Sunday 2 December 2012

ဖြစ်တတ်ပါတယ် ဒါမျိုးတွေ

ဖြစ်တတ်ပါတယ် ဒါမျိုးတွေ


       သက်သာတယ်၊ ကုသမှုက ထိရောက်တယ် လို့ ဆိုနေပြီး ဟိုတစ်နေ့က ဆေးရုံသွားတော့ ရောဂါပိုးက သွေးထဲမှာ စစချင်းတုန်းက တွေ့ခဲ့တဲ့ (၁.၆) သန်းထက်တောင် ပိုနေတယ်လို့ ပြောလာတော့ ရုတ်ကနဲ ဒေါသထွက်သွားမိတာတော့ အမှန်ပဲ။ လေးပတ်မြောက် ဆေးစစ်အပြီးမှာ ၁.၃ သန်းအထိ ကျလာတယ်လို့ ဝမ်းသာအားရပြောတယ်၊ ရှစ်ပတ်မြောက် ဆေးစစ်အပြီးမှာ ၁.၆ သန်းကျော်အထိ ပြန်တိုးလာတယ်လို့ ပြောတယ်။ "ဘာတွေလဲ .." လို့ စဉ်းစားရင်း (ကျွန်တော့်)စိတ်ဓာတ်ဟာ အောက်ကို လျှောဆင်းလို့ လာနေတယ်။ လှမ်းကြည့်လိုက်တော့ "ဘယ်လို ဖြစ်ရတာပါလိမ့် .." ဆိုတဲ့ မေးခွန်းကို ဆရာဝန်ကြီး အပါအဝင် တာဝန်ရှိသူအားလုံး ခေါင်းတခါခါ၊ လည်တပြင်ပြင်နဲ့ ဝိုင်းပြီး စဉ်းစားနေကြတာကို မြင်ပေမယ့် " အော်ပရေးရှင်း လုပ်ရင် ပိုကောင်းမလား  .." ဆိုတဲ့ သူတို့ချင်း တီးတိုးဆွေးနွေးသံက ကျွန်တော့်မျက်နှာတည့်တည့်ကို ရေခဲဓားနဲ့ လာပြီး ချိန်ထားနေသလိုကြီး ခံစားရတယ်။

      အဲဒီနေ့က ကျွန်တော့်ခေါင်းထဲမှာ "ဟာ .. ကွိုင်ပဲ" ဆိုတဲ့ မေးခွန်းစကားကလွဲပြီး တခြား ဘာမှ မရှိခဲ့နိုင်ဘူး။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခု အပေါ် အပြစ်တွေကို လွဲချလိုက်လို့ရလျှင် ငါ့ စိတ်ထဲမှာ သက်သာသွားနိုင်တယ်လို့ တစ်ခါတစ်ရံ တွေးမိသေးတယ်။ ဆရာဝန်ကြီးရဲ့ အခန်းထဲမှာ ကျွန်တော်ဟာ ဘာမှကို မစဉ်းစားနိုင်အောင် ဖြစ်နေခဲ့ပြီး ပြုတင်းပေါက်ကနေ တဆင့် အောက်က ဖြတ်မောင်းသွားတဲ့ ကားတွေကိုပဲ ရည်ရွယ်ချက်မရှိ လိုက်ငေးကြည့်နေမိတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတစ်ချို့ရဲ့ မျက်နှာတွေကို မြင်ယောင်မိတယ်။ တစ်ခါတစ်လေ အိမ်က အဖေ၊ အမေ နဲ့ ညီအစ်ကို မောင်နှမတွေအကြောင်း စဉ်းစားနေမိတယ်။

