစ်သည်။ "ကောင်းကင်" ဟု အမည် ပေးထားပါသည်။ မိမိကိုယ် မိမိကောင်းကင်နှင့် နှိုင်း၍ တစ်ခါတစ်ရံ မုန်တိုင်းများက ကောင်းကင်ကို လာရောက်ကုတ်ခြစ်ကြပုံ၊ တိမ်စိုင်တိမ်ခဲတို့ လွင့်မြောနေပုံ၊ တဖြည်းဖြည်း ကောင်းကင်ကြီး အိပ်ငိုက်နေပုံ၊ တစ်ခါက ဤသို့သော မိုးကောင်းကင်အောက်မှာပင် ကက်စထရိုနှင့် ချေဂွေဗားရားတို့ ကျူးဘားကမ်းခြေသို့ "ဂရန်မာ"ဟူသော ရွက်လှေကိုစီးပြီး ဆိုက်ရောက်လာကြပုံ၊ တွေဝေမနေသင့်ပုံ စသည်ဖြင့် ရေးဖွဲ့ထားသော ကဗျာ ဖြစ်သည်။
ဟိတ် ... အိပ်ပုတ်ကောင်ကြီး
ထလေဗျာ
လူ ၄၃ယောက်နဲ့ပဲ
"ဂရန်မာ"ကို စခဲ့ပေါ့
မုချရောက်ရမယ်လေ။
ဟူ၍ ဖြစ်ပါသည်။ ဤတွင် ဂရန်မာ(Granma)ရွက်လှေ၏ အမည်ကို သုံးခြင်းအား အပြစ်မဆိုသင့်ပါ။ မြန်မာတို့တွင် သုံးစရာ မရှိပါ။ စနစ် တစ်ခုမှ တစ်ခုသို့ ကူးပြောင်းတိုက်ပွဲဝင်ရန် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ စွန့်စားသွားလာသည့် ကမ္ဘာသိ ရွက်လှေကလေးသည် "ဂရန်မာ" သာ ဖြစ်ပါသည်။ ယင်းကိုသာ ကဗျာ၌ သုံးစွဲရပါလိမ့်မည်။

မောင်သင်းခိုင်ကလည်း မြားနတ်မောင် မဂ္ဂဇင်းတွင် '၁၉၉၁ ဇွန် ၆' ဟူသော ကဗျာကို ရေးဖွဲ့ခဲ့ပါသည်။ ကဗျာတွင် ...
၃၃ လမ်းကို
ရှားလော့ခ်ဟုမ်းလာတယ်
ဒီကိစ္စဟာ
သိပ်ကိုဆန်းတယ်။
စသည်ဖြင့် ဖွဲ့ပါသည်။ ဤနေရာ၌ မိုးဝေ၏ တင်မောင်ဆွေကို ထည့်သုံး၍ မရဘူးလားဟု မေးလာနိုင်ပါသည်။ မရနိုင်ပါ။ တင်မောင်ဆွေသည် ကမ္ဘာမပြောနှင့် ယခုမျက်မှောက် လူငယ်အချို့ကပင် မသိနိုင်လောက်သော ဇာတ်ဆောင်ဖြစ်သွားပါရပြီ။ ရှားလော့ခ်ဟုမ်းသည် နိုင်ငံတကာသိ နိမိတ်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် သူ့ကိုသာလျှင် သုံးရပါလိမ့်မည်။

သင်္ဘောသည် နေမျိုး၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ရုပ်ရှင်တေးကဗျာတွင် ဖော်ပြခဲ့ဖူးသည်။ ကဗျာက လက်ဖက်ရည်ဆိုင်ကို သင်္ဘောဆိပ်နှင့် ခိုင်းနှိုင်းကာ လာသောက်သူများကို အနားယူလာသည့် သင်္ဘောကြီးများနှင့် နှိုင်းယှဉ်ပြီး ရေးဖွဲ့ထားသော ကဗျာဖြစ်သည်။ ကဗျာအလယ်တစ်နေရာ၌ လောကတွင် လိုချင်တဲ့အရာတစ်ခုကို ရရန် တစ်ခါတစ်ခါ ရမ္မက်နှင့် ဆွယ်ရမလို ဖြစ်နေကြောင်း ထည့်သွင်းရေးဖွဲ့ထားသည်။
နောက်တစ်ခါဆို
ဝေလငါးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကို
အစာတပ်ထားမယ်။
ဤအဖွဲ့တွင် မက်ဒေါနားသည် ရမ္မက်၊ လိင်ခွန်အားတို့၏ နိမိတ်ပုံဖြစ်ကြောင်း ကမ္ဘာသိသည်။ မြန်မာတွင် မည်သည့်အမျိုးသမီးအမည်နှင့် အစားသွင်းမလဲ။ မရှိနိုင်ဟု ထင်ပါသည်။

သို့ဖြစ်ရာ မြန်မာခေတ်ပေါ် ကဗျာဆရာတို့ ဤကဲ့သို့ နိုင်ငံတကာ အမည်များ ထည့်သုံးလာကြခြင်းမှာ လိုအပ်၍ သုံးကြရခြင်းသာဖြစ်ကြောင်း ထင်ရှားလှပါသည်။ လက်ဖက်ရည်ဆိုင်ထဲတွင် ကိုလံဘတ်ထိုင်မှ ဖြစ်မည်ထင်၍ ထိုင်ခိုင်းကြရခြင်း ဖြစ်ပါသည်။ ယောမင်းကြီး ဦးဖိုးလှိုင်ကို မလိုလား၍ မဟုတ်တန်ရာပါ။

ယနေ့လူထု ဆက်သွယ်ရေးစနစ် communication system အရ ကမ္ဘာမြေသည် ကျုံ့သွားခဲ့ပါပြီ။ ခေတ်ဟောင်းတုန်းက ကျွန်တော်တို့နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သော ကမ္ဘာပေါ်က လူများ၊ မြို့ရွာနိုင်ငံများ၊ အဖြစ်အပျက်များသည် ကျောင်းစာသင်ခန်းများမှတစ်ဆင့်၊ စာနယ်ဇင်းမှတစ်ဆင့်၊ ရေဒီယိုမှတစ်ဆင့်၊ ရုပ်မြင်သံကြားမှတစ်ဆင့် ကျွန်တော်တို့ အိမ်ပေါက်ကို ရောက်ရှိလာကြပါပြီ။ အမေရိကန်နိုင်ငံတွင် သည်ကနေ့ ကန်နေသည့် ကမ္ဘာဖလား ဘောလုံးပွဲကို ကိုယ့်ဧည့်ခန်းမှာ ကိုယ်ထိုင်ပြီး ကြည့်နေနိုင်ပါပြီ။

ထို့ကြောင့် ခေတ်ပေါ်ကဗျာများ၌ ခေတ်ပေါ်နိုင်ငံတကာ စကာလုံးများ သုံးခြင်းမှာ အဆန်းမဟုတ်ပါ။ "ဆိုကရေးတီး"ဟူသည် အမှန်တရားအတွက် အဆိပ်ကိုသောက်သူ၊ 'ဂယ်လီလီယို'ဟူသည် စကြာဝဠာကို ရှာတွေ့သူ၊ 'ဘရုတပ်စ်'ဟူသည် နောက်ကျောဓားနဲ့ထိုးသူ၊ 'ယုဒ၏ အနမ်း'ဟူသည် သစ္စာဖောက်၏အနမ်း၊ 'အာချိလိ၏ဖနောင့်'ဟူသည် လူတစ်ယောက်၏ ပျော့ကွက်၊ 'ဖီးနစ်ငှက်' သည် ပြန်လည်ရှင်သန်မှု၊ 'ဆိုက်ဗေးရီးယား' ဟူသည် တော်လှန်သူတို့ကို ပို့ဆောင်ရာနယ်မြေ။ ယင်းသို့ ယင်းသို့သော စကားလုံးများကို ကျွန်တော်တို့က မသုံးစွဲသင့်ဘူးလား။ အစားထိုးသုံးစွဲစရာ မြန်မာနိမိတ်ပုံများကော ရှိရဲ့လား။

'မာရာဒိုနာ'ကိုမှ မသိဘဲနှင့်တော့ အာဂျင်တီးနား ဘောလုံးအသင်း ကစားတာကို ကြည့်၍ အရသာတွေ့လှမည် မဟုတ်ကြောင်း ကျွန်တော် စဉ်းစားမိပါသည်။

မောင်သာချို
မြားနတ်မောင်
၁၉၉၅၊ ဇူလိုင်

Monday 26 July 2010

Where did the other dollar go?

Three friends check into a motel for the night and the clerk tells them the bill is $30, payable in advance. So, they each pay the clerk $10 and go to their room. A few minutes later, the clerk realizes he has made an error. The room was really $25 dollars se he had overcharged the trio by $5.

He asks the bellhop to return $5 to the 3 friends who had just checked in. The bellhop sees this as an opportunity to make $2 as he reasons that the three friends would have a tough time dividing $5 evenly among them; so he decides to tell them that the clerk made a mistake of only $3, giving a dollar back to each of the friends.

So the bellhop pockets the leftover $2 and goes home for the day! Now, each of the three friends gets a dollar back, thus they each paid $9 for the room which is a total of $27 for the night. We know the bellhop pocketed $2 and adding that to the $27, you get $29, not $30 which was originally spent.

Where did the other dollar go?

More brain, less math!! Click here for the answer!

http://en.wikipedia.org/wiki/Missing_dollar_paradox

လူလိမ္မာများ (ကြည်ဇော်အေး)

+ လူလိမ္မာများ +

ပိုက်ဆံမပါတဲ့ သူငယ်ချင်း
မေတ္တာမပါတဲ့ မိန်းမ
ရေမပါဘဲရောက်လာတဲ့ မီးသတ်ကား
ပျင်းလို့
အပျော်တမ်းအမဲပစ်ထွက်သူ
ညအခါပုံပြောသူ ။
ရှေးဟောင်းတံဆိပ်ခေါင်းတွေ သိမ်းဆည်းထားလိုက်
အဖော်ဆိုတာသုံးပြီး လွှင့်ပစ်လိုက်
လူလိမ္မာများ။ ။

ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၁)

ကိုယ်တို့ခေတ်ရဲ့ ဒီလိုဒီလို (ကြည်ဇော်အေး)

+ ကိုယ်တို့ခေတ်ရဲ့ ဒီလိုဒီလို +

ရှင်းနေတော့လည်း
ဘယ်ပစ္စည်းဘယ်နေရာရောက်နေမှန်းမသိ
ရှုပ်နေပလေ့စေ
ခေတ်ကဒီလိုဒီလို။
လိုချင်တာ မရသေးသ၍
ဒီဆံပင်တွေမဖြတ်
အချစ်ရေးက အချစ်ရေး စီးပွားရေးကစီးပွားရေး
ကစားမလား နားမလား
ကိုယ်တို့ခေတ်ရဲ့ ဒီလိုဒီလို။
ကလေးသူငယ်များ
ကစားနည်းတွေဆန်းပြား
ကလေးမတွေလည်း
ဖြောင့်ချည်တစ်ခါ တွန့်ချည်တစ်လှည့်
ကိုယ်တို့တစ်သိုက်သာရွဲပြဲလို့
ဒီလို ဒီလို။
လူတွေလည်းဆေးထိုး
အစားအစာတွေလည်း ဆေးထိုး
တစ်နေ့တစ်ခြားချူချာလာတဲ့မြေကမ္ဘာ
အစစအရာရာဒီလိုဒီလို။
ပန်းချီရေးလိုက ရေး
ကဗျာရေးလိုက ရေး
ဘာမဆို လွယ်လွယ်လေး
ဖြစ်ချင်သလိုဖြစ်နေလေတဲ့ ဒီလိုဒီလို။
စစ်ပွဲတွေလည်းမပြီးသေး
အလုပ်တွေလည်းမပြီးသေး
ကဲ၊ ပျင်းစရာမကောင်းဘူးလား
နောက်တစ်မျိုးပြောင်းကြစို့ အချစ်ကလေး ။ ။


ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၉ ၊ ၂၀ )

ကိုယ့်အချင်းချင်း (ကြည်ဇော်အေး)

+ ကိုယ့်အချင်းချင်း +


ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတာကအစ
ဘယ်သူ့ဂရုစိုက်နေရမှာတုန်း ဆိုတာမျိုးအဆုံး
ဘာမှမပူနဲ့
ငါတို့ခြေရာလက်ရာတွေမှာ
သဲလွန်စတွေကျန်ခဲ့တာချည်း
ဆေးဖက်ဝင်တယ်ပြောပြော
နူတတ်တယ် ပြောပြော၊ ပြောချင်ရာသာပြော
ဟိုကောင်က ဟိုလို၊ ဒီကောင်က ဒီလို
ဟိုကောင်က အီးမေးလ်နဲ့ ပို့မှ
ဒီကောင်က စာတိုက်ပုံးထဲသွားထည့်မှ
ငါတို့ဟာ ပုလင်းအဖုံးကို ရတနာမြေပုံလို ဓားနဲ့ခြစ်လို့
ငါတို့ဟာ ရောက်ရာအရပ်မှာ
သွေးစို့အောင် ပလူပျံလို့
အခြေအနေရော အချိန်အခါရော
ငါတို့ဟာ အုတ်ရောရော ကျောက်ရောရော
ငါတို့ဟာ ရှိပြီးသားကစားနည်းတွေပြုပြင်မွမ်းမံ
ရှိပြီးသား အတွေးအခေါ်တွေ ပြုပြင်မွမ်းမံ
ကုသိုလ်တစ်ပဲလည်းရှိ
ငရဲတစ်ပိဿာလည်းရှိ
ငါတို့ဟာရှေးကတည်းက
ရှိပြီးသား အကြောင်းအရာတွေပေါ်မှာ ခေါင်းခါချင်သူ
ငါတို့ဟာ ထစ်ခနဲဆိုလက်ကပါပြီးသား
ထစ်ခနဲဆို မျက်ရည်ကျပြီးသား
သူငယ်ချင်း ကျေးဇူးပြုပြီးငါ့ကို
မင်းလက်မှတ်ထိုးနေကျ စာရွက်တွေလို မဆက်ဆံရ
သူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို
မင်းဆိုနေကျ သီချင်းတွေလို မဆက်ဆံရ
သူငယ်ချင်း
ငါထိုးလိုက်ရင် လဲသွားမယ့်သူဟာ မင်းမဖြစ်စေချင်ဘူး
ငါထိုးလိုက်ရင် ပေါက်မယ့်ထီလက်မှတ်ဟာ မင်းဖြစ်စေရမယ်
ဘာဖြစ်လို့လဲဆိုတော့
အလွမ်းသယ်ပြီးရင်
အလောင်းသယ်ဖို့ပဲ ကျန်တော့တာကိုး။ ။

ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၇)

ခေတ်ပေါ်ကဗျာ၏ တစ်ကိုယ်ကောင်းဆန်ပုံ (မောင်သာချို)



တစ်နေ့ လှည်းတန်းနားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျွန်တော်နဲ့ ကဗျာဆရာမောင်သင်းခိုင် အမှတ်မထင်ပဲ သွားဆုံဖြစ်တယ်။ ကဗျာအကြောင်း စာအကြောင်းတွေ ရောက်တတ်ရာရာ ပြောကြရင်းက ခေတ်ပေါ်ကဗျာတွေဘက်ကို ရောက်သွားတဲ့အခါ ခေတ်ပေါ်ကဗျာတွေရဲ့ အားနည်းချက်တစ်ခုက တချို့စကားလုံးတွေကို ပုဂ္ဂလိကဆန်ဆန် ရွေးချယ် သုံးနှုန်းမှုပဲဆိုတာကို ပြောဖြစ်ကြပါတယ်။ ကိုသင်းခိုင်က သူလည်းသိ၊ ကျွန်တော်လည်းသိပြီး ဖြစ်တဲ့ ကိုအောင်ချိမ့်ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ပြပါတယ်။ ကဗျာက ကိုညိုသစ်၊ ကိုသန်းအုန်းလက်ထက် မိုးဝေစာပေမဂ္ဂဇင်းက 'သီချင်းတွေနဲ့ ညနေ' ဆိုတဲ့ ကဗျာပါ။

ပုဇွန်တောင် ညောင်တန်းဆိပ်မှာ
ပိတောက်ပန်း ဆိုက်ပါပြီလား
မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ် ကျေးဇူးတင်ပါတယ်။

ကိုသင်းခိုင်က ဒီနေရာမှာ ပိတောက်ပန်းလို့ သုံးထားပုံကို သူ ဘဝင်မကျကြောင်း၊ 'ပိတောက်ပန်း'ဆိုတာ မော်တော်ကလေးရဲ့အမည်ဖြစ်ကြောင်း၊ အဲသည် မော်တော်ကလေး ပုဇွန်တောင် ညောင်တန်းဆိပ်ကို ဆိုက်မဆိုက် ချစ်သူပါ မပါ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒါပေမယ့် ပိတောက်ပန်းဆိုတာ မော်တော်တစ်စီးရဲ့ အမည်ဖြစ်တယ်ဆိုတာကို ကဗျာဖတ်သူက မသိနိုင်ကြောင်း၊ ပုဂ္ဂလိကဆန်တဲ့အတွက် ကဗျာနဲ့ ကဗျာဖတ်သူကို ဝေးသွားစေကြောင်း သူ့အမြင်တွေကို တော်တော်လေး ဆွေးနွေးသွားခဲ့ပါတယ်။

မှန်ပါတယ်။

အနုပညာဆိုတာ ဘယ်က အခြေခံလာသလဲလို့မေးရင် ပုဂ္ဂလိကဓိဋ္ဌာန်က အခြေခံလာတယ်လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် အနုပညာမြောက်အောင် ဖန်တီးလိုက်တဲ့အခါ ဓမ္မဓိဋ္ဌာန်ကျသွားတဲ့အတွက် အားလုံး ခံစားလို့ရတဲ့ အနုပညာပစ္စည်းတစ်ရပ် ဖြစ်သွားရပါတယ်။

လူငယ်တစ်ယောက်က မိန်းမပျိုတစ်ယောက်ကို ချစ်တယ်။ မိန်းမပျိုကလည်း အဲဒီလူငယ်ကို ပြန်ချစ်တယ်။ တစ်နေ့မှာ နှစ်ယောက်တစ်ဘဝ တည်ဆောက်သွားကြမယ်လို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် တစ်ချိန်မှာ အဲဒီလူငယ်ထက် အစစအရာရာ ဂုဏ်ကျက်သရေမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ လက်ဆက်သွားခဲ့တယ်။ ဒါဟာ ပုဂ္ဂလိက ပြဿနာ၊ ပုဂ္ဂလိက ခံစားမှုပါ။ လူတိုင်း လူတိုင်းလည်း ဒီပြဿနာမျိုးကို တွေ့ဖူးကြုံဖူး ခံစားဖူးကြမှာပါပဲ။ ဒါဟာ အနုပညာ မဟုတ်ပါဘူး။ ဒါပေမယ့် သည်အဖြစ်အပျက် သည်ခံစားမှုမျိုးကို သင့်တင့်တဲ့ သင်္ကေတ၊ ဆီလျှော်တဲ့ ကဗျာအဖွဲ့ အစပ်တွေနဲ့ ဖော်ပြလိုက်တဲ့အခါ အားလုံးနဲ့တိုက်ဆိုင်တဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ကဗျာအနုပညာ ဖြစ်သွားပါတယ်။

နှင်းဆီပွင့်
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။

ခရေဟာ ဘာလဲ၊ နှင်းဆီဟာ ဘာလဲ၊ ဘယ်ဟာက ဂုဏ်နိမ့်လို့ ဘာဟာက ဂုဏ်မြင့်သလဲ။ ဒါကို အများက အရိပ်အကဲ သိပြီးဖြစ်တယ်။ အဲဒီသင်္ကေတ၊ အဲဒီနိမိတ်ပုံကို သုံးစွဲလိုက်တဲ့အတွက် ပုဂ္ဂလဓီဋ္ဌာန် ခံစားမှုဟာ ဓမ္မဓိဋ္ဌာန် ဖြစ်သွားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ရေးသူနဲ့ ဖတ်သူကို နီးကပ်သွားစေတဲ့ စကားလုံး သုံးနှုန်းမှုပါ။

ဒါပေမယ့် ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ကိုသင်းခိုင် ဆွေးနွေးခဲ့တဲ့ 'ပိတောက်ပန်း'လို ကိစ္စမျိုးကျတော့ ဘယ်သူမှ မော်တော်ကလေးတစ်စီးရဲ့ အမည်လို့ မသိတဲ့အတွက် ရေးသူနဲ့ ဖတ်သူကြားမှာ ဝေးကွာသွားစေရပါတယ်။

