Monday 26 July 2010

ခေတ်ပေါ်ကဗျာ၏ တစ်ကိုယ်ကောင်းဆန်ပုံ (မောင်သာချို)



တစ်နေ့ လှည်းတန်းနားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျွန်တော်နဲ့ ကဗျာဆရာမောင်သင်းခိုင် အမှတ်မထင်ပဲ သွားဆုံဖြစ်တယ်။ ကဗျာအကြောင်း စာအကြောင်းတွေ ရောက်တတ်ရာရာ ပြောကြရင်းက ခေတ်ပေါ်ကဗျာတွေဘက်ကို ရောက်သွားတဲ့အခါ ခေတ်ပေါ်ကဗျာတွေရဲ့ အားနည်းချက်တစ်ခုက တချို့စကားလုံးတွေကို ပုဂ္ဂလိကဆန်ဆန် ရွေးချယ် သုံးနှုန်းမှုပဲဆိုတာကို ပြောဖြစ်ကြပါတယ်။ ကိုသင်းခိုင်က သူလည်းသိ၊ ကျွန်တော်လည်းသိပြီး ဖြစ်တဲ့ ကိုအောင်ချိမ့်ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ပြပါတယ်။ ကဗျာက ကိုညိုသစ်၊ ကိုသန်းအုန်းလက်ထက် မိုးဝေစာပေမဂ္ဂဇင်းက 'သီချင်းတွေနဲ့ ညနေ' ဆိုတဲ့ ကဗျာပါ။

ပုဇွန်တောင် ညောင်တန်းဆိပ်မှာ
ပိတောက်ပန်း ဆိုက်ပါပြီလား
မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ် ကျေးဇူးတင်ပါတယ်။

ကိုသင်းခိုင်က ဒီနေရာမှာ ပိတောက်ပန်းလို့ သုံးထားပုံကို သူ ဘဝင်မကျကြောင်း၊ 'ပိတောက်ပန်း'ဆိုတာ မော်တော်ကလေးရဲ့အမည်ဖြစ်ကြောင်း၊ အဲသည် မော်တော်ကလေး ပုဇွန်တောင် ညောင်တန်းဆိပ်ကို ဆိုက်မဆိုက် ချစ်သူပါ မပါ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒါပေမယ့် ပိတောက်ပန်းဆိုတာ မော်တော်တစ်စီးရဲ့ အမည်ဖြစ်တယ်ဆိုတာကို ကဗျာဖတ်သူက မသိနိုင်ကြောင်း၊ ပုဂ္ဂလိကဆန်တဲ့အတွက် ကဗျာနဲ့ ကဗျာဖတ်သူကို ဝေးသွားစေကြောင်း သူ့အမြင်တွေကို တော်တော်လေး ဆွေးနွေးသွားခဲ့ပါတယ်။

မှန်ပါတယ်။

အနုပညာဆိုတာ ဘယ်က အခြေခံလာသလဲလို့မေးရင် ပုဂ္ဂလိကဓိဋ္ဌာန်က အခြေခံလာတယ်လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် အနုပညာမြောက်အောင် ဖန်တီးလိုက်တဲ့အခါ ဓမ္မဓိဋ္ဌာန်ကျသွားတဲ့အတွက် အားလုံး ခံစားလို့ရတဲ့ အနုပညာပစ္စည်းတစ်ရပ် ဖြစ်သွားရပါတယ်။

