Tuesday 27 December 2011

ဆက်ရန် ရှိသည်၊ ထို့ကြောင့်

ဘဝ၏ နောက်ဆုံး နေဝင်ချိန်များကို ပင်စင်စားအတွေးအခေါ်ဖြင့် တုန်တုန်ချိချိ စောင့်ဆိုင်းနေရခြင်း မဟုတ်လင့်သည့်အစား သေခြင်းတရားအတွက် အမြဲ အဆင်သင့် ဖြစ်လို့နေခဲ့သည့် ကျွန်တော်တစ်ယောက် အခုတလော မည်သို့ဖြစ်သည်မသိ သေရမှာကို ကြောက်နေမိသည်။ လူတစ်ယောက်သည် မည်သို့သော အခြေအနေ၊ အချိန်အခါတွင် သေခြင်းတရားကို ရင်ဆိုင်ဖို့ ကြောက်ရွံ့ထိတ်လန့်လေ့ ရှိပါသနည်း။ ကျွန်တော် မသိပါ။ ကျွန်တော့်အတွက်ကတော့ 'ဘဝတွင် ပြန်လည် ပြုပြင် ပြင်ဆင်စရာ အမှားတွေ အများကြီးရှိနေသေးသည်' က သေခြင်းတရားကို ရင်ဆိုင်ဖို့ ထိတ်လန့်စေသည်ဟု ထင်မိပါသည်။ နေညိုချိန်တွင် ငှက်ကလေးများ တေးဆိုလေ့ ရှိမရှိကို မသိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဆိုကြပါစို့၊ သေခြင်းတရားသည် ရှင်လျှက်ရှိနေခြင်းနှင့် တံခါးလေးတစ်ချပ်သာ ခြားနေသည်ဟု ဆိုလျှင် အချိန်တန် ဤတံခါးပွင့်သွားပါက မည်သူမျှ ငြင်းဆိုခွင့် မရှိ၊ ဝင်ရောက်ပျောက်ကွယ်သွားရမည်သာ ဖြစ်ပြီး အသွားရှိပြီး အပြန်မရှိသော ခရီးမှာလည်း ဤခရီးသာ ဖြစ်သောကြောင့် အစမ်းခရီးသွားကြည့်ရန် သင့်တော်ကြောင်း မသင့်တော်ကြောင်း သိနိုင်ပါသည်။ (ဤနေရာတွင် ကျွန်တော့်လို စမ်းကြည့်လို့ရရင် စမ်းကြည့်ချင်စိတ်ရှိပါသည်ဆိုသော ဂုဂ္ဂိုလ်တော်တော်များများ ရှိနေလိမ့်မည်ဟု ထင်ပါသည်)။ သို့ပေမင့် ယခု အချိန်တွင်မှတော့ အစမ်းသွားကြည့်ချင်စိတ်လည်း မရှိသေးပါ။ ခုနက ပြောသလို မည်သို့ဖြစ်သည်မသိ သေရမှာကို ကြောက်နေမိခြင်းကြောင့် ဖြစ်ပါသည်။ သေရမှာကို ကြောက်နေမိခြင်းသည် စိတ်ကို ခိုးလိုးခုလု ဖြစ်စေပါသည်။ ကမ်းမမြင်သော ပင်လယ်ထဲတွင် ဘယ်ဘက်ကို ကူးရမှန်းမသိဖြစ်နေသည်နှင့် ခပ်ဆင်ဆင်တူနေသည်ဟု ထင်ပါသည်။

စဉ်းစားကြည့်လိုပါက စဉ်းစားကြည့်နိုင်ပါသည် ...

'ဘဝတွင် ပြန်လည် ပြုပြင် ပြင်ဆင်စရာ အမှားတွေ အများကြီးရှိနေသေးသည်' က သေခြင်းတရားကို ရင်ဆိုင်ဖို့ ထိတ်လန့်စေသည်ဟု ထင်နေမိခြင်းကတော့ မှန်ရဲ့လား ..

အဖြေသည် မသေချာပါ။ အဖြေသည် ရေရေရာရာမရှိ။

ခုနက ပြောသလို အသွားရှိပြီး အပြန် မရှိခြင်းကြောင့်လည်း သေခြင်းတရားကို ရင်ဆိုင်ရန် ကြောက်ရွံ့နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သေပြီးသည့်နောက်တွင် ချစ်သော မိဘဆွေမျိုး၊ သူငယ်ချင်းမိတ်ဆွေများနှင့် ထပ်မံတွေ့ဆုံခွင့် မရနိုင်တော့သည်မှာ သေချာသလောက်ရှိပြီး လက်ရှိအချိန်တွင် ဤလူများနှင့် ခွဲခွါရမှာကို စိုးရိမ်နေသေးသောကြောင့်လည်း သေခြင်းတရားကိုရင်ဆိုင်ရမှာ ကြောက်လန့်နေခြင်း ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ချေရှိသော်လည်း လူတိုင်းအတွက် မမှန်ကန်နိုင်ပါ။ အဖြေသည် မှုန်ဝါးလို့နေသည်။

မည်သူ့ကိုမှ သတိရ လွမ်းဆွတ်စရာ မရှိသော လူတစ်ယောက်၊ မည်သူကမှ သတိရမည်မဟုတ်သော လူတစ်ယောက်အတွက် သေခြင်းတရားသည် အရက်ဆိုင် အတူထိုင်ဖြစ်လေ့ရှိသော အပေါင်းအသင်းတစ်ဦး၊ ဘတ်စ်ကားနောက်မြီးမှာ အံသေအောင် တွယ်ထားရတဲ့ လက်တစ်ဖက်၊ ဓာတ်ငွေ့စက်ရုံမှ အလုပ်သမားတစ်ယောက်၏ အဆုတ်တစ်ခြမ်းလို ဖြစ်နေနိုင်ပါသည်။

ကျိန်းသေတာကတော့ လက်ရှိအချိန်တွင် ကျွန်တော် သေရမှာကို ကြောက်နေမိပါသည်။

အဘယ့်ကြောင့်ဆိုသော် ...
ကျွန်တော်၏ ဇာတ်လမ်းသည် ယခုမှ နိဒါန်းပျိုးစဲပင် ရှိနေသေးခြင်းကြောင့် ဖြစ်ပါသည်။


ဆက်ရန် ရှိသည်၊ ထို့ကြောင့် ...


