Tuesday 27 July 2010

မြန်မာကဗျာနှင့် နိုင်ငံတကာနိမိတ်ပုံ (မောင်သာချို)



တစ်နေ့တွင် စာအုပ်အငှါးဆိုင်ကလေးတစ်ဆိုင်မှ ကျွန်တော် ပြန်လာခဲ့ပါသည်။ မည်သည့်မဂ္ဂဇင်းအသစ်တစ်အုပ်တလေကိုမှ ငှါး၍ မရခဲ့သည့်အတွက် ဟန်သစ်မဂ္ဂဇင်းအဟောင်းတစ်အုပ်ကို ငှါးပြီး ပြန်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကျွန်တော်လည်း ခပ်ပျင်းပျင်း ဖြစ်လာသောကြောင့် အိမ်သို့ တန်းမပြန်သေးပဲ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးဆီသို့ ထွက်လာခဲ့ရာ ကျွန်တော့်အရင် ရောက်နှင့်နေသည့် ကျွန်တော်၏ စာပေ မိတ်ဆွေတစ်ဦးနှင့် ဆုံသောကြောင့် သူ့စားပွဲမှာပင် ဝင်၍ ထိုင်ဖြစ်ခဲ့ပါ၏။ မိတ်ဆွေက ကျွန်တော့်တွင်ပါလာသော ဟန်သစ်မဂ္ဂဇင်းအဟောင်းကို ယူ၍ ဖတ်ပါသည်။ ကဗျာစာမျက်နှာများကို အလေးအနက် ဖတ်ရှုပြီးနောက် ခေတ်ပေါ် မြန်မာကဗျာများနှင့် ပတ်သက်၍ သူ၏ အမြင်ကို ဝေဖန်လာပါသည်။

သူဆွေးနွေးဝေဖန်သည့် အဓိက အချက်မှာ မြန်မာကဗျာများ အတွင်း၌ နိုင်ငံရပ်ခြား ဝေါဟာရများ ထည့်သွင်းသုံးစွဲမှုပင် ဖြစ်ပါသည်။ သူက ဟန်သစ်မဂ္ဂဇင်းထဲမှ ကဗျာတစ်ပုဒ်ကို ထောက်ပြပါသည်။ ကဗျာက စစချင်း "လက်ဖက်ရည်ဆိုင်ထဲမှာ၊ ကိုလံဘတ်ထိုင်နေတယ်" ဟု စထားရာ သူက ကိုလံဘတ်အစား မြန်မာအမည် သုံး၍ ရ မရ၊ "လက်ဖက်ရည်ဆိုင်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင် ထိုင်နေတယ်" ဟု ဖွဲ့လျှင် ဖြစ်မဖြစ်မေးပါသည်။

ကျွန်တော်က မရနိုင်ကြောင်း ရှင်းပြရပါသည်။ ကိုလံဘတ်သည် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ ဖြစ်သည်။ ကမ္ဘာသစ်ကို စွန့်စားရှာဖွေသူဖြစ်သည်။ ကမ္ဘာသိ ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် သူ့အမည်သည် အားကောင်းသော နိမိတ်ပုံ ဖြစ်သည်။ သို့ဖြစ်ရာ ဤကဗျာ၌ လက်ဖက်ရည်ဆိုင် ထိုင်နေသောသူများသည် အတွေးအခေါ် နယ်ပယ်သစ်၊ အနုပညာ နယ်ပယ်သစ်၊ ရာဇဝင်သမိုင်း နယ်ပယ်သစ်တို့ကို စူးစမ်းရှာဖွေသူများ ဖြစ်ကြောင်း ဖွဲ့ထားခြင်းဖြစ်ရာ ကိုလံဘတ်ဟူသော အမည်ကသာ အားကောင်းသော နိမိတ်ပုံအဖြစ် ဆောင်ရွက်ပေးပို့နိုင်သည်ဖြစ်ကြောင်း စသည်ဖြင့် တစ်နံတစ်လျား ရှင်းပြရပါသည်။

