Saturday 18 December 2010

လမ်းတိုင်းကို ရွှေခင်းထားတယ်

ဒီလိုပါ
လမ်းတိုင်းကို ရွှေခင်းထားတယ်ဆိုပေမယ့်
အဲဒီလမ်းက အခုအချိန်ထိ
ကျွန်တော့်အိမ်ရှေ့ မပေါက်သေးတာကစလို့ပေါ့။

နေ့တွေ၊ လတွေနဲ့ နှစ်ကာလတွေဆီက
ရယူခဲ့သမျှဟာ ဒါပဲလား။

ဒဏ်ရာတဲ့
အမှောင်ထဲ ရွှဲရွှဲစိုနေလိုက်ပုံများတော့
သည်လိုပုံနဲ့ မိုးကြီးပဲချုပ်ခဲ့တော့မလို။

ဘဝဟာ ထမင်းစားကောင်းရင် ပျော်တဲ့
အဆင့်မှာပဲ ရပ်နေတော့မှာလား အမေ
ကြာလာရင် အသက်ရှုဖို့တောင်
ခွင့်ပြုချက် တောင်း ရ/မိ မှာမျိုးကို စိုးတယ်။

ဘာမဆို အရင်လို အလွယ်တကူ
ခွင့်လွှတ်တတ်နေတုန်းပါပဲ အမေ
ကိုယ်နဲ့ ထိုက်တန်တာလေးတောင်
မတောင်းရဲတော့တာကိုတော့ ရှက်တယ်။

ဒီလိုပါပဲ အမေ
ကဗျာဆရာတွေ အတွက်တော့
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ ရှူမျှော်ခင်းတွေဖြစ်ပြီး
လူတစ်ချို့အတွက်တော့
သတ္တိကို အလေးခိုး ရေပါထိုးလိုက်တဲ့
အတ္တယောင်ကိုင်းမှုတွေပေါ့။

တိမ်တိမ်တွေးတာ အေးပါတယ်(လေ)
လမ်းတိုင်းကို ရွှေခင်းထားတယ်
ဒီလိုပဲ ယုံပလိုက်မယ်။

ချမ်းညီချို
၁၂-၁၂-၂၀၁၀

အပြာရောင် ဂြိုဟ်သားများ (၁၃)

ဒီပညာရပ်ကို နောက်သလို၊ ပြောင်သလို အနေနဲ့တောင် လှောင်ပြောင်မှု မပြုပါဘူးဆိုတဲ့ ကတိကို ရပြီးတော့မှ အန်တီကြီးက ကျွန်တော်တို့ အားလုံးကို ခြံထဲ ခေါ်သွားတယ်။ အချိန်ကတော့ ည ဆယ်နာရီလောက်ပေါ့။ ဒါပေမယ့် မြို့ကြီးပြကြီးမဟုတ်ပဲ နယ်မြို့လေးဆိုတော့ ညဆယ်နာရီဆိုရင်ပဲ လမ်းပေါ်မှာ လူသွားလူလာ တော်တော်ကျဲနေပြီ။ အရာအားလုံးက ပိုပြီး မှောင်သလိုနဲ့ တိတ်ဆိတ်လို့နေပြီ။ ကျွန်တော်ကတော့ ကောင်းကင်မှာ ဝင်းဝင်းလက်နေတဲ့ လမင်းကြီးကို မြင်ရပြီး ပျော်နေတယ်။ ဖြစ်နိုင်ရင် ချက်ချင်းပဲ လပေါ် တက်ကြည့်လိုက်ချင်တယ်။


လူကြီးပြောတာ ကြားဖူးသလောက်ကတော့ ဒီလို ပညာရပ်တွေဟာ ဒီလို ရှမ်းပြည်ဘက်မှာ တော်တော် ခေတ်စားတယ်ဆိုပဲ။ ကျွန်တော်ကတော့ ကလေးဆိုတော့ သိပ်စိတ်မဝင်စားဘူး။ အထူးအဆန်း တစ်ခုခုကို မြင်ရမှာမို့လို့ စိတ်ဝင်စားရုံလောက်ပဲ ရှိမယ်ထင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ ခြံထဲရောက်လာပြီး ကွပ်ပျစ်ကလေးမှာ စုထိုင်ကြတယ်။

အန်တီကြီးက ကျွန်တော် ကောင်းကင်က လမင်းကြီးကို စိတ်ဝင်တစား ကြည့်နေတာ မြင်တော့


"သားက အဲ့လကြီး လိုချင်လို့လား" တဲ့။


ကျွန်တော်က ရယ်တယ်၊ ဘာမှတော့ ပြန်မပြောလိုက်ဘူး။


"သားလိုချင်ရင် အန်တီ သားအတွက် လတစ်စင်း ယူပေးပါ့မယ်" တဲ့။


ကျွန်တော်က ရယ်ပြီးတော့ "ဟာ အန်တီကလည်း လက ယူလို့မှ မရတာ။ ဒီလောက်တော့ သားသိပါတယ်" လို့ ပြန်ပြောတော့ အန်တီကြီးက ရယ်တယ်။


ပြီးတော့ ကျွန်တော့် အစ်မဘက်ကို လှည့်ပြီးတော့


"သမီးရဲ့ လက်ကိုင်ပဝါ ခဏပေးပါဦး။ သမီးမောင်လေးအတွက် လယူပေးမလို့" တဲ့။


ကျွန်တော် အစ်မကလည်း ဘာမှ ပြောမနေဘူး၊ တစ်ခါတည်း ကိုင်ထားတဲ့ လက်ကိုင်ပဝါကို လှမ်းပေးလိုက်တယ်။ ကျွန်တော်ကတော့ ဝင်းဝင်းလက် တောက်ပနေတဲ့ လမင်းကြီးကိုပဲ ပြန်ငေးနေတယ်။ အဲဒီအချိန်မှာ အန်တီကြီးက ကျွန်တော်နဲ့ လမင်းကြီးကြားမှာ လက်ကိုင်ပဝါနဲ့ ဖြန့်ကာလိုက်တယ်။ ပြီးတော့ ရယ်တယ်။


"သား လိုချင်တယ် မဟုတ်လား" တဲ့။


ကျွန်တော်ကလည်း "ဟုတ်ကဲ့" ပေါ့။


"ကဲ လိုချင်ရင် ယူသွားပေတော့" လို့ဆိုပြီး လက်ကိုင်ပဝါကို ကျွန်တော့် လက်ထဲ လှမ်းထည့်ပေးတယ်။


ကျွန်တော်လည်း ဘုမသိဘမသိနဲ့ ယူလိုက်ပါတယ်။

ပြီးတော့ လက်ကိုင်ပဝါကို ဖြန့်ကြည့်တော့ ခုနက ကျွန်တော် ငေးကြည့်နေတဲ့ လမင်းကြီးကို လက်ကိုင်ပဝါထဲမှာ အထိတ်တလန့် တွေ့လိုက်ရတယ်။


အထိတ်တလန့်ဆိုတာ ဝိုင်းကြည့်နေတဲ့ ကျွန်တော့် အစ်မနဲ့ အဒေါ်တွေ ဖြစ်သွားတာပါ။

ကျွန်တော်ကတော့ "ဟေး လမင်းကြီး ရပြီ ဟေး" ဆိုပြီး ပျော်တာပေါ့။

ခြံထဲမှာ လက်ကိုင်ပဝါကို ကိုင်ပြီး လျှောက်တောင် ပြေးလိုက်သေးတယ်။ ကျွန်တော့် အစ်မနဲ့ အဒေါ်တွေကပါ ကျွန်တော် ပြေးတဲ့နောက် ပြေးလိုက်လာကြတယ်။ လက်ကိုင်ပဝါကို တကယ့် အထူးအဆန်းလို လိုက်ကြည့်ကြတာလေ။ ကျွန်တော်ကလည်း သူတို့ကို စချင်တာနဲ့

"ဟာ မပြပါဘူး။ ဒါ သားဟာ" ဆိုပြီး ဖွက်ထားတယ်။


အတင်းတောင်းတော့မှ ပြန်ထုတ်ပြတာပေါ့။

ခုနက အတိုင်းပဲလေ။ လက်ကိုင်ပဝါထဲမှာ လမင်းကြီးကတော့ ရှိနေတုန်းပေါ့။

ကျွန်တော့် အဒေါ်နဲ့ အစ်မတွေကတော့ အန်တီကြီးကို မျက်လုံးပြူးကြီးတွေနဲ့ ဝိုင်းကြည့်ကြတယ်။ တစ်ချက်တစ်ချက် ကောင်းကင်က ဝင်းဝင်းလက်နေတဲ့ လမင်းကြီးကိုလည်း ကြည့်ကြတယ်။ ဝင်းဝင်းလက်နေတဲ့ လက်ကိုင်ပဝါထဲက လမင်းကြီးကိုလည်း ကြည့်ကြတယ်။ အန်တီကြီးကတော့ ဘာမှ မပြောဘူး။ ပြုံးစိစိနဲ့ပဲ ကျွန်တော် လက်ကိုင်ပဝါကို လေထဲ ဝှေ့ပြီး ခြံထဲမှာ လျှောက်ပြေးနေတာကို ကြည့်နေတယ်။


ချမ်းညီချို

၀၈-၁၂-၂၀၁၀


Friday 3 December 2010

ဖြစ်နေကျ အချစ်ပုံစံ (၁၅)

ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

သူမကြောင့်ပင် ဖတ်သူမရှိသောကြောင့် စကားလုံးများအဖြစ်သို့ မရောက်ရှိနိုင်ခဲ့သည့် "နင့်ကို ငါ ချစ်တယ်" ဆိုသော စာလုံးများကို ကျွန်တော် ပြန်လည် ဆွဲထုတ်လာခိုက် ကောင်းကင်တွင် ကြယ်အစင်းတစ်ရာ ကြွေကျမသွားပါ။ နေသည်လည်း အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ဝင်သွားပြီး ညရောက်သောအခါ ပတ်ဝန်းကျင်သည် မှောင်မှောင်မဲမဲရှိလာပါသည်။ "ဒါ ရှေးဘဝက ရေစက်ပါလို့ပဲ သိလား" ဟု သူမဆိုသောအခါ ကျွန်တော် ပြုံးမိပါသည်။ ဘာကြောင့် ပြုံးလိုက်မိသလဲ ကျွန်တော် မသိပါ။ ပြုံးချင်၍ ပြုံးလိုက်ခြင်းသာ ဖြစ်ပါသည်။ သို့သော် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသောကြောင့် ဘာရယ်မဟုတ် ပြုံးချင်၍ ပြုံးလိုက်ခြင်းသာဖြစ်ကြောင်း အဆောတလျှင် ရှင်းပြမိပါသည်။ "မယုံဘူးပေါ့လေ ဟုတ်လား" ဟု ဆိုသောအခါ "အဲလိုလည်း မဟုတ်ပါဘူး" ဟု ခပ်ပေါ့ပေါ့ ပြန်ဖြေမိပါသည်။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

ကျွန်တော် ကြိုက်သော သီချင်းအမျိုးအစားများ၊ အဆိုတော်များကို သူမ မကြိုက်သလို သူမကြိုက်သော သီချင်းအမျိုးအစား၊ အဆိုတော်များကို ကျွန်တော် မကြိုက်ပါ။ သို့သော် သူမ ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း သူမ ပြောသောအခါ နားထောင်ပေးရုံတင်မဟုတ်ပဲ ကျွန်တော်ပါ သူတို့အကြောင်း ပြောလို၍ သူမ ကြိုက်သော သီချင်းအမျိုးအစားများကို ကျွန်တော် လိုက်နားထောင်ဖြစ်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာဖြစ်ပါသည်။ အံ့ဩစရာကောင်းသည်မှာ သူမလည်း ကျွန်တော်ကြိုက်သော သီချင်းများကို လိုက်နားထောင်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာနေသည်ကို မျှော်လင့်မထားပဲ သိလိုက်ရပါသည်။ ဒီလိုကိစ္စများသည် လူတော်တော်များများအတွက် အရေးမကြီး၊ အရေးမပါသော ကိစ္စများ ဖြစ်နိုင်သော်လည်း ကျွန်တော်တို့ နှစ်ယောက်အတွက်မှု ကြည်နူးစရာကိစ္စတစ်ခု ဖြစ်လို့နေပါသည်။ တစ်ယောက်ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း တစ်ယောက်ကလည်း သိနေခြင်းမှာ ကျွန်တော်နှင့်သူမကို ပိုပြီး နီးကပ်သွားအောင် ဆွဲစေ့လိုက်သလိုရှိသည်ဟု ကျွန်တော် ထင်သည်။ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာစကားမရှိ ဖြစ်နေခြင်းမျိုးမှ ကင်းဝေးစေပါသည်။