လူငယ်တစ်ယောက်က မိန်းမပျိုတစ်ယောက်ကို ချစ်တယ်။ မိန်းမပျိုကလည်း အဲဒီလူငယ်ကို ပြန်ချစ်တယ်။ တစ်နေ့မှာ နှစ်ယောက်တစ်ဘဝ တည်ဆောက်သွားကြမယ်လို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် တစ်ချိန်မှာ အဲဒီလူငယ်ထက် အစစအရာရာ ဂုဏ်ကျက်သရေမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ လက်ဆက်သွားခဲ့တယ်။ ဒါဟာ ပုဂ္ဂလိက ပြဿနာ၊ ပုဂ္ဂလိက ခံစားမှုပါ။ လူတိုင်း လူတိုင်းလည်း ဒီပြဿနာမျိုးကို တွေ့ဖူးကြုံဖူး ခံစားဖူးကြမှာပါပဲ။ ဒါဟာ အနုပညာ မဟုတ်ပါဘူး။ ဒါပေမယ့် သည်အဖြစ်အပျက် သည်ခံစားမှုမျိုးကို သင့်တင့်တဲ့ သင်္ကေတ၊ ဆီလျှော်တဲ့ ကဗျာအဖွဲ့ အစပ်တွေနဲ့ ဖော်ပြလိုက်တဲ့အခါ အားလုံးနဲ့တိုက်ဆိုင်တဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ကဗျာအနုပညာ ဖြစ်သွားပါတယ်။

နှင်းဆီပွင့်
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။

ခရေဟာ ဘာလဲ၊ နှင်းဆီဟာ ဘာလဲ၊ ဘယ်ဟာက ဂုဏ်နိမ့်လို့ ဘာဟာက ဂုဏ်မြင့်သလဲ။ ဒါကို အများက အရိပ်အကဲ သိပြီးဖြစ်တယ်။ အဲဒီသင်္ကေတ၊ အဲဒီနိမိတ်ပုံကို သုံးစွဲလိုက်တဲ့အတွက် ပုဂ္ဂလဓီဋ္ဌာန် ခံစားမှုဟာ ဓမ္မဓိဋ္ဌာန် ဖြစ်သွားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ရေးသူနဲ့ ဖတ်သူကို နီးကပ်သွားစေတဲ့ စကားလုံး သုံးနှုန်းမှုပါ။

ဒါပေမယ့် ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ကိုသင်းခိုင် ဆွေးနွေးခဲ့တဲ့ 'ပိတောက်ပန်း'လို ကိစ္စမျိုးကျတော့ ဘယ်သူမှ မော်တော်ကလေးတစ်စီးရဲ့ အမည်လို့ မသိတဲ့အတွက် ရေးသူနဲ့ ဖတ်သူကြားမှာ ဝေးကွာသွားစေရပါတယ်။

ဒါဟာ တချို့ခေတ်ပေါ်ကဗျာတွေမှာ တွေ့နေရတဲ့ အားနည်းချက် တစ်ရပ်ပါပဲ။ ထင်ရှားတဲ့ဥပမာတစ်ရပ်ကို ထုတ်နှုတ်ပြရရင် '၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ရုပ်ရှင်တေးကဗျာ စာမျက်နှာ ၄' မှာ ဖော်ပြခဲ့တဲ့ သုခမိန်လှိုင်ရဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြလိုပါတယ်။

တနင်္ဂနွေ ဂဠုန်
တိမ်တွေရဲ့ရောင်စုံ
အကျဉ်း လှောင်အိမ်မှာ
ငါ အကြိမ်ကြိမ်ကျ။
ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာ။
စကြာဝဠာကို မထိုးဖောက်နိုင်ခင်
သီချင်းတွေပေါ်မှာ အိပ်တန်းဝင်။
နှုတ်သီးဒေါသ
လက်သည်း အတ္တ
ခြေသည်း မာန
တောင်ပံတစ်စုံသာ
အနုပညာ။
လိုရာရောက် မပျံသန်းနိုင်လျှင်
ဂဠုန် သေဖွယ်ရာပင်။

သည်ကဗျာဟာ ပုဂ္ဂလိကဝေဒနာကို ဖွဲ့တဲ့ကဗျာပါပဲ။ ဒါပေမယ့် ကဗျာဆရာသုံးထားတဲ့ သင်္ကေတ၊ နိမိတ်ပုံတစ်ခုဖြစ်တဲ့ ဂဠုန်ဟာ ဘာကို ရည်ညွှန်းတယ်ဆိုတာ မပေါ်လွင်တဲ့အတွက် ကဗျာဟာ ဖတ်သူရဲ့ ရင်ထဲကို ရောက်သင့်သလောက် မရောက်ဘဲ တစ်နေပါတယ်။ ဂဠုန်ဟာ ဘာလဲ။