ယင်းနှင့်တစ်ဆက်တည်းမှာလည်း ဦးဖိုးလှိုင်သည် နယ်ပယ်သစ်ရှာသူမဟုတ်ကြောင်း၊ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်လက်ထက်တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် အစားထိုး အုပ်ချုပ်စေလိုသည့် တိုးတက်သည့် မြန်မာတစ်ဦးသာ ဖြစ်ကြောင်း စသည် စသည်တို့ကို ရှင်းပြကာ "လက်ဖက်ရည်ဆိုင်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင် ထိုင်နေတယ်" ဟု ဖွဲ့ခြင်းဖြင့် ဆိုလိုချက်ကို မရောက်ရှိနိုင်ကြောင်းတို့ကိုပါ ဆွေးနွေးခဲ့ရပါသည်။ လက်ဖက်ရည်ဆိုင်တွင် ယောမင်းကြီးဦးဖိုးလှိုင်ထိုင်၍ မဖြစ်နိုင်စကောင်းပါ။

သို့ဖြင့် အိမ်သို့ပြန်ရောက်ပြီးသောအခါတွင်ကား ယင်းနှင့်ပတ်သက်နှီးနွှယ်ရာ ကိစ္စအဝဝတို့ကိုပါ ဆက်လက်စဉ်းစားဖြစ်ပါတော့သည်။ ခေတ်ပေါ်မြန်မာကဗျာဆရာတို့သည် နိုင်ငံတကာ ဝေါဟာရများကို နိမိတ်ပုံ အဖြစ် အဘယ့်ကြောင့် သုံးကြပါသနည်း။ မြန်မာမှုနယ်ပယ်တွင် မရှိ၍၊ မသုံးမဖြစ်၍ သုံးကြခြင်း မဟုတ်တန်ရာပါ။ မလိုအပ်ပဲ စတန့်ထွင်၍ ထည့်သုံးခဲ့လျှင်လည်း စတန့်ကဗျာသာ ဖြစ်နေပါလိမ့်မည်။

ဤကဲ့သို့ နိုင်ငံတကာ စကားလုံးများကို နိမိတ်ပုံအဖြစ် သုံးစွဲခဲ့ကြခြင်းမှာ မြန်မာကဗျာသမိုင်းအဆက်ဆက်၌ ယခုခေတ်သစ်မှသာ သုံးခြင်းဖြစ်ကြောင်းလည်း သတိပြုမိပါသည်။ ဂန္ထဝင်ကဗျာခေတ်၊ ခေတ်စမ်းခေတ်၊ တာရာခေတ် အသီးသီးရှိ မြန်မာကဗျာများတွင် နိုင်ငံတကာ စကားလုံးများကို နိမိတ်ပုံအဖြစ် မသုံးခဲ့ကြပါ။ သာမန် ရိုးရိုးဝေါဟာရများအဖြစ်သာ သုံးလျှင် သုံးခဲ့ကြပါသည်။

သို့သော် ၁၉၇၀ နောက်ပိုင်း ခေတ်သစ်သို့ရောက်ရှိသောအခါ နိုင်ငံတကာမှ လူအမည်၊ မြို့အမည်၊ နိုင်ငံအမည်၊ အဖြစ်အပျက်စသည်တို့ကို နိမိတ်ပုံများအဖြစ် ထည့်သွင်းသုံးစွဲလာကြကြောင်း တွေ့ရှိလာရပါသည်။ ယင်းမှာ မြန်မာမှုလောကနယ်ပယ်၌ ယင်းနှင့်ထပ်တူကျသော စကားလုံး သုံးစရာမရှိသောကြောင့်သာ သုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်းကိုလည်း ထင်းထင်းကြီးပင် တွေ့မြင်နေရပါသည်။