      လေးနာရီကျော် ကြာအပြီးမှာ ဆရာဝန်ကြီးက သူတို့ရဲ့ အချက်အလက်တွေ မှားယွင်းနေတာပဲ ဖြစ်နိုင်တယ်၊ မှားယွင်းနေတဲ့ အချက်အလက်တွေကို ကြည့်မိနေတာပဲ ဖြစ်နိုင်တယ် လို့ ရဲရဲဝံ့ဝံ့ကြီး ပြောချလိုက်တော့မှ လူဟာ "ဟူး .." ကနဲ အပူတွေ ထွက်သွားပြီး အသက် ပြန်ဝင်လာသလို ခံစားရတော့တယ်။ "တော်သေးတာပေါ့ ဒေါ်အေးသာကျော့တို့ရယ် .." လို့တောင် စိတ်ထဲက ရွတ်လိုက်မိသေးသလို။ တခြား ဆရာဝန်တွေ၊ သူနာပြုတွေလည်း အခုမှ ပြန်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ဖြစ်လာကြတယ်။ နောက်အပတ် ပြန်လာဖို့ ပြောတဲ့ အခါကျတော့ "ဟုတ်ကဲ့ ဆရာ၊ စိတ်ချ လာမှာပါ .." လို့ အားရှိပါးရှိ ပြန်ပြောမိတယ်။ ပြီးတော့ "မနောက်ပါနဲ့ ကိုဒေတာ အချက်အလက်တို့ရယ် .." လို့လည်း စိတ်ထဲကနေ ရွတ်မိသေးတယ်။

      စုစုပေါင်း ငါးနာရီလောက် စိတ်ပင်ပန်း လူပင်ပန်းခဲ့တာတွေအတွက် လမ်းထောင့်က မက်ဒေါ်နယ်မှာ အပြင်းပြေ မုန့်ဝင်စားလိုက်တယ်။ ဒီတစ်ခေါက်တော့ စားပြီးလည်း အန်မှာ မဟုတ်ဘူးဆိုတာ သိနေတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ ဒီ တမနက်လုံး စိတ်ပျက်၊ လက်ပျက်၊ သွေးပျက် ခဲ့ရတဲ့အကြောင်း ကိုဝင်းမင်းနဲ့ ဖုန်းပြောတဲ့ အခါကျတော့ လူက ရယ်ရယ်မောမောနဲ့ ဟာသတစ်ပုဒ်လိုကို ဖြစ်လို့။

ချမ်းညီချို
၀၂ - ၁၂ - ၂၀၁၂



Saturday 1 December 2012

ရည်းစားဟောင်း အတွေ့အကြုံ


ရည်းစားဟောင်း အတွေ့အကြုံ


      တစ်ခါတစ်လေ တကယ့်ကို ထွက်မှဖြစ်မှာမို့ အပြင်ကို ထွက်ရတိုင်း သွားရာလမ်းမှာ မထင်မှတ်ပဲ ရည်းစားအဟောင်းနဲ့ ပြန်ဆုံနေခဲ့တာ မနေ့ကနဲ့ဆို နှစ်ခေါက်တိတိ ရှိနေပြီ။ ကံကြမ္မာက အတိတ်ဟောင်းဘက်ဆီကို ပြန်ပြီး ခေါ်ငင်ယူသွားချင်တာလား။ တမင်တကာ မချိန်းထားပဲနဲ့ ဆုံတွေဖို့ ခဲယဉ်းလှတဲ့ ဒီလို မြို့ကြီးတစ်မြို့ထဲမှာ ရှေ့တည့်တည့်က လျှောက်လာခြင်းတွေ၊ မီးပွိုင့်တစ်ခုတည်းမှာ လမ်းကူးဖို့ စောင့်နေရခြင်းတွေဟာ ကံကြမ္မာရဲ့လက်ချက် မကင်းဘူးလို့ တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိတယ်။ ကံကြမ္မာနဲ့ အစေးမကပ်လှတဲ့ ကျွန်တော့်အတွက် ပြုံးပြခြင်းတွေ၊ နှုတ်ဆက်ခြင်းတွေ မရှိခဲ့တာကိုလည်း သူမ နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ "ဒိုးရတော့မယ် အချစ်ရေ .. နှုတ်ဆက်ခဲ့ပါတယ်" ဆိုတဲ့ အခြေအနေမျိုးမှာ ကျွန်တော်နဲ့အတူ ဘယ်သူ့ကိုမှ ဆွဲချမသွားချင်တာ ကျွန်တော့်ဆန္ဒပါ။