ဒါဟာ တချို့ခေတ်ပေါ်ကဗျာတွေမှာ တွေ့နေရတဲ့ အားနည်းချက် တစ်ရပ်ပါပဲ။ ထင်ရှားတဲ့ဥပမာတစ်ရပ်ကို ထုတ်နှုတ်ပြရရင် '၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ရုပ်ရှင်တေးကဗျာ စာမျက်နှာ ၄' မှာ ဖော်ပြခဲ့တဲ့ သုခမိန်လှိုင်ရဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြလိုပါတယ်။

တနင်္ဂနွေ ဂဠုန်
တိမ်တွေရဲ့ရောင်စုံ
အကျဉ်း လှောင်အိမ်မှာ
ငါ အကြိမ်ကြိမ်ကျ။
ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာ။
စကြာဝဠာကို မထိုးဖောက်နိုင်ခင်
သီချင်းတွေပေါ်မှာ အိပ်တန်းဝင်။
နှုတ်သီးဒေါသ
လက်သည်း အတ္တ
ခြေသည်း မာန
တောင်ပံတစ်စုံသာ
အနုပညာ။
လိုရာရောက် မပျံသန်းနိုင်လျှင်
ဂဠုန် သေဖွယ်ရာပင်။

သည်ကဗျာဟာ ပုဂ္ဂလိကဝေဒနာကို ဖွဲ့တဲ့ကဗျာပါပဲ။ ဒါပေမယ့် ကဗျာဆရာသုံးထားတဲ့ သင်္ကေတ၊ နိမိတ်ပုံတစ်ခုဖြစ်တဲ့ ဂဠုန်ဟာ ဘာကို ရည်ညွှန်းတယ်ဆိုတာ မပေါ်လွင်တဲ့အတွက် ကဗျာဟာ ဖတ်သူရဲ့ ရင်ထဲကို ရောက်သင့်သလောက် မရောက်ဘဲ တစ်နေပါတယ်။ ဂဠုန်ဟာ ဘာလဲ။

ကဗျာကတော့ ရှင်းပါတယ်။ အရောင်အမျိုးမျိုး ပြောင်းလဲနေတဲ့ တိမ်တွေရဲ့ကြားမှာ ပျံသန်းနေတဲ့ ဂဠုန်ငှက်ကလေးဟာ သူ့ကိုယ်သူ မလွတ်လပ်ဘူးလို့ ထင်နေတယ်။ ပျံသန်းရာတစ်လျှောက်မှာလည်း အတွန်း၊ အထိုး၊ အတိုက်၊ အခိုက်တွေကြောင့် ဒဏ်ရာအကြိမ်ကြိမ် ရခဲ့တယ်။ ကိုယ့်ရည်မှန်းထားတဲ့ လွတ်လပ်မှုဆီ မရောက်သေးပေမယ့် ကိုယ်မြတ်နိုးတဲ့ ဂီတ၊ သီချင်းတွေနဲ့ ခဏအနားယူနေရတယ်။ ဒေါသ၊ အတ္တ၊ မာနတွေကတော့ သူလိုငါလို ရှိမြဲဖြစ်ပြီး အနုပညာနဲ့ပဲ ရည်မှန်းရာကို ရောက်အောင် ပျံသန်းနေရလို့ မရောက်ခဲ့ရင် သေမှာပါပဲဆိုပြီး မိမိကိုယ်မိမိ ဂဠုန်ငှက်နဲ့ ခိုင်းနှိုင်းဖွဲ့ဆို ထားခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ဒီနေရာမှာ ဂဠုန်ဆိုတဲ့ နိမိတ်ပုံဟာ ဂီတ၊ အနုပညာစတဲ့ ဘာသာရပ်တွေကို ကိုယ်စားမပြုနိုင်ပါဘူး။ အဲဒါတွေကို မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ကို ရည်ညွှန်းထားတာပါ။

ကဗျာဖွဲ့ဆိုသူ သုခမိန်လှိုင်ဟာ အမည်ရင်း ကိုအောင်မင်းလို့ ခေါ်ကြောင်း၊ ကျွန်တော်တို့ကတော့ စိတ်ဝင်စားလို့ သိထားကြပါတယ်။ သည်တော့ နေ့သင့်နံသင့် မြန်မာဆန်ဆန်သာ အမည်ပေးခဲ့ရိုးမှန်ရင် သူဟာ တနင်္ဂနွေသားပါ။ သည်တော့ တနင်္ဂနွေရဲ့ သင်္ကေတဟာ ဂဠုန်။ ဒါကြောင့် သည်ကဗျာဟာ သူ့ဘဝကို ပြန်ဝေဖန်တဲ့ ကဗျာဆိုပြီး ကျွန်တော်တို့ကတော့ ခံစားကြရပါတယ်။ ဒါပေမယ့် ဒါကို အရပ်က မသိပါဘူး။ သိလည်း မသိနိုင်ပါဘူး။ သည့်အတွက် ကဗျာက ပေးသလောက် ဖတ်သူဆီကို မရောက်ရှိနိုင်ဘူးဆိုတဲ့ အချက်ဟာ ငြင်းမရနိုင်တဲ့ အချက်ပါ။

ကျွန်တော်တို့ခေတ်ပေါ် မြန်မာကဗျာဆရာများအနေနဲ့ ဖ္ဒွံဖြိုးတိုးတက်လာတဲ့ခေတ်နဲ့အညီ မြန်မာကဗျာများကို ဖွဲ့ဆိုတဲ့အခါ ပုဂ္ဂလိက ဆန်လွန်းတဲ့ သင်္ကေတများ၊ နိမိတ်ပုံများကို ရှောင်ရှားပြီး လူထုဆီကို ရောက်အောင် သွားနိုင်ကြရင် မကောင်းဘူးလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။

မောင်သာချို
ပင်လယ်ဝသို့ လှေကလေးနှင့် ထွက်ခဲ့စဉ်က
(စမန ၇၃)

မနေ့က အိပ်မက်များ စိမ်းပါသည်

+++ မနေ့က အိပ်မက်များ စိမ်းပါသည် +++

အလို
အတောင်ပံနဲ့ ကောင်းကင်ဟာ ကြီးမားစွာ ဆက်စပ်နေခဲ့ပေါ့။
ငါမပျံတဲ့နေ့မှာ ကောင်းကင် မရွှင်ပျဘူး။
ငါတေးမဆိုတဲ့နေ့မှာ ကောင်းကင် မြူးကြွမနေဘူး။


အိမ်ဂေဟာအမှတ်နဲ့
ဒီ
အယူဝါဒ
အတွေးအခေါ်
ကျမ်းစာ
ဂိုဏ်းဂဏမှာ
ခဏလေး
နားခဲ့မိပါတယ်
အဲ့ဒါ မှားတာပဲ ..

ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာပဲ အဖတ်တင်တယ်။

အခုတော့
'မှုန်မှုန်မွှားမွှား၊ ဝိုးတဝါးရယ်
ရှေ့ကဘာဆီ၊ ရှိလိမ့်မည်လဲ ..'
မသိနိုင်ဘူး
ဆက်၍တော့
ပျံသန်းရဦးမယ်။

ကောင်းကင်ဆိုတာ အကျယ်ကြီး
ငှက်ကလေး ဘယ်လို
ပျံ .. ပျံ ..
..
ဆက်သာ ပျံ။ ။

ချမ်းညီချို
24-07-2010

ဒေးကာနက်ဂျီ (၁၂) နှစ်၊ နီရှေး (၉) နှစ်

+++ ဒေးကာနက်ဂျီ (၁၂) နှစ်၊ နီရှေး (၉) နှစ် +++

သွားရှာပြီ။ ဒေးကာနက်ဂျီ (၁၂) နှစ်၊ နီရှေး (၉) နှစ် တဲ့။

ဒေးကာနက်ဂျီ (၁၂ နှစ်)
သွားရှာပြီ။ ဟန်ဆောင် လူမှုလောကဆက်ဆံရေး ကိစ္စရပ်တွေမှာ အကျွမ်းတဝင်ရှိဖို့လိုကြောင်း ပြောတဲ့ စာရေးသူ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌ အကျိုးရှိမည်ဟုဆိုလျှင် အတတ်နိုင်ဆုံး ဟန်လုပ်ပေါင်းသင်းတတ်ရမည်ဟူသော ကျမ်းကို ပြုစုခဲ့သော စာရေးသူကြီး။
(သူမို့လို့ အပင်ပန်းခံပြီး စာကြောင်းတွေအများကြီး၊ စာမျက်နှာတွေအများကြီး ရေးနေသေးတယ်။ ရေးလိုက်ပေါ့ နှစ်လုံးတည်း "ဖောပေါ့" လို့။)

နီရှေး (၉ နှစ်)
သွားရှာပြီ။ လူစွမ်းကောင်း စူပါလူသားဟာ ကိုယ့်ရည်ရွယ်ချက် ပေါက်မြောက်ဖို့အတွက် ကိုယ်ယုံကြည်ရာကို ရင်ဆိုင်အနိုင်ယူဖို့အတွက် ကိုယ့်အသက်ကို စွန့်လွှတ်ရဲသလို အခြားသူများကိုလည်း စတေးပစ်ရဲရမယ် ဆိုတဲ့ ဆရာကြီး။ "အခြားသူများကိုလည်း စတေးပစ်ရဲရမယ်" ဆိုတဲ့ ပုဂ္ဂိုလ်ကြီး။ ဪ ဘုရားသခင်ကသေပြီ ဆိုတာ ဆရာကြီးပဲ ပြောတာကိုး။ တော်ပြီ။
"ဟဲ့ ကလေးရဲ့ ငါပြောတာကို ယုံကြည်ကိုးကွယ်နေမှတော့ ငါက နင့်ရဲ့ ဘုရားသခင်ပေါ့ဟဲ့။" လို့ ပြောနေတဲ့ အဖွားရဲ့ ထမင်းကြော်ပဲ စိတ်ဝင်စားတော့တယ်။ ထမင်းကြော်က အချဉ်မပါဘူး။ အစာအိမ် ထိခိုက်နိုင်လို့ တဲ့။ သတိတော့ထားမှ ဖြစ်တော့မယ်။ ကျွန်တော့်မှာလည်း ရင်ပြည့်နေတာက (၁၂) နှစ်၊ ဗိုက်မကောင်းတာက (၉) နှစ်။

ချမ်းညီချို
24-07-2010

နင်လားဟဲ့ ယုံကြည်ချက်

+++ နင်လားဟဲ့ ယုံကြည်ချက် +++

ကဲ ... အိပ်ပုတ်ကောင်ကြီး
ထတော့။

စီးဆင်းနေတဲ့ ရေစီးကြောင်းထဲ
မဆိုစလောက်၊ အနည်းအကျဉ်း နဲ့
ဖူလုံကျေနပ် အဟုတ်ကြီးမှတ်မနေနဲ့။

တကယ်တော့
မဆိုစလောက်၊ အနည်းအကျဉ်း ဟာ
ပုန်းအောင်းနေတဲ့ အများကြီးရှိသေးတယ်ဆိုတာ
ညွှန်ပြနေတဲ့ သက်သေအထောက်အထားဖြစ်တယ်။

ဝက်ခြံကို အနာလုပ်နေတာတွေ ရပ်လိုက်.!
ကြားလား
သုခမိန်လှိုင်ရဲ့စကား ...
"အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်" တဲ့။

ကဲ ... အိပ်ပုတ်ကောင်ကြီး
ထတော့။ ။

ချမ်းညီချို
22-07-2010

မမြင်ရသော အရောင်များ

+++ မမြင်ရသော အရောင်များ +++

ပခုံးပေါ်မှာ လွယ်အိတ်
ဆက်ချိတ်နေတုန်းပဲ
ငယ်ဘဝကို ဒီလို
နှစ်ထပ်ကွမ်းယူတယ်။

ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရှိပြီလဲ
ရသတွေ ပိုပွင့်မလာပဲ
ဒုက္ခတွေ ပိုပွင့်လာခဲ့တာ
ငါဖတ်ချင်တဲ့စာသား
အလင်းဖန်သားပြင်ပေါ်ကမှ မဟုတ်တာ။

တွင်းဝက မထွက်ရဲ့တဲ့ မြွေတစ်ကောင်ရဲ့ သတ္တိလို
အမှောင်ထဲကပဲ ပါးပျဉ်းထောင်မရ။

တော်သေးတာပေါ့
ငါ့ကဗျာရေဒါထဲက
ပျောက်ဆုံးသွားတဲ့ မြို့ကြီးတစ်မြို့
သူ့မှာ ခြေထောက်မပါတာ ကံကောင်းပေစွ။

ချမ်းညီချို
21-07-2010
(ညွှန်း = မောင်နွေထက် - ဆိုင်းဘုတ်၊ ကေမျိုးငြိမ်း - သတိရခြင်းအကြောင်း)

ကောင်းကင်ကြီးအား မော့ကြည့်နေရသည့် အကြောင်း

+++ ကောင်းကင်ကြီးအား မော့ကြည့်နေရသည့် အကြောင်း +++

နာရီလက်တံများ တစ်ပတ်လည်သွားမှ၊ ငှက်ကလေးတွေက သီချင်းတစ်ပုဒ်ကို ထိုးမှဆိတ်မှ နေ့သစ်တစ်ခုသို့ ရောက်မည်ကို သိသော်လည်း ည၏အစိတ်အပိုင်းတစ်ခုထဲမှာပင် သူမကိုလိုက်လံရှာဖွေမိပါသည်။ ညကတော့ လရိပ်အောက်တွင် လှမြဲလှလျှက်။ သူမအတွက် ကော်ဖီတစ်ခွက်နှင့် ရောသောက်ရန် ကြယ်သားနုနုထွတ်ထွတ်များကို မိုးထိအောင် လှေကားထောင်၍ ဆွတ်ယူပေးရန် စိတ်ကူးမိသည့်အခိုက် ကြယ်စင်တစ်ပွင့် ကြွေကျလာခြင်းသည် ကြယ်ကြွေညတိုင်း ဆုတောင်းမယ်ဆိုသော သီချင်းတစ်ပုဒ်ကို အမှတ်ရစေပါသည်။

ဘာဆုမှ မတောင်းရခင် တောင်းတဲ့ဆု(တွေ) ပြည့်ပါစေဟု ဆုတောင်းပြီးချိန်၌ ကြယ်ကြွေသည် ကမ္ဘာ့ လေထုနှင့် ပွတ်တိုက်ပွန်းပါး၍ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ဆုတောင်းရန်အတွက် နောက်ထပ် ကြယ်ကြွေချိန်ကို စောင့်ရပါဦးမည်။ ဘာဆု(များ)ကို တောင်းရင် ကောင်းမလဲ။

သူမနှင့် နီးရပါစေသားလို့ ဆုတောင်းရင် ကောင်းမလား။ (နီးနီးလေးနဲ့ ဝေးနေရင် ဘယ်လိုလုပ်မလဲ။) သူမကို မြင်ခွင့်တွေ့ခွင့်လောက်တော့ ရပါစေသားလို့ ဆုတောင်းရင်ကော။ (မြင်သာမြင် မကြင်ရဆို ဘယ်လိုလုပ်မလဲ။) သူမကို ပိုင်ဆိုင်ခွင့် ရပါစေသား ဆိုရင်ကော။ (ဈေးတန်းက သွေးစိမ်းရှင်ရှင် ငါးတစ်ကောင်ကို ပိုင်ဆိုင်ရသလို၊ ပွဲဈေးတန်းက အရုပ်ငါးတစ်ကောင်ကို ပိုင်ဆိုင်ရသလို၊ အလှမွေးကန်ထဲက ငါးတစ်ကောင်ကို ပိုင်ဆိုင်ရသလိုမျိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ လိုချင်တာက လွတ်လပ်စွာ ကူးခတ်နေပြီး နှလုံးသားကို ဝင်ရောက်တိုးဝှေ့တိုက်ခတ်သွားမယ့် ငါးလေးတစ်ကောင်။)

အချစ်နှင့် တပ်မက်ခြင်းသည် အတူတွဲ၍ လာတတ်ပါသလား။ (ကျွန်တော် မသိပါ။)
အချစ်နှင့် တပ်မက်ခြင်းက အတူတူပဲလား။ (ကျွန်တော် မသိပါ။)

အချစ်ဘဝတည်ဆောက်ရန် စီမံလျှာထားချက်များ၊ သူမက ဖြည့်ဆည်းပေးရမည့် ကျွန်တော့် ဘဝလိုအင်စာရင်းဇယားများ၊ နီရဲစိုထွေးသော နှုတ်ခမ်းဖျားမှ တဆတ်ဆတ်တုန်ခါနေသော ကြင်နာမှုများ၊ ပါးချင်းအပ်၍ထားစဉ် သဲ့သဲ့မျှကြားလိုက်ရသော ပင့်သက်သံ၏ ပူနွေးလတ်ဆတ်မှုများ၊ သူမ၏ နှလုံးသားအတွင်းမှ အချစ်ဆိုသော အရိပ်အယောင်များ၊ ဘာမှ မလိုချင်ပါ။

သူမကို ချစ်နေခွင့်သာ လိုချင်ပါသည်။ သူမကို ချစ်နေခွင့်သာ လိုပါသည်။ (သူမကို ချစ်နေဖို့သာ လိုအပ်ကြောင်း သူမနားလည်သဘောပေါက်နိုင်မည် ထင်ပါသည်။)

ဟော ကြယ်တစ်စင်း ကြွေကျလာပြီ ။
"... ..."

ချမ်းညီချို
04-07-2010

ပထမဆုံးနှင့် နောက်ဆုံး ရည်းစားစာ

+++ ပထမဆုံးနှင့် နောက်ဆုံး ရည်းစားစာ +++

လူတစ်ယောက်ဘဝအတွက် အချစ်ကိစ္စသည် တိုက်ရိုက်သော်လည်းကောင်း၊ ကွေ့ဝိုက်သွယ်ပတ်၍သော်လည်းကောင်း တွေ့ကြုံခဲ့ကြရဖူးသည်။ ကျွန်တော့်ဘဝ၏ ပထမဆုံးအချစ်သင်ခန်းစာသည် ကွေ့ပတ်၍ လာသည်။ သူငယ်ချင်းတစ်ယောက်က အားကိုးတကြီးနှင့် ရည်းစားစာရေးပေးရန် အကူအညီ တောင်းခံလာခြင်း ဖြစ်ပါသည်။ (ငြင်းဆို၍ မကောင်း။) စာပေရေးရာတွင် လက်စလက်နရှိကြောင်း၊ ဤသို့ အကူအညီတောင်ခံလာခြင်းကို ကြည့်၍ ခန့်မှန်းနိုင်လောက်ပါသည်။ (လက်စလက်နရှိသည်ဆိုရာတွင် သူတစ်ပါးထံမှ စာအုပ်ငှါးပြီး ပြန်မပေးပဲ ထားခြင်း၊ မိမိကြိုက်နှစ်သက်ရာ စာမျက်နှာများကို ဆုတ်ဖြဲယူထားခြင်းမျိုး မဟုတ်ပါ။ စာပေအနုပညာပစ္စည်းတစ်ခု ဖန်တီးနိုင်စွမ်း ရှိခြင်းကို ဆိုလိုပါသည်။ ဤနေရာတွင် ရည်းစားစာသည် အနုပညာပစ္စည်းတစ်ခု ဖြစ်မဖြစ်ကို ဆွေးနွေးမည် မဟုတ်ပါ။)

(အကယ်စင်စစ် ကလေးဘဝအတွေ့အကြုံများမှာ ပြန်ပြောရန် အတော်ပင် အားယူရပါသည်။)

ကျွန်တော်၏ ပထမဆုံးဖန်တီးမွေးထုတ်လိုက်သော ရည်းစားစာသည် စာမျက်နှာအားဖြင့် လေးမျက်နှာနီးပါးရှိသည်။ အပြောင်မြောက်ဆုံး စာသားအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ ... ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"

"အရက်တွေမူးပြီး ဝုန်းဒိုင်းကြဲ ရန်မူဖို့ ပြေးဝင်လာတဲ့ ဆဒ္ဒါန်ဆင်ကြီးဟာ ဘုရားရှင်ရှေ့ရောက်တော့ ချက်ချင်းငြိမ်သက်ကျသွားခဲ့ရသလို၊ ဝုန်းဒိုင်းကြဲတုန်ယင်နေတဲ့ ကိုယ့်အသည်းနှလုံးတွေဟာ မင်းရှေ့အရောက်မှာတော့ ရုတ်တရက် ဆွံ့အထိုးရပ်သွားခဲ့ရတော့တယ်။"
(အောင်ခြင်းရှစ်ပါးထဲမှ - 'ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ' ဆိုသော ဇာတ်ကွက်ကို အခြေခံ၍ ရေးဖွဲ့ခြင်းဖြစ်ပါသည်။)