အောင်ချိမ့်က သူ၏ "ဂန္ထဝင်မမ" ကဗျာရှည်တွင် တစ်နေရာ၌ ဤသို့ ထည့်သွင်းဖွဲ့ဆိုပါသည်။
သိက္ခာ
မာန
မိတ္တဗလ ဋီကာ
ဒေးကာနက်ဂျီ
ပီမိုးနင်း
မျဉ်းဖြောင့်ပေါ်က လူ
ကွန်ပျူတာလို အသုံးပြုနိုင်တယ်။
အောင်ချိမ့်၏ ကဗျာရှည်၌ လူငယ်တစ်ဦးက မမအရွယ် တစ်ဦးကို မေတ္တာသက်ဝင်မိကြောင်း ရေးဖွဲ့ထားခဲ့ရာတွင် မမတို့ အသိုင်းအဝိုင်းသည် ဟန်ဆောင် လူမှုလောကဆက်ဆံရေး ကိစ္စရပ်များ၌ အကျွမ်းတဝင်ရှိလှကြောင်းကို ထည့်သွင်းဖွဲ့ဆိုထားခဲ့သည်။ ထိုအကြောင်းကို အထက်ပါအဖွဲ့ဖြင့် ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

ဤနေရာ၌ ကဗျာဆရာက "ဒေးကာနက်ဂျီ" ဆိုသော အမည်ကို သုံးသည်။ ဤနာမည်သည် ထင်ရှားပြီး ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်၌ အကျိုးရှိမည်ဟုဆိုလျှင် အတတ်နိုင်ဆုံး ဟန်လုပ်ပေါင်းသင်းတတ်ရမည်ဟူသော ကျမ်းကို ပြုစုခဲ့သော စာရေးသူဖြစ်သည်။ မိတ္တဗလ ဋီကာ၊ လူပေါ်လူဇော် စသည်ဖြင့် သူ၏ စာအုပ်များကို ဘာသာပြန်ဖူးသည်။ သို့ဖြစ်ရာ ကဗျာပါ မမတို့အသိုင်းအဝိုင်း၏ ဟန်လုပ်ပေါင်းသင်းတတ်မှုကို ဤစကားလုံးကိုသာ သုံးရပါလိမ့်မည်။ မြန်မာမှုနယ်ပယ်တွင် ဤစကားလုံးနှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော နိမိတ်ပြ စကားလုံးမရှိဟု ကျွန်တော် ယုံသည်။

မောင်ပြည့်မင်းက "အိပ်မပျော်ခြင်းအိပ်မက်" ဟူသော ကဗျာတစ်ပုဒ်ကို ဟန်သစ်မဂ္ဂဇင်းတွင် ရေးဖူးပါသည်။ ကဗျာ၌ အိပ်စက်၍ မရသဖြင့် သူ၏ ညသည် ညမပီသပါကြောင်း၊ တကယ်တော့ ညဟူသည် အိတ်စက်အနားယူလျှင်လည်း ယူ၊ သို့မဟုတ်လျှင်လည်း အရက်သောက်လျှင် သောက်၊ အပျော်အပါး လိုက်စားလျှင် လိုက်စား၊ တီဗီကြည့်လျှင် ကြည့်၊ ကိုယ့်ဇနီးနှင့်ကိုယ်နေလျှင်နေ၊ တစ်ခုခုတော့ ရှိနေသင့်ကြောင်း၊ သို့မှသာ ည၏ အဓိပ္ပာယ် ပြည့်ဝပေါ်လွင်နိုင်ကြောင်း၊ မိမိမှာမူ တစ်ခုမှလည်း လုပ်စရာမရှိ၊ အိပ်၍လည်းမရနှင့် လောင်မြိုက်နေရကြောင်းတို့ကို ဖွဲ့ဆိုထားခဲ့ပေရာ တစ်နေရာတွင် ဤသို့ ဖွဲ့ပါသည်။
စနေနေ့ည
နည်းနည်း သောက်ထားတဲ့ည
ဗန်ကောက်အနံ့သင်းတဲ့ည
တီဗီကားကောင်းတဲ့ည
သင့်သစ္စာရှိသောည
ညဝတ်အင်္ကျီပါးနဲ့ည
စတဲ့ညတွေဟာ
ညစစ်စစ်တွေပေါ့။
ဤအဖွဲ့တွင် ဗန်ကောက်အနံ့ဟူသော နိမိတ်ပုံအဖွဲ့တစ်ခု ပါဝင်လာပါသည်။ မြန်မာမြို့အမည်တစ်ခုကို အစားထိုး၍သုံးလျှင် မရနိုင်ဘူးလားဟု မေးစရာရှိလာပါသည်။ မရနိုင်ဟုပင် ဖြေရပါမည်။ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားသည်ဟု ထင်ရှားသောမြို့ မြန်မာနိုင်ငံတွင် မရှိပါ။ သို့သော ဗန်ကောက်သည် ထင်ရှားပါသည်။ နိုင်ငံတကာ နိမိတ်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် ကဗျာတွင် ဤစကားလုံးကိုသာ သုံးရမည်ဖြစ်ပါသည်။