      ဒါကို နားလည်နိုင်မှာပါ။ ရင်ခုန်လား မခုန်လား မသိခဲ့ပေမယ့် စိတ်မလှုပ်ရှားဘူးလားလို့ မေးလျှင်တော့ အမှန်အတိုင်း လှုပ်ရှားပါတယ်လို့တော့ ဖြေရမှာ ဖြစ်ပါတယ်။ စိတ်ထဲမှာ ဘာတွေဖြစ်မှန်းကို မသိလို့ လှုပ်ရှားပါတယ်လို့ပဲ ခြုံပြီး ဖြေရတာမျိုးလည်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ အေးအေးဆေးဆေး မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်သလိုမျိုး နှုတ်ဆက်လိုက်ချင်ပါတယ်။ "နင် နေကောင်းလား အေးဆေးပဲလား .." ပေါ့။ ဒါပေမယ့်လည်း ပြောမထွက်ခဲ့ဘူး။ စိတ်ထဲမှာ ဝမ်းနည်းသလိုမျိုးကြီး ခံစားနေရတယ်လို့ ထင်တယ်။ ဘာကို ဘာ့အတွက် ဝမ်းနည်းသလဲ ဆိုတာကိုလည်း ပြောမပြနိုင်ပြန်ဘူး။ ကိုယ့်အတွက် ကုန်ခဲ့ရတဲ့ သူ့ရဲ့ တန်ဖိုးရှိအချိန်တွေအတွက် စိတ်မကောင်းဖြစ်မိတာလား၊ ကိုယ်နဲ့ ရှိနေစဉ်မှာ သူခံခဲ့ရတဲ့ ဒုက္ခတွေအတွက် ဝမ်းနည်းမိတာလား။ ဘာကိုမှ ရေရေလည်လည် မတွေးနိုင်ခဲ့ဘူး။ ဒီလိုပဲ ရပ်ကြည့်နေခဲ့မိတယ်။

      တကယ်တော့ အဝေးကနေပဲ ရပ်ကြည့်နေခဲ့မိတာပါ။ သူမမျက်နှာကို ရဲရဲဝံ့ဝံ့ မကြည့်ရဲခဲ့ဘူး။ သူမရဲ့ မျက်လုံးတွေကနေ ထွက်ကျလာမယ့် စကားတွေ၊ နှုတ်ခမ်းဖျားကနေ ထွက်ပေါ်လာမယ့် စကားတွေ အကုန်လုံးကို ကျွန်တော် မကြားရဲခဲ့တာ အမှန်ပါ။ ဒါ့ကြောင့် ပြုံးပြခြင်း၊ နှုတ်ဆက်ခြင်းတွေ မရှိခဲ့တာကို ကျွန်တော့်မျက်နှာကနေတဆင့် သူမ သိနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကြာလာခဲ့တဲ့ အချိန်တွေနဲ့အမျှ စိတ်နေစိတ်ထားနဲ့ ခံစားမှုတွေလည်း လိုက်ပြီး ရင့်ကျက်ခဲ့လိမ့်မယ်လို့ ထင်ထားမိတာ လက်တွေ့မှာကျတော့ လွဲချော်နေသလို ဖြစ်နေပါလား။ အဲသလိုနဲ့ မျက်နှာကို လွှဲ လမ်းကို ခွဲခဲ့မိတယ်။

      ဒီလို ဖြစ်သွားတဲ့ ကျွန်တော့်ကို ကြည့်ပြီး သူမ ရယ်နေမယ်ဆိုရင်လည်း ဝမ်းသာပါတယ်။ ဘာမှ မပြောနိုင်ပဲ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ပြီး ထွက်သွားတဲ့ ရည်းစားအဟောင်းကို ကြည့်ပြီး အောင်နိုင်သူတစ်ယောက်လို သူမ ရယ်မောချင် ရယ်မောနေလိမ့်မယ်။ (ဒါ့အတွက် ကျေနပ်ပါတယ်)။ သူမသာ သတိထားပြီး ကြည့်မိခဲ့လျှင် ကျွန်တော့်ပခုံးပေါ်က လွယ်ထားတဲ့ သူမ ဝယ်ပေးခဲ့တဲ့ လွယ်အိတ်အဟောင်းလေးကိုလည်း မြင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလွယ်အိတ်ကြောင့်ပဲ သူမကို ဒီတစ်ခေါက် နှုတ်မဆက်မိပြန်တာလားလို့ ကျွန်တော် တွေးမိပါသေးတယ်။ အဲဒီနေ့ကလည်း တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် သူမ ဝယ်ပေးခဲ့တဲ့ အဲဒီ လွယ်အိတ်ကိုမှ လွယ်ပြီး အပြင်ကို ထွက်မိတဲ့ ကျွန်တော်။ ဒါတွေဟာ ဒီအချိန်မှာ ဘာဖြစ်လို့ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေတာပါလိမ့်။