"လက်ထပ်ဖြစ်ရင် ဧည့်ခံပွဲ မလုပ်ချင်ဘူး သိလား။ အဲဒါလုပ်ဖို့ ကုန်မယ့် ပိုက်ဆံကို လိုအပ်နေတဲ့သူတွေ၊ လှူသင့်တဲ့နေရာတွေမှာ လှူလိုက်ချင်တယ်" ဆိုသော သူမ၏ စကားတစ်ခွန်းသည် ကျွန်တော့်ကို အတော်ပင် ပျော်ရွှင်စေခဲ့ပါသည်။ ထိုစဉ်က သူမကို ကြည့်သောအကြည့်တွင် အချစ်သာမက လေးစားမှုပါ ပါတယ်လို့ သူမထင်ကြောင်း ပြောသောအခါ ဟုတ်မှန်ကြောင်း ကျွန်တော် ဝန်ခံခဲ့ပါသည်။ မိန်းမတစ်ယောက်ဖြစ်နေလို့၊ ကိုယ့်ထက် အသက်ငယ်နေလို့၊ ကိုယ်ချစ်တာ လေးစားတာသိပြီး အနိုင်ယူမှာစိုးလို့ စသည်ဖြင့် ဘာဘာညာညာ တွေးမိပြီး ခံစားချက်အမှန်ကို ဝန်မခံတာမျိုး ကျွန်တော် မလုပ်ခဲ့ပါ။ ကိုယ်ချစ်သော မိန်းကလေးတစ်ယောက်ကို လေးစားမိခြင်းသည် အပြစ်မရှိဟု ထင်ပါသည်။ ကျွန်တော့်ထံမှ အချစ်သာမက လေးစားမှုပါ ရသောကြောင့် ပိုပြီး ပျော်တယ်လို့ သူမက ဆိုပါသည်။ အဲလို ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်တဲ့ ကျွန်တော့်ကို ပိုပြီး ချစ်မိလာတယ်ဟု ဆိုသောအခါ ကျွန်တော်လည်း ပျော်ပါသည်။

တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော် သေသေချာချာ နားမလည်သေးပါဘူးဟု ထင်မိသောကြောင့် ကျွန်တော်သူမကို ချစ်တာ တကယ်မှ ဟုတ်ရဲ့လားလဲ စဉ်းစားမိပါသည်။ ကျွန်တော် သူမကို တော်တော် သဘောကျ၊ တော်တော် ကြိုက်နှစ်သက်သည်ကတော့ သေချာပါသည်။ သူမရဲ့ အသံ၊ ဆံပင်အရောင်၊ သူမကြိုက်တဲ့ အစားအသောက်တွေ၊ မကြိုက်တဲ့ အစားအသောက်တွေ အကုန်လုံးကို ကျွန်တော် အလွတ်ရ မှတ်မိနေပြီး အားလုံးကို ကျွန်တော်သဘောကျပါသည်။ သူမကို ကြိုက်တဲ့ အဆင့်ကနေ ချစ်တဲ့အဆင့်ကို ရောက်သွားပြီလား။ "ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ ကျွန်တော် သေသေချာချာမသိပါ။ ချစ်တယ်ဆိုရင် ဘာတွေလုပ်ရမလဲ။ ချစ်တယ်ဆိုတာ အချိန်တော်တော်များများမှာ သူမကို သတိရနေခြင်းတွေလား။ အမြဲတမ်း အနားမှာ ရှိနေစေလိုတာတွေလား။ သူမ ရယ်မောပျော်ရွှင်နေတာကို မြင်လိုက်ရတိုင်း ကျွန်တော်ပါ ပျော်ရွှင်လာတာတွေက အချစ်လား။ သူမကို အမြဲပဲ စိတ်ချမ်းသာအောင် ထားလိုတဲ့ ဆန္ဒတွေကပဲ အချစ်ဆိုတာကြီး ဖြစ်နေမလား။ ဒီလောက်လေးနဲ့တော့ အချစ်ဟု မခေါ်နိုင်သေးဘူး ထင်ပါသည်။ သူမကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ သူမ မကြိုက်သော ဆေးလိပ်သောက်သည့်အကျင့်ကို ဖြတ်ပစ်လိုက်ခြင်းများကိုလည်း ထည့်သွင်းပြောရမည် ထင်သည်။ သူမကို တစ်ယောက်တည်း ထားခဲ့ပြီး သူငယ်ချင်းများနှင့် တစ်နေကုန် လျှောက်သွားမိခဲ့လျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ လျှောက်သွားမိသော ကျွန်တော့်ကို အပြစ်တင်နေသော သူမကို ဒေါသထွက်မိလျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ သူမရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ တကယ်လက်တွေ့မှာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးနေခြင်းတွေကပဲ အချစ်လို့ ခေါ်ရပါမည်လား။ သူမ ကူညီစောင့်ရှောက်ချင်သော မိသားစုတွေ၊ ဆွေမျိုးတွေကို ကျွန်တော်ကပါ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခြင်းတွေဟာ အချစ်တွေပဲလား။ ဒါမှမဟုတ် ဒါတွေက လုပ်သင့်လို့ လုပ်နေတဲ့ လူမှုရေးကိစ္စတွေများလား။

ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားစေလိုခြင်းနှင့် လက်သည်းနီဆိုးတာကို မကြိုက်ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားလိုက်ခြင်းနှင့် လက်သည်းနီ မဆိုးတော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆေးလိပ်မသောက်စေလိုခြင်းနဲ့ ဆေးလိပ်မသောက်တော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် အရက်အများကြီး မသောက်စေလိုခြင်းနဲ့ အရက်အများကြီး မသောက်တော့ခြင်းများ ပါသည်။ သူမ၏ ကျွန်တော့်အတွက် အချစ်ဆိုတာထဲတွင်မတော့ မနက် အိပ်ရာထချိန်တွင် သွားတိုက်ဆေး ထည့်ထားပြီးသား သွားတိုက်တံတစ်ချောင်းနှင့် အသင့်ပြင်ပြီးသား မနက်စာလည်း ပါလေ့ရှိသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သွားရင်းလာရင်း သူမနှင့်လိုက်မည့် အဝတ်အစား အသုံးအဆောင်များ တွေ့ပါက လက်ဆောင်အဖြစ် ချက်ခြင်း ဝယ်လာခြင်းများ ပါသည်။ စနေ၊ တနင်္ဂနွေ သူမ တစ်နေကုန် ဈေးဝယ်ထွက်သည့်နောက်ကို မငြီးမငြူ အထုပ်ဆွဲရင်း ပိုက်ဆံလိုက်ရှင်းသည်များ ပါသည်။ တစ်ခုခု စားခါနီးတိုင်း သူမအကြိုက် ဆိုင်ကို ရွေးဖို့ ဦးစားပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ရုပ်ရှင်များကို မပျင်းရိဟန်ဆောင်၍ အတူတူ လိုက်ကြည့်ပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ဟင်းများကို မနက်အစောကြီးထ၍ အဝေးကြီးအထိသွားပြီး ဝယ်ယူ ချက်ပြုတ်ခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် မလိုအပ်ပဲ ကက်ဆက်အကောင်းစားကြီးဝယ်၍ အသံစနစ် အကောင်းစားကြီး တပ်ဆင်များကို မငြုစူ အပြစ်မတင်ခြင်းများ ပါသည်။ ကျွန်တော် ဘောလုံးပွဲကြည့်ဖို့ တီဗီအကြီးကြီး ဝယ်တာကို မငြုစူခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် အိမ်ကို သူမအကြိုက် ဆေးရောင်ပြောင်းသုတ်ပေးခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သူမဟင်းချက်သောအခါ ဝိုင်းကူလုပ်ပေးခြင်းများ ပါသည်။ တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော်တို့ သေသေချာချာ နားမလည်သေးဟု ထင်ပါသည်။

သူမက "ကလေးမလိုချင်ဘူး၊ အချစ်တွေ ခွဲပေးရမှာစိုးလို့" ဟု ဆိုသောအခါ "အင်း သဘောပဲလေ" ဟု ဖြေမိခြင်းသည်လည်း အချစ်ပဲလား။ သူမက အဲလို စိတ်ကူးရှိပေမယ့် ကျွန်တော်လိုချင်ရင်တော့ ယူမှာပေါ့ ဆိုတာကရော အချစ်ပဲလား။ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ရှိခိုးပြီးမှ အိပ်တာကရော အချစ်ပဲလား။ ကျွန်တော်မရှိတော့ရင် လောကကြီးထဲမှာ သူမတစ်ယောက်တည်း မျက်နှာငယ်ပြီး ကျန်မနေရအောင်လို့ အလုပ်တွေလုပ်ပြီး ပိုက်ဆံစုနေတာဟာ ကျွန်တော်ရဲ့ သူမအပေါ်မှာ ရှိတဲ့ အချစ်လား။ ဒီတစ်သက်မက နောက်ဘဝတွေ ဘဝတွေမှာလည်း ကျွန်တော်နဲ့ ဒီလို ပေါင်းဖက်ရပါစေလို့ ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းနေတာဟာ သူမရဲ့ ကျွန်တော့်အပေါ်မှာ ရှိတဲ့ အချစ်လား။ ကျွန်တော် အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။


ချမ်းညီချို
၂၈-၁၁-၂၀၁၀

ဆောင်းတွင်းမှာ ခဲနေတဲ့ ဦးနှောက်အပျက်အစီးတစ်ချို့

ဒီလိုရာသီမျိုးပေါ့

"အေးစက်မှုက သူ့ရဲ့ သွားတွေနဲ့

အရိုးကိုထိအောင် ကိုက်ထားတယ်" ဆိုတဲ့

ကဗျာတစ်စကို သတိရစေတာ။



ရုပ်ရှင်ထဲကလိုပဲ

မီးဖိုနွေးနွေးဘေး ထိုင်ရင်း

ပေါ်ဦးသက်ရဲ့ ပန်းချီကားတွေအကြောင်း

ပြောချင်တာကစလို့ ..



ရုပ်ရှင်ထဲမှာမဟုတ်တော့

အနွေးထည်ထူထူဝတ်ရင်း

ပြောဖြစ်တာက ..



ဟီတာအများကြီးဖွင့်ရင်

ပိုက်ဆံတော်တော်ကုန်တဲ့အကြောင်း ..



အင်ဒီဝါးဟိုးရဲ့ မရသေးခင်အထိဟာ တန်ဖိုးအရှိဆုံးအရာပေါ့ ဆိုတာ

တစ်ခါမှ မပေါက်ဖူးသေးတဲ့ ထီကို ပြောတာပဲဖြစ်မလားဆိုတဲ့ အကြောင်း ..



လူ့သက်တမ်းထက်ပိုပြီး စိုးရိမ်နေကြတဲ့

ဒီနိုင်ငံမှာနေထိုင်ခွင့်သက်တမ်းများ အကြောင်း ..



