Wednesday 19 January 2011

သွေး

+++ သွေး +++

ဒီကနေ အဖွားရဲ့အိမ်အထိ ရောက်ဖို့ဆိုရင် အနည်းဆုံး တစ်နာရီခွဲလောက် ကြာမယ်။ အခုလို နှင်းတွေကျပြီး ရေတွေခဲနေတဲ့အချိန်မှာ ပိုလို့တောင် ကြာနိုင်သေးတယ်။ နေမကောင်းလို့ မထနိုင်၊ မလှုပ်နိုင်ပဲ အေးစက်နေတဲ့ အိမ်အိုလေးအတွင်းက ခုတင်အပေါ်မှာ လှဲနေမယ့် အဖွားကို မြင်ယောင်မိတာကြောင့် သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အမေပြုတ်တိုက်တဲ့ စွပ်ပြုပ်ပူပူနွေးနွေးကို သောက်အပြီး သားရေအနွေးထည်ကို တင်းတင်းရင်းရင်း လေမဝင်နိုင်အောင် ဝတ်ပြီး ဒါးမြှောင်ကို ခါးကြားမှာ အိပ်နဲ့ အသေအချာ ဝတ်လိုက်တယ်။ ဒီဓားက အဖေကိုယ်တိုင် သူအရွယ်ရောက်လာလို့ လက်ဆောင်ပေးထားတဲ့ ဓား။ မြေခွေးတွေရဲ့ ရန်က ကာကွယ်နိုင်အောင်လို့ပေါ့။ သူတို့ အိမ်နဲ့ အဖွားရဲ့ အိမ် သွားရာ လမ်းမှာ တောအုပ်တစ်ခု ရှိတယ်။ အဲဒီတောအုပ်ထဲမှာ မြေခွေးတွေလည်း ရှိတယ်။


အပြင်ကိုရောက်တော့ တိုက်နေတဲ့လေက ရေခဲဓားနဲ့ တဖြည်းဖြည်းချင်း လှီးဖြတ်နေသလိုပါပဲ။ အကျီနဲ့ လွတ်နေတဲ့ နေရာတိုင်းဟာ အေးပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်။ တောအုပ်အစပ်ကိုရောက်တော့ အရင်ထက်ပိုပြီး အရာရာကို သတိထားပြီး နေမိတယ်။ အဖွားအိမ်ကိုရောက်ဖို့ သိပ်အဝေးကြီး မလိုတော့ပါဘူး။ နောက်ထပ်နှစ်မိုင်လောက်ဆိုရင် ရောက်ပါပြီ။ တိတ်ဆိတ်နေတဲ့သစ်ပင်ကြီးတွေနားက ဖြတ်လျှောက်လာတုန်း နားထဲမှာ အသံတစ်ခုကြားမိတယ်လို့ ထင်တယ်။ လက်တစ်ဖက်က ဓားရိုးပေါ်မှာရှိနေပြီး ပုံမှန်ပဲ အရှိန်မပျက် ဆက်လျှောက်နေလိုက်တယ်။ ဟုတ်ပါတယ်၊ သူ့နောက်မှာ တစ်ယောက်ယောက် လိုက်လာနေတယ်။ တစ်ယောက်ယောက် မဟုတ်ပဲ တစ်ကောင်ကောင်လည်း ဖြစ်နိုင်တယ်။ ဓားရိုးပေါ်တင်ထားတဲ့ လက်ဟာ ချွေးစေးတွေ ပြန်လာတယ်။ သူ့ ရင်ခုန်နှုန်းဟာ ခုနကထက် ပိုပြီး မြန်လို့လာနေတယ်။


သူ့နှာခေါင်းထဲကို သွေးနံ့လိုလို၊ အပုပ်နံ့လိုလို အနံ့တစ်ခုဝင်လာတဲ့အချိန်ကျတော့ ဒါဟာ မြေခွေးတစ်ကောင်ပဲ၊ သူ့နောက်ကို လိုက်လာတာဟာ မြေခွေးတစ်ကောင်ပဲ ဆိုတာ ကျိန်းသေသွားပြီ။ အမှန်တကယ်တော့ သူ့အဖွားရဲ့ အိမ်ကလည်း သိပ်မဝေးတော့ဘူး။ အကူအညီလိုရင်လည်း ရွာထဲက လူတွေရှိတယ်။ ကလေးသာသာအရွယ်ဆိုပေမယ့် တောထဲမှာကြီးပြင်းလာသူပီပီ သူ မြေခွေးတွေကို မကြောက်ပါဘူး။ ဒါပေမယ့် အားကြီးတဲ့ မြေခွေးဆိုရင်တော့ သူ့အနေနဲ့ ယှဉ်ပြိုင်ရ သိပ်ခက်လိမ့်မယ်။ ဒါတွေအတွက် စဉ်းစားချိန်တောင် မရလိုက်ပါဘူး။ ဝေါင်းဆိုတဲ့ အသံနဲ့ သူ့ဆီ အနောက်ကနေ ခုန်ဝင်လာတဲ့ မြေခွေးကို မျက်လုံးထောင့်မှာ ရိပ်ကနဲ တွေ့လိုက်ရတယ်။ ဓားရိုးပေါ်တင်ထားတဲ့လက်ဟာ ဓားကိုတခါတည်း ဆွဲထုတ်ပြီးသား ဖြစ်သွားတယ်။ ကိုယ်ကို တစ်ပတ်လှည့်ပြီး ခုန်ဝင်လာတဲ့ မြေခွေးရှိရာဘက်ကို ဓားကဆွဲမွှေ့အပြီး လူကလည်း လမ်းပေါ်မှာ တစ်ဖက်ကို လှိမ့်ရှောင်ပြီးသား ဖြစ်သွားတယ်။ သူ ကံကောင်းပါတယ်။ ဓားအသွားက ခုန်အုပ်လိုက်တဲ့ မြေခွေးရဲ့ လက်တစ်ဖို့ကို ဖြတ်လိုက်ပြီးသား ဖြစ်သွားပြီး သူလည်း မြေခွေးရဲ့ အစွယ်တွေနဲ့ ဝေးရာဘက်ကို ရှောင်ပြီးသား ဖြစ်သွားတယ်။ မြေခွေးရဲ့လက်က သွေးတွေဟာ နှင်းတွေပေါ်မှာ ရဲကနဲ ပဲ။ မြေခွေးကတော့ နာကျင် ဆိုးရွားစွာ အော်ဟစ်ပြီး တောထဲ ဝင်ပြေးသွားလေရဲ့။ သူလည်း ပါလာတဲ့ အဝတ်စနဲ့ ပြတ်ကျန်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထုတ်ယူလာပြီး သိပ်မဝေးတော့တဲ့ အဖွားအိမ်ကို ဆက်လျှောက်လို့လာခဲ့လိုက်တယ်။


