Sunday 25 July 2010

ကလေး အတွေး

+++ ကလေး အတွေး +++

ကျွန်တော်၏ ကလေးဘဝအကြောင်း ပြန်လည်ပြောဆိုသောအခါ မြန်မာတူရိယာပစ္စည်းတစ်ခုအကြောင်း မမေ့မလျှော့ထည့်သွင်းပြောရပါမည်။ ကျနော်တို့ ရပ်ကွက်ထဲသို့ ခဏခဏ လာရောက်၍ တောင်းစားတတ်သော သူတောင်းစား ကလေးငယ် ကိုင်ဆောင်သော ဝါးဆစ်ပိုင်း ဖြစ်ပါသည်။ (ကျနော့် အထင် ဖြစ်ပါသည်။) ထိုတူရိယာသည် လက်ဖြင့်ကိုင်၍ ကတ္တရာလမ်းဖြင့်ဆောင့်ရင် တုံ တုံ ဟု အသံထွက်သည်။ (ဤနေရာတွင် ဘာ့ကြောင့် ကလေးသူငယ်များ သူတောင်းစား ဖြစ်ရသလဲဆိုသော အချက်ကို ဆွေးနွေးမည် မဟုတ်ပါ။)

သူတို့ ဆိုသော သီချင်းအများစုမှာ ဂန္တဝင်ဟု သတ်မှတ်ထားသော သီချင်းများသာ ဖြစ်လေ့ရှိပါသည်။ ပမာအားဖြင့် "နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ" အဆိုပါသီချင်းမျိုး။ (မြန်မာပြည်တွင် သူတောင်းစား အများစုသည် ဖျော်ဖြေရေး အစီအစဉ်မပါ၊ ဒီအတိုင်းသာ လက်ဖြန့်တောင်းကြပါသည်။ လန်ဒန်တွင် ဂစ်တာတီး၍ သောလည်းကောင်း၊ အကော်ဒီယံ တီး၍သော်လည်းကောင်း တောင်းရမ်းလေ့ရှိရာ၊ မြန်မာပြည်မှ ဝါးဆစ်ပိုင်းဖြင့် တောင်းသူသည် အတော်အသင့် ခေတ်မှီသည်ဟု ဆိုနိုင်ပါသည်။)

ညနေချိန်တွေမှာ ကြားနေကျ တုံ တုံ ဆိုသော အသံနှင့် စာဥရေ ငါအရောက်ပြန်ခဲ့မှာ ဆိုသော သီချင်းသံသည် ကျနော်၏ စူးစမ်းချင်စိတ်များကို အမြဲ နှိုးဆွနေခဲ့ပါသည်။ (အနုပညာသွေးများသည် ကျနော့် ကိုယ်ထဲတွင် ငယ်စဉ်ကပင် ကခုန်နေခဲ့သည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။) တစ်ညနေတွင် ကျနော်သည် ထိုသူတောင်းစားကို ပြားငါးဆယ်ပေး၍ ကိုယ်တိုင်ကိုယ်ကျပါဝင် ဆင်နွဲခဲ့ရာ သီချင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
"ရွှံ့တွေ ကပ်စီး ကပ်စီး ပုတီးလုပ်ကာ သုံးရပါသနော်
ဒေါ်လာပြားက ဆယ့်ငါးပြားလောက် စွဲချင်တာ
ကိုကိုများက မြောက်စားပေမဲ့
ဟိုတုန်းကလောက် မပျော်ပါ" ဟူ၍ ဖြစ်သည်။ (မာမာအေး၏ အာယားမ အခွေထဲက ဖြစ်မည် ထင်ပါသည်၊ ကောင်းစွာ မမှတ်မိတော့ပါ။)

အမေသည် ကျနော့အား အိမ်ထဲသို့ (မမှတ်မိနိုင်လောက်အောင်) စိတ်ဆိုးဆိုးဖြင့် ဆွဲခေါ်သွားပါသည်။ ဘာ့ကြောင့် ကျနော်ဒီလို ဝါးဆစ်ပိုင်းကို တီးပြီး သီချင်းဆိုရသလဲ။ ကျနော် တီးချင်၍၊ ဆိုချင်လွန်း၍သာ ဖြစ်ပါသည်။ (တစ်ခါတစ်ရံ လူကြီးတွေ နားလည်အောင် ပြန်ပြန် ရှင်းပြနေရတာ ကလေးတွေအတွက် စိတ်မောစေတယ်။) ဘာပဲဖြစ်ဖြစ် ထိုအခါမှစ၍ နောင်တစ်ချိန်တွင် အဆိုတော် ဖြစ်လာနိုင်ဖွယ်ရှိသော ကျနော့၏ နောင်ရေးတစ်ခုကို စွန့်လွှတ်လိုက်ရပါတော့သည်။


ချမ်းညီချို

No comments:

Post a Comment