ချမ်းညီချို
27-12-2011

ပဋိပက္ခ မှတ်တမ်းများ (၃)

ဤလောကကြီးထဲတွင် ကျွန်တော်မသိသော အရာများစွာ ရှိပါသေးသည်။

ဥပမာအားဖြင့် - ကျွန်တော် တဖက်သတ် စိတ်ဝင်စားနေသော ကောင်မလေးတွင် သူတဖက်သတ် စိတ်ဝင်စားနေသော ကောင်လေးတစ်ယောက် ရှိမရှိ ကျွန်တော်မသိ၊ မလှမ်းမကမ်းမှ ဖြတ်သန်းသွားပြီး သုံးလေးရက်ကြာသည့်တိုင် စွဲမြဲလို့ကျန်နေတတ်သည့် သူမ၏ ရေမွှေးရနံ့ကို ကျွန်တော် စွဲလမ်းနေမိကြောင်း သူမ သိမသိ ကျွန်တော်မသိ၊ စာသင်ခန်းထဲ၌ ချွန်စက်ဖြင့် ခံတံချွန်တိုင်း သူမ၏ လက်ချောင်းလှလှလေးများကို မတော်တဆ ထိခိုက်မိမှာ စိုးရိမ်သောကြောင့် အမြဲတစေ ဂရုတစိုက် စောင့်ကြည့်ပေးလေ့ရှိကြောင်းကို သူမ သိမသိ ကျွန်တော်မသိ၊ သူမသည် အစ်ကိုမောင်ဖွား ညီမအစ်မ မရှိ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း၊ မိဘနှစ်ပါးမှာ အသက်ကြီးမှ သူမကို မွေးဖွားရရှိခဲ့သောကြောင့် နားရွက်ကလေးများပင် တုန်ခါသည်အထိ သူမကို ချစ်ကြကြောင်း ကျွန်တော်မသိ။ ထို့ကြောင့် ဤလောကကြီးထဲတွင် ကျွန်တော်မသိသော အရာများစွာ ရှိပါသေးသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ စကားမစပ် - (ဤနေရာ၌ အရမ်းချစ်လျှင် နားရွက်များပင် တုန်ခါလာရမည်ဟု တယူသန် အမှတ်မမှားစေလိုပါ။ တုန်သောသူများ တုန်၍ မတုန်သောသူများ မတုန်ပဲ နေပါလိမ့်မည်၊ နားရွက်တွေပါ မတုန်သောကြောင့် ငါ့ကို အရမ်းမချစ်ဟု အထင်မှား၍ ချစ်သူချင်း စိတ်မကောက်ကြစေလို)။

ဤသို့ဖြင့် တစ်ခုသော နံနက်ခင်း၌ ...

(ဤနေရာ၌ နံနက်ခင်းသည် အများသူငါ မြင်တွေ့နေကျ၊ ခင်ဗျားနှင့် အခြားသောသူများ မြင်တွေ့နေကျ ဖြစ်ရိုးဖြစ်စဉ် သာမန် နံနက်ခင်းတစ်ခု မဟုတ်ပဲ သူမနှင့် ကျွန်တော်၏ နံနက်ခင်းပေါင်းများစွာထဲမှ အလွန်အရေးပါသော နံနက်ခင်းတစ်ခု ဖြစ်ပါသည်။ သူမနှင့် ကျွန်တော်၏ နံနက်ခင်းများသည် လူတကာကြုံတွေ့နေကျ နံနက်ခင်းများလို မဟုတ်ပဲ အလွန်တရာမှာ အရေးကြီးသော နံနက်ခင်းများ ဖြစ်နေလေ့ရှိပြီး ယခုနံနက်ခင်းသည် ထိုနံနက်ခင်းများစွာထဲမှ အလွန်အရေးပါသော နံနက်ခင်းတစ်ခုဟု ဆိုသောကြောင့် မည်မျှ အရေးပါသော၊ အလွန်တရာမျှ အရေးပါသော နံနက်ခင်းတစ်ခုဖြစ်ကြောင်း ခန့်မှန်း ခံစားလို့ရနိုင်မည်ဟု ထင်ပါသည်။ လူတစ်ယောက်၏ ဘဝကို ပြောင်းလဲစေခဲ့သော သို့မဟုတ် လူတစ်ယောက်၏ ခံယူချက်၊ ဆုံးဖြတ်ချက်ကို ဖြစ်တည်/ ပြောင်းလဲ စေခဲ့သော နံနက်ခင်းမျိုးတစ်ခုဟု မှတ်ထင်ချင်က မှတ်ထင်နိုင်ပါသည်)။

အဆိုပါ တစ်ခုသော နံနက်ခင်း၌ ...

ကျွန်တော်တစ်ယောက် လမ်းထိပ် ထမင်းကြော်ဆိုင်တွင် ထုံးစံအတိုင်း ထမင်းကြော်နှင့် ဝက်သားဟင်းကို လွန်စွာမှ နှစ်ခြိုက်စွာ အားပေးနေတုန်း ထိုထမင်းကြော်ဆိုင်ထဲသို့ သူမ ဝင်လာပါသည်။ ကျွန်တော့်အတွက်မှု ဤအခွင့်အရေးသည် ရှားတောင့် ရှားခဲ အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ကျောင်းပိတ်ရက်များတွင် သူမနှင့် စကားပြောဖို့ အခွင့်အရေးသည် လွန်စွာမှ ရှားပါးလှပါသည်။ ထိုသို့သော အချိန်ကာလ၌ သူမတစ်ယောက် ကျွန်တော် ရောက်ရှိနေသော ထမင်းကြော်ဆိုင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းမှာ ဘုရားသခင်က မျက်နှာသာပေးခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဘုရားသခင်၏ မျက်နှာသာမှာ တိုတောင်းတောင်းဆန်လှပါသည်။ ကြိုတင်မှာထားပြီး ဖြစ်သောကြောင့် သူမအဖေအတွက် ထမင်းကြော်မှာ ဆိုင်တွင် အဆင်သင့်ဖြစ်နေပြီး သူမ အနေနှင့် ပိုက်ဆံရှင်းပြီး ယူသွားဖို့သာ လိုပါတော့သည်။ ကျွန်တော့်အနေဖြင့် သူမနှင့် စကားပြောရန်အတွက်မှာ မိနစ်ပိုင်းမျှပင် မရှိတော့ချင်ချင်။ ဤနေရာတွင် သူမကို စကားအရမ်းပြောချင်၊ သူမ အသံကို အရမ်းကြားချင်သော ကျွန်တော်တစ်ယောက်မှာ ထိုင်ရမလို၊ ထရမလို ဖြစ်နေသည်ကို သူမလည်း ရိပ်မိနားလည်သိရှိပုံ ပေါက်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကို ပြုံးပြ၍ "ဝက်သားနဲ့ စားနေတာလား။ ဝက်သားက ကျန်းမာရေးအတွက် မကောင်းတာ သိရဲ့သားနဲ့ကို" ဟု ပြောပြီး တစ်လှမ်းချင်း လှမ်းထွက်သွားခဲ့ပြီးသည့်တိုင်အောင် ကျွန်တော့်မှာ အင်းမလုပ်နိုင်၊ အဲမလုပ်နိုင် သူမမျက်နှာကို ငေးကြည့်လို့ ကောင်းနေဆဲပင် ဖြစ်ပါသည်။ သုံးမိနစ်ခန့်ကြာပြီးမှ တစ်သျှူးကို ယူ၍ နှုတ်ခမ်းသုတ်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့လိုက်သောအခါ စားလက်စ ပန်းကန်ထဲမှ ဝက်သားတုံးကလေးများက မျက်နှာငယ်လေးဖြင့် ကျွန်တော့်ကို ငေးကြည့်လို့နေပါသည်။ "ခွင့်လွှတ်တော့ ဝက်သားရေ ... ဒို့ကို ခွင့်လွှတ်တော့" ဟု စိတ်ထဲမှသာ ကြိတ်၍ ပြောလိုက်မိပါသည်။