ဤနေရာတွင် ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းသည် ဘွင်းဘွင်းကြီးပေါ်လာသည်။ အမှားအယွင်းသည် ကျွန်တော်ညံ့ဖျင်းကြောင်း အထင်အရှားပင် ပြသကြပါသည်။ (ဤစာကို လူကြီးများအားပြသခဲ့လျှင် ဤအမှားမျိုး ကြုံတွေ့ရမည် မဟုတ်ပါ။) အမှားအယွင်းသည် ထင်ထင်ရှားရှားပေါ်လွင်နေသည် ဆိုရခြင်းမှာ ဆင်တစ်ကောင်လုံးမှားယွင်းခဲ့သောကြောင့် ဖြစ်ပါသည်။ အရက်မူးပြီး ဘုရားရှင်အား ရန်မူရန်ကြိုးစားသော ဆင်ကြီးမှာ နာလာဂီရိဆင်ဖြစ်၍ ဆဒ္ဒါန်ဆင်မင်း မဟုတ်သောကြောင့် အမှားအယွင်းမှာ မြင်သာသည်ဟု ပြောရခြင်းဖြစ်ပါသည်။ (ဤအတွေ့အကြုံသည် လေ့လာမှုအားနည်းခြင်း၊ မသိပဲနှင့်ပြောဆိုခြင်း၊ လူကြီးများနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း စသည့်အချက်များကြောင့် ရခဲ့သည်ဟု ဆိုချင်ပါသည်။)

ကောင်မလေးမှာလည်း အတော်ပင် ဒုက္ခရောက်သွားသည်။ ကျွန်တော်ဘာတွေရေးထားမှန်း သူအကုန် နားမလည်။ 'အနုပညာဟူသည် ပင်ကိုယ်က ခက်ခဲထွေပြားသည်တွင် အလွန်လျှင်မြန်သော အပြောင်းအလဲများနှင့် ပြည့်နှက်နေသည်'ဖြစ်ရာ ကျွန်တော်ဖန်တီးလိုက်သော အနုပညာပစ္စည်းတစ်ခုကို နားမလည်ခြင်းမှာ သဘာဝကျပါသည်။

သို့သော် အနုပညာ၏တန်ဖိုးသည် ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း စသည့် ရသများကို ပေးစွမ်းနိုင်ခြင်းဖြစ်ရာ ကျွန်တော်ဖန်တီးသော အနုပညာတစ်ခုကို နားမလည်ဟုဆိုသောကြောင့် အောင့်သက်သက်တော့ ဖြစ်ရပါသည်။ အနုပညာ၏ ပထမ အဓိကတန်ဖိုးသည် ရသတန်ဖိုးသာ ဖြစ်သည်။ ကျွန်တော့်စာကို နားမလည်လျှင် မဖတ်ပါနှင့် သို့မဟုတ် နားလည်အောင်ကြိုးစားပါဟု ဆိုချင်ပါသည်။ (ထို့ပြင် အနုပညာ၏ အသုံးတန်ဖိုး၊ လူမှုရေးတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး တို့ကို ရှေ့တန်းတင်၍ အဓိကဖြစ်လေဟန် ပြောနေကြသော 'ခပ်ကြောင်ကြောင်' လူတွေလည်း ရှိနေပါသေးသည်။ ထားတော့။)

မည်သို့ပင်ဖြစ်စေ ကလောင်သွားကား အစွမ်းထက်လှလွန်း၍ ကောင်မလေးမှာ မိဘမောင်ဘွားအစုံအလင်ဖြင့် ကျွန်တော့် သူငယ်ချင်းအိမ်သို့ ရောက်ရှိသွားပါတော့သည်။

တစ်မျိုးမတွေးစေချင်ပါ။ ရည်းစားစာ အပေးခံရမှုနှင့် ပတ်သက်၍ တိုင်ကြားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်းမှ တဆင့် ကျွန်တော့်မိဘများထံရောက်လာပါသည်။ ကျွန်တော့်ထံရောက်လာခြင်းမှာ ဘာတွေရေးထားသလည်း သိချင်ရုံ သက်သက်သာ ဖြစ်ပါသည်။ တိုင်ကြားရန် မဟုတ်ပါ။ ထိုအခါကျွန်တော့်မှာ ပြန်၍ ရှင်းပြရပါတော့သည်။ (ရှင်းပြချင်စိတ် မရှိပါ။) အဘယ့်ကြောင့်ဆိုသော် အနုပညာ ပစ္စည်းတစ်ခုသည် စာရေးသူ ကိုယ်တိုင် ရှင်းလင်းစေကာမူ မူလကပေးချင်သော ရသကို ရချင်မှ ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရှင်းလင်းချက်တစ်ချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"
ပိုးဟပ် = ညစ်ပတ်၍ အသုံးမတည့်သော ပိုးမွှားတစ်ကောင်
အာဖရိက = ဝေးကွာသော အရပ်တစ်ခု

ကောင်မလေးမှာ ချောမောသောကြောင့် အနားတွင် ယောက်ျားလေးမျာစွာ ဝိုင်းနေသည်ဖြစ်ရာ ထိုသူများမှာ ကျွန်တော့်သူငယ်ချင်းအတွက်တော့ ပိုးဟပ်များသာဖြစ်ပါသည်။ ထိုသူများမှ တစ်ယောက်ယောက် အဝေးသို့ ထွက်ခွါသွားလျှင် ကျွန်တော့် သူငယ်ချင်းမှာ ဝမ်းနည်းနေမည် မဟုတ်၊ ဝမ်းသာလိမ့်မည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ (ကောင်မလေးအိမ်တွင် ပိုးဟပ် ရှိလား မရှိလား ကျွန်တော် မသိပါ။)

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ ... ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"

ဤနေရာမှာ ကိုမာသည် အလှဖန်တီးရှင် လူ 'ကိုမာ' မဟုတ်ပါ။ ရောဂါနာမည် ကိုမာ (Coma) ဖြစ်ပါသည်။ ကိုမာရောဂါသည် မေ့မြောနေသော၊ ကြာရှည်သတိလစ်နေသော ရောဂါတစ်မျိုးဖြစ်ပြီး၊ ဤရောဂါခံစားနေရသူသည် အသက်ရှင်လျှက်နှင့် သေနေသူတစ်ယောက်ကဲ့သို့ ဖြစ်နေသောကြောင့် ကောင်မလေးက အချစ်ကို ငြင်းပယ်ခဲ့လျှင် ရှင်လျှက်နှင့်သေရပါမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ (ကိုမာရောဂါအကြောင်း အသေးစိတ်သိလိုလျှင် ဆေးပညာရှင်များထံတွင် မေးမြန်းနိုင်ပါသည်။)

ထိုအချိန်မှစ၍ မည်သည့်အကြောင်းနှင့်မှ ကျွန်တော် ရည်းစားစာ မရေးတော့ပါ။ ပထမဦးဆုံးသော ရည်းစားစာသည် ရသ မမြောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော့် ဘဝ၏ ပထမဆုံးသော အချစ်သင်ခန်းစာသည် ဤသို့ ကွေ့ပတ်သွယ်ဝိုက်၍ ကျွန်တော့်ကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ပါသည်။ (ထို့ကြောင့် ရည်းစားစာရေးပေးဖို့ အကူအညီတောင်းခြင်း သည်းခံပါ။)

ချမ်းညီချို
03-07-2010

ဇာတ်ပွဲ

+++ ဇာတ်ပွဲ +++

ရှိတ်စပီးယားဆိုသူက ကမ္ဘာလောကသည် ဇာတ်ခုံကြီးတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ လှမ်းကြည့်လိုက်သောအခါ တခမ်းတနား ပြိုးပြိုးပျက် တောက်ပသော မုသာဝါဒများအောက်တွင် လူကြမ်းကြီးများ သရုပ်ဆောင်နေကြပြီး ဇာတ်သိမ်းခန်းအပြီးတွင် နက်မှောင်၍တောက်ပသော ကတ္တရာလမ်းများတစ်လျှောက် ဝင်ရောက်ပျောက်ကွယ်သွားမည့်ဟန် ရှိပါသည်။

ကတ္တရာလမ်းများ ကိုယ်ထူကိုယ်ထ ခင်းထားကြသည်။ မြို့တိုင်းတွင် ကတ္တရာလမ်းများ ရှိသည်။ ကတ္တရာလမ်းများဖြင့် မြို့များကို ဆက်သွယ်ထားသည်။ ရှိတ်စပီးယားဆိုသူသည် ဇာတ်ခုံပေါ်တွင် လူကြမ်းတွေလည်း ရှိနိုင်သည်ဆိုသောအချက်ကို သိမှ သိသွားပါလေစ။

"မင်းနဲ့ငါ အချစ်ဇာတ်လမ်းဟာ ဇာတ်သဘင်တစ်ခုပါဆိုရင် ကြားက ကန့်လန့်ကာဟာ ဘယ်သူပါလဲ" ဟု ကဗျာဆရာတစ်ယောက်၏ မေးခွန်းကို ရှိတ်စပီးယား ဖြေနိုင်လိမ့်မည် မထင်။ မီးရောင်အောက်ကိုဝင်၍ လူပြက်များနှင့် တွဲဖို့သာ ကြိုးစားနေသော မင်းသမီးများကို ပို၍ စိတ်ဝင်စားဟန် ရှိသည်။ တစ်ခါတစ်ရံ ဇာတ်လမ်းသဘောအရ ဇာတ်ခုံပေါ်တွင် လူကြမ်းများသာ ရှိနေနိုင်ပါသည်။

စိတ်ထားကောင်းကောင်း မွေးပြီး အနုပညာဆန်ဆန်လေးနေရင် ဘဝဟာ ရုပ်ရှင်ကားတစ်ကား ရိုက်နေသလို ဖြစ်မှာပဲ ဆိုသော မောင်ရန်ပိုင်နှင့် ရှိတ်စပီးယားတို့ စကားလက်ဆုံကျနေချိန်တွင် ပြောင်လက်နက်မှောင်သော ကတ္တရာလမ်းထောင့် လူကြမ်းတစ်ယောက် ဖြတ်လျှောက်လို့သွားသည်။

ယခုအချိန်ထိ ဇာတ်လမ်း၏ ခေါင်းဆောင်မင်းသမီးကတော့ ပေါ်မလာသေး။ နေ့သစ်တစ်နေ့ကို ဝင်းပလာအောင် တစ်ညတာလုံး တံခါးခေါက်သူ၊ အလင်းနှိုးသူ အဝိဇ္ဇာကြယ်ပွင့်လေး ဇာတ်မင်းသားလေးသိန်းဇော်ကတော့ သောင်းထိုက် စကြဝဠာရဲ့ မြတ်နိုးအပြုံးတွေကို ဖိတ်ခေါ်နေလေရဲ့။ ကျွန်တော် ပြုံးမိတယ်။ သူက စန္ဒရားတစ်လုံးနဲ့ အသံညှိယူထားသလို တိကျလှပတဲ့ အဲဒီအပြုံးတွေကို သူ့ရင်ထဲမှာ ဘယ်တော့မှ စစ်အရှုံးမခံဘူးလို့ အာမခံတယ် ဆိုလို့လေ။

ဇော်ဇော်အောင်ကတော့ အလှဆိုတာ သီးခြားကင်းလွတ်စွာ ရပ်တည်နေနိုင်တဲ့ အရည်အချင်းတစ်ခုလား၊ အရုပ်ဆိုးခြင်းနဲ့ နှိုင်းယှဉ်မှ မြင်သာထင်သာတဲ့ ဂုဏ်တစ်ခုလား။ စိတ်ထဲက အထင်လား။ အလှဆိုတာ ပိုင်ဆိုင်ထားသူဘက်က အကြောင်းတရားလား။ ခံစားသူဘက်က အကျိုးသက်ရောက်မှုလား ဆိုပြီး ပြုံးပြုံးကြီး လုပ်နေလေရဲ့။

ဒီလိုပါပဲ။ ကားမီးတစ်ထိုးစာအလင်းထဲ မြင်သလောက် ဝင်ရောက် ကကြတာပေါ့။ ဇာတ်ညွှန်း သစ္စာနီရဲ့ ပထမဆုံး ဝါကျကတော့ အခုမှ လမ်းလျှောက်လို့လာနေတုန်းပဲ ရှိသေးတယ်။

ချမ်းညီချို
01-07-2010

ပြန်/မျှော် ကြည့်ခြင်း

+++ ပြန်/မျှော် ကြည့်ခြင်း +++

ကွန်ပြုတာနှင့်အင်တာနက် - ၄၉ %
တယ်လီဗီးရှင်း - ၁၃ %
တယ်လီဖုန်း - ၁၂ %
မော်တော်ကား - ၅ %
မီးရထား - ၅ %
ဆေးဝါး - ၅ %
စာအုပ် - ၅ %
လေယာဉ်ပျံ - ၁ %
အာကာသခရီးစဉ် - ၀ %

သည်လစကား၊ အယ်ဒီတာအကြိုက်၊ သိပံ္ပနည်းပညာနှင့် စိတ်ကူးသစ်များ၊ မျက်နှာဖုံးဆောင်းပါး၊ အတွေ့အကြုံ၊ စီးပွါးရေး၊ နိုင်ငံတကာဝတ္တုတို၊ အမြင်၊ သဘောထားမှန်ကူကွက်၊ သူတို့အမြင်၊ အထူးကဏ္ဍ၊ အက်ဆေး၊ လတ်တလော ဆိုဖြစ်နေတဲ့ သီချင်း။ - ၅ %

'လူတိုင်းနှင့်တော်သော ဖိနပ်တစ်ရံ' - ၀ %

ခရီးသွားခြင်း မှတ်တမ်းစာသားအချို့။ မှတ်ချက် - ပျော်ရွှင်ခြင်း၏ ပါဝင်မှု ပမာဏ လွန်စွာမှ နည်းပါး။ အင်္ဂါဂြိုဟ်သို့ ကျွန်တော်ဆိုက်ရောက်လျှင် ကမ္ဘာဂြိုဟ်ပေါ်မှ ကျွန်တော့်ထံသို့ အဆက်ဖြတ်လိုက်ပြီဖြစ်ကြောင်း စာရေးသားစေလို။

ချမ်းညီချို
25-06-2010

ဂြိုဟ်အမှတ် ၁၀/၁၇၀၅

+++ ဂြိုဟ်အမှတ် ၁၀/၁၇၀၅ +++

တစ်နေ့သ၌ ကျွန်တော့် ဂြိုဟ်ကမ္ဘာထဲတွင် ပန်းလေးတစ်ပွင့် ပွင့်လာခဲ့သည်။ နံနက်ခင်းတစ်ခု ဥယျာဉ်ထဲတွင် ပေါင်းပင် မြက်ပင်များ သုတ်သင်ရှင်းလင်းနေခိုက် နေရောင်ခြည်အောက်တွင် လှပစွာပွင့်နေသော ပန်းလေးကို ပထမဦးဆုံးအကြိမ်အဖြစ် ငေးကြည့်မိသည်။ ကျွန်တော့်ဂြိုဟ်ကမ္ဘာတွင် နံနက်ခင်းပေါင်း ၃၆၅ ခု ရှိ၍၊ မကောင်းသောစိတ်များသည် မသိမထားမိပါက ပေါင်းပင်မြက်ပင်များကဲ့သို့ ရှင်သန်ကြီးထွားတတ်သည် ဆိုသောကြောင့် နံနက်ခင်း ပေါင်းပင်များ ရှင်းလင်းနေချိန် "ကောင်းသော နံနက်ခင်းပါရှင်.." ဟူသော အသံစူးစူးလေးကို စတင်ကြားမိခဲ့ခြင်း ဖြစ်သည်။

ပန်းကလေးသည် မူယာများသူလေးလည်း ဖြစ်ပါသည်။

"အဟွတ် အဟွတ် ရှင့်နေရာက လေစိမ်းတွေ တအားတိုက်တာပဲ" ဟု ဆိုသောအခါ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရပါသည်။ လောကကြီးထဲ စတင်ဝင်ရောက်စ ပန်းလေးရဲ့ ပွင့်ဖတ်နုနုများအကြား အရာရာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖြတ်သန်းတိုက်ခတ်နိုင်သော လေစိမ်းများအကြောင်း ကျွန်တော် သိရှိ ခံစားနားလည်လို့ ရပါသည်။ ထို့ကြောင့် ပန်းလေးအတွက် ဖန်ပေါင်ချောင်လေးတစ်ခု ရေးဆွဲရပါဦးမည်။

သို့သော် ဖန်ပေါင်းချောင်သည် ပန်းကလေးကို ကျွန်တော့် ဂြိုဟ်ကမ္ဘာထဲရှိ သိုးတစ်ကောင်၏ စားသုံးမှု အန္တရာယ်မှ ကာကွယ်ပေးနိုင်လိမ့်မည်ကား မဟုတ်ပေ။ (ထိုသိုးကလေးကို အဖြုရောင် မဟုတ်သော်လည်း တစ်ကောင်တည်းသာရှိ၍ သိုးမည်းလေးဟု ကျွန်တော် မခေါ်ရက်ခဲ့ပါ။) ကျွန်တော်တစ်ယောက်တည်း နေထိုင်သော ဤ ဂြိုဟ်ကမ္ဘာတွင် သိုးမည်းတစ်ကောင်လည်း ရှိသည်ဟု ပြောရမှာကို ရှက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဖန်ပေါင်ချောင်လေးကတော့ ပန်းကလေးကို လေစိမ်းများ၏အန္တရာယ်မှ အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ပြီး သိုးမည်းလေး၏ အန္တရာယ်မှ ကာကွယ်ရန်အတွက်တော့ ပါးခြုပ်လေးတစ်ခု ရေးဆွဲရပါဦးမည်။

ညနေဆည်းဆာချိန်များတွင် ပန်းကလေးကို လေစိမ်းများမတိုက်အောင် ကာကွယ်ပေးရင်း
(၁) အခြားဂြိုဟ်ကမ္ဘာများတွင် နေထိုင်သော အရက်သောက်ခြင်းကိုရှက်လို့ မေ့ပစ်နိုင်အောင် အရက်သောက်နေသော အရက်သမားများ အကြောင်း၊
(၂) ကိန်းဂဏန်းများကိုသာ စိတ်ဝင်စားသော လူကြီးများနေထိုင်ရာ ဂြိုဟ်ကမ္ဘာများအကြောင်း၊
(၃) ဖြတ်သွားဖြတ်လာပြုမိသူများကအစ သူတို့ဆီ ဝင်ရောက်ခစားဖို့ လာသည်ဟု ထင်နေသော ဘုရင်ကြီးများနေထိုင်ရာ ဂြိုဟ်ကမ္ဘာများအကြောင်း၊
(၄) မီးတောင်သေများရှိပြီး မပေါက်ကွဲအောင် စက္ကန့်မလပ် စောင့်ကြည့်နေရသော ဂြိုဟ်ကမ္ဘာများအကြောင်း
ပြောပြရပါဦးမည်။

ချမ်းညီချို
17-06-2010

(ညွှန်း - Antoine de Saint-Exupéry's The Little Prince)

သူ့နောက်မှာ ဘာမှ မရှိတော့ဘူး

+++ သူ့နောက်မှာ ဘာမှ မရှိတော့ဘူး +++

ခိုတစ်အုပ် လန့်ပြီး ထပျံသလို
စဉ်းစားလိုက်တိုင်း ခေါင်းထဲက
စကားလုံးတွေ ထပျံသွားတယ် ..
အဲ့သလောက်ပဲ
မင်းအတွက် နေရာပေးနိုင်ခဲ့...။

မင်းနဲ့ငါ ချိတ်ဆက်မိကြပုံဟာ
ငါ့ကိုယ်ငါ ရှာမတွေ့နိုင်တော့ရုံ...။

မင်းနဲ့ငါ အကျွမ်းဝင်ခဲ့ပုံဟာ
မနက်ဖြန်တွေက ချည်ပြီးတုပ်ပြီး ဖြစ်နေရုံ...။

ပုံတူလူသားနှစ်ယောက်လို တစ်ယောက်
သိစိတ်နောက် တစ်ယောက် ကပ်လိုက်နေလို့ ..