ထင်ထားတဲ့ အတိုင်းပါပဲ။ သူရောက်တော့ အဖွားရဲ့ အိမ်ကလေးဟာ အေးစက်ပြီး ရုတ်တရက်ဆိုရင် လူမနေဘူးလို့တောင် ထင်ရတယ်။ အနံ့ကလည်း မကောင်းဘူး၊ ညှီစို့စို့ နဲ့။ "အဖွားရေ .. အဖွား" သူ အသံပြုလိုက်တော့ အခန်းထောင့်က အဖွားရဲ့ ညည်းသံလိုလို အသံပြုသံတစ်ချက်ကို ကြားရပါတယ်။ အဲဒါနဲ့ပဲ အရင်ဆုံး မီးဖိုကို မီးတောက်လာအောင် လုပ်လိုက်ပြီး အဖွားအတွက် စွပ်ပြုပ်လုပ်ဖို့ ရေတွေ၊ ပဲတွေ၊ အာလူးတွေကို စားပွဲပေါ်မှာ နေရာတကျ ချတယ်။ ခုတင်ပေါ်က အဖွားဆီက ညည်းသံ တစ်ချက်တစ်ချက်ကြားရတယ်။ ထင်းတွေရဲ့ မီးတောက်အရှိန်ကြောင့် အိမ်ကလေးဟာ လင်းလင်းချင်းချင်းနဲ့ နွေးနွေးထွေးထွေးလည်း ရှိလာပါတယ်။ ခုနက တောထဲမှာ သူခုတ်ဖြတ်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထည့်ထားတဲ့ အဝတ်စကို ဖြည်လိုက်တော့ အစွယ်ကောက်ကောက်တွေနဲ့ ညစ်ထေးထေး မြေခွေးလက်တစ်ဖက်ကို တွေ့ရမယ့်အစား လူတစ်ယောက်ရဲ့ လက်ဖြစ်လို့နေပါတယ်။ အသေအချာ ပြောရရင် မိန်းမတစ်ယောက်နဲ့ လက် ဖြစ်လို့နေပါတယ်။ လက်အပြတ်ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လက်ထပ်လက်စွပ်တစ်ကွင်းတောင် ဝတ်ထားပြီး သူ ဒီလက်စွပ်ကို မြင်ဖူးတယ်လို့ ထင်နေပါတယ်။ ဒီလက်စွပ်က အဖွားရဲ့ လက်ထပ်လက်စွပ်ပဲလေ။ အဖွားကို လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်က အဖွားကလည်း သူ့ကို ပြန်စိုက်ကြည့်နေပါတယ်။ အခုမှပဲ မီးရောင်ကြောင့် ကြမ်းပြင်ပေါ်က သွေးစက်တွေကို သူ မြင်ရပြီး သွေးတွေက အဖွားရဲ့ ကုတင်ခြေရင်းမှာ ဂိတ်ဆုံးနေတယ်။ အဖွားခြုံထားတဲ့ စောင်ပေါ်မှာလည်း သွေးကွက်တစ်ချို့ နဲ့၊ သွေးစတစ်ချို့နဲ့။ အဖွားက ဘာမှ မပြောပဲ သူ့ကို စိုက်ကြည့်လို့နေပါတယ်။ သူ့ရဲ့ လက်က ဓားရိုးပေါ် ပြန်ရောက်သွားတယ်၊ သူ့ရဲ့ ရင်ခုန်နှုန်းတွေကလည်း မြန်လို့ လာနေပါတယ်၊ ပြီးတော့ သူဟာ ငိုချလိုက်ချင်အောင်ကို ဝမ်းနည်းလို့လည်း လာပါတယ်။


ချမ်းညီချို
19-01-2011
မှီး = Angela Carter's The Werewolf