xxx

ကျွန်တော် မသိသေးသော အရာများစွာဖြင့် တည်ဆောက်ထားသော ဤလောကကြီးထဲ၌ တစ်ခုသော နံနက်ခင်းတွင် လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်က အလွန်အရေးပါသော နံနက်ခင်းတစ်ခု၌ ဝက်သားဟင်းဖြင့် စားခဲ့ဖူးသော ဤထမင်းကြော်ဆိုင်လေးသို့ ယခုတစ်ဖန် ပြန်လည် ရောက်ရှိလာသော်လည်း ကျွန်တော်စိတ်ဝင်စားခဲ့သော ကောင်မလေးမှာ တရုတ်လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျသွားပြီး အဆိုပါ တရုတ်ကလေးသည် ဝက်အူချောင်းများကို အစာသွတ်သွင်း၍ ရောင်းချသောလုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ပြီး သူမကို ချစ်လွန်းသောကြောင့် သူ၏ ဝက်အူချောင်းများကို သူမ၏ နာမည်တပ်၍ ရောင်းချရာ အလွန်တရာမှ လူကြိုက်များ စီးပွါးဖြစ်လှပြီး ယခုအခါ ဝက်ဆီဖတ်နှင့် ဝက်သားကြော်များကိုပါ သူမ၏ နာမည်ကိုပင် သုံး၍ ချဲ့ထွင်ရောင်းချဖို့ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း၊ သူမ ကိုယ်တိုင်မှာလည်း ဝက်တစ်ကောင်ကဲ့သို့ ဆူဖြိုးလျှက် ရှိနေကြောင်းတို့ကို လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကတည်းက ဝက်သားစားခြင်းမှ ရှောင်ကျဉ်ခဲ့သော ကျွန်တော်တစ်ယောက်မှာမူ မသိပဲဖြစ်လျှက် နေပါတော့သည်။

ထို့ကြောင့် ဤလောကကြီးထဲတွင် ကျွန်တော်မသိသော အရာများစွာ ရှိပါသေးသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။

ချမ်းညီချို
15-12-2011

နင်လား ငါလား၊ ငါလား ငါလား

ဒီလိုပါပဲ
အတွင်းထဲက အော်သံကို ဘယ်သူမှ မကြားနိုင်သလို
ကိုယ်ပြုပြင်ပြောင်းလဲပြီဆိုတာကိုလည်း ကိုယ်ပဲ သိနိုင်တယ်။

ဘဝမှာ
အတွင်းကို အောင်နိုင်ဖို့က အခက်ဆုံးပဲ မဟုတ်ပါလား။

ဒီလိုနဲ့
ကိုယ် နဲ့ ကိုယ် စီးချင်းထိုးပွဲမှာ ကိုယ် နိုင်ခဲ့တယ်။

အခုဆို
နူးညံ့သိမ်မွေ့စွာ ပြန့်ပြူးနေတဲ့ လမ်းမတွေထဲ
ပန်းတွေပွင့်တာ သိပ်လှတာပဲ။
ငှက်ကလေးတွေကလည်း နေ့သစ်ကို သီချင်းသစ်တစ်ပုဒ်လို ထိုးလို့ဆိတ်လို့
ရှေ့လာမယ့် မနက်ဖြန်တွေထဲ
ချစ်ခြင်းတရားတွေနဲ့ လျှောက်လို့သွားလိုက်ကြမယ်။

ဗန်ဂိုးရဲ့ နေကြာပန်းတွေလည်း ပွင့်တော့မယ်။ ။


ချမ်းညီချို
15-12-2011

အမှောင်

လိင်အားတိုးဆေး သောက်ထားတဲ့
အဆီတဝင်းဝင်း မျက်လုံးတွေကြား
ရဲဝင့်စွာ ဖြတ်လျှောက်လာတဲ့ မိန်းကလေးလို
ငွေဟာ ဆွဲဆောင်မှု အားပြင်းလှတယ်။

အမေ နေမကောင်းလို့
မိသားစု စားဝတ်နေရေး အဆင်မပြေလို့ ဆိုတဲ့
IQ 55 လောက်ပဲ ရှိတဲ့ ကောင်မလေးက
မာတောင်အောင်လုပ်နိုင်တဲ့
ခင်ဗျားကိုလည်း အံ့ဩတယ်။

စိုင်းဝင်းမြင့်ရဲ့ 'အမှောင်' ဆိုတာ
'အရူးမတောင်
လင်ကောင် မပေါ်ပဲ
ကလေးနှစ်ယောက်ရခဲ့ပေါ့ ..' တဲ့

ဘာမှ မတတ်နိုင်ဘူး
မက်ဒေါနားဟာ ခုချိန်ထိ လူကြိုက်အများဆုံးပဲ။

ချမ်းညီချို
19-11-2011

ပဋိပက္ခ မှတ်တမ်းများ (၂)

"ကိုယ်တို့ ဒီလို လိင်မှုကိစ္စ ဆက်ဆံပြုလုပ်နေချိန်မှာတောင် မြတ်စွာဘုရားကို သတိရ အောင်းမေ့ရင် ကိုယ်တို့ မွေးလာ၊ ရလာတဲ့ သားသမီးလေးတွေက လူတော်လူကောင်းလေးတွေ၊ မြင့်မြတ်တဲ့ သူတော်ကောင်းလေးတွေ ဖြစ်လာမှာ အချစ်ရဲ့။ "

