Saturday 14 May 2011

ဖြစ်နေကျ အချစ်ပုံစံ (၁၈)

ပူပူနွေးနွေး လမ်းခွဲကာစကလို ဝမ်းနည်းခြင်းများ တဖျစ်ဖျစ်လောင်ကျွမ်းချိန် မဟုတ်တော့သော်လည်း ငြိမ်သက်သော သတိရစိတ်သည် အလွမ်းနှင့်အတူ ကျွန်တော့်ရင်ဘတ်ထဲတွင် ပုန်းခိုနေဆဲ ဖြစ်သည်။ အိပ်မက်ထဲက ပခုံးတစ်ဖက်ကို အပြင်ဖက်ဆီ ဆွဲထုတ်လို့ မရမဲ့အတူတူ မျက်ရည်တွေကို သိမ်းဝှက်ထားကြဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါသလား မသိပါ။

အချစ်က အဓိက အကျဆုံး အုတ်မြစ်ပါလို့ ပြောသွားခဲ့သူကိုတွေ့လျှင်သာ သဘောမတူနိုင်တော့ပါကြောင်း ဤနေရာမှ တရားဝင် ပြောကြားလိုပါသည်။

*'ရွှေဝါရောင်ဂုဏ် ဧည့်ခန်းကြီးထဲမှာ မိဘအလိုကျ ခေါင်းညိမ့်ပြတာထက် သဲပြင်ပေါ်မှာ တုတ်ကလေးနဲ့ ချစ်ပြထားတဲ့ အချစ်ကို ပိုတန်ဖိုးထား' * ရင်း ကျွန်တော်တို့နှစ်ယောက် ပျော်ခဲ့ဖူးကြသည်များကရော ဘယ်မှာလဲ။ (သဲထဲရေသွန်တာကမှ အကွက်လေးကျန်ဦးမည် ထင်ပါသည်။)

"လူဆိုတာ လူလိုနေမှ အဆင်ပြေမှာမို့ ..
လူတွေအလည်မှာဆိုတော့ လူမြင်သူမြင်ကောင်းဦးမှ ..." တို့၏ တိုက်စားမှုဒဏ်ကြောင့် ပျောက်ပျယ်သွားခဲ့သည်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။ (အချစ်ကို ဘယ်သူကစပြီး ဈေးဆစ်ခဲ့မိသလဲ မသိပါ။)

အလွယ်တကူ ပျက်လိုက် ပြင်လိုက် လုပ်နိုင်သော အပေါစားဆန်ဆန် နှလုံးသားများ မဟုတ်သောကြောင့် ခေတ်မှီသွားအောင် ခေတ်နဲ့အညီ ပျက်လိုက် ပြင်လိုက် လုပ်ခဲ့သည်ဟု ဝါးလုံးရှည်နှင့် ရမ်းခြင်း သည်းခံပါ။ ရောသောဖောသောနဲ့ မျောပါရာအရပ်မှာ အိမ်စိုက်သွားသည်ဟုသာ ထင်ကောင်းထင်နိုင်ပါသည်။

အတိတ်သည် ကြိုးဖြစ်ပါက လည်ပင်း၌ တင်းတင်းရစ်သော အရာသည် ထိုအရာသာ ...


ချမ်းညီချို
13-05-2011

ဝန်ခံချက်။
*'ရွှေ - * သည် ဆရာအော်ပီကျယ်၏ စကားလုံးဟု ကြားဖူးပါသည်။
ဤစာ၏ အစိတ်အပိုင်းအချို့ကို မှူးဒါရီ၏ 'လွမ်းရမှာတွေ များတယ်' ကဗျာအား ဖတ်ရင်း ခံစားရင်း ရေးပါသည်။
နောက်ဆုံးဝါကျသည် ကျွန်တော်ကြိုက်သလိုပြင်ထားသော ဆရာဇော်ဇော်အောင်၏ ဝါကျဖြစ်ပါသည်။

စပျစ်သီးတွေ ချဉ်ရင် ပြုံးပြ မြိုချတုန်းပဲလား

ကျွန်တော့်မျက်လုံးက ကျွန်တော်အမိန့်ကို မနာခံတော့ဘူး

အလင်း ၅၀% ၊ အမှောင် ၅၀% နဲ့ ကမ္ဘာကြီးက

ခုတော့ ချဉ်တဲ့ စပျစ်သီးတွေကို သိမ်းဝှက်တတ်လာကြပြီ

အချိန်တွေက အစစ်အမှန်တစ်ခုလို အချိန်မှန် ပြန်ရောက်လာတယ်

ဘဝတွေဟာ ဘယ်ပုံဘယ်နည်း ရှင်သန်မလဲဆိုတာ

ဘယ်သူ့ဆီက ဘာ ထောက်ခံချက် ယူရမှာလဲ ဒီလို

ဟန်ဆောင်မှုတွေကြားထဲ အရသာတွေ တခုချင်းစီ ပျောက်ကွယ်လာချိန်မှာ

နောက်ကျောကနေ နာမည်ခေါ်သံကြားရင် လန့်မနေဖို့ပဲ ကြိုးစားမိတယ်။


ချမ်းညီချို
25-04-2011