Wednesday 28 July 2010

မည်ကာမတ္တ ဝတ္ထု (သစ္စာနီ)

(မှတ်ချက်။ ။ ဤ ဝတ္ထုတွင် ပါဝင်သော လူများသည် သက်ရှိလူများ မဟုတ်ကြပါ။ သက်မဲ့ဇာတ်ကောင်များ မဟုတ်ကြပါ။ ပညတ်များ မဟုတ်ကြပါ။ အက္ခရာစာလုံးများ မဟုတ်ကြပါ။ ဘာမှ မဟုတ်ကြပါ)။

(၁း ခ)
မှတ်မှတ်ရရ မရှိသော နေ့တစ်နေ့တွင် ကျွန်ုပ် ထံသို့ စာမူ ရေးသား ချီးမြင့်ပါရန် တောင်းခံသော စာတစ်စောင် ရောက်ရှိလာပါသည်။ ထို့အတွက် ကျွန်ုပ် ဝတ္ထု တစ်ပုဒ် ရေးရပါမည်။ သို့သော် ကျွန်ုပ်၏ ထိုအလွယ်တကူ ဆုံးဖြတ်ချက်မှာ ကျွန်ုပ်၏ အလွယ်တကူ အခက်အခဲ ဖြစ်၍ နေပါသည်။ ရှုပ်ရှုပ်ထွေးထွေး မရှိဘဲ ရှင်းလင်းအောင် ပြောရလျှင်၊ ကျွန်ုပ်သည် ဝတ္ထုကို ရေးချင်သော အခါတွင်သာ ရေးလေ့ရှိ၍ သေချာသော အချက် တစ်ခုမှာလည်း ဝတ္ထု တောင်းခံ ခံရသည့် အခါများသည် ကျွန်ုပ် ရေးချင်လေ့ ရှိသော အခါများနှင့် တိုက်ဆိုင်လေ့ မရှိသော အချက်ပင် ဖြစ်သည်။ ကျွန်ုပ်အတွက် ဝတ္ထု တစ်ပုဒ် ရရှိလာမည့် ကိစ္စမှာ ငါးစာ တပ်မထားသော ငါးမျှားချိတ်နှင့် ရေမရှိသော အိုင်တွင် ငါး ထိုင်မျှားနေသလောက်ပင် မရေရာနိုင်လွန်းလှသော အရာ ဖြစ်သည်။ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာအတွက်လဲ၊ ဘာမှ မသေချာပါ။ သို့သော် ကျွန်ုပ် ရေးရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်ပင် သက်ရှိထုတ်ကုန်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

(၃း ခ)
ဝတ္ထုတို စတင် မွေးဖွားပေးခဲ့သည် ဆိုသော အဂ္ဂါအယ်လင်ပိုးထံမှ အမွေ တောင်းခံခွင့်သာ ရမည် ဆိုပါလျှင် ကျွန်ုပ်သည် ဆေးတံ တစ်ချောင်းမှ လွဲ၍ တောင်းဖြစ်လိမ့်မည် မထင်ပါ။ အိုဟင်နရီ၏ မျက်လှည့်ပြပွဲ ကန့်လန့်ကာ ကျသွားခဲ့သည်မှာ ကြာပါပြီ။ ချက်ကော့၏ သေနတ် တစ်လက်မှာလည်း ပစ်ခတ်မရအောင် သံချေးတက်၍ နေပါပြီ။ မင်းခိုက်စိုးစန် သဘောတူပါစ။ ဝေမှူးသွင် ဆိုသော ကောင်လေးကို ရူးနေသည်ဟု လူ အတော်များများက ပြောကြပါသည်။ ကျွန်ုပ် အခမဲ့ အရူးရှေ့နေ လုပ်ပါရစေ။ (သူ့၏ မိဘမေတ္တာ အရှုပ်တော်ပုံ ဝတ္ထုရှည်အတွက် အမှာစာ ရေးပေးခဲ့ပါသည်)။ မောင်မောင်ဇေယျသည် ဝတ္ထုတိုရေးဆရာ တစ်ဦး ဖြစ်ကြောင်း မည်သူ့ ထောက်ခံစာ တင်ပြရန် လိုပါသနည်း။ ဝတ္ထုတိုသည် ထိုသို့ ဖြစ်သည်။ သို့မဟုတ် ဤသို့ ဖြစ်သည်။ သို့မဟုတ် ဤသို့လည်း မဟုတ်၊ ထိုသို့လည်း ဖြစ်သည်ဆိုလျှင် မှားမည် ထင်ပါသလား။ ဝတ္ထုတိုသမား တစ်ယောက်အတွက် အစဉ် ထာဝရပင် အနုပညာကို လွတ်လပ်စွာ ဖန်တီးနိုင်မှုသည် ဝတ္ထုတိုဆိုင်ရာ အယူအဆများ၊ ဥပဒေသများ၊ သီအိုရီများထက် ပိုမို အရေးကြီးသော လိုအပ်ချက် ဖြစ်လေသည်။