တွေ့လား

ရုပ်ရှင်မဆန်လိုက်ပုံများ ပြောပါတယ်

တရားခံကတော့

ရုပ်ရှင်ထဲကလို မီးဖိုနွေးနွေးမရှိတာပဲဖြစ်မှာပေါ့။



ချမ်းညီချို

၂၅-၁၁-၂၀၁၀

အစရှိသည်များနှင့် အိမ်ငှါးရန်ရှိသည်

'ဒီနေရာကကြည့်ရင်

ကမ္ဘာကြီးကို အပေါ်စီးက မြင်ရတယ်

ဒီလိုနဲ့

ကျွန်တော် အိမ်မပြန်ဖြစ်ဘူး'။



အတူတူရှုနေရတဲ့ လေတောင်မှပဲ

ဒီနေရာမှာ ပိုလတ်ဆတ်သလား

ကမ္ဘာပတ်လည်ဖြတ်စီးနေတဲ့ ရေတောင်မှပဲ

ဒီနေရာမှာ ပိုကြည်လင်သလား

ကောင်းကင်တစ်ခုတည်း ကြယ်တွေကလည်း

ဒီနေမှာမှာမှ ပိုတောက်ပသလား။



ဒါတွေနဲ့ ပျော်မွေ့နေတဲ့ ကျွန်တော့်အတွက်

ဒီနေရာမှာ နေမကောင်းရင် ဆေးတိုက်ပြီး

စောင်ခြုံပေးမယ့်သူ မရှိဘူး

စိတ်ဓာတ်ကျတဲ့အခါ နှစ်သိမ့်ပြီး

နားလည်ပေးမယ့် ရင်ခွင်တစ်စုံ မရှိဘူး။



ဒီနေရာမှာ

အပေါ်ယံခင်တွယ်မိတဲ့ အရေပြားယားယံမှုတွေ

နားမလည်ချင်ယောင်ဆောင်နိုင်တဲ့ ဘာသာစကားတွေ

တစ်ယောက်စရင် တစ်မြို့လုံးလိုက်ဖြစ်တဲ့ ရောဂါပိုးတွေ

မျက်ကန်းဖြစ်သွားတဲ့ ကျေးဇူးတရားတွေသာ

ရှိလေရဲ့။



ချမ်းညီချို

14-11-2010

Tuesday 19 October 2010

ဖြစ်နေကျ အချစ်ပုံစံ (၁၄)

ဒီလိုပါပဲ

သူကောက် ကိုယ်ချော့

ကိုယ်ချော့ သူကောက်က စခဲ့တာမျိုး

ချစ်ခဲ့ကြတယ်ဆိုလည်း သည်းခံနိုင်စွမ်းကို

အဆုံးထိ တွန်းမိခဲ့သူတို့ရဲ့ ဇာတ်လမ်းအစမှာ

ဖန်တစ်ရာတေ ဇာတ်လမ်းတွေကိုပဲ အဖန်တရာ ချော့ခဲ့ရ

ဉာဏ် မာန ရဲ့ အိမ်အပြန်မလှတဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ

လူသားဟာ အတိုင်းအတာ တစ်ခုပါ ဆိုတာကို

စိတ်ကုန်တေးသွားနဲ့ ကန့်လန့်ကာချမှ သိရတာမျိုး

ဒီလိုနဲ့ အလွမ်းစေတီမှာ တေးကိုသီ

မင်းနဲ့ငါ အချစ်ဇာတ်လမ်းဟာ ဇာတ်သဘင်တစ်ခုပါဆိုရင်

ကြားက ကန့်လန့်ကာဟာ

တဖက်သတ်ဇယားတစ်ခုသာ ဖြစ်လိမ့်မှာ ..။



ချမ်းညီချို

19-10-2010

Friday 8 October 2010

နောက်ဆုံးခံတပ်

အခိုင်ဆုံးခံတပ်ကို
ရင်ဘတ်တွေနဲ့ ဆောက်ကြရတယ်။
ထမီမှန်းသိပါရဲ့
ချမ်းတော့လည်း ခြုံမိပါတယ်ဆိုတဲ့ဆောင်း
ရာဇဝင်လိပ်ပြာသန့်သူတို့ ရင်ခေါင်းမှာ
ဘယ်တော့မှမရှိကြစကောင်းလေ။
ပေါင်မုန့်ရှိတဲ့အရပ်မှာ
အမှန်တရားရှာသူတွေ ပိုများလာခဲ့
သည်းချေပျက်တို့ ဇာတာစန်းလဂ်ကွန့်မြူးစဉ်။
အမေ ဘယ်လိုသိပ်သိပ်
ကိုယ်အိပ်မှ ပျော်မယ့်ညပါ။
ကိုယ့်မီးအိမ် ကိုယ်ကိုင်မြှောက်လို့
ကိုယ့်မီးတောက်ကို ကိုယ်ထွန်းညှိခဲ့ပါတယ်။
နောက်ဆုံးခံတပ်
ဒီမှာ ...
ငါ့ရင်ဘတ်လေ။ ။

မောင်သာချို

Saturday 11 September 2010

သူငယ်ချင်း (၁)

ဒီလိုပဲ ငါတို့တွေ

စရိုက်တူ အသွင်တူနဲ့

ကမ္ဘာကြီးကို ပခုံးဖက်ပြီး စကားပြော

မင်းရဲ့ ငြင်းဆိုချက်တွေကို ငါတို့က ထပ်ငြင်း

မင်းရဲ့ မေးခွန်းတွေကို ငါတို့က ဆင့်ပွါးမေးလို့

မင်းမကောင်းဘူးဆိုရင် ငါတို့က ရယ်

ငါတို့ မကောင်းရင် မင်းကရယ်လို့

မင်းအမြင်မှာ ငါတို့ဟာ အပြစ်မဲ့ လူသား

ငါတို့အမြင်မှာ မင်းဟာ အပြစ်မဲ့ လူသား

မင်းနဲ့ ငါတို့ကြား အားလုံးဟာ တစ်သားတည်းဖြစ်နေမှတော့

ငါ လက်ဆုပ်လက်ကိုင်မိပြီးမှ

လွှတ်ချပေးခဲ့တဲ့

မင်းရဲ့လည်မျိုတွေအတွက်လည်း

ကျေးဇူးတင်ကြောင်းပြောစရာမလိုပါဘူး သူငယ်ချင်း

ငါတို့တွေက သူငယ်ချင်းတွေပဲ မဟုတ်ပါလား။



ချမ်းညီချို
02-09-2010

ငါ့ကန္တာရ ၂၀၀၁ (ကျော်အောင်သစ်)

ကိုယ့်ဆူးတွေ ကိုယ်ပြန်စူးနေတဲ့
နွေခေါင်ခေါင် ကန္တာရသစ်ပင်တို့
ပေါက်ရောက်ရာ နေရာပါ...
ဘယ်လိုမှ အိမ်အပြန် မျက်နှာပန်း လှမှာမဟုတ်။

အက်ကွဲ ခြောက်သယောင်းနေတဲ့ ရင်ခွင်ကလည်း
ဘယ်သူ့အတွက်မှ ကြည့်ပျော်မရှိ။

သဲပြင်က ပင်လယ်လို ကူလီကူမာမရှိလည်း
လူတွေအိပ်ချိန်ရောက်မှ
အမှုန်လေးတွေ ပျံ့ကျဲခွင့်ရတာတောင်
"ညမုန်တိုင်းသို့ အိပ်ဖွင့်ပေးစာ" ဆိုပြီး
ငါ့ ရက်စက်မှုကို
လူတွေက ပိုမိုခမ်းနားပြနေကြသေး။

ကျော်အောင်သစ်
အလင်္ကာ၊ ဩဂုတ်လ ၂၀၀၁။

Tuesday 31 August 2010

မိုးစိုလို့ ချိတ်ထားတဲ့ အင်္ကျီ

ကျွန်တော့်အိပ်မက်က ကျွန်တော့်ကို စောင့်နေတုန်းမှာပေါ့လေ

သစ်ပင်တွေက တစ်ပင်ချင်းစီ ချိတ်ဆက်နေသလို

တစ်ယောက်ချင်းစီ ချိတ်ဆက်နေတဲ့ လူတွေကြားထဲက'ဖြတ်လျှောက်'

ဒီလိုနဲ့ လူတောထဲနေပြီး လူငတ်နေတယ်ဆိုတဲ့ စကားတစ်ခွန်းကို

သတိရမိချိန်မှာ မိုးရေလက်ချောင်းအကန်းတွေက

ကျွန်တော့်မျက်နှာကို (ကြိုတင် ပြောပြမထားပါပဲနဲ့)

ဝင်တိုးရင်း၊ ထိစမ်းရင်း၊ ဟိုမေးဒီမေးလုပ်နေတာမို့


'တကိုယ်ရေ လုံခြုံမှု' ကိုပဲ ထီးလို ဆောင်းထားလိုက်တော့


လေကြီးမိုးကြီး သိမှုတွေထဲ

ထီးအောက်က တကိုယ်ရေစာဟာ သွေ့ခြောက်လို့

ထီးအောက်ကအရိပ်ရဲ့ အရောင်ဟာ မည်းလို့

ထီးအောက်ကအရိပ် ဘယ်လိုပုံထွက်နေသလဲ ကြည့်မယ်အလုပ်မှာ

'ပျော်ရွှင်မှု' တဲ့ မိုးပေါ်ကကျလာတဲ့ စကားလုံးတစ်လုံး

(ကျွန်တော့်ကို အမှန်တကယ် အထိတ်တလန့်ဖြစ်စေခဲ့တာ ဝန်ခံပါတယ်)

'ပျော်ရွှင်မှု' တဲ့

မသိခဲ့ဘူး၊ လိုက်မရှာနိုင်ခဲ့ဘူး


ဒီလိုပဲလေ ...

... စာသင်တယ်၊ မိန်းမယူတယ်၊ တစ်ခါတစ်လေ ရယ်မောတယ်

... ကလေးတစ်ယောက်ရခဲ့တယ်၊ မျက်စိမှုန်လာတယ်

... ထမင်းစားကောင်းတဲ့ အခါ ကျေနပ်တယ်


ဒီလိုနဲ့ပဲ

ကျွန်တော် အမှန် နေထိုင်ခဲ့သလား

အမှန်က ကျွန်တော်နဲ့ နေထိုင်ခဲ့သလား

နေထိုင်ခဲ့တဲ့ ကျွန်တော်က အမှန်လား

အမှန်က ပျော်ရွှင်မှုလား၊ မသိခဲ့ပါဘူး


ဒီလိုပါပဲ၊ ဆက်တော့လျှောက်ရဦးမှာပေါ့

ရှေ့က ရွှံ့နဲ့ရေ ရောနေတဲ့ ဗွက်မှာ သေခြင်းတရားသာ အိုင်ထွန်းနေတယ်ဆိုသော်လည်း

စက္ကန့် မိနစ်တို့ ရွာနေသော မိုးအတွက် လုံခြုံရာ ထီးမရှိဆိုသော်လည်း

ဆက်တော့လျှောက်နေရဦးမယ်

ကျွန်တော့်အိပ်မက်ကတော့ ကျွန်တော့်ကို စောင့်နေမှာပါလေ။ ။


ချမ်းညီချို

08-08-2010

Thursday 5 August 2010

သနပ်ခါးရေကျဲကျဲ (သုမောင်)

သူတို့အသိုင်းအဝိုင်း သင်းတို့ပတ်ဝန်းကျင်ကဖြင့် ကဲကိုကဲသည်။ အိုးကမပူ စလောင်းကပူသည်။ ကောက်ညှင်းကမစေး၊ ဆန်ကြမ်းက စေးနေသည်။ ကာယကံရှင် ငမောင်နှင့် မိဆက်တို့ကဖြင့် ဘယ်အခြေအနေ ရှိနေသည်မသိသေး၊ သူတို့သတင်းက ဟိုးလေးကျော်နေပြီ။

"ဟဲ့၊ ငမောင်ကလေးနဲ့ ဆက်ဆက်တို့က သည်လိုသာဆို ဟန်ကျပါ့တော် ..."