      ရည်းစားအဟောင်းနဲ့ တစ်ခါမှ ပြန်မဆုံဖူးတဲ့ ကျွန်တော့်မှာ ရည်းစားအဟောင်းနဲ့ ပြန်ဆုံလျှင် ဘယ်လို နေမယ်၊ ဘာကို ပြောမယ် ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု လုံးဝ မရှိခဲ့ဘူး။ အဲဒီအတွက်ကြောင့်ပဲ ဘာမှ မပြောနိုင်၊ လှည့်ထွက် ဆိုတာမျိုးတွေ လုပ်ခဲ့မိတယ်လို့ ထင်တယ်။ တကယ်ဆိုရင် သူ့ဘဝ အသစ်နဲ့ သူ၊ သူ့အချစ်သစ်နဲ့ သူ၊ သူ့မိသားစုနဲ့ သူ အောင်မြင် ပျော်ရွှင်နေတာကို ဝမ်းသာမိတဲ့အကြောင်း ကျွန်တော် ထုတ်ပြောခဲ့သင့်ပါတယ်။ အခုလို အချိန်ကျမှ ဒီလို တကယ်ဆိုရင် ဆိုတဲ့ အတွေးမျိုး တွေးလာနိုင်တာပါ။ တကယ် နဖူးတွေ့ ဒူးတွေ့ ဆုံနေရတုန်းကတော့ တစ်ခွန်းမှတောင် ဟနိုင်ခဲ့တာမဟုတ်။ အမှန်တကယ်တော့ ဟုတ်ပါတယ်။ အောင်မြင်နေတဲ့ ဘဝတစ်ခုမှာ ပျော်ရွှင်နေတဲ့ သူမကို အရင်ကအပေါင်းအသင်းတွေကတဆင့် မြင်မိ ကြားမိတိုင်း ဝမ်းသာစိတ် ဖြစ်မိတယ် ဆိုတဲ့အကြောင်း သူမကို ကျွန်တော် ပြောခဲ့သင့်ပါတယ်။ ကျွန်တော်ကတော့ ဘဝကို စက်ရုပ်တစ်ရုပ်လို ဖြတ်သန်းသွားရတာ မကြိုက်ပေမယ့်လည်း လူအများစုအတိုင်း စက်ရုပ်လို ဖြတ်သန်းမှ အောင်မြင်ပျော်ရွှင်နေရတဲ့ သူမကို မြင်မိပြန်တော့လည်း ကျွန်တော် ဝမ်းသာတာပါပဲ။ ဒါကို အချစ်လို့ ခေါ်မယ်ဆိုရင်လည်း ခေါ်ပေါ့လေ။

      တကယ်တော့ ဒီအရွယ်နဲ့ ဒီအချိန်မှာ မေတ္တာလို့ ပြောင်းခေါ်လျှင် ပိုကောင်းမယ်လို့ ထင်မိတယ်။ အချစ်ဆိုတဲ့ စိတ်ခံစားမှု ရှိသလား၊ မရှိသလား မသိတော့ပေမယ့် သူမ အောင်မြင်ပျော်ရွှင်နေတာကို မြင်တိုင်း ဝမ်းသာမိတဲ့ စိတ်ကတော့ ရှိနေဆဲပါပဲ။


ချမ်းညီချို
၀၁ - ၁၂ - ၂၀၁၂