ဤတွင် မောင်မောင်သိန်းလှိုင်၏ "နံရံ၏ အခြားတစ်ဖက်" စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသော ခုနစ်တန်းကျောင်းသား မောင်ချမ်းတစ်ယောက် တုန်တုန်ရီရီ ဖြစ်လို့သွားပါသည်။

ဝေါင်း! ဒါမျိုး တစ်ခါမှ မကြားခဲ့ဖူးပါ။ ဒီစာအုပ် မိုက်လှချည်လား။ (ဝေါင်း = WOW)

ဒါလေးကို သဘောကျမိသော ပီတိစိတ်သည် အင်း! ငါလည်း အဲလို အချိန်ကျရင် သူပြောထားသလို လုပ်ဦးမှပဲဟူသော ရည်ရွယ်ချက်တစ်ခုကို ဖြစ်စေခဲ့ပါသည်။

စာအုပ်ကလေးကလည်း ကောင်းသား၊ ဒီစာရေးဆရာ မဆိုးဘူးဟု တွက်လိုက်ပါသည်။ ဝတ္တုထဲက ဇာတ်လိုက်က အဆုံးသတ်မှာ မထင်မှတ်ပဲ ဓာတ်ကြိုးပြတ်ကျနေတဲ့ ရေအိုင်ထဲ ဖြတ်လျှောက်မိရင်း အသက်ထွက်သွားတာ ဖတ်ရတော့ ကိုယ်ပါ ရောပြီး စိတ်မကောင်းတောင် ဖြစ်မိသွားသား။

ဝတ္တုတစ်အုပ်လုံး ဖတ်လို့ ပြီးသွားသော်လည်း "ကိုယ်တို့ ဒီလို လိင်မှုကိစ္စ ဆက်ဆံပြုလုပ်နေချိန်မှာတောင် မြတ်စွာဘုရားကို သတိရ အောင်းမေ့ရင် ကိုယ်တို့ မွေးလာ၊ ရလာတဲ့ သားသမီးလေးတွေက လူတော်လူကောင်းလေးတွေ၊ မြင့်မြတ်တဲ့ သူတော်ကောင်းလေးတွေ ဖြစ်လာမှာ အချစ်ရဲ့။" သည် ခေါင်းထဲတွင် စွဲ၍ ကျန်နေခဲ့ပါသည်။ သားကောင်း၊ သမီးကောင်းလေးတွေ မွေးလာရုံမက မြတ်စွာဘုရားကို သတိရ အောင်းမေ့သောကြောင့် ကုသိုလ်တောင် ရနိုင်သည်ဟု မောင်ချမ်းတစ်ယောက် ပိုပိုသာသာ ဖြည့်တွေးလိုက်ပါသေးသည်။

သို့သော် ဤသို့ မဟုတ်ပါ။

ဤကိစ္စကို ပိုမိုသေချာစေရန် အလို့ငှါ တောင်စွန်း ဓမ္မဒူတကျောင်းတိုက်မှ ဆရာတော်တစ်ပါးကို ရှစ်မိုင် ပေါက်စေတီ ခုနစ်ရက် တရားစခန်း၌ ကိုရင်ဝတ်နေဆဲ အချိန်တွင် မနေနိုင် မထိုင်နိုင်ပဲ လျှာယားကာ လျှောက်တင် မေးမြန်းဖြစ်ခဲ့ပြီး "ဒါ ဗုဒ္ဓဘာသာကို အနောက်ကနေ ဓားမြှောင်နဲ့ ထိုးတဲ့ စာတစ်မျိုးပဲ" ဆိုသော ဆရာတော်၏ အဖြေစကားကို ကြားသောအခါ မောင်ချမ်းတစ်ယောက် ပက်လက်လန်ခဲ့ရပါသည်။

စာဖတ်သူမိတ်ဆွေ
ခင်ဗျားတို့ကော အကျနုပ် မောင်ချမ်းလို မစဉ်းစား၊ မဆင်ခြင် စာလွဲနောက် လိုက်မိဖူးပါသလား။

မျက်နှာပူရန် မလိုပါ။ လူတိုင်း အမှား လုပ်ဖူးပါသည်။

ချမ်းညီချို
18-11-2011

ပဋိပက္ခ မှတ်တမ်းများ (၁)

လောက်စာလုံး မှန်ထားသော ငှက်ကလေးတစ်ကောင်ကို မြင်ရသောကြောင့် ဒါဟာ စွန့်ပစ်ခံရသော အချစ်ရဲ့ ပြရုပ်တစ်ခုပဲလို့ ထင်မှတ်မသွားစေချင်ပါ။ မောင်ချမ်းတစ်ယောက် အကုသိုလ် ခပ်များများကို လောက်လေးတစ်လက်ဖြင့် ဈေးပေါပေါ လိုက်လံဝယ်ယူခြင်းမှ ရရှိလာသော အမည်းစက်ကလေးပေါင်း မြောက်များစွာထဲမှ တစ်စက်သာ ဖြစ်ပါသည်။ အဘိုးအဖွားတို့၏ ဇာတိချက်မြုပ် ကျုံရှရွာသို့ နွေရာသီ အားလပ်ရက်တွင် (အိမ်၌ အားအားယားယား ရှိနေပါက မျက်စိနောက်မည်ကို သိနေသော) အမေက အဖွားနှင့်အတူ ထည့်လိုက်သဖြင့် မောင်ချမ်းတစ်ယောက် ကျုံရှတစ်ခွင် ပြဲပြဲမစင်ခင်၌ နံနက်စောစော အိမ်နောက်ဖေး သရက်ပင်ကို လေးခွတစ်လက်ဖြင့် ပြဿနာစတင် ရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ကံဆိုးသူမောင်ရှင် စာကလေးကား မြိုင်ရာဇာတွတ်ပီနှင့် မရ ရအောင် အမျိုးစပ်လျှင် အမျိုးတော်ချင် တော်နိုင်သော မောင်ချမ်းတစ်ယောက် အိမ်နောက်ဖေးမှ မချစ်စုအား တံချူဖြင့် ခူးရန် ပျင်းရိသည့်အလျောက် လောက်လေးဖြင့် ဆွဲပစ်ရာမှ မဆိုင်သောအမှုတွင် ပူးတွဲ တရားခံ ဖြစ်ရခြင်းသာ ဖြစ်ပါသည်။ (ဤနေရာတွင် မချစ်စုဆိုသည်မှာ သရက်သီးအမျိုးအစား မချစ်စု သာဖြစ်၍ ရွာမှ လှတပတ မိန်းမပျိုလေးတစ်ယောက်အား တင်စားသော နိမိတ်ပုံ အခေါ်အဝေါ်တစ်ခု မဟုတ်ရပါ။) မည်သို့ပင် သူတပါးအသက် မသတ်ရန် ဆုံးမခြင်း ခံထားရလင့်ကစား မထင်မှတ်ပဲ၊ ရည်ရွယ်ချက် မပါပဲ၊ စိတ်အတွင်းမှ မပါပဲ ရမ်းသမ်းပစ်ခတ်ရာမှ စာကလေးတစ်ကောင်ပါ အသက်ဆုံးရှုံးရသည်ကို မြင်တွေ့ရသောအခါ မောင်ချမ်းတစ်ယောက် အကြီးအကျယ် စိတ်မကောင်းဖြစ်သွားမည်၊ စိတ်ဆင်းရဲမှုကြီးစွာ ခံစားရမည်ဟု ထင်ကောင်းထင်နိုင်ပါသည်။