အမှန်မှာ ဤသည်ပင်လျှင် ချစ်စရာကောင်းသော သူတို့အသိုင်းအဝိုင်း၏ စရိုက်ကလေးဖြစ်သည်။ ရှေ့နေရှေ့ရပ်ကြီးတွေ စုမိလျှင် တရားစကားတို့ကို ဆိုကြလိမ့်မည်သို့၊ ဈေးရောင်းသမများဆုံကြလျှင် ပါးစပ်သတင်းကလေးများ ဆိုတတ်ပြောတတ်ကြသည်။ သူတို့ရင်ထဲရှိသည်တို့ကို သည်အတိုင်း သိုသိပ်မထားတတ်ကြ။ ဖွင့်ဟလိုက်ချင်ကြသည်။ ငမောင်နှင့် မိဆက်တို့ သတင်းသည်လည်း သူတို့ကလေးတွေ၏ ရင်ထဲမှ ပီတိကို လှိုင်းထသွားစေသည် ထင်ရ၏။ သင့်၏ မသင့်၏မဟူ၊ တော်၏ မတော်၏မချင့်၊ သည်လိုတဲ့အေ့ဟု ပြောလိုက်ရမှ သူတို့ကျေနပ်တတ်ကြ၏။ သည်တော့ အီကြာကွေးသည် ကိုဘကျော်ကြီးမှအစ၊ ရေခဲခြစ်သည် ဒေါ်စိန်တို့အထိ သိနေကြသည်မှာ ဆန်းလှသည်တော့ မဟုတ်။

ငမောင်သည် အကြော်သည် ဒေါ်ညက်၏ သားဖြစ်သည်။ သူ့အလုပ်က မနက်စောစော အကြော်တောင်း တဖက်စာကြီးရွက်ပြီး ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးဆိုင်မှန်သမျှသွား၍ အကြော်ပို့ရသော အလုပ်ဖြစ်သည်။ သူတို့အကြော်တဲနှင့် အနီးဆုံးဆို၍ မိဆက်တို့ မုန့်ဟင်းခါးဆိုင်ရှိသည်။ သည်တော့ မနက်လေးနာရီခွဲလောက် မိဆက်ဆိုင်ပြင်နေချိန်မှာပင် ငမောင် ရောက်နှင့်နေတတ်သည်။ စကားတွေ ဖောင်ဖွဲ့သည်။ မိဆက်ကို လှောင်သည်။ ပြီးတော့ ... ရယ်သည်။ ငမောင်ကလည်း ရယ်သည်။ မိဆက်ကလည်း ရယ်သည်။ နှစ်ယောက်စလုံး ပြိုင်တူလည်း ရယ်ကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍လည်း ရယ်ကြသည်။

သည့်ပြင်ဆိုင်တွေ ပို့ပြီးလောက်ပြီဆိုလျှင်၊ ငမောင် မိဆက်တို့ဆိုင် ပြန်ရောက်သည်။ ရေနွေးကြမ်းသောက်သည်။ မုန့်ဟင်းခါး အခမဲ့ စားသည်။ သို့ပေမယ့် မိဆက်ဆိုင်က ရောင်းကောင်းတတ်သည်မို့ တစ်ခါတစ်ရံ ငတ်သည်။ သည်အခါ ငမောင် ရေနွေးကြမ်းသာ သောက်ရသည်။ မောလှပမ်းလှသည်မို့ ရေနွေးကြမ်းပူပူသည် ငမောင့်အဖို့ ကျောက်ကျစမ်းရေနှယ် ...။

ဘယ်သို့ဆိုဆို စလောင်းပူပြီဆိုမှ အိုးလည်းပူရတော့သည်။ ဆန်ကြမ်းကပင် စေးနေပြီ။ အဘယ်ကောက်ညှင်းသည် နှမ်းမနဲမဖြစ် ခံနိုင်မည်နည်း။ သစ်ငုတ်ပင်လျှင် ခလုပ်တိုက်ပါများတော့ နဲ့သေးသည်။ တုတ်နှင့်လွှဲ၍ လွှဲ၍ ရိုက်ပြီဆိုမှ မပြုတ်ခံနိုင်ပါတော့မည်လား။

အစတွင်တော့ မိဆက်ရင်၌ ဘာလိုလိုရယ်မသိ၊ ခံစားရသည်။ ရေခဲခြစ်သည် ဒေါ်စိန်ကနောက်၊ တိုရှည်သည် မတူးမကစ၊ လက်ဖက်ရည်ဆိုင်က ဦးပြားကလှောင်နှင့်ကြာတော့ မိဆက်မခံနိုင်ဖြစ်ရသည်။ မိမိကိုယ်မိမိလည်း ခုမှသိတော့သည်။ အရင်က မတွေးတတ်ခဲ့သည့်အဖြစ်ကို ခုတော့ ရေးရေးမြင်ပြီ။ ညအိပ်ရာဝင်တိုင်း မနက်မြန်မြန်ရောက်ချင်ခဲ့ရသည်ကိုလည်း ခုတော့ သိသလိုလိုရှိပြီ။

"ငမောင်ရယ် ... နင်လာရင် ငါဘာရယ်ကြောင့် ပျော်ရပါလိမ့်ဟယ် ..."

x x x x x

သည့်နောက်ပိုင်းတွင် ငမောင်သည် မိဆက် ဆိုင်မခင်းတတ်သေးသည့် အချိန်မှာပင် ရောက်လာတတ်သည်။ အကြော်တောင်းချ၊ အကြော်ရေတွက်၊ ပြီးလျှင် ချက်ချင်းထွက်သွားတတ်သည်။ မိဆက်ကလည်း သည်အခါမျိုးတွင် ခေါင်းသာ တွင်တွင်ငုံ့နေတတ်သည်။ ဘာမှလည်းမပြော၊ ဘာမှလည်းမမေး၊ ယခင်ကနှယ် အကြော်ညှက်သည်၊ ပုသည်၊ အကျိုးတွေများသည်ဟုလည်း အထွန့်မတက်၊ ငမောင်ကလည်း မစ၊ ရယ်လည်း မရယ်တော့။ မိဆက်လည်းမရယ်မိ၊ ငမောင်လည်း မရယ်မိ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍လည်း မရယ်မိတော့။

ငမောင်ထွက်သွားမှ မသိမသာ ငမောင့်ကို မိဆက်က ခိုးကြည့်တတ်သည်။ ငမောင်ကလည်း ခပ်လှမ်းလှမ်းရောက်မှ အကြော်တောင်းနှင့်ကွယ်၍ ခိုးကြည့်သည်။ တစ်ခါတစ်ရံ ခိုးကြည့်ရင်းက ဆုံမိကြလျှင်၊ တဖက်သို့ လှည့်ပစ်လိုက်ကြသည်။ ပြီးတော့ ခိုး၍ပင် ရယ်ကြသည်။

"သိပ်ဆိုးတဲ့ ငမောင်ပဲဟယ် ..."

ထူးခြားသည်တော့ တစ်ခုရှိတယ်။ ယခင် ... ငမောင် အကြော်ပို့ပြီးအပြန် မိဆက်ဆိုင်ရောက်လျှင်၊ မုန့်ကျန်နေသေးလျှင် စားရတတ်သည်။ ယခုမူ မုန့်ကုန်သည်ဖြစ်စေ၊ ကျန်သေးသည်ဖြစ်စေ ငမောင်စားရသည်။ ဖက်နှင့်ထုပ်ထားသော မုန့်ဖတ်တစ်ပန်းကန်စာနှင့် ဂျိုင့်ကလေးဖြင့် နွှေးထားသော ဟင်းရည်တစ်ခွက်စာကို ငမောင်ပြန်ရောက်လာတိုင်း မိဆက်က ထုတ်၍ကျွေးသည်။ ပြီးတော့ တစ်ခါတစ်ရံ ပြုံးကြသည်။

တစ်နေ့ ငမောင် အကြော်လာအပို့ "မန္တလေးပဲကြော် ပါသလား" ဟု မိဆက်က မေးမိသည်။ ငမောင်က မဖြေ၊ ခေါင်းခါပြသည်။ အကြော်ရေတွက်ချပေးခဲ့ပြီး၊ လှည့်ထွက်သွားသည်။ မိဆက် ဒေါသဖြစ်ရသည်။ အံကြိတ်သည်။ ငမောင့်ကျောပြင်မဲမဲကို မျက်စောင်းခဲလိုက်သည်။ နောက်နေ့တွင်မူ မိဆက်ကြေအေးလိုက်ရသည်။ ငမောင်ယူလာသော မန္တလေးပဲကြော် ပူပူနွေးနွေးနှစ်ခုကြောင့် ဖြစ်သည်။ အဲသည်နေ့မှစ၍ ငမောင် အကြော်လာပို့တိုင်း မိဆက်ဖို့ မန္တလေးပဲကြော် ပါလာတတ်တော့သည်။

"နတ်သုဒ္ဓါ ဆယ်ပြန်ကဲစေတော့ လဲရက်နိုင်ဘူး ငမောင် ..."

x x x x x

မယုံဘူးတော့လည်းမဟုတ်၊ ယုံရမည်ဆိုတော့လည်း မယုံရက်နိုင်။ ဈေးသည်တွေရဲ့ ပါးစပ်ကို အခြားသူတို့ ယုံကြည်ခဲပေမည့် ဈေးသည်ချင်းကတော့ ယုံတတ်ကြသည်။ သူတို့ အသိုင်းအဝိုင်းကလည်း မဟုတ်သည်ကို အဟုတ်လုပ်မပြောတတ်ကြ။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ထင်သည်ကို ထင်သည့်အတိုင်း ပြောတတ်ကြသည်။ ပြီးမှ လွဲနေရင်လည်း ခြေထောက်ဖက်၍ တောင်းပန်တတ်သည်။ ဟုတ်နေပြီဆိုရင်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ရသည်။

သည်သတင်းကို ငမောင်ကြားနေခဲ့ရသည်မှာကြာပြီ။ ငမောင်ရွာသို့ မပြန်ခင်ကပင် ကြားနေခဲ့ရသည်။ သို့ကြောင့်လည်း ရွာပြန်ခါနီးက ငမောင် အတော်ခြေလှမ်းနေးခဲ့သည်။ မိဆက်ကို စိတ်မချနိုင်။ ဖွင့်၍လည်း မပြောရက်။ မပြောရဲ၊ ကက်ကက်လန်အောင် မိဆက်ရန်တွေ့လိုက်လျှင် ငမောင်ပို၍ အခံရခက်မည်။ "အေး ဟုတ်တယ် ဘာဖြစ်လဲ" ဟုများ မိဆက်က ပြောလိုက်မှဖြင့်၊ ငမောင့်အခက်။ အကယ်ဟုတ်သည့်တိုင် သည်လိုပြောသည်ကိုဖြင့် ငမောင် မကြားလို၊ သည်လိုနှင့်ပင် 'အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်' ဖြင့် ငမောင် ရွာပြန်သွားရသည်။

x x x x x

ရွာကပြန်ရောက်တော့ ပို၍ဆိုးနေပြီ။ မိဆက်သတင်းကို နားမခံသာ ကြားရသည်။ "ကျွန်တော်နဲ့မိဆက်ကတော့ သေချာနေပြီ အမေရေ့ ..." ဟု ငမောင် ကြွားခဲ့စဉ်က ထ၍ပင် ကတော့မတတ် ဝမ်းသာသွားရသော ရေခဲခြစ်သည် ဒေါ်စိန်ကိုယ်တိုင်ကပင် ပြောလာပြီဆိုတော့ ငမောင်ယုံချင်ချင် ဖြစ်လာသည်။ သို့ပေမယ့် တဖက်ကလည်း ငမောင် လှည့်တွေးမိသည်။ သင်းတို့ရပ်ကွက်ဆိုသည်ကလည်း မုန့်ဟင်းခါးသည် အလွန်ပေါသောရပ်ကွက်၊ သည်တော့မိဆက်ခမြာ ဈေးပြိုင်သူတွေနှင့် ဖြစ်သည်။ မိဆက်က ဆေးလိပ်သမလည်း မဟုတ်။ ရွှေပေးမရ အတန်းအစား၊ တက္ကသိုလ်ကျောင်းသူလည်း မဟုတ်။ မုန့်ဟင်းခါးသည်။ သည်တော့ ဆက်ဆံရေးက အလိုလိုနှောနွယ်လာသည်။ လူတကာနှင့် ရယ်လား မောလား စကားပြော လမ်းတွေ့သူတိုင်း နှုတ်ဆက်လုပ်ရသည်။ မိဆက်မှားသလော။ ငမောင်တော့ မထင်ချင်၊ မထင်ရက်။ မထင်ရက်ပေမည့် ထင်ရမလို ဖြစ်နေသည်။ တလောက သည်ကိစ္စနှင့် ပတ်သက်၍ မိဆက်ကို "ဗျိုင်းမ" က "မျက်နှာများတဲ့ကောင်မ" ဟု စသလိုလို အတည်လိုလို ပြောမိသဖြင့် ရန်ဖြစ်ကြသေးသည်တဲ့။ ခုထိ သူတို့ မခေါ်ကြသေးတဲ့။ အနာပေါ် မီးဖွားကျသည်ဆိုသည်မှာ သည်အတိုင်းပင် ဖြစ်မည်ဟု ငမောင် ထင်တော့သည်။