အရေပြားအောက်က ဖြုစင်တဲ့လွမ်းဆွတ်မှု
(ငါ့မှာ)
ဘယ်ဘက်ရင်အုံကို လက်နဲ့ ဖိထားရတယ်။

ချမ်းညီချို
16-06-2010

အပြာရောင် ဂြိုဟ်သားများ (၁၂)

+++ အပြာရောင် ဂြိုဟ်သားများ (၁၂) +++

လျှောက်သွားနေလိုက်တယ်
လူတွေရဲ့ မျက်နှာထဲ
ဘယ်သူဟာ ချစ်တတ်သလဲ
မေးခွန်းထုတ်ရင်းနဲ့။

ဒါဟာ
လောကကြီးရဲ့ သတ်ဖြတ်
စားသုံးခြင်းခံရမယ့် ရင်သွေးငယ်တွေရဲ့
နှလုံးသားများ အတွက် ..။

အချို့တွေလို
ပင်စင်စားအတွေးအခေါ်နဲ့
ရေဒီယိုက စိတ်ကူးယဉ် စစ်ပွဲသတင်းတွေ
ထိုင်နားထောင်နေရင်လည်း ဖြစ်တယ်။

ကိုယ်လွတ်ရုန်း ဖြတ်သန်းသွားလိုက် ..
ရှေ့လာမယ့် သမိုင်းမှာ သစ္စာဖောက်တွေ အဖြစ်နဲ့။

ချမ်းညီချို
09-06-2010

မနေ့ကလက်တံများ နဲ့ ဒီနေ့နာရီ

+++ မနေ့ကလက်တံများ နဲ့ ဒီနေ့နာရီ +++

အရင်လိုပါပဲ
အရိုးသားဆုံး တက်မက်မှုတွေ
အကုန်လုံး လန်းဆန်းနေတုန်းမှာပေါ့။

ကမ်းပါးတွေကလည်း
မြစ် ရေစီးကြောင်းအတိုင်း
ကောက်ကွေ့သွားရသလို ...။

ကျွန်တော့်မှာလည်း
ခေတ် ရေစီးကြောင်းအတိုင်း
ကွေ့ကောက်မျောပြီး ကမ်းမတင်ဖြစ်လိုက်ရ။

ဒီလိုနဲ့ပဲ ...

အခန်းထဲမှာ
ငြိမ်သက်တဲ့ စကားလုံးတွေက
ဖျော်ဖြေမှု တစ်ခုလို လွမ်းနာကျလို့။

အခန်းဟာ
ရွဲ့စောင်းဖုန်တက်နေတဲ့ ပြင်္ကဒိန်အောက်မှာ
ကျွန်တော့် မိသားစုကို ချိတ်ဆွဲလို့။

အခန်းဟာ
ဘဝကို အင်္ကျီတစ်ထည်လို ချွတ်ချပြီး
မျက်လုံးအိမ်ထဲက အိမ်ကို စိုက်ကြည့်လို့။

အခန်းဟာ
အိပ်မက်တွေကို အချိုသပ်ဖို့
အချိုပွဲတည်လို့။

အခန်းမှာ
ကျွန်တော်ဟာ
ရိုးသားစွာ ဖုန်တက်ပြီး
အိပ်မက်တွေကို အချိုပွဲတည်နေတဲ့
အင်္ကျီမပါ မျက်ကန်း ပြင်္ကဒိန်တစ်ချပ်ဖြစ်လို့
ကွေ့ကွေ့ကောက်ကောက်ကြီး မျော/မြောနေလေရဲ့။

ချမ်းညီချို
06-06-2010

တံခါးပေါက်မှ ဖြတ်ဝင်လာသော အရောင်များ

+++ တံခါးပေါက်မှ ဖြတ်ဝင်လာသော အရောင်များ +++

သိလား
ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာမဟုတ်ဘူး (ဇေယျာလင်း)
တွေ့လား ဟောဟိုမှာ
လွှမ်းမိုးမှုအပြီး တင်ကျန်ရစ်ခဲ့သော နုံးများ (ဇေယျာလင်း)
ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း) နဲ့
ရေကန်တိုင်းမှာ အိမ်ရှိတယ် (ဇေယျာလင်း)
ကြုံတုန်းဆုံခိုက်
တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုရန်အတွက် (မောင်ယုပိုင်)
တစ်ထောင့်တစ်နေရာကနေ ဝင်အန်ကြ (ဟိန်းမြတ်ဇော်)
ဒီအကြောင်းတွေ ငါတို့ ပြောတဲ့အခါ (နေမျိုး)
ဒီဘဝမှာ ငါရတဲ့ ဝေစု (နေမျိုး)
ကြည့်ပါ
ရွှင်ပျော်မြူး ပြဇာတ် (အောင်ချိမ့်)
မင်းအပြုအမူကို ကိုယ်စားပြုသော ငါ့သီချင်း (မောင်ဖီလာ)
ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ (မောင်ဖီလာ)
အရက်သမား ၁၀ (ခရမ်းပြာ ထက်လူ)
အိမ်ပြေး ၄ (ခရမ်းပြာ ထက်လူ)
တော်ပြီ တော်ပြီ ဒီလောက်ပဲ
ငါ့ စိတ်ကို မီးခလုတ်လို လာလာမဖွင့်နဲ့တော့ (မောင်ဖီလာ)။ ။

ချမ်းညီချို
28-05-2010

အပြာရောင် ဂြိုဟ်သားများ (၁၁)

+++ အပြာရောင် ဂြိုဟ်သားများ (၁၁) +++

ဒီမှာ
အပ်တစ်ထောက်စာ
ဖြု၊ မည်း၊ ညို၊ ဝါ အရေခွံထဲ
ကိုယ့်အလောင်းကိုယ် ထမ်းလို့
ဒွါရကိုးပေါက်နဲ့
ရွာရိုးကိုးပေါက် လျှောက်နေကြရပေါ့ ..။

ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပြီတဲ့ ..။

ဒီလိုနဲ့ ရွာထဲမှာ
ကျီးကန်းတွေဟာ အမျိုးကိုထိရင် နာလို့
ဒိုင်နိုဆောတွေဟာ မျိုးတုန်းလို့
ဝံပုလွေတွေဟာ အုပ်စုဖွဲ့ နေထိုင်လို့
ပုရွက်ဆိတ်တွေဟာ စည်းလုံးကြလို့
မျောက်တွေဟာ အနီးဆုံးကောင်ကို အကာအကွယ်ပေးလို့ ..။

ရွာသားတွေဟာ
သမိုင်းဝင် စိတ်ကူးယဉ်စစ်ပွဲတွေ ဆင်နွှဲလို့
လပြည့်၊ လကွယ်နဲ့ စိတ်တွေပြည့်၊ စိတ်တွေကွယ်လို့
တစ်စိတ်တည်း တစ်ဝမ်းတည်း စိတ်ဝမ်းတွေကွဲလို့
ဖန်တစ်ရာတေ ဇာတ်လမ်းတွေကိုပဲ အဖန်ငါးရာငါးကမ္ဘာ ဖန်ဆင်းလို့
ရုပ်မြင်၊ သံကြားတွေကိုပဲ ချစ်၊ကြိုက်၊ဆဲဆို၊အပြစ်တင်၊ ချီးမွမ်းကြလို့။

စိတဇ္ဇနာမ်တွေနဲ့ ကိုယ့်မြင်းကိုယ်စိုင်း နေလိုက်ကြတာ။

နောက်ဆုံးတော့
တစ်ကိုယ်ရေ အစိတ်စိတ်အမွှာမွှာ
ဖူးပွင့်ခြွေချပစ်လိုက်ဖို့ အတွက်ပါပဲ ..။

ဒီလိုနဲ့
ရွာကြီးဟာ အဆုံးစွန်ထိ ပူနွေးသွားတဲ့ အချိန်မှာ
ဒွါရကိုးပေါက်ကနေ ပုတ်အဲ့ အငွေ့ပျံထွက်သွားကြပေါ့။ ။

ချမ်းညီချို
27-05-2010

ဖြစ်နေကျ အချစ်ပုံစံ (၁၁)

+++ ဖြစ်နေကျ အချစ်ပုံစံ (၁၁) +++

ဒီလိုနဲ့
ကျွန်တော်တို့ ဟာ
အင်တာနက်၊ တယ်လီဖုန်း
ဓာတ်ပုံ၊ ဗီဒီယို၊ မိုက်ကရိုဖုန်းနဲ့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

စာလုံးများဟာ ဖတ်သူရှိမှ
စကားလုံးများ ဖြစ်လာတာမို့...

ကျွန်တော်တို့ဟာ
အသံတိတ် ချစ်ကျွမ်းဝင်လို့
စိတ်ကောက်လို့၊ လိုက်ချော့လို့
ကြည်နူးလို့၊ လွမ်းလို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ဟာ
အရင် ခေတ်တွေကလို
တွေ့ရင် ပျော်လို့
မတွေ့ရင် လွမ်းလို့
သွားလေရာ သူ့အရိပ်ပဲဖြစ်လို့
ကြားလေရာ သူ့အသံပဲဖြစ်လို့
မြင်လေရာ သူ့မျက်နှာဖြစ်လို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ ဟာ
အရင် ခေတ်တွေကလို
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ချမ်းညီချို
22-05-2010

ဗီလိန် ဂျိုကာ

+++ ဗီလိန် ဂျိုကာ +++

တကယ့်ကောင်။

ဘာမှ လုပ်စရာ မလိုဘူး
ဒီတစ်ချပ် ကိုင်ပြီး ထိုင်စောင့်ရုံပဲ..တဲ့။

ဂျိုကာ မျက်နှာနဲ့ပဲ
ဘယ်မှာ ကပ်ကပ်
ဟုတ်သလို ရှိတယ်။

သူက ဦးဆောင်ပြီး ဘာမှ သုံးမရတာကလွဲလို့
ကြားဝင်တွဲတွဲ၊ အနောက်ကဝင်ဆွဲဆွဲ
ဖြစ်နေတာပဲ ..။

ဒီမှာတင် မဟုတ်
ကမ္ဘာကြီးတောင် ပြောင်းပေးနိုင်တယ် ဆိုလား ..

ဆယ်ပြားအဆင့်နဲ့ ပျော်ပြီး
ဂျိုကာရုပ်နဲ့ လာနောက်နေလေရဲ့ ..။

တကယ်တမ်းက
ကမ္ဘာ့ အဆင့်မှီ
ဝိုင်းကြီးတွေမှာ
အဲ့ဒီ အကောင်ကို ဘေးထုတ်ရိုက်တာဗျ။

ရွေးပြီးတော့ကို ဖယ်ထုတ်ရသေးတာ ...။

ချမ်းညီချို
15-05-2010

ညီမလေး

+++ ညီမလေး +++

တကယ်ပါ
ကျွန်တော့်ရဲ့ ညီမလေး
သတိမရအောင် နေလို့ မရဘူး။

"သတိရလိုက်တာ.."

အော်လိုက်တဲ့ အသံဟာ
မိုးပေါ်က သိကြားမင်းကိုတောင်
ပြုံးသွားစေသတဲ့။

မမြင်ရပေမယ့်
တချို့အရာတွေ ကျွန်တော် ယုံတယ်။

နှလုံးခုန်လို့
ကျွန်တော်အသက်ရှင်နေတယ်

နှလုံးခုန်တာလေး
ကျွန်တော် မမြင်ရ
ဒါပေမယ့် ကျွန်တော် ယုံတယ်။

အဆိပ်ခွက်တစ်ခွက်
သူ .. သောက်မိမယ်အလုပ်
ကျွန်တော့် နှလုံးသားနဲ့ တိုးတိုက်လို့
အဲဒီ့ခွက်ကို မှောက်ပစ်ပေးလိုက်မယ်။

အဲဒီလောက်ထိ ကျွန်တော်ယုံတယ်။

ချစ်သူဆိုတာ
ကြုံသမျှ ပညတ်တရားတွေ မဟုတ်
ငြိမ်းအေးခြင်း၊ ပြုစုခြင်း၊ ရှင်သန်ခြင်းတွေသာ
ချစ်သူမည်သတဲ့။

တကယ်ပါ
ကျွန်တော့်ရဲ့ ညီမလေး
သတိမရအောင် နေလို့ မရဘူး။

ချမ်းညီချို
14-05-2010

+++ ည +++

ကြည့်လေ
ညက ညစစ်စစ် ဖြစ်လို့နေပုံများတော့ ..

အမှောင်က တစိမ့်စိမ့် ဖွဲ
လျှောကျလို့လာနေပြီး
လရောင်တွေက အမှောင်ကို စွန်းလို့

အလင်းကွက်က နက်ရှိုင်းတဲ့
အမှောင်ထဲ တစိမ့်စိမ့် ပြန့်လို့လာနေချိန်မှာ

လေအတိုက်ပါးလို့ အရာရာက ငြိမ်ငြိမ်ဆိတ်
ကြည်နူးစရာကောင်းရုံလေးသာ ခပ်စိမ့်စိမ့် တိုက်နေတာ

ဟောဒီ
လရောင် ငြိမ်သက်နေတဲ့
ညမှာ ..။

ညဟာ
ယဉ်ယဉ်လေးရယ် ..။

ကြယ်တွေဆိုလည်း
တစ်ပွင့်ချင်းနဲ့ တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေး ထွန်းလင်းတောက်ပ။

သဘာဝဖြစ်ရက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာ လှပခွင့်မရတဲ့
သဘာဝ တရားဟာ
ဒီညထဲ
သဘာဝကျစွာ လှပ .. ။

ချမ်းညီချို
12-05-2010

နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါး

+++ နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါး +++

အဲဒါ
နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါးတွေမှာ
ဖြစ်ခဲ့တာပါ။

ဟုတ်တယ်
မွေးမြုရေး ငါးတွေမှာ
ဖြစ်ခဲ့တာပါ။

အဲဒီမှာ
တစ်ဝက် မှိုတက်ခံရတဲ့
နုပျိုမှုတွေ ပါတယ်၊

အိမ်ပြေးတစ်ယောက်ရဲ့
ကြေကွဲရမှုတွေ ပါတယ်၊

ဆယ်ဘဝစာ အမောမီးခိုး ပါတယ်၊

အမြဲစိမ်းသစ်တောလေးသာ တောင့်တတဲ့
ငန်းဖြုတစ်ကောင်ရဲ့
ဆန္ဒအပူတွေ ပါတယ်

ဒေါင်းပျိုတစ်ကောင်ရဲ့
ဆန္ဒအပူတွေ ပါတယ်။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ

မစဉ်းစားတော့ပါဘူး ... တဲ့။

မြေကြီးမှာ ဆွဲအားရှိလည်း
ပေါ့ပေါ့ နေစား လိုက်ချင်တာပါပဲတဲ့။

တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ
ကိုယ့်ကိုကိုယ် မသေရုံ မွေးမြုထားတဲ့သူတွေ

မစဉ်းစားတော့ပါဘူး ... တဲ့။

တိုက်ကလေးဆောက်၊ ကားလေးစီး
ဟောဒီ ဝမ်းတစ်ထွာ ဝနေရုံလောက်ပါပဲတဲ့။

ကမ္ဘာကြီးခင်ဗျား
သင်ကောင်းခဲ့သော်လည်း
ကျွန်ုပ်တို့ ဆိုးခဲ့ပါတယ်

ရိုးသားခွင့် မရှိတော့လို့ ပါ ... ။

ရိုးသားခွင့် မရှိတော့လို့ ပါ ... ။

ရိုးသားခွင့် မရှိတော့လို့ ပါ ... ။

အဲဒီမှာ လူ့အဖြစ်ကို
အံ့ဩ ထိတ်လန့်ဖွယ်ရာ
တွေ့ရှိရတာ ဖြစ်ပါတယ်။

ကျွန်တော့် ဦးနှောက်အဆင့်က ဒီလောက်ပါပဲ ...

နိုင်ငံရေး မရှိတဲ့ မွေးမြုရေးငါးတွေပါ ခင်ဗျာ။

ချမ်းညီချို
08-05-2010
အပိုင်းအစများ
မောင်ချောနွယ် - "မောင်ချောနွယ် အတု" ကဗျာများ။

နင်ဟာ လရောင်

+++ နင်ဟာ လရောင် +++

ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရိစ္ဆေဒတွေ
လရိပ်တွေ မနိုးမခြင်း စောင့်နေရ။

အဖြုအမည်းလား၊ ရောင်စုံလားတောင်
မကွဲပြားတဲ့ အိပ်မက်ထဲ၊
မွှေးပျံ့နေတဲ့အရာ ဒါဘာလဲ၊ ဘယ်သူပြောမလဲ။

ဟောဒီမှာ
ချစ်ခြင်းစကား ဖွင့်ဟတဲ့၊ မျက်လုံးလေးကိုတောင်
မမြင်ရလေအောင် မှောင်မဲ၊
ငါ့ လရောင် ခိုးသွားတာဘယ်သူလဲ။

ဒါနဲ့များတောင် (ငါဆိုတဲ့ကောင်က)
ကြယ်စုံလစုံနဲ့ ရင်ခုန်ချင်သေးသတဲ့။

အဲလို ...

ရူးရူးမူးမူး ဆုတောင်းလိုက်လည်း
သစ်ရွက်လို လွယ်လွယ်ကြွေဖို့
ကြယ်တွေမှာ ပင်စည်မရှိဘူးတဲ့။

ဒီလိုနဲ့ပဲ မှောင်မှောင်မဲ၊
(ငါလို)
လူတစ်ယောက်ရဲ့ ဦးခေါင်းဟာလည်း၊
အိပ်မက်တွေနဲ့
အက်ကြောင်းထ ကဗျာပါပဲ။

ချမ်းညီချို
08-05-2010

အပိုင်းအစများ
မောင်သိန်းဇော် - ရှုမျှော်ခင်း ကဗျာများ။

ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝထ္ထု နှင့် အခြားဝထ္ထုတိုများ (၄)

+++ ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝထ္ထု နှင့် အခြားဝထ္ထုတိုများ (၄) +++

အဲဒါ အသစ်မဟုတ်ပဲ နေရောင်နဲ့ ပြန်သထားတဲ့ နေ့တစ်နေ့မှာပါ။

တကယ်တမ်းတော့ စိတ်ရဲ့ အသုံးစရိတ် စာရင်းကိုပြလို့ ခရီးစဉ်တစ်ခုတောင်းယူခဲ့ခြင်းဖြစ်ပြီး ခင့်ဘက်သို့ မျက်နှာမူ၍ အသက်ရှုတဲ့အခါ နေလုံးနီနီက ပြုံး၍ ကြည့်ပါတယ်။

နေလုံးနီနီရေ
ကျွန်တော်အထူး ကျေးဇူးတင်ပါတယ်
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ ကိုယ်ထည်လှလှကို
အထင်းသား ကျွန်တော်မြင်တွေ့ခွင့်ရလို့။

လေကောင်း လေသန့်တွေ၊ ပန်းခင်းတွေ၊ နှင်းစက်တွေနဲ့ မြို့ကလေးတွေ၊ အားလုံး ဒီနေရာမှာ။ ဒီနေရာလေးဟာ တကယ်တော့ ကဗျာရေးဖို့ မကောင်းပါဘူး၊ မွှေးရနံ့တွေကိုသာ ဒီအတိုင်း ငေးကြည့်နေဖို့ ကောင်းပါတယ်။

ကျွန်တော် အရူးအမူးဖြစ်ခဲ့တာကလည်း အိပ်မက်ထဲက မွှေးမြတဲ့ နားရွက်ကလေး တစ်ဖက်ပါပဲ။

အဲဒီနေ့က ခင်ဆိုပြီး ရင်တုန်လာလို့ လက်ကလေးနဲ့ ဖိထားရတယ်။

အဲဒီနေ့က ခင်ဆိုပြီး ခေါင်းမူးလာလို့ ငြိမ်ငြိမ်လေး ထိုင်နေရတယ်။

အဲဒီနေ့က တစ်ယောက်တည်း သစ်ပင်အောက်မှာ ထိုင်နေတုန်း ကျွန်တော့်နံဘေးကို သစ်ရွက်လေးတစ်ရွက် (ဖြုတ်ကနဲ) ကြွေကျလာလို့ ပြာပြာသလဲ ဒီနေမှာ လူရှိတယ်လို့တောင် ပြောလိုက်မိပါတယ် ခင်။

ကောင်းကင်မှာ ကျပ်ကျပ်တည်းတည်း ပျံသန်းသွားတဲ့ ငှက်တစ်အုပ်ကို အခွင့်ကောင်းယူပြီး ကျွန်တော် ထွက်ပြေးလွတ်မြောက်သွားချင်ပါတယ်။ ဘယ်က လာသည်မသိ၊ ဘယ်ကို သွားမည်မသိ၊ ဘာငှက်တွေဟူ၍လည်း သိစရာ မလိုပါ။

ကျွန်တော် လူမှန်းသိလာသော်လည်း ဘာလူမှန်းမသိပဲဖြစ်နေတတ်သောကြောင့် အဲဒီငှက်တွေကိုလည်း ဘာငှက်မှန်း မသိခြင်းဟာ အပြစ်တင်စရာ ကိစ္စတစ်ခုမဟုတ်ဘူးလို့ ထင်ပါတယ်။

အဲဒီ မသိမှု၌ပင်လျှင် ကျွန်တော်ဟာ စိတ်ရဲ့ တောင်ပံများကို ဖြန့်လို့ ခင့်ဆီကို ပျံသန်းနေပါတယ်။

ကျွန်တော် ခင့်ကို လွမ်းပါတယ်။ ကျွန်တော် ခင့်ဘက်ကို မျက်နှာမူပြီး အသက်ရှုနေပါတယ်။

နှလုံးသားတစ်ရပ်စာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တော့ ..