သို့သော် ဤသို့ မဟုတ်ပါ။

စာကလေးကြော်ကြိုက်သော မောင်ချမ်းတစ်ယောက် အပျော်ကြီး ပျော်ခဲ့မိပါသည်။


ချမ်းညီချို
18-11-2011

အပြာရောင် ဂြိုဟ်သားများ (၁၅)

ကျွန်တော်
သူ့ရဲ့ စည်းဝါးသံလေးကို ကြားချင်လို့ပါ
စာတွေ၊ ကဗျာတွေထဲ လိုက်လို့ ရှာမိတယ်
ဒါပေမယ့် အခုတော့ လောကနတ်ဆိုတာ
အဘိဓာန်ထဲမှာတောင် ခပ်ဝါးဝါးပဲ။

လူတွေကလည်း လူတွေပါပဲ
လောကကြီးကို စိတ်ပျက်သွားတာလား
လူသားတွေကိုပဲ လူသားတွေက စိတ်ပျက်သွားတာလား

စကားစမြည်ပြောဖို့၊ တိုင်ပင်ဖော် တိုင်ပင်ဖက်
ကိုယ်စောင့်နတ်တွေလည်း ခရီးလွန်နေတယ် ထင်ပါ့
မတွေ့ရတာ အတော်တောင် ကြာနေပြီ။

အောက်ဖက် လှမ်းကြည့်လိုက်တော့မှ
*ဟေဒီ တို့ အရပ်မှာတော့ စည်စည်ကားကား ရှိနေသား

ဒီလိုပါပဲ ...
လူတွေကလည်း လူတွေပဲ မဟုတ်ပါလား။ ။

ချမ်းညီချို
09-07-2011
* Hades = The god of the underworld (from Greek Mythology)

စွယ်တော်ပင်က အရွက်ကလေးလို

၁။ ဗလာစာရွက်သုံးရွက်

CD တစ်ချပ်

စာအုပ် တစ်အုပ်

စာအိတ်အညိုရောင်

သူ့အငွေ့အသက်ပါသည့် အရာဝတ္ထုလေးခုသည် မိုင်ပေါင်း ကိုဖြတ်၍ ရောက်ရှိလာကြသည်။ အဆန်းတကြယ်သိပ်မဟုတ်သော ထိုအရာများသည် သူနှင့်ကျွန်မကြား ဝေးကွာနေသော အတိုင်းအတာများကိုမေ့ပျောက်သွား

စေသည်။ သူရေးပေးသော ကဗျာသိပ်မဆန်သည့် စာသုံးမျက်နှာသည် ညအိပ်ရာဝင်ပုံပြင်ဖြစ်သည်။ အိပ်ယာမှထတိုင်း ဖတ်ဖြစ်နေသည့် ဘာသာရပ်တစ်ခုလည်းဖြစ်သည်။



၁။ အဝေးက ချစ်နေရတယ်ဆိုတာ

အလုပ်မလုပ်တဲ့ မီးခြစ်တစ်လုံးနဲ့

ဆေးလိပ်မီးညှိနေသလိုပါပဲ..။

ကိုယ်ကလည်း တအားသောက်ချင်

သူကလည်း အလုပ်မလုပ်တော့

ခံတွင်းချဉ်ရုံ သက်သက်ပဲ။ .. ။



ဆေးလိပ်မီးညှိရန်အတွက် မီးခြစ်လိုက်ရှာနေချိန်၌ "ဆေးလိပ်တွေ လျှော့သောက်နော် .." ဆိုသော သူမ၏ အမှာစကား စူးစူးရှရှလေးကို ကမ္ဘာတစ်ဘက်ခြမ်းမှ ကြားရပါသည်။ ကမ္ဘာတစ်ဘက်ခြမ်းရှိ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။



၂။ သူသည် ကျွန်မအတွက် ....

နားထောင်၍မရိုးနိုင်သော စည်းချက်၊

ဖတ်၍မ၀နိုင်သော စာတစ်ပုဒ်၊

ဖွဲ့ဆို၍မဆုံးနိုင်သော စာသား၊

ဟောင်းနွမ်းမသွားသော အီးမေးလ်တစ်စောင်၊



သူ၏ ရင်ခုန်သံသည် ကျွန်မ၏ ရင်ခုန်သံ

သူ၏ ပျော်ရွှင်မှုသည် ကျွန်မ၏ ပျော်ရွှင်မှု

သူ၏ နေမကောင်းဖြစ်မှုသည် ကျွန်မ၏ ပူဆွေးမှု



၂။ သူမနှင့် ကျွန်တော်သည် ပုံတူလူသားနှစ်ယောက်လို တစ်ယောက်သိစိတ်နောက် တစ်ယောက် ကပ်လိုက်နေသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။ သူမနှင့် ကျွန်တော်ကြားက ၅၃၄၁.၇၈ မိုင် တနည်းအားဖြင့် ၈၅၉၆.၇၆ ကီလိုမီတာ ဆိုသော နိုင်ငံနှစ်နိုင်ငံ၏ အကွာအဝေးကလည်း ကျွန်တော်တို့ နှစ်ယောက်အား ဝေးကွာသွားစေရန် မည်သို့မျှ မတတ်နိုင်ခဲ့ပါ။ လူနှစ်ယောက်အား အတူတကွ ပူးတွဲ ချည်ငင် တုတ်နှောင်ထားရန်အတွက် အကောင်းဆုံးသော ကြိုးသည် သစ္စာတရားပင် ဖြစ်ပါသည်။ သစ္စာတရားသည် ဟောင်းနွမ်း၍ မသွားနိုင်သော လက်ထပ်စာချုပ်တစ်ခုလည်း ဖြစ်သည်။