"နင် သိပ်ရက်စက်တယ် ဆက်ဆက် ..."

x x x x x

သည်နေ့ပဲ ပြန်ရောက်သည်။ သည်နေ့ပဲ သတင်းဆိုးက ရင်ဝဆောင့်ကန်ခံရသည်သို့ ရှိနေသည်။ သည်တော့ ညက ငမောင် အိပ်မရခဲ့။ ဘယ်လူးလည်း မိဆက်၊ ညာလှဲ့လည်း မိဆက်ဖြင့် ငမောင် မိုးလင်းခဲ့ရသည်။ နေမကောင်း၍ အကြော်မပို့နိုင်ဟု ငမောင် အမေ့ထံ ခွင့်တောင်း၍ မိဆက်တို့ဆိုင်သို့ ထွက်လာခဲ့သည်။ ညက ငမောင် ဆုံးဖြတ်ပြီးပြီ။ မိဆက်ကို သည်မနက် ထိုင်၍ အကဲခတ်မည်။ ပြီးတော့ မည်သို့ပင်ရှိစေ၊ ရင်ဖွင့်တော့မည်။ ငမောင် မအောင့်အီးနိုင်တော့၊ ကြာခဲ့ပြီ။ မနက်စောစော ထ အကြော်ပို့၊ ပြုံးပြနှုတ်ဆက်၊ ပါလာသည့် မန္တလေးကြော် ပူပူနွေးနွေးထုတ်၍ မိဆက်ကိုကျွေး၊ ပြန်လှည့်ထွက်လာ၊ အကြော်ပို့ပြီးပြန်ဝင်၊ မိဆက်ထည့်ကျွေးသော မုန့်ဟင်းခါး ပူပူနွေးနွေးကိုစား၊ ရေနွေးဆူဆူကြီးသောက်၊ ရင်မှာ အေးမြသွား၊ ပြီးပြုံးပြ၊ မိဆက်ကို ပြုံးပြတော့ ရင်ဖို၊ ဘာမျှမပြောဘဲ ရှက်ကိုးရှက်ကန်းကြီးဖြစ်၊ ဆိုင်ထဲက ပြန်ထွက်၊ ခြေလှမ်းတွေ မှား၊ တစ်နေ့လုံးပျော်၊ သူငယ်ချင်းတွေ လျှောက်ကြွား၊ ညအိပ်တော့ အိပ်မက်တွေမက်၊ ခေါင်းအုံးကို ဖက်၊ မနက်မိုးလင်းတော့ အကြော်တောင်းထမ်း၊ မိဆက်တို့ ဆိုင်လာ၊ မန္တလေးပဲကြော်ထုတ်ကြွေး ပြုံးပြ၊ သည်လိုနှင့်ပင် ကြာခဲ့ပြီ။ ဘာမျှ ထိထိရောက်ရောက် မဖြစ်ခဲ့။ သည့်အတွက်ပင် မိဆက်ဖောက်ပြန်သွားသလောဟု ကိုယ့်ကိုကိုယ် ငမောင်မကျေနပ်၊ အားမရ၊ သည်တော့ သည်မနက် မိဆက် အခြေအနေဘယ်သို့ပင်ရှိစေ၊ ငမောင် ဖွင့်ပြောတော့မည်။ မိဆက် တုံ့ပြန်သည် မတုံ့ပြန်သည်ထက်၊ ငမောင်ရင်ဖွင့်ဖို့သာ ဆန္ဒပြင်းနေသည်။ ဆရာဝန် မရှိ ဆေးမရှိသည်ကို ဘေးချိတ်၊ အနားမှာရှိသည့်လူနာကို ကိုယ့်ရောဂါအကြောင်း ဖွင့်ပြောလိုက်ရလျှင်ပင် နေသာထိုင်သာ ရှိသွားတတ်သည် မဟုတ်ပါလား။

x x x x x

မမြင်၍လည်း မဟုတ်နိုင်။ မြင်တော့ ကောင်းကောင်းကြီး မြင်နိုင်သည်။ ငမောင်ရောက်ကတည်းက ဟင်းရည်အိုးနားမှာ ထိုင်နေခဲ့သည်မို့ ဟင်းရည်စပ်တိုင်း ငမောင့်ကိုမြင်သာသည်။ သို့ပေမယ့် မိဆက်ကလုံးဝမကြည့်ခဲ့။ သည်တော့ အိမ်ကထွက်လာစဉ်၊ "ကောင်မတော့ ငါ့ကိုစပြီး စကားပြောချင်လာအောင် နေပြလိုက်မယ်" ဟု ခဲလာခဲ့သော ငမောင်တစ်ယောက် မိဆက်ကို အရှုံးပေးနေရသည်။ အိနြေ္ဒကြီးတစ်ခွဲသားနှင့် ဆိုင်ထဲဝင်လာသည့် ငမောင် ခုတော့ မျက်နှာငယ်ကလေးနှင့် ဖြစ်နေပြီ။ မိဆက်က မကြည့်တော့ သူက ကြည့်ရသည်။ မိဆက် ဟိုဖက် လှည့်နေတော့ နောက်ကျောကိုကြည့်သည်။ သည်ဖက် လှည့်လာတော့ မျက်နှာကိုကြည့်သည်။ အကယ်၍များ မိဆက်ပြန်ကြည့်ပါက အဆင်သင့်ဖြစ်နေစေရန် မျက်နှာကို ပြုံး၍ထားသည်။ ဝမ်းနည်းပြုံးဖြစ်သည်။

ငမောင် အလူးအလိမ့်ခံနေရပြီ။ သူ့ကို လှည့်၍ပင် မကြည့်သော မိဆက်တစ်ယောက် ဆိုင်တွင်း ဝင်လာသူတိုင်းကို ရယ်လားမောလားဆိုသည်။ ခနဲ့သည်။ လှောင်သည်။ သူတို့က တုံ့ပြန်တော့ မိဆက်ရယ်သည်။ အားရပါးရရယ်သည်။ မျက်ရည်များပင်ထွက်အောင် ရယ်သည်။ လှောင်သူကို ပြန်၍ လှောင်သည်။ ခနဲ့သူကို ပြန်၍ ခနဲ့သည်။ ယိသူကို ပြန်၍ ယိသည်။ ပြီးတော့ သူသည် ခရာသည်။ မိဆက်ရယ် ဒါတွေနင်ဘယ်တုန်းက တတ်တာပါလိမ့်ဟယ်။

ဖင်မလီယာကားပြာလေးတစ်စင်း ဆိုင်ရှေ့တွင် ထိုးရပ်သည်။ ဒေါ်စိန်တို့ ပြောပြောနေသော အကောင်မှာ သည်အကောင်ပင်ဖြစ်ရမည်ဟု ငမောင်ထင်သည်။ သည်အကောင်ဆိုင်ထဲဝင်လာတော့ မိဆက်ကို ပြုံးပြသည်။ မိဆက်က မျက်စောင်းပြန်ခဲသည်။ "သိပ်နောက်ကျပါလား" ဟူသည့် သဘောမျိုးဖြစ်သည်။ သည်ကောင်က တက်ထရွန်အကွက်နှင့် တက်ထရက်နှင့်၊ လက်တွင်ဆီကိုနာရီနှင့်။ ငမောင် ကိုယ့်ကိုကိုယ်ပင် ရှက်မိသည်။ လုံချည်ကြမ်းကို ခေတ်ဆန်ဆန် ချုပ်ထားသော သူ့ကိုယ်သူ ဟုတ်လှပြီထင်နေသော ငမောင် ကောင်းကောင်းခံရပြီ။ ကျောက်ကျစမ်းနှင့် မြောင်းပုတ်နှယ်သို့ ကွာနေသည်။

"အသည်းနှလုံးနဲ့ တစ်ပန်းကန်" သည်လူက ပါးစပ်အလွန်ရဲသည်။

"အသည်းနှလုံးက ပေးပြီးပြီပဲ" မိဆက်က ပြန်ပြော၍ မုန့်ဟင်းခါးကို လှမ်းပေးတော့ မိဆက်လက်ကိုပါ သိမ်းကြုံး၍ ထိုသူက ကိုင်ပြီးမှ ယူသည်။

"ဘယ်သူ့ကိုလဲဟေ့၊ ငါ့ကိုလား" သွားများပင် ကျိုးနေပြီဖြစ်သော တရုတ်ကြီးတစ်ယောက်က လှမ်းနောက်သည်။

"ရှင်တော့ နံရိုးပဲရမယ်"

ပြီးတော့ သူတို့အသိုက် ရယ်ကြသည်။ မိဆက်ကလည်း ရယ်သည်။ မော်တော်ကားနှင့် အကောင်ကလည်း ရယ်သည်။ ငမောင် ဒေါသထွက်နေပြီ၊ ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကို ကန်၍ သွန်ချလိုက်ချင် စိတ်များပင် ပေါက်လာတော့သည်။ ငမောင် ငိုချင်နေပေပြီ။

ဆိုင်တွင်လည်း လူရှင်းသွားပြီ။ မုန့်ဟင်းခါး ကုန်သွားပြီ။ မိဆက်သည် အိမ်အပြန် သယ်သွားရမည့် ပစ္စည်းများကို တောင်းထဲထည့်ပြီးလေပြီ။ ငမောင့်ကိုမူ လှည့်မကြည့်သေး။

"မိဆက်" ... ငမောင်က ပြတ်တောင်းတောင်း ခေါ်လိုက်သည်။

မိဆက် လှည့်မကြည့်သေး။ လုပ်လက်စအလုပ်ကိုမူ ရပ်လိုက်သည်။ မိဆက် အခြေအနေ ဘယ်သို့ပင်ရှိစေ၊ ဘာကိုမျှ ငမောင် မပြောဘဲ မေတ္တာတောင်းခံရုံသာ ရင်ဖွင့်မည်ဟု ကြံခဲ့သည့် ငမောင် ခုတော့ စိတ်တစ်မျိုး ပြောင်းသွားလေပြီ ထင်၏။

"နင် ငါ့ ... ငါ့ကို ဘာလို့ စကားမပြောတာလဲ"

"နင့် ကို ငါဘယ်တုံး ... ဘယ်တုံးကများ စကားကြာကြာ ပြောဖူးလို့လဲ" မိဆက် အသံတွေ တုန်နေသည်။

"ဟိုလူကျတော့ ဘာပြုလို့ အကြောင်းမရှိ အကြောင်းရှာပြီး ဗာရာဏသီ ဖွဲ့နေရသတုန်း" ငမောင် ဒေါသကြီးပြီဆိုလျှင် ကြောက်စရာကောင်းတတ်သည်။

မိဆက် ဘာမှ ပြန်မပြောတော့၊ ငမောင့်ဘက်လည်း လှည့်မလာ၊ ခေါင်းသာ တွင်တွင်ငုံ့နေတော့သည်။ ငမောင် ပို၍ ဒေါသ ဖြစ်ရလေပြီ။

"နင် အလကားကောင်မပဲ၊ မျက်နှာသိပ်များတယ် ငါကတော့ ရိုးလှပြီထင်ခဲ့တာ နင်က ယောက်မမြင်းစီးထွက်ပြတယ်။ နင့်မှာ အရှက်မရှိဘူးလား၊ နင့်ကို အရင်ကတော့ ... အေးလေ၊ တော်ပြီ ဖွင့်မပြောတာပဲ ကောင်းတယ်။ နင့်ဆိုင်လည်း ငါနောက်မလာတော့ဘူး ငါတို့အကြော်လည်း နင်မယူချင်တော့ဘူး မဟုတ်လား၊ နင်မယူတော့ဘူးဆိုရင် ငါမနက်ဖြန်ကစပြီး ပိုမကြော်တော့ဘူး။"