မီးကို စတင် တွေ့ရှိသူဟာ ကျွန်တော် ဖြစ်နေလေရဲ့။

အဲဒါ အသစ်မဟုတ်ပဲ နေရောင်နဲ့ ပြန်သထားတဲ့ နေ့တစ်နေ့မှာပါ ခင်။

ချမ်းညီချို
06-05-2010
အပိုင်းအစများ
မောင်သိန်းဇော် - ခင်
မောင်သိန်းဇော် - နှင်းရည်စက်လက်
မောင်သိန်းဇော် - အပူသည်
ချမ်းညီချို - ခင်

အပြာရောင် ဂြိုဟ်သားများ (၁၀)/အိပ်မက်

+++ အပြာရောင် ဂြိုဟ်သားများ (၁၀)/အိပ်မက် +++

အခုတလောမှာ ကြယ်လေးတွေလည်း
ငါ့ရင်ကို ထိအောင် မလင်းကြဘူး
ဪ သူတို့မှာ သံစဉ်မှ မရှိကြတော့ပဲကိုး။

အခုတလောမှာ ဆောင်းကလည်း
ငါ့ရင်ကို ရွှဲရွှဲစိုအောင် မအေးမြဘူး
ငိုသံတစ်ဝက် ရယ်တစ်ဝက်နဲ့
ဆောင်းအိပ်မက်တွေ ခါးလွန်းလို့တဲ့။

အခုတလောမှာ သီချင်းတွေကလည်း
ငါ့ရင်ကို မပျော်မြူးစေဘူး
အလေ့ကျပေါက်တဲ့ ဒီရုပ်ရည်လေးနဲ့
အသည်းကွဲနေရလို့တဲ့။

အသစ်တဖန် ဖြစ်မြဲဖြစ်နေပြန်တဲ့
နေ့ရက်တွေအကြောင်း မေးကြည့်တော့

မောင်သိန်းဇော်က

"လောကကို ရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်း ကွယ်ပြီ.." တဲ့။

မပြောရဲတော့ပါဘူး အိပ်မက်ရယ်
နှင်းတစ်ဝက် မြူတစ်ဝက်နဲ့
သံသရာ အဆက်ဆက် မှုန်ဝါးအောင်
မင်း သိပ်လှတာပဲလို့။.

ချမ်းညီချို
05-05-2010

ညစာ

+++ ညစာ +++

ညက မျက်လုံးကြီး ဟောင်းလောင်းပွင့်နေတုန်း

ကြယ်တွေလည်း အစာရှာထွက်ချိန်

လှိုင်းထနေတဲ့ လရောင်အောက်

ဇီးကွက်မျက်လုံး တစ်စုံနဲ့

ဓာတ်ကြီးလေးပါး ဒန်းကိုစီးလို့

ကြေးစည်သံ အပြည့်နဲ့ ညမှာ

သားကောင်ဟာ ဖြတ်အပြေး

ဝမ်းသာအားရ လျှောတိုက်ဆင်းခဲ့တယ်

ဟောဒီ
အမှောင်နက်နက် တွင်းဝများဆီ ...။

ချမ်းညီချို
05-05-2010

အပြာရောင် ဂြိုဟ်သားများ (၉)

+++ အပြာရောင် ဂြိုဟ်သားများ (၉) +++

ဖြစ်တတ်နေလိုက်ပုံများတော့
ရေစုန်မှာ အလျားသင့် မျောနေတာ
သောင်နဲ့တိုက်မှ လန့်ပြီး
သဲတွေနဲ့ ပက်ရတာမျိုး။

ဖြစ်တတ်နေလိုက်ပုံများတော့
အပြစ်တင်မှု ဖြစ်လာတိုင်း "လူ" တစ်ယောက်တော့
အနည်းဆုံး လိုအပ်နေသလိုလေ။

ဟုတ်တယ်၊ သူများကို အပြစ်တင်ချင်တဲ့ "ငါ"တော့ လိုတာပဲ။

ဖြစ်တတ်နေလိုက်ပုံများတော့
ကိုယ် မဖတ်ချင်တဲ့ စာကြောင်းက
ကိုယ့်/ဒီ စာကြောင်းရဲ့ နောက်မှာ။

ဘာလုပ်ရင် ကောင်းမလဲ။

ဤ နေရာတွင် ထိုင်းမှိုင်းရတယ်
ဤ နေရာတွင် တွေဝေရတယ်
ဤ နေရာမှ မည်သည့်နေရာကိုမှ မရောက်။

ဤ နေရာတွင်
ဘာလုပ်ရင် ကောင်းမလဲ။

ချမ်းညီချို
05-05-2010

မျက်နှာ

+++ မျက်နှာ +++

မနေ့ က မျက်နှာ မသစ်ဘူး
ဒီနေ့ လည်း မျက်နှာ မသစ်ဘူး
မနက်ဖြန်ဆိုရင်ကော ...။

အချိန်တိုင်း အသစ်ဖြစ်နေတဲ့ လောကကြီးထဲမှာ
ကျွန်တော် မျက်နှာ မသစ်ဘူး။

ကျွန်တော့်မျက်နှာ မသစ်ဘူး။

ချမ်းညီချို
02-05-2010

အပြာရောင် ဂြိုဟ်သားများ (၈)

+++ အပြာရောင် ဂြိုဟ်သားများ (၈) +++

ဒီလိုအချိန်မှာ
အားလုံးက ကသုတ်ကယက်
ဖြစ်လာတဲ့ စက္ကန့်အတွင်းမှာ မောင်းတင်
ဖြစ်လာတဲ့ စက္ကန့်အတွင်းမှာ မောင်းဖြုတ်
ချစ်လှစွာသော ပန်းကလေးတွေက အစ
ခပ်မြန်မြန် နမ်းရှုံ့ဖို့ အားထုတ်ရတယ်။

ဆိုသောကြောင့်
ပစ္စုပ္ပန်ကို တည့်တည့်ရှု၊ မောင်းဖြုတ်
ဖြစ်လာတဲ့ စက္ကန့်ကလေးကို ထိတောင်ပစ်ဖို့။

ဖြစ်နိုင်ရင်
ကုသိုလ်စိတ်ကို ရွှေနဲ့ကြုတ်၊ မောင်းဖြုတ်
မြင့်မြတ်သော ဘုံဘဝ သို့အရောက်
ခြေတစ်လှမ်းစာ နောက်မကျစေဖို့။


ချမ်းညီချို
02-05-2010

ရှက်လိုက်တာ

+++ ရှက်လိုက်တာ +++

ရှက်လိုက်တာ
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်ခဲ့ရတယ်။

အငိုတိတ်စေတဲ့
ရင်ခွင်နဲ့ မေတ္တာတရားအတွက်
ကျေးဇူးမဆပ်နိုင်ခြင်းပဲ ကျန်တယ်။

ကျွေးမွေးသုတ်သင်ခဲ့တဲ့
လက်ချောင်းတွေအတွက်
တစ်ရှိုက်မှ မနမ်းနိုင်ခြင်းပဲကျန်တယ်။

နေမကောင်းတိုင်း ချော့တိုက်ခဲ့တဲ့ ဆေးခါးတွေအတွက်
နောင်တခါးခါးတွေပဲ ကျန်တယ်။

ချွေးတွေနဲ့ စိုစိုရွှဲ အိပ်ရာက လန့်နိုးတိုင်း
ပွေ့ဖက်သိပ်တတ်တဲ့ မျက်နှာတစ်ခုအတွက်
ငါ့မှာ
မျက်နှာပူပူ တစ်ခုပဲ ကျန်တယ်။

ရှက်လိုက်တာ။

ဟောဒီမှာ
တယုတယ တိုက်ခဲ့တဲ့ ဆန်ပြုတ်ချိုင့်လေးလောက်မှ
ဇောက်မနက်တဲ့ကောင် တစ်ကောင် ကျန်တယ်။

ချမ်းညီချို
25-04-2010

ဖြစ်နေကျ အချစ်ပုံစံ (၁၀)

+++ ဖြစ်နေကျ အချစ်ပုံစံ (၁၀) +++

အချစ်တဲ့။

ရည်ရွယ်ချက် မရှိလဲ
လက်တွဲလို့ လျှောက်ခဲ့ဖူးတယ်။

အလှတရားကို မျက်လုံးနဲ့ပဲ ခံစား
ဟောင်းလောင်းဖြစ်တဲ့/မယ့်
အစာအိမ်တွေအကြောင်းလည်း
မေ့မေ့ပျောက်ပျောက်ပဲ။

ဒီလိုနဲ့
သံယောဇဉ်တွေကို သားဆက်ခြား
ဈေးကြီးပေး အကြွေးစနစ်နဲ့
ဝယ်ယူပြီးကာမှ
ကျွဲပခုံးနဲ့ ကျားကန်ထားရတာလည်း
အချစ်ပါပဲ ... တဲ့။

ဟုတ်တယ်
နည်းနည်းပါးပါးပဲဖြစ်ဖြစ် (ငါတို့) ပျော်ခဲ့ရဖူးတယ်။

ချမ်းညီချို
23-04-2010

ဘဝ လက်ဆွဲကျကျမ်းကြီး (၁)

+++ ဘဝ လက်ဆွဲကျကျမ်းကြီး (၁) +++



ရေစုန်မျှော
ပင်ပန်းတယ်ဆိုရင်
ရေသာခို။

ချမ်းညီချို
22-04-2010

ဖြစ်သမျှ အကြောင်း အကောင်း

+++ ဖြစ်သမျှ အကြောင်း အကောင်း +++

ထောင်ဖမ်းတဲ့ ယုန်က
တောင်ဘက်ကို ပြေးသွားတုန်း
ခွေးက မြောက်ဘက်ကို လိုက်တော့
ဟာ သွားပါပြီလို့ ထင်လိုက်တာ
ဘယ်ဟုတ်မလဲ ငနဲသားက
ကြောင်တစ်ကောင် မိပြီး
ပြန်လာတယ်လေ...။


ချမ်းညီချို
22-04-2010


"ယုန်တောင်ပြေး ခွေးမြောက်လိုက်" နှင့် "ယုန်ထောင် ကြောင်မိ" သည် ရှေးလူကြီးများ၏ ပါးစပ်မှ ထွက်ကျခဲ့သော စကားပုံများ ဖြစ်ပြီး ကျွန်တော်ပိုင် အတွေးအခေါ်များ မဟုတ်ပါ။

ကမ္ဘာချိုချို အရသာချို

+++ ကမ္ဘာချိုချို အရသာချို +++

သီချင်း ကောင်းကောင်းလေး တစ်ပုဒ် နားထောင်။
လိုက်ကချင်ရင်လည်း ကလိုက်ပေါ့။
အနည်းဆုံး ပခုံးလေးလောက် ဖြစ်ဖြစ်
တွန့်လိုက်တာမျိုး။

ကဗျာ ချိုချိုလေး တစ်ပုဒ်ရေး။
လိုက်ရွတ်ချင်ရင်လည်း ရွတ်ပေါ့။
အနည်းဆုံး မျက်ခုံးလေးလောက် ဖြစ်ဖြစ်
တွန့်လိုက်တာမျိုး။

ဆေး ကောင်းကောင်းလေး တစ်ဆုံဖွာ။
အငွေ့ပျောက် ရိုက်ချင်လည်း ရိုက်ပေါ့။
အနည်းဆုံး သွေးကြောထဲက ဖြစ်ဖြစ်
အရသာ ခံလိုက်တာမျိုး။

ကိုယ်ကြားချင်တဲ့ အသံပိုင်ရှင်ဆီ ဖုန်းဆက်။
ဘာကိစ္စမှ မရှိလည်း ဒီလိုပဲပေါ့။
အနည်းဆုံး နားထဲက ဖြစ်ဖြစ်
ပွတ်သပ်ထိတွေ့ ခံလိုက်ရတာမျိုး။

ရယ်စရာ ကာတွန်းလေးတွေ ဖတ်။
ခွက်ထိုးခွက်လန်ချင်လည်း လန်ပေါ့။
အနည်းဆုံး မျက်ကြည်လွှာလောက်တော့
ရေဆေး ချ လိုက်မိသလိုမျိုး။

အဆုံးသတ်တော့
ကိုယ့်ကိုပျော်စေတဲ့ဟာ ကိုယ်လုပ်
ဘဝကို သကြားလုံးလို စုပ်နေခဲ့တာမျိုး။

ချမ်းညီချို
20-04-2010

သတိ - လေတိုက်သည်

+++ သတိ - လေတိုက်သည် +++

အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။ ဟိုးအရင်တုန်းကတော့ သူရဲကြီးကောင်းကြီး တစ်ယောက်ရဲ့ ရုပ်ထုလို့ ထင်ရတာ။ တစ်ချို့လူတွေကတော့ ဒါ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပါတဲ့။ တစ်ချို့လူတွေကတော့ ဒီအရုပ်ကြီးက လူတွေကို စီးပွါးတိုးတက်အောင် ကူညီမစပေးတဲ့ နတ်ရုပ်ကြီးလို့ ထင်နေတယ်။

အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။ အဘိုး အဖွားတွေကတော့ ဒါ စစ်သူရဲကောင်းကြီးတဲ့။ ဘယ်တိုက်ပွဲမှာ ဘယ်လို တိုက်ခဲ့တာ၊ ဘယ်တိုက်ပွဲမှာ ဘယ်လို လူတွေကို ကာကွယ်ခဲ့တာ စသည်ဖြင့် ပုံပြင် ဇာတ်လမ်းတွေလည်း ရှိလေရဲ့။ ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။

ကျွန်တော့် ဦးလေးတွေ အဒေါ်တွေကတော့ ဒီအရုပ်ကြီးဟာ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပါတဲ့။ ဒီက လူတွေကို လူမှုကျင့်ဝတ်တွေနဲ့၊ စုပေါင်းစွမ်းအား ဆိုတာမျိုးတွေ သင်ပေးသွားခဲ့တယ် ဆိုပဲ။ ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။ ပြီးတော့ အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။

ကျွန်တော့် အစ်မကတော့ ဒီအရုပ်ကြီးက လူတွေကို စီးပွါးတိုးတက်အောင် ကူညီမစပေးတဲ့ နတ်ရုပ်ကြီးလို့ ထင်နေတယ်။ ဒီလို ထင်တာ သူတစ်ယောက်တည်း မဟုတ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအရုပ်ကြီးရဲ့ ခြေရင်းမှာ ပန်းတွေ၊ ထမင်းတွေ၊ ကောင်ညင်းဖြု/ဝါ တွေ အမြဲတွေ့တွေ့နေရတော့ နတ်ရုပ်လို့ ထင်တဲ့ သူတွေ တော်တော်များများ ရှိလို့ပဲ ဖြစ်ရမယ်။ ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။ ဒီလိုနဲ့ပဲ အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများတော့ ဒီအရုပ်ကြီးက တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာ။

တစ်နေ့မှာတော့ ထူးထူးဆန်းဆန်း အရုပ်ကြီးရဲ့ ခေါင်း ဘယ်ကို ရောက်သွားမှန်း မသိဘူး။ ဘာခေါင်းတပ်ပေးရင် ကောင်းမလည်း လူတွေ ဆွေးနွေးကြတာလည်း မအောင်မြင်ဘူး။ သူရဲကောင်းကြီးက တစ်ဖွဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်ကြီးက တစ်ဖွဲ့၊ စီးပွါးတိုးတက်အောင် ကူညီမစပေးတဲ့ နတ်က တစ်ဖွဲ့နဲ့။

ဒါပေမယ့်လည်း ဒီအကြောင်းတွေက ဘယ်စာအုပ်ထဲမှာမှ ရှာမရ၊ ဘယ် စာကြည့်တိုက်မှာမှ စာတမ်းပြုမထားဆိုတော့ အမှန်လို့ ယူဆရ အခက်သား။ ဒီလိုနဲ့ပဲ အချိန်ကြာလာသည်နှင့်အမျှ လေတိုက်စားခြင်းခံရပါများပြီး အရုပ်ကြီးကတော့ ဒီလိုပဲ တဖြေးဖြေးနဲ့ ပြောင်းလို့လာနေတာပါပဲ။

ချမ်းညီချို
18-04-2010

အပြာရောင် ဂြိုလ်သားများ (၇)

+++ အပြာရောင် ဂြိုလ်သားများ (၇) +++

ထုံးစံအတိုင်း
သိက္ခာတရား ထရံပေါက်ကြီးနဲ့
ပျောက်သွားတဲ့ ခါးဝတ်ပုဆိုးရှာဖို့ ဆိုပြီး

ဘာမှ မရှိတဲ့ ဟောဒီ မျှော်လင့်ချက်
လှေကားအတိုင်း တက်လာခဲ့တာ
ဓာတ်ကြီးလေးပါး အော်ပရာ တင်ဆက်နေတဲ့
လောကကြီးကို ငေးကြည့်နေမိတာနဲ့ပဲ
ဘယ်မှ မရောက်သေးဘူး။

အဆုံးမှာ ဘာရှိမှန်း မသိပဲ လျှောက်နေတဲ့ကြိုးတန်းလို
လှေကားထိပ်ကို မော့ကြည့်လိုက်တော့မှ
အဲဒီ ကောင်းကင်က အပ်တစ်ချောင်း
မျက်လုံးထဲ တည့်တည့် စိုက်ဝင်သွားခဲ့တယ်။

တကယ်ဆို
သမုဒ္ဒရာထဲက အပ်တစ်ချောင်းကို လိုက်ရှာနေခဲ့သင့်တာပါ။

ဒီလိုနဲ့ပဲ (ငါ့မှာ)
"စိတ်ကန်း" ခဲ့ ရတယ် ...။

နေ့ရဲ့ အရောင်ဟာလည်း ခုဆို အမှောင်ပေါ့ ... ။

ချမ်းညီချို
15-04-2010

အပြာရောင် ဂြိုဟ်သားများ (၆)

+++ အပြာရောင် ဂြိုဟ်သားများ (၆) +++

ဒီလိုပါပဲ
"ဖြစ်ချင်တဲ့ ဆန္ဒ" ဆိုတာကြီးများ
ဇာတ်ဝင်ခန်း ရောက်လာပြီဟေ့ဆိုရင်
ဘဝဟာ
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်
အာမခံချက် မရှိတော့ဘူး။

ဒီလိုပါပဲ
ငေးကြည့်မိရာက
ပြတင်းပေါက် မဟုတ်ပဲ
ပိတ်ကားဖြစ်နေမှတော့
(ဘဝဟာ)
ရုပ်ရှင်လိုပဲ ကြည့်နေရတော့တာပေါ့။

အဲသလိုနဲ့
ဟာလာဟင်းလင်း ဝမ်းနည်းမြို့ကြီး မှာ
အသုံးမဝင်တော့တဲ့ ဇာတ်ဝင် အဝတ်အစားပုံကြီးအတွင်း
အတွေးအခေါ်ကျမ်းတွေကို ဆွဲထုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့ သုတ်ပြီးပဲ ထိုင်နေလိုက်မယ်။

တကယ်ဆို
အရုပ်သေနတ်နဲ့ပဲဖြစ်ဖြစ်
ငါတို့ကိုယ် ငါတို့
ဇာတ်သိမ်းကြည့်ဖူးခဲ့ရမှာ

အဲဒီ
"ဖြစ်ချင်တဲ့ ဆန္ဒ" ဇာတ်ဝင်ခန်းကြီးကို
မကြည့်ရအောင်လို့လေ။

ချမ်းညီချို
05-04-2010

အစရှိသည်များနှင့် ဒီလို လူမျိုးတွေ အကြောင်း

... အစရှိသည်များနှင့် ဒီလို လူမျိုးတွေ အကြောင်း ++

စကားလုံးများဖြင့် မြို့တည်၍ မြို့ထဲတွင် လှည့်လည်သွားလာခြင်း ယဉ်ကျေးမှု ထွန်းကားခဲ့သည်မှာ ၁၅ မိနစ်တိတိ ရှိပြီ ဖြစ်သော်လည်း နံနက်ခင်းက မည်သည့်ဝါကျကိုမှ သယ်ဆောင်လာခြင်း မရှိသောကြောင့် နောက်တစ်နေ့တွင် ကျွန်တော်နှင့် အငြင်းပွါးရန်အတွက် သူတို့ရောက်ရှိလာဦးမည်ဖြစ်ကြောင်း ကျွန်တော်သိနေပါသည်။