သုခမိန်လှိုင်၏ ကဗျာတစ်ပုဒ်ကိုလည်း ထုတ်နှုတ်တင်ပြလိုပါသေးသည်။ မာနဟူသော ကဗျာဖြစ်ပါသည်။ ရုပ်ရှင်တေးကဗျာမှ ကဗျာဖြစ်ပါသည်။ အနုပညာသည်၏ မာနကိုဖွဲ့သော ကဗျာဖြစ်ပါသည်။ ကဗျာတွင် ဖော်ပြထားသည်က အချို့သည် မာနမရှိကြကြောင်း၊ အညံ့ခံလွယ်ကြကြောင်း၊ မာနယုံကြည်ချက် မပြင်းထန်ဘဲ လမ်းသစ်တို့ မပွင့်လန်းနိုင်ကြောင်းကို ရေးဖွဲ့ရာ၌ ဤသို့ထည့်သွင်းဖွဲ့ဆိုပါသည်။
အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်။
ဗန်းဂိုးသည် အဆင်းရဲခံ၊ အငတ်ခံ၊ ဘဝတစ်ခုလုံး အပျက်ခံပြီး မာနကြီးစွာ ယုံကြည်ချက်ကြီးစွာဖြင့် သူ၏ အနုပညာပွင့်သစ်များကို ဖွင့်ဖူး ဝေဆာစေသူ ဖြစ်သည်။ သူသည် ကမ္ဘာသိ အားကောင်းသော နိမိတ်ပုံဖြစ်သည်။ သူ မယုံသည့် ပန်းချီကို မဆွဲသူ ဖြစ်သည်။ ထိုအမည်ကိုယ်စား အစားထိုးသုံးနိုင်သည့် အနုပညာသမားအမည် မြန်မာတို့တွင် မရှိ။ ထို့ကြောင့် သုံးရခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အောင်ဝေးကလည်း ကဗျာတစ်ပုဒ် ဖွဲ့ဆိုဖူးပါသည်။ ရုပ်ရှင်တေးကဗျာတွင် ဖော်ပြခဲ့သော ကဗျာပင် ဖြစ်သည်။ "ကောင်းကင်" ဟု အမည် ပေးထားပါသည်။ မိမိကိုယ် မိမိကောင်းကင်နှင့် နှိုင်း၍ တစ်ခါတစ်ရံ မုန်တိုင်းများက ကောင်းကင်ကို လာရောက်ကုတ်ခြစ်ကြပုံ၊ တိမ်စိုင်တိမ်ခဲတို့ လွင့်မြောနေပုံ၊ တဖြည်းဖြည်း ကောင်းကင်ကြီး အိပ်ငိုက်နေပုံ၊ တစ်ခါက ဤသို့သော မိုးကောင်းကင်အောက်မှာပင် ကက်စထရိုနှင့် ချေဂွေဗားရားတို့ ကျူးဘားကမ်းခြေသို့ "ဂရန်မာ"ဟူသော ရွက်လှေကိုစီးပြီး ဆိုက်ရောက်လာကြပုံ၊ တွေဝေမနေသင့်ပုံ စသည်ဖြင့် ရေးဖွဲ့ထားသော ကဗျာ ဖြစ်သည်။
ဟိတ် ... အိပ်ပုတ်ကောင်ကြီး
ထလေဗျာ
လူ ၄၃ယောက်နဲ့ပဲ
"ဂရန်မာ"ကို စခဲ့ပေါ့
မုချရောက်ရမယ်လေ။
ဟူ၍ ဖြစ်ပါသည်။ ဤတွင် ဂရန်မာ(Granma)ရွက်လှေ၏ အမည်ကို သုံးခြင်းအား အပြစ်မဆိုသင့်ပါ။ မြန်မာတို့တွင် သုံးစရာ မရှိပါ။ စနစ် တစ်ခုမှ တစ်ခုသို့ ကူးပြောင်းတိုက်ပွဲဝင်ရန် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ စွန့်စားသွားလာသည့် ကမ္ဘာသိ ရွက်လှေကလေးသည် "ဂရန်မာ" သာ ဖြစ်ပါသည်။ ယင်းကိုသာ ကဗျာ၌ သုံးစွဲရပါလိမ့်မည်။