မိဆက်တုတ်တုတ်မျှပင်မလှုပ်၊ ခေါင်းကိုသာ တွင်တွင်ကြီး ငုံ့ထားသည်။ ငမောင်စိတ်သည် တစ်မျိုးဖြစ်ရပြန်ပြီ။ အလွန်ဒေါသကြီးနေသော ငမောင်သည် မထုံတက်တေးဖြစ်နေသော မိဆက်ကို အားမလိုအားမရ ဖြစ်လာသည်။ သည်တော့ ငမောင် မိမိကိုယ်မိမိပင် ဘာလုပ်မိမှန်းမသိတော့။ မိဆက်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍၊ သူနှင့် မျက်နှာချင်းဆိုင်သို့ ဆွဲလှည့်လိုက်သည်။
"ဟင်" ငမောင် ဤမျှသာ စကားဆိုနိုင်တော့သည်။ အံ့ဩခြင်း၊ ဝမ်းနည်းခြင်း၊ တုန်လှုပ်သွားခြင်းတို့ကို ငမောင် တစ်ပြိုင်တည်း ခံစားလိုက်ရသည်။

မျက်ဝန်းနှစ်ခုလုံး မျက်ရည်များဖြင့် ပြည့်သိပ်နေသော မိဆက်၏လက်ထဲတွင်မူ၊ ဖက်နှင့် ထုပ်ထားသော မုန့်ဖတ်တစ်ပန်းကန်စာ၊ ဂျိုင့်နှင့်နွှေးထားသော ဟင်းရည်တစ်ခွက် စာ ...။

"ရော့ ငမောင် ... နင့်ဖို့၊ နင်ဒီနေ့ ပြန်ရောက်မယ်ကြားလို့ ချန်ထားတာ ...နင်သွားပြီးစ တစ်ရက်နှစ်ရက်လည်း ငါဒီလိုပဲ မေ့မေ့ပြီး ချန်ထားနေမိသေးတယ်။ သိလား။" မိဆက်က ရှိုက်၍ ရှိုက်၍ ဆိုသည်။

ငမောင် ရင်မောရပြီ။ ခုမှလည်း သတိရသည်။ မိဆက်ဖို့ မန္တလေးပဲကြော် ယူမလာမိခဲ့ ...။

"ငါ ... ငါနင့်ဖို့ပဲကြော်ပို ... မေ့လာခဲ့ပြီ ဆက်ဆက် . . ."
သည်တော့မှ ဆက်ဆက် ပြုံးဖော်ရသည်။ နှုတ်ခမ်းစူပြလိုက်သည်။ ငမောင်သည် မိဆက်ပခုံးကို ခုထိ မလွှတ်သေး။ မိဆက်ကို စိုက်၍ကြည့်နေသည်။ မိဆက်ကလည်း မျက်ရည်အပြည့်ဖြင့် ပြန်၍ ကြည့်နေသည်။ မိဆက်သည် ပါးစပ်ကိုမဖွင့်ဘဲလျှက် ရှိုက်သံရော၍ ရယ်လိုက်သည်။ ငမောင်ကလည်း အားရပါးရ ရယ်လိုက်သည်။ နှစ်ယောက်စလုံး မရပ်တန်း ရယ်နေကြသည်။

သည်အချိန် ဆက်ဆက်၏ မျက်နှာပေါ်တွင် မိတ်ကပ်ကိုလည်း မတွေ့ရ၊ နှုတ်ခမ်းနီကိုလည်း မတွေ့ရ၊ ပါးနီလည်း မရှိ၊ မျက်ခုံးမွှေးလည်း ဆွဲမထား ...။

မိဆက်ပါးပြင်မှာ သနပ်ခါးရေကျဲကလေးသာလျှင် မျက်ရည်ဖြင့်ရော၍ ညစ်ထေးထေး ဖြစ်နေသည်ကို မြင်ရလေသည်။

သုမောင်
ဝတ်မုံ မဂ္ဂဇင်း ၁၉၇၁ မတ်လ
(စတိုင်သစ် မဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၄)

Wednesday 4 August 2010

အိမ်ပြေး (နေမျိုး)

အိမ်ပြေး

ကျွန်တော် အိမ်ကို မပြန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အိမ်ကို မပြန်ချင်တော့လို့ပါပဲ။ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ ဒီနေရာဟာ သိပ်ကောင်းတာပဲ။ ကမ္ဘာကြီးကို အပေါ်စီးကနေမြင်ရတယ်။ ချောကလက်နဲ့ ကုလားအုတ်နို့တွေလည်း လတ်လတ်ဆတ်ဆတ်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီလိုမှန်အိမ် အလင်းပျပျကို ကျွန်တော်သိပ်ကြိုက်တာပဲ။ ကြည့်ပါဦး ညနေခင်းဆည်းဆာပင်လယ်ထဲမှာ ငါးမန်းတွေကူးခပ်လူးလာလုပ်နေကြတာကို မှန်ပြောင်းကနေမြင်နေရတယ်။ အာကသထဲမှာ နက္ခတ်ကြယ်တာရာတွေ လှည့်လည်နေကြပုံကိုလည်း မြင်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီမှာရှိတဲ့ဓားတွေဟာ အားလုံးသိပ်ထက်ကြတာပဲ။ ဘယ်လောက်ကျေနပ်ဖို့ကောင်းသလဲ။ ပျားရည်အိုးထဲမှာ ပျားရည်ဟာ အဖိုးတန်သတ္တုရည်လို စေးပိုင်ပျစ်နှစ်လို့။ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် သန့်စင်တဲ့လေဟာ ဒီနေရာမှာ တဟူးဟူး တိုက်ခတ်လို့။ ဥယျာဉ်ထဲက သစ်သီးတွေဟာ ဒီနေရာကို နေ့စဉ်နံနက်တိုင်း ရောက်ရောက်လာခဲ့ကြတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ စွန်ပလွံသီးတွေ အပါအဝင်လေ။ လေ့ကျင့်ထားတဲ့ သိမ်းငှက်ကြီးတွေဟာ ဟိုးအောက်တစ်ခုခုပါလာနိုးနဲ့ ငေးချင်ငေးနေပေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ မေမေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မေမေကလည်း ကျွန်တော့်အတွက် ဆုမွန်ကောင်းတွေတောင်းနေတယ် မဟုတ်လား။ တစ်ခါတုန်းက လူပေလူတေလေးတစ်ယောက် သူ့အိမ်ကနေအဝေးကြီးဆီ ထွက်ခွာသွားခဲ့တယ်ဆိုတာ သတိရတိုင်းပြောနေကြမှာပဲ။ မေမေ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ခွင့်လွှတ်ပါ။ ဓားလှံအတတ်၊ လေးမြားအတတ်၊ စစ်လက်နက်အတတ်တို့ကို ကျွန်တော်တတ်မြောက်ခဲ့ပြီ။ ညအခါ လပြည့်ဝန်းရဲ့ပေါ်ထွက်ရာကို ကျွန်တော်သိခဲ့ပြီ။ ရှေးသူဟောင်းတို့ရဲ့ လင်္ကာပုံဝတ္ထုတွေကို ကျွန်တော်ဖတ်ရှုခဲ့ပြီ။ ဝိုင်အရက်ရဲ့အရသာကို ခံစားတတ်ခဲ့ပြီ။ ဟောဒီ အမိုးခုံးကမ္ဘာမြေအဝှမ်းမှာ လူသားဟာ အစွမ်းအထက်ဆုံးဆိုတာ ကျွန်တော်သိခဲ့ပြီ။

လာလော့ ... လုလင်

ဧကရီထိပ်ထားသည် အတွင်းဆောင်မှနေ၍ လက်ဆန့်တန်းကာ ခေါ်ငင်လိုက်သည်။ အတွင်းဆောင်မှာ ဆီမီးငြိမ်းခဲ့ပြီ။ နံ့သာသင်းခဲ့ပြီ။ ညဥ့်ဝတ်ရုံလွှာမှာ နူးညံ့လွန်းရကား ကော်ဇောကြမ်းပြင်ထက်သို့ တအိအိလျောကျသွားသံကို ကျွန်ုပ်တို့ မကြားလိုက်ရဘူးမဟုတ်လား။

နေမျိုး
မြည်နေတဲ့ထရမ်းပက်

Monday 2 August 2010

ဆရာသုမောင်ရဲ့ အဟောင်းဆုံးဝတ္ထု


မနေ့က ပျင်းပျင်းရှိတုန်း၊ အိမ်မှာရှိတဲ့ မဂ္ဂဇင်းအဟောင်းတွေ ပြန်ဖွတော့ ၂၀၀၄ ခုနှစ်က စတိုင်သစ် မဂ္ဂ္ဂဇင်းတစ်အုပ် ထွက်လာတယ်။ ဟိုဟိုဒီဒီလှန်အကြည့်မှာ သူတို့ရေး၍ သူတို့ကြိုက်သောစာများအထဲက ဆရာသုမောင်ရဲ့ စာတစ်ပုဒ်ကို သွားတွေ့ပါတယ်။ ဆရာသုမောင်ဟာ ကျွန်တော်လေးစားတဲ့ စာရေးဆရာတွေထဲက တစ်ယောက်ဖြစ်ပြီး အမှာစာကို ဖတ်လိုက်တော့ ပိုပြီး စိတ်ဝင်စားမိတယ်။ ဒီစာလေးက သူ့ရဲ့ ပထမဦးဆုံးသော မဂ္ဂဇင်းဝတ္ထုတိုလို့ ဆိုတယ်ဗျ။ အုပ်စိုးဆိုတဲ့ ကလောင်နဲ့ ဝတ်မုံမဂ္ဂဇင်း မတ်လ ၁၉၇၁ မှာ ဖော်ပြခဲ့တာလို့ ဆိုတယ်။ ဆရာသုမောင်က ဒီဝတ္ထုက သူ့ရဲ့ အဟောင်းဆုံးဝတ္ထုလို့ ဒီအမှာစာမှာ ဖော်ပြထားလေရဲ့။ ဝတ္ထုနာမည်က "သနပ်ခါးရေကျဲကျဲ" တဲ့ ခင်ဗျ။

ပြီးတော့ ကလောင်နာမည် အုပ်စိုးကနေ သုမောင်အဖြစ် ဘာကြောင့် ပြောင်းသွားရတယ် ဆိုတာလေးပါ နည်းနည်း ပြောပြထားတယ်။ အဲဒီ ဝတ်မုံမဂ္ဂဇင်းထွက်လို့ ဖခင်ဆရာသာဓုကို လက်ဆောင်ပေးတော့ ...
"ဟေ့ မင့်ကလောင်နာမည်က အုပ်စိုးဆိုတော့ ပြောင်းပြန်လှန်လိုက်ရင် အိုးစုတ်ပေါ့ကွ" လို့ ကျီစယ်လို့ အဲ့အချိန်က စပြီး သုမောင် နာမည်ကိုပဲ ယူခဲ့တယ်လို့ ဆိုတယ်။ (အင်း ဒီအချက်လေးက ကောင်းတယ်၊ ကလောင်ယူရင် ထည့်စဉ်းစားရမယ့် အချက်တစ်ချက်ပဲ)။

အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင်

အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင်
အပေါ်မှာဘာတွေ ရှိနေသည်ကို သိချင်ပါသလား။

ဘာတွေရှိနေလိမ့်မည်နည်းဟု မစဉ်းစားရန် အကြံပေးလိုပါသည်။

ဥယျာဉ်တစ်ခု နှင်းဆီပန်းအပြည့် ရှိချင်ရှိနေမည်။ ဒုံးပျံ အစင်းတစ်သောင်း တပြိုင်နက် ထွက်သွားစေနိုင်သော ခလုတ်နီနီ ဝိုင်းဝိုင်း တစ်ခု ရှိချင်ရှိနေမည်။ ပညာများဖြင့် လေးလံထိုင်းမှိုင်းနေသော ပါမောက္ခအိုကြီး တစ်ယောက် ရှိချင်ရှိနေမည်။ ဝင်းဝါသွယ်မွတ်သော ခြေသလုံးကလေးများ တက်သွားသည့် လှေကားတစ်စင်း ရှိရှင်ရှိနေမည်။ ဖန်တီးရှင်၏ လက်ချောင်းများ သို့မဟုတ် ပျက်ပြယ်သွားသော လက်ထပ်စာချုပ်တစ်ခုလည်း ရှိချင်ရှိနေမည်။ ခွဲစိပ်သော လေဆာရောင်ခြည် ဓားတစ်လက်နှင့် ရွှေရောင်မျှော်လင့်ချက်တို့လည်း ရှိချင်ရှိနေမည်။ ပန်းချီကားတစ်ချပ်နှင့် စကားလုံးမဲ့ ကဗျာတစ်ပုဒ်လည်း ရှိချင်ရှိနေမည်။

အပေါ်မှာဘာတွေ ရှိနေသည်ကို ...