ကြီးကျယ်ခမ်းနားသော စကားလုံးများကြားတွင် အဓိပ္ပာယ်သည် ပျောက်ဆုံးနေခဲ့ပြီး ကျွန်တော့်ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထုနှင့် ဝတ္ထုတိုလီမုတ်စများအတွက် သဲလွန်စ တစ်စုံတစ်ရာ ရှာဖွေ မရရှိခဲ့ခြင်းမှာ မေ့ဉာဏ် ကောင်းခြင်းသည် ပျော်ရွှင်မှုကို အထောက်အကူ ဖြစ်စေသည်ဟူသော ကျန်းမာရေးဆရာဝန်များ၏ အဆိုကို ထောက်ခံရာ ရောက်သောကြောင့် လမ်းမီးများ မပိတ်သေးသော်လည်း နေမှာ ထွက်ပြူလာခဲ့ပြီ ဖြစ်ခြင်းတွင် တစ်စုံတစ်ရာ ဆက်သွယ်နေမှု မရှိသည်မှာ မှန်ကန်သော်လည်း နေထွက်ပြူလာခြင်း မရှိသေးသဖြင့် လမ်းမီးများ မပိတ်ခဲ့သေး ဆိုလျှင်မူ ဆက်သွယ်မှု တစ်စုံတစ်ရာ ရှိမည်လောဆိုသည်ကို စဉ်းစားရန် အချိန်ကျရောက်လို့လာပါပြီ။

ထို့ကြောင့် သင့်ထံ၌ တရားထူးများရှိလျှင် ကျွန်တော့်အား ဟောကြားစေလိုပြီး နှစ်နှစ်လီမှာ လေးဖြစ်နေဆဲ ဖြစ်ပါက ကျွန်တော်ကတော့ သေရည်ဆိုင်တွေဆီ လှည့်လည်နေလိုက်ဦးမည်ဖြစ်ကြောင်းသည် မိုးစက်မိုးပေါက်ကလေးများကို ကျွန်တော်က နှင်းပွင့်ကလေးများဟု မည်သည့်အခါကမှ မခေါ်ခဲ့ဘူးခြင်းနှင့် တိုက်ရိုက် အချိုးကျပါသည်။

ချမ်းညီချို
02-04-2010
အပိုင်းအစများ။
နေမျိုး
မြင့်သန်း
ချမ်းညီချို

သိသလောက်

+++ သိသလောက် +++

သိသလောက်က ..
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့ သူသာ ဖြစ်တယ်။

သိသလောက်က ..
"အချစ်" ဆိုတာကြီးကိုများ
နားလည်အောင် ကြိုးစားပြီဟေ့ ဆိုရင် ..

သိသလောက်က ..
အချစ်ဆိုတဲ့ စကားလုံးကို
ရေးတတ်ဖတ်တတ်ရုံလေး။

သိသလောက်က ..
ဝဋ်နာကံနာ တစ်ခုလို ချစ်နေခဲ့မိတာ။

သိသလောက်က ..
ငါတို့ လူ့အဖြစ်ဟာ စကြဝဠာထဲမှာ
အမှုန်တစ်ခုလို သေးငယ်နေတာတောင်မှ
နာကျင်နေတဲ့ နှလုံးသားတစ်ခုကို
အလွယ်တကူရှာဖွေလို့ တွေ့နိုင်တယ်ဆိုတာ
သိသလောက်ပါပဲလေ။ ..

ချမ်းညီချို
01-04-2010

ငွေဆိပ်သင့်သူ

+++ ငွေဆိပ်သင့်သူ +++

ငွေစက္ကူသုံးရွက် အဖတ်တင်လိုက်တယ်
တစ်ညလုံး လောင်မြိုက်ခဲ့ရသမျှ
ဒါပဲ ဖြစ်တဲ့အတိုင်း။

အမေ့ကို ဆေးကုဖို့
အဆီပြန်နေတဲ့ မျက်နှာတွေနဲ့
ဆေးလိပ်နံ့တွေကို မေ့ပြစ်ဖို့ ဆိုပြီး
ခေါ်ဆောင်ရာ ပြန်ချထားခဲ့ရာ
အတူတူပဲ ဖြစ်တဲ့အတိုင်း
လျှောက်လို့ ပြန်လာတယ်။

မနက် မိုးလင်းတော့
သူမကို တွေ့ကြရတယ်။

သေနှင့်ပြီးသား ဖြစ်နေတဲ့
အမေ့ကို ဖက်လို့
ညက အမြည်းတွေ တက်နင်းမိခဲ့တဲ့
သူမရဲ့ ခြေထောက်ကို
ကြွက်တွေကလည်း ကိုက်လို့ ... ။

ချမ်းညီချို
31-03-2010

အပြာရောင် ဂြိုလ်သားများ (၅)

+++ အပြာရောင် ဂြိုလ်သားများ (၅) +++

ဒီလိုပါပဲ
ဘယ်သူ့ကို အပြစ်တင်ရမှန်းလည်း မသိဘူး...။

ရောက်လာကတည်းက ဘယ်သူ ပို့လိုက်မှန်း မသိတော့
လိပ်စာ မရှိတဲ့ အပြန်ခရီးကလည်း ဝေးသည်ပေါ့။
ဒါဆို
လူတစ်ယောက် ရပ်နေရင်း ပိန်ချိုင့်သွားတာ
ကြမ်းပြင်ပေါ် ကျကွဲသွားတာ
ဖုန်ငွေ့အဖြစ် လွင့်စင် ပျောက်ကွယ်သွားတာဟာ
ဘာမှ မထူးဆန်းဘူး။
ဒီလိုနဲ့ပဲ
အသည်းကွဲ ခေါင်းစဉ်တွေ နေ့တဓူဝ ဖတ်နေရ
ရေဒီယိုက စိတ်ကူးယဉ် စစ်ပွဲသတင်းတွေ နားထောင်ရ
သမုဒ္ဒရာဝမ်းတစ်ထွာကြား လက်ပစ်ကူးနေရနဲ့။

ဒီလိုပါပဲ
အကောင်ဟာ အထည် မပေါ်သေးဘူး...။

ချမ်းညီချို
29-03-2010

မျက်ကပ်မှန်

+++ တောင်တွေးမြောက်တွေး၊ တောင်ခြစ်မြောက်ခြစ် (မျက်ကပ်မှန်) +++

နောက်နှစ်ကစပြီး အချစ်ဆိုတာကြီးကို သိပံ္ပနည်းကျ စစ်ဆေးခွဲခြားလို့ ရတော့မယ်တဲ့။ အလို ... တယ်ဆိုတဲ့ စာပါလား။ ဒါမျိုးဆို စိတ်ဝင်စားလိုက်သမှ ဟိုးဘက်ကို လွန်တောင် လွန်သေး။

ဖြေရှင်းချက်က မုသားဖော်စက်ကို သုံးမယ်ဆိုပဲ။ မုသားဖော်စက်ဆိုတော့ မျက်လုံးထဲမှာ ရန်ကုန်က မီးအားမြှင့်စက်လို သံသေတ္တာ ခပ်ကြီးကြီး၊ ကြိုးတွေ အများကြီးနဲ့ စက်ကြီးကို ပြေးမြင်မိသွားလား။

မဟုတ်ဘူး...။

မျက်ကပ်မှန်လို သေးသေး ဖလင် အပြားလေးပဲ။ အဲဒီ အပြားလေးကပဲ အသံကို ဖမ်းပြီးတော့ စစ်၊ အဖြေကို ထုတ်ပေး။ ဒါမျိုးလုပ်မှာ။ ကောင်လေးက "ချစ်တယ်" ပြောလိုက်ရင် ကောင်လေးရဲ့ အသံလှိုင်းပေါ် မူတည်ပြီး တကယ်ချစ်လား၊ မချစ်လား ဆိုတဲ့အဖြေကို ကောင်မလေးက သူ့ရဲ့ မျက်ကပ်မှန်ထဲမှာ တိတ်တိတ်ကလေး မြင်ရမယ်။ (ပြန်ချစ်တာ မချစ်တာကတော့ ကောင်မလေး အလုပ်ပေါ့။)

အဲ ... ကောင်မလေးက "ချစ်ပါတယ်" လို့ ပြန်ဖြေရင်လည်း ကောင်လေးက မုသားဖော် မျက်ကပ်မှန် ရှိရင်တော့ သတိသာ ထားပေတော့။ တကယ် မချစ်ပဲနဲ့ ပြန်ဖြေရင်တော့ ကောင်လေးကလည်း ဒါကို သိမှာပဲ။ ဒါက အပေါဆုံး မျက်ကပ်မှန် အမျိုးအစားပေါ့။

ပိုဈေးကြီးတဲ့ဟာတွေကျတော့ "ချစ်တယ်" ပြောရင် ဒီစကားဟာ ဘယ်လောက်အထိ မှန်သလဲဆိုတာကို တိုင်းပေးနိုင်တယ်တဲ့။ (နည်းနည်း ချစ်သလား၊ များများချစ်သလား၊ ကလိရုံလောက် ချစ်သလား စသည်ဖြင့်) ဒါတောင် နည်းပညာက မတိုးတတ်သေးလို့၊ ဒီမျက်ကပ်မှန်လေးက မှတ်ဉာဏ် အများကြီး မသိမ်းဆည်းနိုင်သေးလို့။

နောက်လာမယ့် အမျိုးအစားတွေကျရင် "ချစ်တယ်" ဆိုတဲ့ စကားလုံးတင် မဟုတ်ဘူး၊ ပြောသမျှ အကုန် ဟုတ် မဟုတ် စစ်ပေးနိုင်တော့မှာတဲ့။ ဒါဆို လူတွေ လိမ်လို့ညာလို့ မရတော့ဘူး ဆိုတဲ့ သဘော။ အကုသိုလ်စိတ်တွေ လျှော့နည်းလာမယ့် သဘောပေါ့။

ဆွံ့အ စကားမပြောနိုင်တဲ့ သူတွေအတွက် ဒါဟာ ပြသာနာပဲ။

ဟုတ်ချင် မှလည်း ဟုတ်မယ်။

ဘာလို့လည်းဆိုတော့ သူတို့က စကားမပြောချင်တော့တဲ့သူတွေကို သူတို့တတ်တဲ့ ခြေဟန် လက်ဟန်နဲ့ စကားပြောနည်း သင်တန်းတွေဖွင့်ပြီး ကြီးပွါးနေလို့လေ။

အင်း ... သူ့နည်း သူ့ဟန်နဲ့ သူတော့ ဟုတ်နေသားပဲ။

ချမ်းညီချို
23-03-2010

Sunday 25 July 2010

အပြာရောင် ဂြိုလ်သားများ(၄)

+++ အပြာရောင် ဂြိုလ်သားများ(၄) +++

ကြည့်လေ...။

လောကကြီးက စိမ်းစိုဆဲမှာ
ဒဿနတွေက ညိုးလျှလို့ နေတာ။

ဘဝက
ပွင့်ချပ်တွေ သိမ်းဆည်းထားဆဲ ပန်းလို
အပင်ပေါ်မှာပဲ တွဲလွဲ ငိုက်ခိုလို့ကောင်းတုန်း။

ဟောဒီ မိုးခေါင်ရေရှား အရပ်မှာ
(ငါဟာ)
မေတ္တာတရားနဲ့ ထွန်ချခဲ့မိရာက
ပွင့်လာသမျှက အမှား တော်တော်များများ။

အဲဒါပဲလေ ..
ထွန်ယက်ခဲ့သမျှကိုက
လူတော်တို့၏ ညံ့ကွက်များ ဆိုမှတော့
ဘဝကို ကောင်ညှင်းလိုပေါင်း
ဟောဒီ
ခေါစာတောင်းထဲပဲ ပစ်ထည့်လိုက်ရတော့မယ်။

ချမ်းညီချို
22-03-2010

အပြာရောင် ဂြိုလ်သားများ (၃)

+++ အပြာရောင် ဂြိုလ်သားများ (၃) +++

သိတဲ့ အတိုင်းပါပဲ ...။

ရှိနေတဲ့ မရှိခြင်းတရားကို ရှုမြင်ဖို့
အရမ်း ခဲယဉ်းခဲ့တယ်ဆိုတာမျိုး။

တကယ်ဆို ဒါက
လောက အခြင်းအရာတစ်ခုပေါ့
စိတ်ကူးကိုပဲ ထိမ်းမြားခဲ့မိတာလေ။

ကိုယ်ယုံကြည်ရာ ကိုယ်လုပ်
အဟုတ်ဖြစ်ရမည်ဆိုတာကော ဟုတ်သေးရဲ့လား။

ဒီလိုနဲ့ ..
နိုင်ငံသေးသေးလေးကနေ
စူပါမားကက်နိုင်ငံကြီးကို ရောက်လာလည်း
ကျွန်တော့်မှာ ငတ်လို့နေဆဲ။

လေကို လေနဲ့ မှုတ်တာကမှ လွဲဦးမယ်
ဒီမှာ ငတ်နေတယ် ဆိုတာကတော့ ကျိန်းသေတယ်။

သိတဲ့ အတိုင်းပါပဲ ...။

ချမ်းညီချို
18-03-2010

ချစ်သူလမင်း

+++ ချစ်သူလမင်း +++

သိမ်းပိုက်လို့ထား ...
ပြောက်တိပြောက်ကျား တိမ်တွေကြားက
သမိုင်းစဉ်ဆက် ချစ်သူတို့ရဲ့ အဖော်
ဟောဒီလရောင် အောက်မှာ ...
... ကြည်နူးတယ်။

ချစ်သူနဲ့ ဝေးနေတဲ့ အခါ လမင်းက တစ်ဆင့်မှာတယ်..။

ချစ်သူစိမ်းကားသွားတဲ့ အခါ လမင်းကို တိုင်တည်တယ်..။

ချစ်သူက အနားနား တအား တိုးကပ်လာတဲ့ အခါ
ဟောဒီ လမင်းအား ...
တိမ်ညိုတွေကြား ပုန်းစေသားလို့ ...။

နောက်ဆုံးမှာတော့ ...
... ရှက်စနိုးနဲ့လမင်း
ငါ့ ရင်တစ်ခုလုံးကို လင်းချင်း
ပြတင်းခန်းဆီးတွေ ဖွင့်ရင်းပဲ ...
... အိပ်လိုက်တယ်။

ချမ်းညီချို
17-03-2010

ပျင်းရိညွတ်တွဲ

+++ ပျင်းရိညွတ်တွဲ +++

အခုလို ...
ပျင်းရိအေးစက်နေတဲ့ ညမှာ
လက်ဖဝါးပေါ်က ကြက်ခြေခတ်တွေမြင်မှ
လူပီသမှန်း ပိုသေချာလာပြီး
လက်သီးဆုပ်တယ်ဆိုတာတောင်မှ
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်နေတယ်လို့ ထင်မိမှတော့
သာနေတဲ့ "လ"ကလည်း
တခြမ်းပဲ့ 'လ' ပဲ ဖြစ်နေတော့တယ် ...။

ချမ်းညီချို
15-03-2010

တယ်လီဖုန်း

+++ တယ်လီဖုန်း +++

ဆန်းပြားတဲ့ ဟောဒီ လောကပါပဲ။

လေထဲကနေ ခုန်ချလိုက်
ကြိုးထဲကနေ တွားတက်လိုက်နဲ့...
နီးနီးလေးလို
အဝေးက အသံကိုတောင်ကြားရတယ်။

အနားမှာပဲ ရှိနေသလား
ကပ်ထားတဲ့ ပါးတစ်ဖက်ဟာလည်း
နွေးလို့ကို လာနေတယ်။

ငြင်းလို့မရတဲ့ ဖွင့်ဆိုချက်လို
ရင်ခုန်သံကို မြန်အောင်လုပ်
မမြင်ရတဲ့ လှိုင်းတွေနဲ့တောင်မှ
ဒီရင်ကို ရိုင်းလာအောင် လုပ်တယ်။

အဲဒါပါပဲ
မင်းရယ် ငါရယ် တယ်လီဖုန်းရယ်
နားနှစ်ဖက်ကြားမှာ ကပ်ငြိနေခဲ့ကြပုံများရယ်...။

ကဲ ဘယ်လိုလုပ်မလဲ
ဒီအသံကိုပဲ ထပ် ထပ်ကြားချင်နေပြန်တော့တယ်။

ချမ်းညီချို
12-03-2010

ဖြစ်နေကျ အချစ်ပုံစံ (၉)

+++ ဖြစ်နေကျ အချစ်ပုံစံ (၉) +++

ဒီလိုနဲ့ ဝေးသွားကြတာပါ။

နှစ်ယောက်စလုံး တည်ရှိနေမှုကို သိရဲ့သားနဲ့
အဆက်အဆံ မလုပ်ခဲ့ကြချင်းက စပြီး...

ရင်ခုန်သံကို ဈေးကြီးကြီး ရချင်သူနဲ့
မေတ္တာတရားကို အတွေးခေါင်တတ်သူတို့ရဲ့
ထိပ်တိုက်တွေ့ဆုံပွဲမှာ
အချစ်ဟာ လက်သည်းဆိုးဆေးလို
ဆိုးလွယ် ဖျက်လွယ်ပဲ။

အဲဒါမျိုးက
သံသရာ တစ်ပတ်လည်ပြီးစ
လပြည့်ညနဲ့ ကြုံတော့မှ
ဟောဒီ
နောင်တတွေကို အလွမ်းနဲ့ ဗိုင်းငင်ကြရမှာ...။

ချမ်းညီချို
12-03-2010

အိမ်အပြန်

+++ အိမ်အပြန် +++

တကယ့်ကို ပျော်စရာနေ့ကလေးပါပဲ။

မြူနှင်းတွေ စောစောစီးစီး ကင်းစင်သွားခဲ့တယ်။

ငှက်ကလေးတွေကလည်း သီချင်းအသစ်ကို ထိုးလို့ဆိတ်လို့။

ငါ ခံခဲ့ရတဲ့ သူများတွေရဲ့ မကောင်းမှုမှန်သမျှ မေ့ပျောက်သွားခဲ့ပြီ။

အဆောက်အဦးတွေထဲ နူးညံ့သိမ်မွေ့စိတ် စီးဆင်းလို့။

ဒီလောကကြီးရဲ့ မျက်နှာကို ငါ့ လက်ဖျားတွေနဲ့ ထိတွေ့လို့။

ပိုင်ဆိုင်ချင်တာဆိုလို့ ဘာတစ်ခုမှ မရှိတော့လောက်အောင်ကို
ရှုခင်းတွေ တစ်မျှော်တစ်ခေါ် ငေးမောကြည့်ပြီး
ရှေ့လာမယ့် စိတ်ထဲ
ဟောဒီ ဝေါဟာရအားလုံး ကြိုးတစ်ကုံးထဲနဲ့ သီကုံးလိုက်ပါတယ်။

ချမ်းညီချို
10-03-2010

ရွေးချယ်မှု

+++ ရွေးချယ်မှု +++

လက်ညှိုးထိုးချင်ထိုး
လက်မထောင်ချင်ထောင်
နှစ်ခုစလုံးဆိုရင်တော့ သေနတ်ပဲ။

ချမ်းညီချို
01-03-2010

ဒီလိုနေ့မျိုးတွေ ရှိတယ်

+++ ဒီလိုနေ့မျိုးတွေ ရှိတယ် +++

ကြားဖူးရဲ့ မဟုတ်လား။
သင်္ချိုင်းထဲ ရောက်နေတဲ့ ခြေတစ်ဖက်ကို ပြန်နှုတ်ပြီး
ငါမသေဘူး ရေကူးတတ်တယ်က ပြန်စမယ် ဆိုတာလေ။

သေချင်စော်နံလို့ ရေထချိုးမှ
ပျော်ပွဲ နဲ့ ရွှင်ပွဲ တူပါသလား မေးနေသေးတယ်။

တွေ့ဖူးတယ်ပြောရင်း မမှတ်မိတဲ့ ပါရမီ နဲ့
လေးပါတယ် မပြောသေးတဲ့ မြေကြီး
ဟောဒီမှာ မြေပုံတစ်ခု ချိတ်ပိတ်ပြီး ထားခဲ့တယ်...