၃။ သူ့အတွက် ကျွန်မဖြစ်တည်ခဲ့ရသည့် ရက်ပေါင်း သုံးရာရှစ်ဆယ့်နှစ်ရက်ခန့်အတွင်း မျက်စိအောက်မှအပျောက်မခံနိုင်အောင် ချစ်ခဲ့ကြသည့်နေ့များရှိသည်။ အပြန်အလှန်လိုက်ချော့ခဲ့ကြသည့် စိတ်ကောက်သည့်နေ့များလည်းရှိသည်။ ရန်ဖြစ်ပြီးစကားမပြောဘဲနေခဲ့ကြသည့်ရက်နေ့လများလည်းအများကြီးရှိသည်။ ရက်ပေါင်းသုံးရာကျော်အတွင်း သတိမရဘဲနေသည့်နေ့တစ်နေ့မျှမရှိခဲ့။ နေ့တိုင်းလွမ်းသည်ဆိုလျှင် ရယ်စရာတော့ကောင်းပေလိမ့်မည်။ စိတ်နောက်သို့ သူလိုက်နေသည်ဟုပြော၍ရသည်။



သေဖို့တစ်ရက်နီးလာသည်နှင့်အမျှ သူသည် ကျွန်မဘ၀၏ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ ဘ၀တစ်ခုလုံးအပြည့်နေရာယူလာခဲ့သည်။ ကျွန်မ၏ နှလုံးခုန်နှုန်းသည် တစ်မိနစ် အချက်ရှစ်ဆယ်ခုန်မည်ဆိုပါက သူ့နှလုံးသားသည်လည်း ထိုသို့ပင်လိုက်ခုန်လိမ့်မည်။ သူသည် အဖြူရောင်အား အမည်းရောင်ဟုပြောနေပါက ကျွန်မ၏ အမြင်အာရုံသည်လည်း အမည်းရောင်ကိုသာမြင်ရပေလိမ့်မည်။



၃။ သူမနှင့် ကျွန်တော်သည် သံသယနှင့် ရှေ့နောက်မညီမှုများ ပျော်ဝင် ပျောက်ကွယ်သွားစေဖို့ အချစ်နှင့် ယုံကြည်မှုကို ဆတူ ရောစပ်ခဲ့ကြပြီး နှုံးချိရှုပ်ထွေးနေသော အတိတ်များ၊ အရိပ်များကိုလည်း တက်ညီလက်ညီ ပေါင်းသင်ရှင်းလင်းခဲ့ကြသည်များ

ကို အမှတ်ရဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကိုယ်ပေါ်မှ တစ်ကိုယ်ကောင်းဆန်မှုများ၊ မာနများကို အတူတကွ လှုပ်ယမ်းခါချခဲ့စဉ်က ကျွန်တော့်အပေါ် ထားရှိသော သူမ၏ အချစ်သည် ဆိုးချင်တိုင်းဆိုးပြီး စိတ်ပါတာကို စိတ်ပါသလို လုပ်တတ်သော ကျွန်တော့်ဘဝခါးခါး အတွက် ချိုမြိန်သော ပီတီအဟုန်တစ်ခု ဖြစ်စေခဲ့သည်။ ဤသို့သော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။



၎။ ကျွန်မအိမ်တွင်ည သူ့အိမ်တွင်နေ့ ဖြစ်နေသည့်အချိန်၌ အိပ်ချိန်စားချိန်မေ့နေလောက်အောင် စကားထိုင်ပြောမိကြသည်။ ကျွန်မ၏ညအချိန်တွင် သူသည် ကျွန်မ၏ မနက်ခင်းအချိန်အထိ ထိုင်စောင့်နေခဲ့ပြီးလက်ချာမစခင်အထိ စကားဆက်ပြောမိသည်။လစဉ်ရက်ဆက်နီးပါး ထိုနည်းအတိုင်းပြောဖြစ်ခဲ့သော်လည်း ကျွန်မတို့နှစ်ယောက်ပြောနေကျအရာများသည် အိုဟောင်း၍ မသွား ။ မရိုး မဆန်းသော အကြောင်းအရာများသည် သူ့အလိုလိုရောက်လာတတ်သည်။ စကားပြောနေကြသော်လည်း အမြဲတမ်းလွမ်းနေကြရသည်။



၎။ အိပ်ရာနိုး၍ မျက်စိနှစ်လုံး ပွင့်လာချိန်၌ သတိရမိသော သူမသည် နံနက်ခင်း အိပ်ရာနိုးချိန်၌ အိပ်ရာနိုးကြောင်း အီးမေးပို့ဖို့ ခဏခဏ မှာဖူးသော သူမပင် ဖြစ်သည်။ ကော်ဖီဖျော်နေချိန်၌ သတိရမိသော သူမသည် ကော်ဖီကြိုက်တတ်သော သူမဖြစ်သည်။ အိမ်သာမှအထွက်တွင် ကျွန်တော့်ကို ပြုံးစိစိဖြစ်စေခြင်းမှာ အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးဖို့ ကလေးတစ်ယောက်သဖွယ် စိုးရိမ်တကြီး မှာကြားထားသော သူမ၏စကားကို သတိရမိခြင်းကြောင့် ဖြစ်သည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် ဖတ်နေချိန်၌ သတိရမိသော သူမသည် အနုပညာကိစ္စတွင် ခံစားခြင်းနှင့် နားလည်ခြင်းကိုပင် မကွဲပြားသူများနှင့် အချိန်ကုန်ခံပြီး စကားပင် ပြောလေ့မရှိသော သူမသာလျှင် ဖြစ်သည်။ ထို့ပြင် ထမင်းစားချိန်များ၌လည်း အားဖြစ်အောင် ထမင်းများများ ပိုစားရန် မှာတတ်သော သူမ၊ ဘီယာသောက်မည် စိတ်ကူးသောအခါ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားလျှင် နှစ်ယောက်သား တွေ့ရချိန် ပိုနည်းပါးမှာစိုးသဖြင့် ကျန်းမာရေးအတွက် ဘီယာ အရက် လျှော့သောက်ရန်မှာတတ်သော သူမ၊ အိပ်ရာဝင်ချိန်၌ Good Night ဆိုသော အီးမေးလေးတစ်စောင်လောက်တော့ မအိပ်ခင် ပို့ဖို့ မှာတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံး သူမပင် ဖြစ်သည်။



သို့သော်...