သိသည်ဟု ထင်နေသူသည် စားပွဲထိပ်တွင် ထိုင်နေသည်။ ဝင်းလဲ့ တောက်ပသော နေရောင်ခြည်သည် ချိုအီသော စားကောင်းသောက်ဖွယ်များကို ပုပ်သိုးသွားစေပါသည်။ ရှေ့က သွားနှင့်သူတွေ များလှပြီ။ သူတို့ ဘယ်မှာနည်း။ မသိနိုင်၊ ကျွန်တော်သည် သိချင်သူ မဟုတ်။ ခံစားသူသက်သက်သာ ဖြစ်ပါသည်။ ပင်လယ်ကို ကူးနိုင်သည်ဟု ဂုဏ်ယူနေဟန်ရှိသော ပုစွန်ဆိတ်တွင် ဦးနှောက်မရှိဟု ကြားဖူးသည်။ ခံစားမှုသက်သက်အတွက်သာဆိုရင် ဦးနှောက်ရှိဖို့မလိုဟု ကြားဖူးသည်။

ထို့ကြောင့် ကျွန်တော် သေပြီ။ သံသရာတစ်ဘက်ကမ်းသို့ ကူးပြောင်းရန် လှေခကြီးလွန်းလှသည် ထင်သောကြောင့် ကျွန်တော်သေလျှင် ဝတ်သစ်ချပင်ခြေရင်းတွင် မြှုပ်နှံ၍ အုတ်ဂူပေါ်မှာ အဝါရောင်ပန်းစည်းတစ်စည်း ချလှည့်ပါ ဘာညာ မှာကြားမှု မပြုခဲ့ပါ။ အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင် အပေါ်မှာဘာတွေ ရှိနေသည်ကို မသိချင်ခဲ့ပါ။ ကျွန်တော် သိသလိုရှိပြီး မသိခဲ့သော "အချိန်ဆိုသည်မှာ ဘာလဲ" ကိုသာ စဉ်းစား၍ အဖြေပေးစေလိုပါသည်။

(အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင် ဗိုက်ဆာ၍ ငိုနေသောကလေးကို ထမင်းမကျွေးနိုင်လို့ ရိုက်နှက်သော မိဘများ ဝင်ရောက်ဖြေဆိုခြင်း မပြုပါနှင့်။ ကျေးဇူးတင်ပါသည်။)။

ချမ်းညီချို
30-07-2010
(ညွှန်း = ဇော်ဇော်အောင် - နေယျဒေါသ)

Thursday 29 July 2010

ရိုးသားစွာ ဆိုတာ

ပြောပါဦး။
အရိုးသားဆုံး တက်မက်မှုတွေ
အကုန်လုံး လန်းဆန်းနေတုန်းလား။

အဆိုအမိန့်နဲ့
ငယ်ချစ်ဦး အပါအဝင်ပေါ့။

ပြောင်းဖူးပြုတ်ကနေ
ငါးသလောက်ပေါင်း
တညင်းသီး ဆားရည်စိမ်
ကော်ဖီ လက်ဖက်ရည်
အယ်ကိုဟော နဲ့ နီကိုတင်း အထိ။

ကလေးတစ်ယောက်လို
လိုချင်တာက လွဲလို့
ဘာမှမသိတဲ့ ..
.. အစရှိသည်များနှင့်
တက်မက်မှု အကုန်လုံး ချရေးလိုက်ပါဦး။

တကယ်ပဲ ရိုးသားစွာ တက်မက်ခဲ့လို့
ခုချိန်ထိ လန်းဆန်းနေတာလား။

ခုချိန် ရိုးသားစွာ တက်မက်မိရင်
နောင်တစ်ချိန်ထိ လန်းဆန်းနေမှာလား။

ရိုးသားစွာ ဆိုတာ ဘာများပါလိမ့်။
ရိုးသားစွာ ဆိုတာ ...
ကလေးတစ်ယောက်လို
ဘာမှ မသိတာ ပဲ ဖြစ်မယ်ထင်ပါရဲ့။ ။

ချမ်းညီချို
27-07-2010

Web site for this image :
http://www.berkeleybeacon.com

Wednesday 28 July 2010

အချိန်ရရင်ဖတ်ပေါ့ ကိုကို (သစ်သု)




(၁) သွားရတော့မယ် ကိုကို ..။
တကယ်ဆို ဒီလိုဝေးကွာခြင်းမျိုးဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ တူတူရှိခဲ့တာမှမဟုတ်တာ။ ထားပါတော့။ ဒီလိုအချိန်မျိုးဟာ မိုးလေးခပ်ဖွဲဖွဲကျနေပြီး တစ်ယောက်ကိုတစ်ယောက်က စာဖတ်ပြ။ တစ်ယောက်နားမလည်တဲ့စာကို တစ်ယောက်ကရှင်းပြနေတဲ့အချိန် ဖြစ်နေသင့်တာ။ အနားမှာက အနောက်တိုင်းဆန်ဆန်မီးပုံလေးနဲ့ မှိန်ပြပြမီးရောင်ကြားမှာ တစ်ယောက်ကိုတစ်ယောက် မေ့မြောအောင်ကြည့်ကြ။ ပြီးရင် ကိုကို သက်ပြင်းရှိုက်မယ်။ မတ်တပ်ရပ်မယ်(ဘောင်းဘီအိတ်ထဲလက်ထည့်ပြီး) အိမ်ရှေ့ဘက်လျှောက်သွားပြီး စီးကရက်ဖွာမယ်။ မိုးရွာနေတာကို တူတူကြည့်ဖို့လှမ်းခေါ်မယ်။ ကျွန်မက ဘာထူးဆန်းလို့လဲ မိုးရာသီမိုးရွာတာပဲ ဆိုပြီး၊ ငြူစူမယ်၊ စိတ်ကောက်နေပြန်ပြီလားဆို ကိုကိုကအထဲပြန်ဝင်လာမယ်။ နားရွက်ကိုဆွဲနေကျအတိုင်း ခပ်ဖွဖွဆွဲလိမ်မယ်။ သွား သွား အိမ်ပြန်နောက်ကျမယ်ဆိုပြီး ပြန်ပို့ဖို့ ပြင်ဆင်မယ်။ ကျွန်မက ပြန်ခါနီး နှုတ်ဆက်နေကျအတိုင်း နှုတ်ဆက်မယ်။

(၂) မထင်ခဲ့ဘူးပေါ့ ကိုကို ..။
ကျွန်မတို့ ဝေးသွားကြတာ။ ဘယ်သူကမှ ဘယ်သူ့ကို ထားခဲ့တာလည်း မဟုတ်ရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း အပြစ်မမြင်ခဲ့ကြပါဘူး။ ကျွန်မတို့ သိပ်လိုက်ဖက်ညီနေလို့များ (လိုက်ဖက်ညီတယ်ဆိုတာ မရှာဘဲ တွေ့ခဲ့တဲ့ ထပ်တူညီမှုတွေပါ) ဘုရားသခင်က ကြည့်မရတော့လို့ နှင်တံနဲ့ တို့လိုက်လေသလား။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကတစ်ယောက်ရဲ့ ပထမတို့ နောက်ဆုံးတို့ ဘာတို့များ ဖြစ်ချင်ခဲ့ကြလား။ နှစ်ယောက်လုံး မရှိခဲ့ကြဘူး။ ကျွန်မတို့နှစ်ယောက် ဆက်ဆံရေးကို ဘေးလူတွေက ဘယ်လိုတွေလဲဆိုပြီး အံ့သြနေကြလေမလား။ လမ်းမှာတွေ့လည်း ပြုံးနေနိုင်ရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မပူလောင်စေခဲ့ဘူး။ ဘာနဲ့မှ မချည်ခဲ့ကြပါဘူး။

(၃) ကျွန်မတို့နှစ်ယောက် ပန်းခြံမသွားဘူး။ ရုပ်ရှင်ရုံမှောင်မှောင်လည်း မသွားဘူး။ ချစ်သူတွေသွားကြတယ်ဆိုတဲ့နေရာတွေ မရောက်ခဲ့ပါဘူး။ ကျွန်မရော ကိုကိုပါ မာနမကြီးကြပါဘူး။ ဒါပေမယ့် ကိုယ့်လိုင်းပေါ်မှာကိုယ်ရပ်တယ်။ သူများလိုင်းကို ကျော်မကြည့်ဘူး။ ကျွန်မတို့ဟာ အနီးကပ်ဆုံးဖြစ်နေတဲ့ အဝေးကလူတွေပါပဲ။ ကျွန်မတို့အတွက် ရင်ခုန်မှု အထိအတွေ့သာယာမှု သ၀န်တိုမှု ချုပ်ချယ်မှု ဘာဆိုဘာမှမရှိခဲ့ပါဘူး။ ကိုကိုနဲ့ကျွန်မဟာ အရမ်းကို မှောင်မိုက်နက်ရှိုင်းတဲ့ အဖြူရောင်တွေပါ။
ကျွန်မတို့ကို ဘာက နီးကပ်စေလဲတော့မသိဘူး။ ဝေးသွားရတာတော့ ကိုကိုနဲ့ကျွန်မ အရမ်းနီးကပ်ခဲ့လို့ပါပဲ။
ကျွန်မတို့အတွက် ဘာစာရွက်စာတမ်းမှ မလိုဘူး။ ကျွန်မ ငိုခဲ့သလား။ ကိုကိုရော ငိုနေမလား။ ဒါဟာ နောက်ဆုံးတွေ့ခြင်းပဲဆိုတာသိလျက်နဲ့ ကျွန်မတို့နှစ်ယောက်အတူရှိနေရဲတာ ဘာကြောင့်လဲ။ ကိုကို ၀မ်းမနည်းသလို ကျွန်မလည်း ၀မ်းမနည်းခဲ့ဘူး။

(၄) ကျွန်မတို့က အစတည်းက လွတ်မြောက်ခြင်းနဲ့ ချစ်ခဲ့ကြတော့ ဒီလိုတစ်နေ့ဖြစ်လာမယ်ဆိုတာ သိနေသလိုလိုပါပဲ။ ကျွန်မလည်း ဘာမှမထိခိုက်သလို ကိုကိုလည်း ဘာမှမထိခိုက်ပါဘူး။ ကိုကိုကတော့ လက်ဆစ်တွေအရင်ထက် ပိုချိုးမယ်။ ဆေးလိပ်တွေအရင်ထက် ပိုသောက်မယ်။ အရင်ထက် အခန်းကိုပိုဖွမယ်။ ထမင်းတွေ ဟင်းတွေ အပြင်က၀ယ်စားမယ်။ အရင်ထက် နောက်ကျအောင် စာတွေထိုင်ဖတ်မယ်။ အခန်းထဲမှာ လမ်းလျှောက်မယ်။ ကျွန်မရော။ ကျွန်မ ဘာထိခိုက်လဲ။ ကျွန်မ မသိဘူး။ ကျွန်မက ကိုယ့်ကိုကိုယ်ထက် ကိုကို့ကို ပိုစိတ်ဝင်စားတာကိုး။ကျွန်မက ကိုယ့်ကိုကိုယ်လည်း အထင်ကြီးတယ်။ ယုံကြည်တယ်။