မီးကုန်ယမ်းကုန် လွှင့်ချင် လွှင့်ဖို့တဲ့။

ဆန္ဒမဲ့ နေရာတစ်ခုကို ရောက်ချင် ရောက်ဖို့တဲ့
(ဒါမှမဟုတ်)
နေရာတစ်ခုကို ဆန္ဒမဲ့ ရောက်ချင် ရောက်ဖို့တဲ့။

ကျပျောက်သွားတဲ့ ဆေးပေးမီးယူလေး ရှာချင်ရှာဖို့တဲ့။

အဲဒါပါပဲ ဒီနှစ်ကောင်
ကမ်းနဖူးကသစ်ပင်လို သူများတွေ စီးဆင်းတာကိုပဲ
ကြည့်နေချင်ပါတယ်လို့ ပြောတာတောင် မရဘူး။


ချမ်းညီချို
04-03-2010

အပြာရောင် ဂြိုဟ်သားများ (၁)

+++ အပြာရောင် ဂြိုဟ်သားများ (၁) +++

စကားဆိုဖို့ထက် ငြင်းဆိုဖို့ ခက်
ဟောဒီ ငယ်ဘဝ နေ့ရက်များထဲမှာ..။

ဘေးမဲ့ အချိန်တစ်ခုရဲ့...

ဆွေစဉ်မျိုးဆက် အိပ်မက်တွေထဲ
ငါဆိုတဲ့ အကောင်က
အမှောင်တွေပဲ ရ ရနေခဲ့။

နင်က ဒါဖြစ်ရမယ်၊ နင်က ဒါလေ
ဟဲ့ နင်က........

"ဘယ်လိုပဲ ဖြစ်ဖြစ်"

"စိတ်မပူပါနဲ့" ငါ့စကား
တံခါးကြားမှာ ကျန်ခဲ့တယ်။

အဲဒါ
ထွေရာလေးပါးနဲ့ သိပ်မကွာတဲ့
ဓာတ်ကြီးလေးပါးရဲ့ စကားပေါ့။

ပညာ၊ ဂုဏ်၊ ငွေ နဲ့
သင် ရှုနေတဲ့လေဆိုလား မသိပါဘူး။

ဒီလိုနဲ့ပဲ ခေါင်းညိတ်ခဲ့ရ
ဟုတ်ကဲ့ပြော ဆရာခေါ်ခဲ့ရ
မျက်နှာသစ် သွားတိုက်ခဲ့ရ နဲ့
ကြုံမှ မေးရဦးမယ်
ဘယ်သူက စပြီး
အိပ်ရာထရင် မျက်နှာသစ်ရမယ်လို့
ပြောသွားသလည်း ဆိုတာကို...။

ချမ်းညီချို
04-03-2010

အပြာရောင် ဂြိုဟ်သားများ (၂)

++ အပြာရောင် ဂြိုဟ်သားများ (၂) ++

ဒီလိုပဲပါပဲ
ယာယီ အချိန်လေးအောက်မှာ။
မသေသေးတဲ့ သေခြင်းတရားကို
ကျောသပ်ရင်သပ် လုပ်ကြည့်။
ပန်းတွေကို သစ်ကိုင်းပေါ်မှာပဲ ညှိုးနွမ်းခွင့် ပေးကြည့်။
ကွယ်ဝှက်ထားတဲ့ လမ်းတွေမှာ လာဆုံတဲ့
သူငယ်ချင်း ကံကြမ္မာတွေကို ကျေးဇူးတင်ကြည့်။

ဒီလိုပါပဲ
ယာယီ အလေးချိန်အောက်မှာ။
မြေကြီးကို မလေးအောင် ဖွနင်းကြည့်။
ဖိနပ်ကို အသံမထွက်အောင် စီးကြည့်။
ခါးသက်ခါးသီး အမာရွတ်တွေကို ကျက်အောင်ထားကြည့်။

ဒီလိုပါပဲ
ယာယီ အချိန်လေးအောက်မှာ
ယာယီ အလေးချိန်အောက်မှာ
အချိန်ကို ဇိမ်နဲ့ မျိုပြီး
ဟန်ကျနေလိုက်ပုံများဟာ...။

ဒီလိုပါပဲ ခဏတာ။

ချမ်းညီချို
06-03-2010

ဖြစ်နေကျ အချစ်ပုံစံ (၈)

+++ ဖြစ်နေကျ အချစ်ပုံစံ (၈) +++

ဒီလိုနဲ့
တယ်လီဖုန်းသံ ကြားမှ လန့်နိုး
မြားနတ်မောင်က မင်းနာမည်ကို ခိုးသွားတယ်။

ဒီလိုအချိန်မှာ...

ရေကန်က အသင့်ဖြစ်နေပြီလေ..
ကြာတွေက မပွင့်သေးတာပါ။

အရေပြားဆိုတာလည်း အပ်တစ်ထောက်ပဲ
ချွေးပေါက်တွေ အဝမကျယ်ခင်
တစ်ချို့လူတွေ စုဆောင်းကြ...
တစ်ချို့လူတွေ ဆက်လျှောက်ကြ။

မင်းနဲ့ငါ ရေးမယ့်
မနက်ဖြန်ရဲ့ သမိုင်းအကြောင်းလည်း
နှောင်းလူတွေ ပြောပါလိမ့်မယ်။

ငါတို့အလုပ်က ဘယ်သူ့မျက်နှာကိုမှ လျှာနဲ့ရက်ဖို့မဟုတ်
ကော်ဖီသောက်ချိန်တောင် ရသေးတယ်။

အမြဲတမ်း တစ္ဆေလို ခြောက်
အဲ့ဒီ ကံကြမ္မာဆိုတဲ့ အကောင်လည်း
သနားတယ်။

ဒီလိုအချိန်မှာ...။

ချမ်းညီချို
02-03-2010

ရည်းစားဟောင်း

+++ ရည်းစားဟောင်း +++


တစ်နေရာဆီ သွားဖို့
တစ်လှေထဲ စီးခဲ့မိသူတွေပါ။

လစဉ်တိုင်းမှာ ပထမ
အတန်းတင်ကျမှ ခြစ်ချ တဲ့
မေးခွန်းလွှာ တစ်ခု လို...။

(တစ်ချို့လူတွေအတွက်)
တစ်ယောက်တည်း
တိုးတိုးလေးပဲ ညည်းခွင့်ရှိတော့တဲ့
သတိရမှုတစ်ခု။

ဆွဲနှုတ်ကြည့်မှ တအားရှည်မှန်း သိရတဲ့
သံယောဇဉ် နွယ်ပင်တွေနဲ့
ပေါင်းသင်ဖို့ မေ့ခဲ့တဲ့ ဥယျာဉ်ဟောင်း တစ်ခု မှာ..။

ကိုယ့်ဘာသာကိုယ် ပြန်နင်းမိတဲ့ အရိပ်တစ်ခု

စမ်းကြည့်ရင် မခဲသေးတဲ့ မျက်ရည်တစ်စက် နဲ့...

ခေါင်းစဉ်မတပ်ဖူးတဲ့ ပျော်ပွဲစားတစ်ခု ဟာ...။

မြေကြီးနဲ့ တီကောင်လို ရောထွေးခဲ့ကြလည်း..
အဆုံးသတ်မှာတော့
ပုံပြင်ကို ပုံပြင်လိုပဲ
ထားရမယ့် ပုံပြင်တစ်ပုဒ်ပါပဲ။

ချမ်းညီချို
27-02-2010

လမ်းကျဉ်း

+++ လမ်းကျဉ်း +++

အများပြည်သူပိုင်လမ်းထဲ
ကိုယ့်အားကိုယ်ကိုး ဝင်လာပြီးမှ
ချိုးကွေ့ဖို့လည်း လုပ်ရော
ဘဝကြီးတစ်ခုလုံး
တစ်လမ်းမောင်းထဲ ရောက်နေတာတွေ့တော့တယ်။

ငါ့ကိုယ်ငါပဲ ဟွန်းတီး၊ မီးပြ
ထထပြီး ဆဲနေရတော့မယ်..။

အဲဒီကောင်လေ
အဲဒီကောင်
ဘဝမှာ
နောက်ဆုတ်နည်း သင်ဖို့ မေ့ခဲ့တဲ့ အကောင်...။

ချမ်းညီချို
24-01-2010

ဖြစ်နေကျ အချစ်ပုံစံ (၇)

+++ ဖြစ်နေကျ အချစ်ပုံစံ (၇) +++

ကလေးရယ်...
ရင်ခုံသံကိုက
ကိုယ်ပိုင်သံစဉ် စစ်စစ် တစ်ပုဒ်ပေါ့။

စိတ်ထဲက ဆို...
တိုးတိုးလေးပေမယ့် မင်းနဲ့တို့ နှစ်ယောက်ကြားတယ်။

မျက်ဝန်းနှစ်စုံ တီးဝိုင်းက နာမည်မကြီးပေမယ့်
ကိုယ်တို့ လိုက်ဆိုလို့တော့ ဖြစ်နေတာပဲ။

ချစ်တယ် ဆိုတဲ့ နေရာမှာ အသံကို မြှင့်
ရင်ကို ပင့်...ဆို။
ကိုယ်ပိုင်သံစဉ်ဆိုတာ
အသံထွက်မှန်ဖို့က အရေးကြီးတယ် မဟုတ်ပါလား။

အဲဒီ ချစ်တယ် ဆိုတဲ့ နေရာကိုတော့ဖြင့်လေ...။

ချမ်းညီချို
23-02-2010

ကလေးနှင့် ခြံစည်းရိုးများ အကြောင်း

++ ကလေးနှင့် ခြံစည်းရိုးများ အကြောင်း ++

ကလေးတစ်ယောက်လို တဖုန်းဖုန်းလဲကျ
ဘဝဟာ
ခုချိန်ထိ မတ်တတ်ရပ်ဖို့ သင်နေတုန်းပဲ။

စိတ်ကို အလိုလိုက်နည်းဟာ
ဘယ် တက္ကသိုလ်မှာမှ သင်ဖို့ မလိုခဲ့ဘူးလေ။

ဒီလိုနဲ့ပဲ မျှော်လင့်ခြင်းတွေဟာလည်း
မျောလာရင်းမှာပဲ မျှော့ မျှော့လို့ လာနေတာပေါ့။

ယုံကြည်မှူ့ရဲ့ ထောင်ချောက်လည်း
ကြောင်တွေပဲ မိတော့တယ်။

ငါတို့ဟာလည်း
(ခွေးဟောင်တိုင်းတော့ ပြုတ်မကျတဲ့)
ခရုတွေ ပတ်ကျိတွေ ဖြစ်လို့လာနေတယ်။

ကြည့်လေ...
ဟောဒီ ဘဝဟာလည်း
စည်းရိုးတွေ ပေါ်မှာပဲ
တွားသွားလို့ နေဆဲ......။

ချမ်းညီချို
22-02-2010

လန်ဒန်သွား တောလား (၁)

+++ လန်ဒန်သွား တောလား (၁) +++

မနေ့ည ကပေါ့...
အခန်းကျဉ်းကျဉ်းတစ်ခုက
သူ့ရဲ့ မျက်လှည့်သေတ္တာထဲကနေ
အိပ်မက်တွေကို ဆွဲဆွဲထုတ်ပြ။

ငါတို့မှာ
ပန်းသီးတစ်လုံး ဖြစ်သွားလိုက်
ဖဲကြိုး ဝါဝါလေး ဖြစ်သွားလိုက်
ငှက်ဖြူဖြူလေး ဖြစ်သွားလိုက်နဲ့။

အဲဒီမှာ မီးလည်း စရှို့ရော
ကျွမ်းထိုးပြီး ဝင်သွားလိုက်ကြပုံများ
မီးကွင်းဘေးကလူတောင်
လက်ဖြောက်တီးလိုက်စရာ မလိုဘူး။

ချမ်းညီချို
20-02-2010

ရှစ်

+++ ရှစ် +++

ဒီလိုနဲ့
"စ"သတ်တွေ များတဲ့ လောကကြီးမှာ
အချစ်ကို အနှစ်လို့ခေါ်ပြီး
အလွမ်း ဆီးဖြုသီးတွေကို လှိမ့်နေကြလိုက်တာ။

မနေ့က လက်တံများနဲ့ ဒီနေ့နာရီပဲ။

ကိုယ်ကပဲ မိုးလင်းရ
ကိုယ်ကပဲ မိုးချုပ်ရ နဲ့။

ကြယ်တွေကလည်း တိတ်တိတ်ကလေး ကြွေတာပါပဲ။

တောမီးလောင်မယ်ဆိုတာကို
ဘယ်မိုးလေဝသ ဌာနကမှ ကြိုမသိနိုင်သလိုပေါ့။

အိပ်မက်တွေဆိုတာလည်း
ဘဝက ရှို့ခဲ့တဲ့ ကောက်ရိုးတွေ မဟုတ်ပါလား။

ဒီလိုနဲ့ပဲ
ဒယ်အိုးထဲကနေ မီးဖိုထဲ ခုန်ချ။

ဒါဟာ ဟောဒီ
"စ"သတ်တွေ များတဲ့ လောကကြီးထဲမှာ
အသစ် အသစ်ဖြစ်နေတဲ့
ရှစ် ပေါ့။

ချမ်းညီချို
18-02-2010

ဖြစ်နေကျ အချစ်ပုံစံ (၆)

+++ ဖြစ်နေကျ အချစ်ပုံစံ (၆) +++

ကျွန်တော့် ရင်ထဲ ရောက်နေတဲ့
အလွမ်းတွေကို ဘယ်တုန်းက
ဝင်ခွင့်ဗီဇာ ပေးခဲ့မိလည်း မမှတ်မိတော့ဘူး။

သိလိုက်တဲ့ အချိန်မှာ
အမြဲတမ်း နိုင်ငံသားတွေလို

သက်တမ်းတွေ ခဏ ခဏတိုးခဲ့
ကျွန်တော့်မှာလည်း ရောဂါ ရင့်ခဲ့ပေါ့။

ဘယ်တုန်းကမှ ငြင်းလို့ မရခဲ့ဘူး ။

အဲဒီ ချစ်စရာကောင်းတယ် ဆိုတဲ့
အချက်ကလေးတစ်ခုနဲ့တင်လေ။

ဒီလိုနဲ့ပဲ အလွမ်းတွေ
ပို...ပို...ပြီး များလာတယ်။

ချမ်းညီချို
17-02-2010

ဖြစ်နေကျ အချစ်ပုံစံ (၅)

++ ဖြစ်နေကျ အချစ်ပုံစံ (၅) ++


ဦးတည်ချက်မဲ့ ဖတ်ခဲ့သော စာအုပ်တွေ ဘယ်လောက်တောင်များခဲ့ပြီလဲ။

လျှောက်ခဲ့သော လမ်းတွေ၊ ပြောခဲ့သော စကားတွေ အကုန်လုံး အသွားထက်ထက်နဲ့ ငါ့ကို ပြန်ရစ်ပတ်နွယ်ငင်ကြ။

သွေးစိမ်းရှင်ရှင်ကျပြီး ကမ်းခြေကို လမ်းလျှောက်ထွက်တိုင်း ဖန်သီးတစ်လုံးနှင့် တွေ့မည်ဟု ဘယ်နှစ်ကြိမ်မြောက် မျှော်လင့်မိမှန်းလည်း ငါ မသိတော့။

တစ်နှစ်တစ်စောင် ဝယ်၍ သိမ်းထားသော ပြင်္ကဒိန်အပုံကြီးမှာလည်း အခန်းထောင့်တွင် လဲကျလို့နေပြီ။

မူးယစ် ချိုအီနေသော သီချင်းအဟောင်းတို့က မျက်နှာကျက်တွင် ချိတ်ဆွဲထားသောမီးလုံးမှ တစ်ဆင့် ငါ့ရဲ့ မျက်နာပေါ်သို့ တစက်စက်ကျဆင်းလာနေပြီး မျက်နှာကျက်ကျက်တစ်စုံကတော့ ဆွံ့အ၊ အမူအရာနဲ့ပဲ သရုပ်ဆောင်။

မျက်ရည်ဥတွေကတော့ မျက်ကြည်အိမ်နားတစ်ဝိုက်မှာ ဒိုင်သူကြီးရဲ့ ဝီစီသံကိုပဲ စောင့်နေတော့တဲ့ မာရသွန် အပြေးသမားတွေလို အသင့်ပြင်လို့။

အသုဘမှာ ချုပ်တည်းထားခြင်းထက် ငိုကြွေးလိုက်ခြင်းဟာ ပိုသက်သာတယ် ဆိုတာ အမှန်ပါပဲလေ။ နှလုံးသား ဈာပနမှာ မျက်ရည်ဟာ ဖဲကြိုးဝါဝါ တစ်စုံ။

တစ်ကမ္ဘာလုံးမှာတွေ့ရတဲ့ ကျီးကန်းတွေ အကုန်လုံးက အမည်းချည်း မဟုတ်ပါလား။

ဒီတော့ ဖိနပ်အသစ်စီးတိုင်း ခြေလှမ်းကြဲကြဲလှမ်းတာကလည်း ငါ့ မသိစိတ်ပေါ့။

ဒီလိုနဲ့ ဒယ်အိုးထဲကနေ မီးဖိုထဲကို ခုန်ချ။ ကြွက်တွေလို သမုဒ္ဒရာထဲမှာ နစ်နေတဲ့ သင်္ဘောကို စွန့်ခွါရရင် ကောင်းမလား။ သမုဒ္ဒရာထဲမှာပဲ အပ်ကိုလိုက်ရှာတာက ပိုကောင်းမလား။

ဒီမှာ လေတိုက်ရင် မြက်ပင်တွေပါ ကိုင်းညွှတ်ရတယ်လို့ ငါ့ကို လာမပြောပါနဲ့။ ယမမင်းက ဆင့်ခေါ်ရင် ဘယ်သူမှ မငြင်းနိုင်ဘူးဆိုတာလည်း သိလို့ပါ။

ဒီလိုနဲ့ပဲ မျက်ကန်းငါက မီးအိမ်ကြီး ကိုင်ထားပြီး မာရသွန်ပြေးပွဲမှာ ဒိုင်လူကြီးရဲ့ ဝီစီသံကို ကိုင်းညွှတ်။

ချမ်းညီချို
16-02-2010

ဖြစ်နေကျ အချစ်ပုံစံ (၄)

++ ဖြစ်နေကျ အချစ်ပုံစံ (၄) ++

အဝေးက ချစ်နေရတယ်ဆိုတာ
အလုပ်မလုပ်တဲ့ မီးခြစ်တစ်လုံးနဲ့
ဆေးလိပ်မီးညှိနေသလိုပါပဲ..။
ကိုယ်ကလည်း တအားသောက်ချင်
သူကလည်း အလုပ်မလုပ်တော့
ခံတွင်းချဉ်ရုံ သက်သက်ပဲ။

ချမ်းညီချို
09-02-2010

တောင်လုပ် မြောက်လုပ် (အင်တာနက် ဒိုင်ယာရီ)

++ တောင်လုပ် မြောက်လုပ် (အင်တာနက် ဒိုင်ယာရီ) ++

ကျွန်တော် ဒီနှစ် ၂၀၁၀ က စပြီး အင်တာနက် ဒိုင်ယာရီပဲ ရေးပါတော့တယ်။ အမှန်တကယ်တော့ ဒီကိစ္စဟာ ကျွန်တော့်ထက်ငယ်တဲ့ မျိုးဆက်မှာတော့ ခေတ်စားနေပြီးသားပါ။ ဒီလူငယ်တွေကတော့ မျက်လုံးမှိတ်ပြီး နားထောင်ရတော့မယ်။ ဘာ့ကြောင့် စာအုပ်ပေါ်မှာ မရေးတော့သလဲ ဆိုတာကတော့ အချက်တွေ အများကြီးပါပဲ။

အဓိကအချက်က ဒိုင်ယာရီကို စာအုပ်ထဲမှာ မရေးတော့ စက္ကူသက်သာတယ်။ စက္ကူဆိုတာ သစ်ပင်၊ ဝါးပင်ကလုပ်ရတာဆိုတော့ ကိုယ့်ကြောင့်တတ်နိုင်သမျှ သစ်တောချွေတာရေးလုပ်တဲ့ သဘောလည်း ရောက်တယ်။ Global Warming ကိစ္စကို အထောက်အကူပြု ကူညီတဲ့သဘောလည်း သက်ရောက်ပါတယ်။