မောင်သင်းခိုင်ကလည်း မြားနတ်မောင် မဂ္ဂဇင်းတွင် '၁၉၉၁ ဇွန် ၆' ဟူသော ကဗျာကို ရေးဖွဲ့ခဲ့ပါသည်။ ကဗျာတွင် ...
၃၃ လမ်းကို
ရှားလော့ခ်ဟုမ်းလာတယ်
ဒီကိစ္စဟာ
သိပ်ကိုဆန်းတယ်။
စသည်ဖြင့် ဖွဲ့ပါသည်။ ဤနေရာ၌ မိုးဝေ၏ တင်မောင်ဆွေကို ထည့်သုံး၍ မရဘူးလားဟု မေးလာနိုင်ပါသည်။ မရနိုင်ပါ။ တင်မောင်ဆွေသည် ကမ္ဘာမပြောနှင့် ယခုမျက်မှောက် လူငယ်အချို့ကပင် မသိနိုင်လောက်သော ဇာတ်ဆောင်ဖြစ်သွားပါရပြီ။ ရှားလော့ခ်ဟုမ်းသည် နိုင်ငံတကာသိ နိမိတ်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် သူ့ကိုသာလျှင် သုံးရပါလိမ့်မည်။

သင်္ဘောသည် နေမျိုး၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ရုပ်ရှင်တေးကဗျာတွင် ဖော်ပြခဲ့ဖူးသည်။ ကဗျာက လက်ဖက်ရည်ဆိုင်ကို သင်္ဘောဆိပ်နှင့် ခိုင်းနှိုင်းကာ လာသောက်သူများကို အနားယူလာသည့် သင်္ဘောကြီးများနှင့် နှိုင်းယှဉ်ပြီး ရေးဖွဲ့ထားသော ကဗျာဖြစ်သည်။ ကဗျာအလယ်တစ်နေရာ၌ လောကတွင် လိုချင်တဲ့အရာတစ်ခုကို ရရန် တစ်ခါတစ်ခါ ရမ္မက်နှင့် ဆွယ်ရမလို ဖြစ်နေကြောင်း ထည့်သွင်းရေးဖွဲ့ထားသည်။
နောက်တစ်ခါဆို
ဝေလငါးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကို
အစာတပ်ထားမယ်။
ဤအဖွဲ့တွင် မက်ဒေါနားသည် ရမ္မက်၊ လိင်ခွန်အားတို့၏ နိမိတ်ပုံဖြစ်ကြောင်း ကမ္ဘာသိသည်။ မြန်မာတွင် မည်သည့်အမျိုးသမီးအမည်နှင့် အစားသွင်းမလဲ။ မရှိနိုင်ဟု ထင်ပါသည်။