ကဗျာကတော့ ရှင်းပါတယ်။ အရောင်အမျိုးမျိုး ပြောင်းလဲနေတဲ့ တိမ်တွေရဲ့ကြားမှာ ပျံသန်းနေတဲ့ ဂဠုန်ငှက်ကလေးဟာ သူ့ကိုယ်သူ မလွတ်လပ်ဘူးလို့ ထင်နေတယ်။ ပျံသန်းရာတစ်လျှောက်မှာလည်း အတွန်း၊ အထိုး၊ အတိုက်၊ အခိုက်တွေကြောင့် ဒဏ်ရာအကြိမ်ကြိမ် ရခဲ့တယ်။ ကိုယ့်ရည်မှန်းထားတဲ့ လွတ်လပ်မှုဆီ မရောက်သေးပေမယ့် ကိုယ်မြတ်နိုးတဲ့ ဂီတ၊ သီချင်းတွေနဲ့ ခဏအနားယူနေရတယ်။ ဒေါသ၊ အတ္တ၊ မာနတွေကတော့ သူလိုငါလို ရှိမြဲဖြစ်ပြီး အနုပညာနဲ့ပဲ ရည်မှန်းရာကို ရောက်အောင် ပျံသန်းနေရလို့ မရောက်ခဲ့ရင် သေမှာပါပဲဆိုပြီး မိမိကိုယ်မိမိ ဂဠုန်ငှက်နဲ့ ခိုင်းနှိုင်းဖွဲ့ဆို ထားခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ဒီနေရာမှာ ဂဠုန်ဆိုတဲ့ နိမိတ်ပုံဟာ ဂီတ၊ အနုပညာစတဲ့ ဘာသာရပ်တွေကို ကိုယ်စားမပြုနိုင်ပါဘူး။ အဲဒါတွေကို မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ကို ရည်ညွှန်းထားတာပါ။

ကဗျာဖွဲ့ဆိုသူ သုခမိန်လှိုင်ဟာ အမည်ရင်း ကိုအောင်မင်းလို့ ခေါ်ကြောင်း၊ ကျွန်တော်တို့ကတော့ စိတ်ဝင်စားလို့ သိထားကြပါတယ်။ သည်တော့ နေ့သင့်နံသင့် မြန်မာဆန်ဆန်သာ အမည်ပေးခဲ့ရိုးမှန်ရင် သူဟာ တနင်္ဂနွေသားပါ။ သည်တော့ တနင်္ဂနွေရဲ့ သင်္ကေတဟာ ဂဠုန်။ ဒါကြောင့် သည်ကဗျာဟာ သူ့ဘဝကို ပြန်ဝေဖန်တဲ့ ကဗျာဆိုပြီး ကျွန်တော်တို့ကတော့ ခံစားကြရပါတယ်။ ဒါပေမယ့် ဒါကို အရပ်က မသိပါဘူး။ သိလည်း မသိနိုင်ပါဘူး။ သည့်အတွက် ကဗျာက ပေးသလောက် ဖတ်သူဆီကို မရောက်ရှိနိုင်ဘူးဆိုတဲ့ အချက်ဟာ ငြင်းမရနိုင်တဲ့ အချက်ပါ။

ကျွန်တော်တို့ခေတ်ပေါ် မြန်မာကဗျာဆရာများအနေနဲ့ ဖ္ဒွံဖြိုးတိုးတက်လာတဲ့ခေတ်နဲ့အညီ မြန်မာကဗျာများကို ဖွဲ့ဆိုတဲ့အခါ ပုဂ္ဂလိက ဆန်လွန်းတဲ့ သင်္ကေတများ၊ နိမိတ်ပုံများကို ရှောင်ရှားပြီး လူထုဆီကို ရောက်အောင် သွားနိုင်ကြရင် မကောင်းဘူးလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။

မောင်သာချို
ပင်လယ်ဝသို့ လှေကလေးနှင့် ထွက်ခဲ့စဉ်က
(စမန ၇၃)

No comments:

Post a Comment