ပြီးတော့ စာအုပ်ဖိုးလည်း မကုန်တော့ဘူး။ Internet Connection ရှိနေသ၍ ကြိုက်တဲ့နေရာကနေ ပြန်ဖတ်လို့ ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒိုင်ယာရီလည်း အလွယ်တကူ ပြန်ဖတ်လို့ရတယ်။ Click Click နဲ့ လုပ်ရုံပဲ။

အခုနောက်ပိုင်း ဗမာလို စာရိုက်ရတာကလည်း အလွယ်တကူ ရိုက်လို့ရနေတာပဲဆိုတော့ တော်တော် အဆင်ပြေတယ်။ မှားသွားရင်လည်း ပြန်ပြင်လိုက်၊ မေ့ကျန်ခဲ့တာ ရှိရင်လည်း ထပ်ထဲ့လိုက်ပေါ့။

စာအုပ်ထဲမှာ ရေးရင် ဓာတ်ပုံတွေ သီချင်းတွေက ထည့်ရတာ ခက်မယ်။ အထူးသဖြင့် ကျွန်တော်က အမှတ်တရဖြစ်စေတဲ့ ဓာတ်ပုံလေးတွေ ထည့်ချင်တာ။

နောက်ဆုံးအချက်ကတော့ ကျွန်တော်သေသွားရင် နောက်လူတွေက ကျွန်တော့် ဒိုင်ယာရီ စာအုပ်တွေကို ဘာလုပ်ကြမလည်းဆိုတာ မသိဘူး။ လွှင့်ပစ်လိုက်မှာလား၊ ဖတ်ကြည့်မှာလား၊ သိမ်းထားမှာလား။ မသေချာဘူး။ အင်တာနက်ထဲမှာ ရေးထားခဲ့ရင်တော့ ကျွန်တော့် ဒိုင်ယာရီတွေဟာ လောကကြီးရဲ့ နေရာတစ်ရာက Hard Disk တစ်ခုရဲ့ ဒေါင့်တစ်နေရာမှာ အချိန်တော်တော်ကြာအောင် ကျန်နေဦးမှာ ကျိန်းသေတယ်။

ချမ်းညီချို
09-02-2010

ဖြစ်နေကျ နှစ်ဟောင်း

+++ ဖြစ်နေကျ နှစ်ဟောင်း +++

သစ္စာနီက ပြောတယ်။

"ဟေ့ သူငယ် ပြင်္ကဒိန်ကို ဆုတ်
စက္ကူလှေ မလုပ်လိုက်ပါနဲ့" တဲ့။

ဒီကဖြင့် မြုပ်သွားပြီ။


ချမ်းညီချို

ကျွန်တော် မသိတဲ့ မူဆိုလီနီ

+++ ကျွန်တော် မသိတဲ့ မူဆိုလီနီ +++

မနေ့ တစ်နေ့ကအထိ ကျွန်တော်သိခဲ့တဲ့ မူဆိုလီနီက စစ်လိုလားသူ၊ ဖက်ဆစ်ဝါဒီတစ်ဦး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့သူတစ်ဦးပဲ။ သမိုင်းမှာ ဒီလိုပဲ သင်ခဲ့ရတယ် ထင်ပါတယ်။

ကျွန်တော်မသိခဲ့တာတွေက မူဆိုလီနီဟာ ဂီတနဲ့အနုပညာကို ချစ်မြတ်နိုးသူ၊ ဂျာနယ်လစ်တစ်ယောက်၊ ရောမမြို့ထုတ် U.Popolod' Italia သတင်းစာကြီးရဲ့ အယ်ဒီတာ တစ်ယောက်ဆိုတာ မသိခဲ့ဘူး။ ကမ္ဘာကျော် စာရေးဆရာကြီးများ ဖြစ်ကြတဲ့ ဘားနဒ်ရှော၊ တီအက်(စ်) အီလီရော့၊ အီဇာ ရာပွန်၊ ကဗျာစာဆို ယိက်(ခ်) တို့ကလည်း မူဆိုလီနီကို ချီးမွမ်းခဲ့ကြတယ်။ ကမ္ဘာကျော် နိုင်ငံရေးသမားကြီးများ ဖြစ်ကြသော ဝင်စတန်ချာချီ၊ ချိန်ဘာလိန်၊ မက်ဒေါနယ်၊ မဟတ္တမဂန္ဒီကြီးတို့လည်း မူဆိုလီနီကို လေးစားကြည်ညိုသူများ ဖြစ်ခဲ့ကြတယ်။ နာမည်ကျော် လန်ဒန်တိုင်း(စ်) သတင်းစာကြီးဆိုရင်လည်း အမြဲတမ်း မူဆိုလီနီရဲ့ လှုပ်ရှားမှုတွေ၊ ဆောင်ရွက်မှုတွေကို ဦးစားပေး ဖော်ပြခဲ့ကြတာပေါ့။

မူဆိုလီနီတို့ အနုပညာဘယ်လောက် ချစ်မြတ်နိုးသလည်းဆိုရင် တစ်ခါတုန်းတဲ့ သူက နိုင်ငံတော်အကြီးအကဲဆိုတော့ တာဝန်နဲ့ ရောမမြို့ကနေ မိုင် ၂၈၀ ဝေးတဲ့နေရာမှာ ရောက်နေတာတောင် တဂိုးရဲ့ "အနုပညာ၏ အဓိပ္ပာယ်" ဆိုတဲ့ ပြပွဲကို တက်ချင်လွန်းလို့ ကိုယ်တိုင်ကားမောင်းပြီး တလေးတစား ရောမကို ပြန်လာတက်ဖူးတယ် လို့ ဆိုတယ်။ ဒီအကြောင်းကို လန်ဒန်တိုင်း(စ်) သတင်းစာကြီးကလည်း တလေးတစားနဲ့ ဖော်ပြခဲ့ကြတယ်။ မူဆိုလီနီဟာ တဂိုးရဲ့ ရှန်တိနိကေတန် ကျောင်းတော်ကြီးအတွက် အီတလီဂန္ထဝင်ဝတ္ထုကြီးများကို ပေးလှူခဲ့ပြီး နာမည်ကျော် အီတာလျှံ ဗုဒ္ဓကျမ်းစာ ပညာရှင် တုကျိကိုလည်း ခရီးသည် ပါမောက္ခအဖြစ် ရှန်တိနိကေတန်ကို စေလွှတ်ဖို့ သဘောတူညီခဲ့ပါတယ်။

မူဆိုလီနီကို ၁၈၈၃ ခုနှစ် အီတလီပြည်က ကျေးရွာတစ်ရွာမှာ မွေးဖွားခဲ့ပြီး အဖေဖြစ်သူက နိုင်ငံရေးဝါသနာပါသူ ပန်းပဲဆရာတစ်ဦးဖြစ်ပြီး အမေကတော့ ကျောင်းဆရာမတစ်ဦးပါ။ မူဆိုလီနီ ငယ်စဉ်အရွယ်မှာ အဖေက နိုင်ငံရေးမှာပဲ သံသရာလည်နေပြီး ဝင်ငွေနည်းပါးတဲ့ အတွက် အမေရဲ့ ဝင်ငွေပေါ်မှာသာ မှီခိုခဲ့ကြရတယ်လို့ ဆိုပါတယ်။ ၁၉၀၂ မှာ ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ပြီး လူဆန်းမြို့မှာ ရုရှားတော်လှန်ရေးကြီးကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတဲ့ ပြည်ပြေးနိုင်ငံရေး သမားများ၊ ပညာရှင်များနဲ့ တွေ့ဆုံရာမှ နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့ပြီး ပထမ ကမ္ဘာစစ်ကြီးဖြစ်တော့ အီတလီနိုင်ငံကို မဟာမိတ်တွေဘက်က ဝင်ရောက်ပါဝင်တိုက်ခိုက်အောင် နှိုးဆော်ခဲ့သူတစ်ဦး၊ ကိုယ်တိုင် သာမန်စစ်သားတစ်ဦးအဖြစ် အမှုထမ်းခဲ့သူတစ်ဦး ဖြစ်လာပါတယ်။

ပထမ ကမ္ဘာစစ်ကြီးပြီးတော့ ရောမမြို့ထုတ် U.Popolod' Italia သတင်းစာကြီးရဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်လာရာမှ လူသိများလာပြီး ၁၉၂၂ မှာ အာဏာရခဲ့ပါတယ်။ မူဆိုလီနီကို တစ်ကမ္ဘာလုံးမှ ခေါင်းဆောင်များ၊ ပညာရှင်များက အထူးလေးစားခဲ့ပြီး၊ အီတလီပြည်သူ အများစု လေးစားကြည်ညိုသူ တက်သစ်စ နိုင်ငံရေးသမားတစ်ဦးအဖြစ် မြင်ခဲ့ကြပါတယ်။ မူဆိုလီနီကို ထိုအချိန်က စစ်လိုလားသူ၊ ဖက်ဆစ်ဝါဒီ တစ်ဦးလို့ အများစုက မမြင်ခဲ့ကြဘူး။ သူ့ရဲ့ ဖက်ဆစ်ဝါဒကိုလည်း အန္တရာယ်လို့ မမြင်ကြပါဘူး။ ဒါပေမယ့် ၁၉၃၆ မှာ အီသီယိုးပီးယားနိုင်ငံကို ဝင်ရောက် ကျူးကျော်ခဲ့ရာမှ တစ်ကမ္ဘာလုံးက သူ့ကို ဆန့်ကျင်ခဲ့ကြပါတော့တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးမှာတော့ မူဆိုလီနီ နဲ့ ခေါင်းဆောင် ဟစ်တလာတို့ဟာ ဥရောပမှာ ဇာတ်သိမ်းခဲ့ရပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့သူအဖြစ် သမိုင်းမှာ ကျန်ခဲ့ပါတော့တယ်။

အနုပညာ နှင့် နိုင်ငံရေး၊ အပြောင်းအလဲ နှင့် စိတ်သဘာဝ၊ လူတစ်ယောက်ကို လူတစ်ယောက်လို့ သတ်မှတ်နိုင်ဖို့ သူ့ဘဝရဲ့ အစ၊ အလယ်၊ အဆုံး သုံးပိုင်းမှာ ဘယ်အပိုင်းက အရေးအကြီးဆုံးလဲ ဆိုတာတွေကို စဉ်းစားနေမိလို့ ဒီ အက်ဆေး ဆောင်းပါးလေးကို ရေးဖြစ်သွားပါတယ်။ မူဆိုလီနီကြီး အတွက်ကတော့ အဆုံး မကောင်းရှာဘူးပေါ့ဗျာ။


ချမ်းညီချို
26-01-2010

ကျွန်တော် မဖြေနိုင်၍ ချန်လှပ်ထားခဲ့သော မေးခွန်းများကို ပြန်ဖြေခြင်း (၁)

++ ကျွန်တော် မဖြေနိုင်၍ ချန်လှပ်ထားခဲ့သော မေးခွန်းများကို ပြန်ဖြေခြင်း (၁) ++

တစ်ချိန်တစ်ခါမှာ ကျွန်တော်တို့အဖို့ ကျောခိုင်း လှည့်ထွက်လို့မရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အရင်းအနှီးကြီးတဲ့၊ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတွေကို စွန့်လွှတ် ဆုံးရှုံးရမယ့် အနေအထားမျိုးတွေပေါ့။

မြင်ကွင်း
=====
ကိုနီက အသက်သုံးဆယ်ကျော်။ သူ့မှာ အိုးပိုင်အိမ်ပိုင်မရှိ၊ ပစ္စည်းဥစ္စာ မရှိပါဘူး။ ဒါကြောင့် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အိမ်ခန်းငှါး နေထိုင်ရပြီး နံနက်စာ ညစာကိုလည်း ဖြစ်သလို စားသောက်နေရတဲ့သူ။ သူ့တစ်ယောက်စာ နေထိုင် စားသောက်မှုအတွက် သူတတ်ကျွမ်းရာ ပညာမျိုးစုံနဲ့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

သူဟာ တစ်နေ့မှာ အပြင်ကနေ အိမ်ကို ပြန်လာတဲ့အချိန် မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံပါတယ်။ အဲဒီဖြစ်ရပ်ကတော့ လမ်းမှာ သူ့အသိ မိန်းကလေးတစ်ဦးနဲ့ တွေ့လိုက်ခြင်းက စပါတယ်။ တွေ့တဲ့အခါ အဲဒီမိန်းကလေးရဲ့ လက်ထဲမှာ ခြင်းတောင်းတစ်ခု ဆွဲထားပြီး ဆွဲခြင်းထဲမှာတော့ မွေးကင်းစ လသားအရွယ် ကလေးတစ်ယောက်၊ ကလေးကလည်း မိန်းကလေး။ အဲဒီကလေးကို သွားပစ်မလို့တဲ့။ အဲဒီလို ပစ်မယ့်သူကတော့ ကလေးရဲ့ မိခင်ကိုယ်တိုင်ပါပဲ။ အကျိုးအကြောင်း မေးကြည့်တဲ့အခါ ယောက်ျားတစ်ယောက်ရဲ့ တာဝန်မဲ့မှုအပေါ် လက်တုံ့ပြန်တဲ့သဘောနဲ့ သူ့ရဲ့မိဘတွေက ဒီကလေးကို စွန့်ပစ်ဖို့ အတင်းအကျပ် ခိုင်းစေတာရယ်၊ မိန်းကလေးကိုယ်တိုင်က အရွယ်ငယ်ပြီး ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်တဲ့ အနေအထား မရှိတာရယ်တို့ကြောင့် တစ်ခြားနည်းလမ်းကို မရွေးနိုင်ပဲ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်း မိန်းကလေးက ငိုကြီးချက်မနဲ့ ပြောပါတယ်။

ဒီအခါ ကိုနီဟာ သူ့ရှေ့က ကလေးသားအမိကို ဘယ်လို ကျောခိုင်းရမှန်းမသိ ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူ့အတွက်က တစ်ခုခုကို ဆုံးဖြတ်လိုက်မှ ဖြစ်မှာပါ။ အဲဒီ ဆုံးဖြတ်ချက်ဟာ ဘယ်လို ဆုံးဖြတ်ချက်မျိုး ဖြစ်မလဲ။ ဒီသားအမိကို နှစ်သိမ့်စကား ပြောရုံပဲ ပြောမလား၊ တစ်စုံတစ်ရာ တာဝန်ယူမလား၊ ဒါမှမဟုတ် အလိုက်သင့် စကားပြောရင်း ကျောခိုင်းမလား။


ကျွန်တော်တို့ ကိုယ်တိုင် ကြုံလိုက်ရမယ်ဆိုရင် ဘယ်လို ဆုံးဖြတ်ကြမှာလဲ။
?
?
?
?
?
အဖြေ = စွန့်ပစ်ခံရတော့မယ့်ဆဲဆဲ ကလေးကို ကျွန်တော် ခေါ်ယူမွေးစားလိုက်ပါတယ်။

ချမ်းညီချို
28-01-2010

ရည်ညွှန်း
လူနှင့် ညီမျှခြင်းများ (အောင်သန့်)
သူတို့ အတွေးအခေါ် မှတ်စုများ (တက်တိုး)

ဖြစ်နေကျ အချစ်ပုံစံ (၃)

+++ ဖြစ်နေကျ အချစ်ပုံစံ (၃) +++

ငါ့ အချိန်ရောက်လာရင်
မင်းအတွက် ဘာတွေ ထားခဲ့ပေးနိုင်မှာလဲ။

နံရံမှာ ချိတ်ရုံ ဓာတ်ပုံတစ်ပုံလား။
မှင်ကုန်နေတဲ့ ဘောပင်တစ်ချောင်းလား။
သတို့သား ဝတ်စုံဟောင်းတစ်စုံလား။

ငါ့ကိုယ်ငါ ပြန်မမြင်ရတဲ့ မျက်မှန်တစ်စုံ
တုန်ချိပျော့အိနေတဲ့ လက်မောင်းသား
ဒါကိုတောင် ချစ်နေတတ်တဲ့
မင်းအတွက်
ပန်းတစ်ပွင့်တော့ ခူးပေးခဲ့ချင်တယ်
အဖိုးကြီးတစ်ယောက်အဖြစ် ငါ ရုပ်ဖျက်ထားတဲ့ကြားကလေ။

ချမ်းညီချို
01-02-2010

တောင်တွေး မြောက်တွေး၊ တောင်ခြစ် မြောက်ခြစ် (နေရောင်ခြည်)

++ တောင်တွေး မြောက်တွေး၊ တောင်ခြစ် မြောက်ခြစ် (နေရောင်ခြည်) ++

အိမ်ရှေ့ ပန်းခြံကြီးက နေရောင်အောက်မှာ ဖွေးဖွေးတောက်လှနေတာမြင်တော့ ကျွန်တော်လည်း မနေနိုင်တော့ဘူး။ ဖိနပ်ကလေး ကောက်စွပ်ပြီး လမ်းလေးဘာလေး လျှောက်ရအောင်၊ လေကောင်းလေသန့်လေးရှုရင်း ဝင်လေထွက်လေလေး မှတ်ရအောင် ဆိုပြီး ပန်းခြံထဲ ထွက်လာခဲ့တယ်။ အိမ်ပေါ်က လှမ်းကြည့်တော့ ဘာငှက်မှန်း မသိဘူး၊ အနားရောက်တော့မှ ခိုလေးတွေမှန်း သိရတယ်။ ခိုဖြူ ခိုပြာလေးတွေ အရောင်စုံ။

သစ်ပင်တွေကတော့ အရွက်တွေ ပြန်မပေါက်သေးတော့ အရိုးပြိုင်းပြိုင်းနဲ့။ ဒါလဲ တစ်ခုကောင်းတယ်၊ နေရောင်ခြည်က ကိုယ်ပေါ် တိုက်ရိုက်ကျနိုင်တာပေါ့။

အိုဇုန်းလွှာပါးလာလို့ နေက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူလာနေတယ်လို့ ပြောကြတယ်။ ဒါဆို ဒီ အိုဇုန်းလွှာကြီး မရှိတော့ရင် အားလုံး မီးဟုန်းဟုန်းတောက်တော့မှာလား။

ဒီလို ဆိုရင်တော့ လူတွေ အကုန်လုံး နေမထွက်တဲ့ ဘက်ကိုချည်းပဲ လိုက်နေကြမှာ မြင်ယောင်သေး။ ညရောက်ရင် ဗမာပြည် ပြန်သွား၊ မနက် နေမထွက်ခင် အင်္ဂလန် ပြန်လာ။ လူတိုင်းကိုယ်ပိုင် လေယာဉ်သေးသေးလေးတွေနဲ့။

စီးပွါးရေးလုပ်ငန်းတွေကလည်း ဒီ လေယာဉ်လေးတွေကို သွားတိုက်တံ ဝယ်သလို ဝယ်လို့ ရအောင်ကို စီစဉ်ပြီး ရောင်းပေးနေတာ။ မနက်အိပ်ရာထရမှာ ပျင်းတဲ့သူတွေကလည်း ညတွေချည်းပဲဆိုတော့ သဘောတွေကျ။ လေယာဉ်သေးသေးလေးပေါ်မှာ အိပ်နေ၊ ဟိုဘက် ရောက်တော့လည်း ညဖြစ်နေတော့ ဆက်အိပ်။ တအားပျင်းလွန်းပြီး ညရောက်တဲ့ ဘက်ကို အချိန်မှီ မပြောင်းနိုင်ဘူးထင်ရင် အလိုအလျှောက် ပြောင်းနိုင်တဲ့ လေယာဉ်လေးတွေလဲ ဝယ်လို့ရတယ်။ ဈေးကတော့ ပိုကြီးတာပေါ့။

စားသောက်ဆိုင်ကြီးတွေ၊ ကုန်တိုက်ကြီးတွေကလည်း လေပေါ်မှာ ညရောက်တဲ့ဘက်ကို အတူတူမျောနေကြ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာတယ်ဆိုတာ ဒါမျိုးပေါ့။ သူပိုင် ကိုယ်ပိုင် နေရာတွေလည်း မရှိကြတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျူးကျော်ဝင်ရောက်ကြလို့ ဖြစ်ရတဲ့ စစ်ပွဲတွေလဲ မရှိတော့ဘူး။ အားလုံး နေရိပ်တဲ့ဘက်ကို တစ်ညီတစ်ညာတည်း သွားနေကြတာ။ Globalization ဆိုတာ ဒါမျိုးမှ အမှန်အကန်။
ဟော.. ပြောနေရင်းနဲ့ နေတောင် ဝင်သွားပြီ။ သွားမှပဲ။

ချမ်းညီချို
09-02-2010