(၁း ဂ)
ဇာတ်လမ်းဆိုသည်မှာ အဖြစ်အပျက်ဟု ဆိုလျှင် အဖြစ်နှင့် အပျက်ကိုသာ ဇာတ်လမ်းဟု ဆိုခြင်းပင် ဖြစ်ရာ ဖြစ်ခြင်းနှင့် ပျက်ခြင်းမှ လွဲ၍ တခြားမရှိသော လောက သဘာဝကြီး တစ်ခုလုံးပင် ဇာတ်လမ်းဖြစ်သည် ဆိုလိုရာ ရောက်၍ ဇာတ်လမ်းဆိုသည်မှာ ထူးခြားမှု မရှိသော သဘာဝဓမ္မ ဖြစ်ရိုးဖြစ်စဉ် ပျက်ရိုးပျက်စဉ်တို့ပင် ဖြစ်လေရကား ဆန်းပြားမှု ဟူ၍လည်း မရှိတော့ပြီဖြစ်ရာ ဇာတ်လမ်းဟု ခေါ်စရာလည်း မရှိရာ ရောက်နေသဖြင့် အရာအားလုံးသည်ပင် ဇာတ်လမ်းဖြစ်၍ နေလေတော့သည်။

(၂း က)
နေသောသော နေ့တစ်နေ့တွင် ... ဝတ္ထုတစ်ပုဒ်ကို ဤသို့ စတင်နိုင်လေသည်။ မနှစ်က မိုးဦးကျကာလ၌ ထိုကဲ့သို့လည်း စတင်နိုင်သည်။ မည်ကဲ့သို့မဆို စတင်နိုင်သည်။ ထို့အတူ မည်ကဲ့သို့မဆို အဆုံးသတ်နိုင်သည်။ အဘယ့်ကြောင့် ဆိုသော် အဆုံးအစ မရှိခြင်း၌ သဘာဝ တရား၊ အချိန်ကာလနှင့် အနုပညာတို့မှာ တူညီကြခြင်းကြောင့် ဖြစ်လေသည်။

(၃း က)
ဇာတ်ကောင်ဆိုသည်မှာ ဇာတ်လမ်း ဖြစ်စေရန် ဖွဲ့စည်း ဖန်တီးထားသော အရာများပေလော၊ ဇာတ်လမ်းဆိုသည်မှာ ဇာတ်ကောင်တို့ လှုပ်ရှားမှုပင်လော ဆိုသည်ကို ကျွန်ုပ် သဘောပေါက်ရန် မလိုပါ။ တစ်ခုလုံးနှင့် အစိတ်အပိုင်းများ ဆက်နွယ်မှု၊ ပိုင်းစ စိတ်မွှာခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်း သီအိုရီ၊ ပုံပန်းဖျက်ခြင်း ဘာညာတို့ကို သိလိုလျှင် ဆရာဇော်ဇော်အောင် ရှင်းပြပါလိမ့်မည်။ လောကတွင် စရိုက်ရှင်လည်း မရှိ၊ စရိုက်သေလည်း မရှိ။ ဇာတ်လိုက်လည်း မရှိ။ ဗီလိန်လည်း မရှိ။ လူစွမ်းကောင်းလည်း မရှိ။ မစွမ်း ဇာတ်ကောင်လည်း မရှိ။ လောကသာ ရှိပါသည်။

(၂း ခ)
ဘာအတွက် ကျွန်ုပ် ဝတ္တု ရေးရမှာလဲ။ ဘာမှ မသေချာပါ။ ပြည်သူ့အတွက်လား၊ ငွေကြေး အတွက်လား၊ ကျော်ကြားမှု အတွက်လား၊ အမှန်တရား အတွက်လား၊ ထိုအရာများကရော သေချာပါရဲ့လား၊ သေချာသည်မှာ ဘာမှ မသေချာခြင်းပင် ဖြစ်သည်။

(၁း က)
ပထမဆုံး ဝါကျကား ယခု အချိန်မှ လမ်းလျှောက်လာဆဲ ဖြစ်ပါသည်။

သစ္စာနီ
ဥဩငှက်၏ တေးသံတုနှင့် အခြားဝတ္ထုတိုများ ၁၉၉၉

No comments:

Post a Comment