၅။ အရိပ်တစ်ခုလို ကျွန်တော့် အသည်းနှလုံးတွင် တွဲလွဲခိုနေသော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။



၅။ အကွာအဝေးကြောင့် လွမ်းဆွတ်ရသည့်အချိန်များတွင် ရင်ဂို၏ "တောင်ပံပါရင် မင်းဆီကို" သီချင်းအော်ဆို၍ လွမ်းသည့်စိတ်ကိုဖြေဖျောက်ခဲ့ရသည်။ ကျွန်မသည် သူ့အားရူးမတတ်လွမ်းရချိန်တွင် သူသည် ရယ်စရာတစ်ခုခုပြော၍ နှစ်သိမ့်ပေးတတ်သည်။



တောင်းဆုများကို ယုံကြည်လာမည့်နေ့တွင်သာ ဆုတစ်ခု တောင်းဖြစ်ပေလိမ့်မည်။



လွမ်းရသည့်အချိန်တိုင်းအတွက် သူနှင့်ကျွန်မ အတူရှိနေချင်သည်။



ချမ်းညီချို၊ သစ်သု
04-07-2011

အစရှိသည်များနှင့် အသက်ရှုတိုင်း အချစ်က ဒီမှာ

အဝေးက ချစ်နေရတယ်ဆိုတာ
အလုပ်မလုပ်တဲ့ မီးခြစ်တစ်လုံးနဲ့
ဆေးလိပ်မီးညှိနေသလိုပါပဲ..။
ကိုယ်ကလည်း တအားသောက်ချင်
သူကလည်း အလုပ်မလုပ်တော့
ခံတွင်းချဉ်ရုံ သက်သက်ပဲ။ .. ။


ဆေးလိပ်မီးညှိရန်အတွက် မီးခြစ်လိုက်ရှာနေချိန်၌ "ဆေးလိပ်တွေ လျှော့သောက်နော် .." ဆိုသော သူမ၏ အမှာစကား စူးစူးရှရှလေးကို ကမ္ဘာတစ်ဘက်ခြမ်းမှ ကြားရပါသည်။ ကမ္ဘာတစ်ဘက်ခြမ်းရှိ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။

သူမနှင့် ကျွန်တော်သည် ပုံတူလူသားနှစ်ယောက်လို တစ်ယောက်သိစိတ်နောက် တစ်ယောက် ကပ်လိုက်နေသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။ သူမနှင့် ကျွန်တော်ကြားက ၅၃၄၁.၇၈ မိုင် တနည်းအားဖြင့် ၈၅၉၆.၇၆ ကီလိုမီတာ ဆိုသော နိုင်ငံနှစ်နိုင်ငံ၏ အကွာအဝေးကလည်း ကျွန်တော်တို့ နှစ်ယောက်အား ဝေးကွာသွားစေရန် မည်သို့မျှ မတတ်နိုင်ခဲ့ပါ။ လူနှစ်ယောက်အား အတူတကွ ပူးတွဲ ချည်ငင် တုတ်နှောင်ထားရန်အတွက် အကောင်းဆုံးသော ကြိုးသည် သစ္စာတရားပင် ဖြစ်ပါသည်။ သစ္စာတရားသည် ဟောင်းနွမ်း၍ မသွားနိုင်သော လက်ထပ်စာချုပ်တစ်ခုလည်း ဖြစ်သည်။

သူမနှင့် ကျွန်တော်သည် သံသယနှင့် ရှေ့နောက်မညီမှုများ ပျော်ဝင် ပျောက်ကွယ်သွားစေဖို့ အချစ်နှင့် ယုံကြည်မှုကို ဆတူ ရောစပ်ခဲ့ကြပြီး နှုံးချိရှုပ်ထွေးနေသော အတိတ်များ၊ အရိပ်များကိုလည်း တက်ညီလက်ညီ ပေါင်းသင်ရှင်းလင်းခဲ့ကြသည်များကို အမှတ်ရဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကိုယ်ပေါ်မှ တစ်ကိုယ်ကောင်းဆန်မှုများ၊ မာနများကို အတူတကွ လှုပ်ယမ်းခါချခဲ့စဉ်က ကျွန်တော့်အပေါ် ထားရှိသော သူမ၏ အချစ်သည် ဆိုးချင်တိုင်းဆိုးပြီး စိတ်ပါတာကို စိတ်ပါသလို လုပ်တတ်သော ကျွန်တော့်ဘဝခါးခါး အတွက် ချိုမြိန်သော ပီတီအဟုန်တစ်ခု ဖြစ်စေခဲ့သည်။ ဤသို့သော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။

အိပ်ရာနိုး၍ မျက်စိနှစ်လုံး ပွင့်လာချိန်၌ သတိရမိသော သူမသည် နံနက်ခင်း အိပ်ရာနိုးချိန်၌ အိပ်ရာနိုးကြောင်း အီးမေးပို့ဖို့ ခဏခဏ မှာဖူးသော သူမပင် ဖြစ်သည်။ ကော်ဖီဖျော်နေချိန်၌ သတိရမိသော သူမသည် ကော်ဖီကြိုက်တတ်သော သူမဖြစ်သည်။ အိမ်သာမှအထွက်တွင် ကျွန်တော့်ကို ပြုံးစိစိဖြစ်စေခြင်းမှာ အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးဖို့ ကလေးတစ်ယောက်သဖွယ် စိုးရိမ်တကြီး မှာကြားထားသော သူမ၏စကားကို သတိရမိခြင်းကြောင့် ဖြစ်သည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် ဖတ်နေချိန်၌ သတိရမိသော သူမသည် အနုပညာကိစ္စတွင် ခံစားခြင်းနှင့် နားလည်ခြင်းကိုပင် မကွဲပြားသူများနှင့် အချိန်ကုန်ခံပြီး စကားပင် ပြောလေ့မရှိသော သူမသာလျှင် ဖြစ်သည်။ ထို့ပြင် ထမင်းစားချိန်များ၌လည်း အားဖြစ်အောင် ထမင်းများများ ပိုစားရန် မှာတတ်သော သူမ၊ ဘီယာသောက်မည် စိတ်ကူးသောအခါ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားလျှင် နှစ်ယောက်သား တွေ့ရချိန် ပိုနည်းပါးမှာစိုးသဖြင့် ကျန်းမာရေးအတွက် ဘီယာ အရက် လျှော့သောက်ရန်မှာတတ်သော သူမ၊ အိပ်ရာဝင်ချိန်၌ Good Night ဆိုသော အီးမေးလေးတစ်စောင်လောက်တော့ မအိပ်ခင် ပို့ဖို့ မှာတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံး သူမပင် ဖြစ်သည်။

သို့သော်...