သို့ဖြစ်ရာ မြန်မာခေတ်ပေါ် ကဗျာဆရာတို့ ဤကဲ့သို့ နိုင်ငံတကာ အမည်များ ထည့်သုံးလာကြခြင်းမှာ လိုအပ်၍ သုံးကြရခြင်းသာဖြစ်ကြောင်း ထင်ရှားလှပါသည်။ လက်ဖက်ရည်ဆိုင်ထဲတွင် ကိုလံဘတ်ထိုင်မှ ဖြစ်မည်ထင်၍ ထိုင်ခိုင်းကြရခြင်း ဖြစ်ပါသည်။ ယောမင်းကြီး ဦးဖိုးလှိုင်ကို မလိုလား၍ မဟုတ်တန်ရာပါ။

ယနေ့လူထု ဆက်သွယ်ရေးစနစ် communication system အရ ကမ္ဘာမြေသည် ကျုံ့သွားခဲ့ပါပြီ။ ခေတ်ဟောင်းတုန်းက ကျွန်တော်တို့နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သော ကမ္ဘာပေါ်က လူများ၊ မြို့ရွာနိုင်ငံများ၊ အဖြစ်အပျက်များသည် ကျောင်းစာသင်ခန်းများမှတစ်ဆင့်၊ စာနယ်ဇင်းမှတစ်ဆင့်၊ ရေဒီယိုမှတစ်ဆင့်၊ ရုပ်မြင်သံကြားမှတစ်ဆင့် ကျွန်တော်တို့ အိမ်ပေါက်ကို ရောက်ရှိလာကြပါပြီ။ အမေရိကန်နိုင်ငံတွင် သည်ကနေ့ ကန်နေသည့် ကမ္ဘာဖလား ဘောလုံးပွဲကို ကိုယ့်ဧည့်ခန်းမှာ ကိုယ်ထိုင်ပြီး ကြည့်နေနိုင်ပါပြီ။

ထို့ကြောင့် ခေတ်ပေါ်ကဗျာများ၌ ခေတ်ပေါ်နိုင်ငံတကာ စကာလုံးများ သုံးခြင်းမှာ အဆန်းမဟုတ်ပါ။ "ဆိုကရေးတီး"ဟူသည် အမှန်တရားအတွက် အဆိပ်ကိုသောက်သူ၊ 'ဂယ်လီလီယို'ဟူသည် စကြာဝဠာကို ရှာတွေ့သူ၊ 'ဘရုတပ်စ်'ဟူသည် နောက်ကျောဓားနဲ့ထိုးသူ၊ 'ယုဒ၏ အနမ်း'ဟူသည် သစ္စာဖောက်၏အနမ်း၊ 'အာချိလိ၏ဖနောင့်'ဟူသည် လူတစ်ယောက်၏ ပျော့ကွက်၊ 'ဖီးနစ်ငှက်' သည် ပြန်လည်ရှင်သန်မှု၊ 'ဆိုက်ဗေးရီးယား' ဟူသည် တော်လှန်သူတို့ကို ပို့ဆောင်ရာနယ်မြေ။ ယင်းသို့ ယင်းသို့သော စကားလုံးများကို ကျွန်တော်တို့က မသုံးစွဲသင့်ဘူးလား။ အစားထိုးသုံးစွဲစရာ မြန်မာနိမိတ်ပုံများကော ရှိရဲ့လား။

'မာရာဒိုနာ'ကိုမှ မသိဘဲနှင့်တော့ အာဂျင်တီးနား ဘောလုံးအသင်း ကစားတာကို ကြည့်၍ အရသာတွေ့လှမည် မဟုတ်ကြောင်း ကျွန်တော် စဉ်းစားမိပါသည်။

မောင်သာချို
မြားနတ်မောင်
၁၉၉၅၊ ဇူလိုင်

No comments:

Post a Comment