အရိပ်တစ်ခုလို ကျွန်တော့် အသည်းနှလုံးတွင် တွဲလွဲခိုနေသော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။

ချမ်းညီချို
04-07-2011

ရှေးအကျဆုံး စီးပွါးရေးနဲ့ အရွယ်မရောက်သေးတဲ့ ကမ္ဘာ

မေမေက ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံသောအခါ ကျွန်တော် ငိုချင်ပါသည်။ 'သွားလေ၊ ဟိုနားမှာ ဒေါ်အေးတို့နဲ့ သွားထိုင်နေလို့ ပြောနေတာ မရဘူးလား' ဟု မေမေ အော်သောအခါ ကျွန်တော် ပို၍ ငိုချင်သည်။ 'သားလေး၊ မေ့မေ့သားလေး' ဆိုသော နူးညံ့၍ မေတ္တာအပြည့်ပါသော အခေါ်အဝေါ် အသုံးအနှုန်းများကို မည်သူ ခိုးယူသွားပါလိမ့်။ ကလေးဖြစ်သော ကျွန်တော်တစ်ယောက် နားမလည်နိုင်ပါ။ ဒေါ်အေးတို့ ကွမ်းယာဆိုင်နားတွင်လည်း သွားထိုင်၍ မနေချင်ပါ။ မေမေ့အနားမှာသာ နေချင်ပါသည်။ မေမေ့အနားမှာသာ နေချင်သော ကျွန်တော်တစ်ယောက် အနားကပ်လိုက်တိုင်း မေမေ့ထံမှ အော်ဟစ် နှင်ထုတ်ခြင်းသာ ခံနေရပါသည်။ မေမေကတော့ အရေးတယူ ဂရုစိုက်ဖို့ဝေးစွ၊ ကျွန်တော့်ကို အော်ငေါက်နှင်ထုတ်လိုက်ပြီးတိုင်း တစ်ဖက်သို့ မျက်နှာလွှဲ၍သာ နေပါသည်။ စကပ်တိုတိုလေး ဝတ်ထားသော မေမေ့အနား ကျွန်တော် ကပ်သွားလိုက်တိုင်း နှုတ်ခမ်းနီ၊ ပါးနီများ ခြယ်ထားသော မေမေ့မျက်နှာ ပျက်ပျက်သွားတတ်ပြီး အော်ဟစ်မောင်းထုတ်ခြင်းသာ ခံနေရသောကြောင့် အတော်လေးဟိုက်ပြီး ဇာပါးပါးလေးဖြင့်သာ ဖုံးအုပ်ထားသော မေမေ့ရင်ခွင်ထဲသို့ ခေါင်းဝင်တိုး၍ 'မေမေ သားကို ဘယ်လောက်ချစ်၊ မိုးလောက်ကြီး ချစ် ...' ဟု ချွဲဆိုနိုင်ခွင့်မှာ ပျောက်ဆုံးလို့နေပါသည်။ မေမေ ကျွန်တော့်ကို မချစ်တော့ဘူးလား။ ကျွန်တော် နားမလည်နိုင်ပါ။ မေမေ ကျွန်တော့်ကို မ..ချစ်..တော့..ဘူး..လား။ ဟုတ်တယ်၊ မေမေ ကျွန်တော့်ကို မချစ်တော့ဘူးလို့ ထင်ပါတယ်။



မဟုတ်ပါဘူး သားလေးရယ်။ မေမေ သားကို ချစ်တာပေါ့။ ချစ်တာမှ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ချစ်ပါတယ်။ ချစ်လွန်းလို့ သားလေးအတွက်ပဲ မေမေ ဒီအလုပ်ကို လုပ်နေရတာပေါ့။ အခု လာခေါ်မယ့် အန်ကယ်ကြီးတွေကလေ မေမေနဲ့ သားလေး စားဖို့သောက်ဖို့အတွက် ပိုက်ဆံတွေ ပေးကြလိမ့်မယ် သားရဲ့။ ပြီးတော့ ဒီအန်ကယ်ကြီးတွေက ကလေးအမေဆိုရင် သဘောမကျကြဘူး။ သူတို့က ငယ်ငယ်ရွယ်ရွယ် အပျိုလေးတွေကိုမှ ကြိုက်တာလေ။ ဒါကြောင့် မေမေက သားကို သားလို့ မခေါ်ဖြစ်တာပါ။ ပြီးတော့ ဒါ့ကြောင့်ပဲ သားကို မေမေ့အနားမှာ မနေခိုင်းတာ။ မေမေ့ကို ကလေးအမေမှန်းသိရင် တခြားကောင်မလေးတွေကိုပဲ ကားပေါ် ခေါ်တင်သွားပြီး မေမေ့ကို ထားခဲ့လိမ့်မယ် သားရဲ့။ အဲလိုဆိုရင် မေမေနဲ့ သားအတွက် စားဖို့သောက်ဖို့ ပိုက်ဆံရမှာ မဟုတ်တော့ဘူး။ သားလေး အရွယ်ရောက်လာရင် ကျောင်းတက်ဖို့အတွက်လည်း မေမေ ပိုက်ဆံစုနိုင်တော့မှာ မဟုတ်ဘူး။ တကယ်တော့ သားကို ဝေးဝေးမှာနေဖို့ အော်ထုတ်လိုက်ပြီးတိုင်း မေမေ မျက်ရည်ကျရပါတယ် သားရယ်။ မျက်နှာမဲ့မဲ့လေးနဲ့ သားလေး ငိုနေတာမြင်ရင် မေမေလည်း ငိုချင်တယ်။ ဒါ့ကြောင့်ပဲ မေမေ့မျက်ရည်တွေကို သားမမြင်အောင် သားကို အော်ငေါက်ထုတ်လိုက်ပြီးတိုင်း မေမေ မျက်နှာ လွှဲနေခဲ့ရတာပေါ့။ မေမေ သားကို အရမ်း ချစ်ပါတယ်။ ပြီးတော့ မေမေ့သားကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်တယ်။ ဒါမှ သားအဖေလို ယောက်ျားမျိုး ငါ့သားလေး မဖြစ်မှာ။



ချမ်းညီချို
17-06-2011