(၅) ကျွန်မကို ကိုကို သတိရတဲ့ စနေနေ့ညချမ်း အချိန်ရောက်ရင် အိမ်ရှေ့ထွက်ပြီးကောင်းကင်ကို မော့ကြည့်ပါ အဲဒီမှာကျွန်မရှိမယ်။ ကိုကို သောက်နေတုန်း သတိရရင် ၀ိုင်ခွက်ထဲကို ငုံ့ကြည့်ပါ၊ အဲဒီမှာကျွန်မရှိမယ်။ စီးကရက်ဖွာတုန်း သတိရရင်မီးခြစ်လေးကို ကြည့်လိုက်ပါ။ မီးတောက်ထဲမှာ ကျွန်မရှိမယ်။ စာအုပ်ဖတ်တုန်း သတိရရင် စာအုပ်ကိုချလို့ ကျွန်မစာကိုလာဖတ်ပါ။ ။

(၆) ကျွန်မသွားပြီ ကိုကို...။
ကီအေးရို အိန်ကွန်တာရားအာသိ ! (စပိန်နစ်(ရှ))

သစ်သု
၂၀၁၀

မည်ကာမတ္တ ဝတ္ထု (သစ္စာနီ)

(မှတ်ချက်။ ။ ဤ ဝတ္ထုတွင် ပါဝင်သော လူများသည် သက်ရှိလူများ မဟုတ်ကြပါ။ သက်မဲ့ဇာတ်ကောင်များ မဟုတ်ကြပါ။ ပညတ်များ မဟုတ်ကြပါ။ အက္ခရာစာလုံးများ မဟုတ်ကြပါ။ ဘာမှ မဟုတ်ကြပါ)။

(၁း ခ)
မှတ်မှတ်ရရ မရှိသော နေ့တစ်နေ့တွင် ကျွန်ုပ် ထံသို့ စာမူ ရေးသား ချီးမြင့်ပါရန် တောင်းခံသော စာတစ်စောင် ရောက်ရှိလာပါသည်။ ထို့အတွက် ကျွန်ုပ် ဝတ္ထု တစ်ပုဒ် ရေးရပါမည်။ သို့သော် ကျွန်ုပ်၏ ထိုအလွယ်တကူ ဆုံးဖြတ်ချက်မှာ ကျွန်ုပ်၏ အလွယ်တကူ အခက်အခဲ ဖြစ်၍ နေပါသည်။ ရှုပ်ရှုပ်ထွေးထွေး မရှိဘဲ ရှင်းလင်းအောင် ပြောရလျှင်၊ ကျွန်ုပ်သည် ဝတ္ထုကို ရေးချင်သော အခါတွင်သာ ရေးလေ့ရှိ၍ သေချာသော အချက် တစ်ခုမှာလည်း ဝတ္ထု တောင်းခံ ခံရသည့် အခါများသည် ကျွန်ုပ် ရေးချင်လေ့ ရှိသော အခါများနှင့် တိုက်ဆိုင်လေ့ မရှိသော အချက်ပင် ဖြစ်သည်။ ကျွန်ုပ်အတွက် ဝတ္ထု တစ်ပုဒ် ရရှိလာမည့် ကိစ္စမှာ ငါးစာ တပ်မထားသော ငါးမျှားချိတ်နှင့် ရေမရှိသော အိုင်တွင် ငါး ထိုင်မျှားနေသလောက်ပင် မရေရာနိုင်လွန်းလှသော အရာ ဖြစ်သည်။ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာအတွက်လဲ၊ ဘာမှ မသေချာပါ။ သို့သော် ကျွန်ုပ် ရေးရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်ပင် သက်ရှိထုတ်ကုန်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

(၃း ခ)
ဝတ္ထုတို စတင် မွေးဖွားပေးခဲ့သည် ဆိုသော အဂ္ဂါအယ်လင်ပိုးထံမှ အမွေ တောင်းခံခွင့်သာ ရမည် ဆိုပါလျှင် ကျွန်ုပ်သည် ဆေးတံ တစ်ချောင်းမှ လွဲ၍ တောင်းဖြစ်လိမ့်မည် မထင်ပါ။ အိုဟင်နရီ၏ မျက်လှည့်ပြပွဲ ကန့်လန့်ကာ ကျသွားခဲ့သည်မှာ ကြာပါပြီ။ ချက်ကော့၏ သေနတ် တစ်လက်မှာလည်း ပစ်ခတ်မရအောင် သံချေးတက်၍ နေပါပြီ။ မင်းခိုက်စိုးစန် သဘောတူပါစ။ ဝေမှူးသွင် ဆိုသော ကောင်လေးကို ရူးနေသည်ဟု လူ အတော်များများက ပြောကြပါသည်။ ကျွန်ုပ် အခမဲ့ အရူးရှေ့နေ လုပ်ပါရစေ။ (သူ့၏ မိဘမေတ္တာ အရှုပ်တော်ပုံ ဝတ္ထုရှည်အတွက် အမှာစာ ရေးပေးခဲ့ပါသည်)။ မောင်မောင်ဇေယျသည် ဝတ္ထုတိုရေးဆရာ တစ်ဦး ဖြစ်ကြောင်း မည်သူ့ ထောက်ခံစာ တင်ပြရန် လိုပါသနည်း။ ဝတ္ထုတိုသည် ထိုသို့ ဖြစ်သည်။ သို့မဟုတ် ဤသို့ ဖြစ်သည်။ သို့မဟုတ် ဤသို့လည်း မဟုတ်၊ ထိုသို့လည်း ဖြစ်သည်ဆိုလျှင် မှားမည် ထင်ပါသလား။ ဝတ္ထုတိုသမား တစ်ယောက်အတွက် အစဉ် ထာဝရပင် အနုပညာကို လွတ်လပ်စွာ ဖန်တီးနိုင်မှုသည် ဝတ္ထုတိုဆိုင်ရာ အယူအဆများ၊ ဥပဒေသများ၊ သီအိုရီများထက် ပိုမို အရေးကြီးသော လိုအပ်ချက် ဖြစ်လေသည်။

(၁း ဂ)
ဇာတ်လမ်းဆိုသည်မှာ အဖြစ်အပျက်ဟု ဆိုလျှင် အဖြစ်နှင့် အပျက်ကိုသာ ဇာတ်လမ်းဟု ဆိုခြင်းပင် ဖြစ်ရာ ဖြစ်ခြင်းနှင့် ပျက်ခြင်းမှ လွဲ၍ တခြားမရှိသော လောက သဘာဝကြီး တစ်ခုလုံးပင် ဇာတ်လမ်းဖြစ်သည် ဆိုလိုရာ ရောက်၍ ဇာတ်လမ်းဆိုသည်မှာ ထူးခြားမှု မရှိသော သဘာဝဓမ္မ ဖြစ်ရိုးဖြစ်စဉ် ပျက်ရိုးပျက်စဉ်တို့ပင် ဖြစ်လေရကား ဆန်းပြားမှု ဟူ၍လည်း မရှိတော့ပြီဖြစ်ရာ ဇာတ်လမ်းဟု ခေါ်စရာလည်း မရှိရာ ရောက်နေသဖြင့် အရာအားလုံးသည်ပင် ဇာတ်လမ်းဖြစ်၍ နေလေတော့သည်။

(၂း က)
နေသောသော နေ့တစ်နေ့တွင် ... ဝတ္ထုတစ်ပုဒ်ကို ဤသို့ စတင်နိုင်လေသည်။ မနှစ်က မိုးဦးကျကာလ၌ ထိုကဲ့သို့လည်း စတင်နိုင်သည်။ မည်ကဲ့သို့မဆို စတင်နိုင်သည်။ ထို့အတူ မည်ကဲ့သို့မဆို အဆုံးသတ်နိုင်သည်။ အဘယ့်ကြောင့် ဆိုသော် အဆုံးအစ မရှိခြင်း၌ သဘာဝ တရား၊ အချိန်ကာလနှင့် အနုပညာတို့မှာ တူညီကြခြင်းကြောင့် ဖြစ်လေသည်။

(၃း က)
ဇာတ်ကောင်ဆိုသည်မှာ ဇာတ်လမ်း ဖြစ်စေရန် ဖွဲ့စည်း ဖန်တီးထားသော အရာများပေလော၊ ဇာတ်လမ်းဆိုသည်မှာ ဇာတ်ကောင်တို့ လှုပ်ရှားမှုပင်လော ဆိုသည်ကို ကျွန်ုပ် သဘောပေါက်ရန် မလိုပါ။ တစ်ခုလုံးနှင့် အစိတ်အပိုင်းများ ဆက်နွယ်မှု၊ ပိုင်းစ စိတ်မွှာခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်း သီအိုရီ၊ ပုံပန်းဖျက်ခြင်း ဘာညာတို့ကို သိလိုလျှင် ဆရာဇော်ဇော်အောင် ရှင်းပြပါလိမ့်မည်။ လောကတွင် စရိုက်ရှင်လည်း မရှိ၊ စရိုက်သေလည်း မရှိ။ ဇာတ်လိုက်လည်း မရှိ။ ဗီလိန်လည်း မရှိ။ လူစွမ်းကောင်းလည်း မရှိ။ မစွမ်း ဇာတ်ကောင်လည်း မရှိ။ လောကသာ ရှိပါသည်။

(၂း ခ)
ဘာအတွက် ကျွန်ုပ် ဝတ္တု ရေးရမှာလဲ။ ဘာမှ မသေချာပါ။ ပြည်သူ့အတွက်လား၊ ငွေကြေး အတွက်လား၊ ကျော်ကြားမှု အတွက်လား၊ အမှန်တရား အတွက်လား၊ ထိုအရာများကရော သေချာပါရဲ့လား၊ သေချာသည်မှာ ဘာမှ မသေချာခြင်းပင် ဖြစ်သည်။

(၁း က)
ပထမဆုံး ဝါကျကား ယခု အချိန်မှ လမ်းလျှောက်လာဆဲ ဖြစ်ပါသည်။

သစ္စာနီ
ဥဩငှက်၏ တေးသံတုနှင့် အခြားဝတ္ထုတိုများ ၁၉၉၉

Tuesday 27 July 2010

မြန်မာကဗျာနှင့် နိုင်ငံတကာနိမိတ်ပုံ (မောင်သာချို)



တစ်နေ့တွင် စာအုပ်အငှါးဆိုင်ကလေးတစ်ဆိုင်မှ ကျွန်တော် ပြန်လာခဲ့ပါသည်။ မည်သည့်မဂ္ဂဇင်းအသစ်တစ်အုပ်တလေကိုမှ ငှါး၍ မရခဲ့သည့်အတွက် ဟန်သစ်မဂ္ဂဇင်းအဟောင်းတစ်အုပ်ကို ငှါးပြီး ပြန်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကျွန်တော်လည်း ခပ်ပျင်းပျင်း ဖြစ်လာသောကြောင့် အိမ်သို့ တန်းမပြန်သေးပဲ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးဆီသို့ ထွက်လာခဲ့ရာ ကျွန်တော့်အရင် ရောက်နှင့်နေသည့် ကျွန်တော်၏ စာပေ မိတ်ဆွေတစ်ဦးနှင့် ဆုံသောကြောင့် သူ့စားပွဲမှာပင် ဝင်၍ ထိုင်ဖြစ်ခဲ့ပါ၏။ မိတ်ဆွေက ကျွန်တော့်တွင်ပါလာသော ဟန်သစ်မဂ္ဂဇင်းအဟောင်းကို ယူ၍ ဖတ်ပါသည်။ ကဗျာစာမျက်နှာများကို အလေးအနက် ဖတ်ရှုပြီးနောက် ခေတ်ပေါ် မြန်မာကဗျာများနှင့် ပတ်သက်၍ သူ၏ အမြင်ကို ဝေဖန်လာပါသည်။

သူဆွေးနွေးဝေဖန်သည့် အဓိက အချက်မှာ မြန်မာကဗျာများ အတွင်း၌ နိုင်ငံရပ်ခြား ဝေါဟာရများ ထည့်သွင်းသုံးစွဲမှုပင် ဖြစ်ပါသည်။ သူက ဟန်သစ်မဂ္ဂဇင်းထဲမှ ကဗျာတစ်ပုဒ်ကို ထောက်ပြပါသည်။ ကဗျာက စစချင်း "လက်ဖက်ရည်ဆိုင်ထဲမှာ၊ ကိုလံဘတ်ထိုင်နေတယ်" ဟု စထားရာ သူက ကိုလံဘတ်အစား မြန်မာအမည် သုံး၍ ရ မရ၊ "လက်ဖက်ရည်ဆိုင်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင် ထိုင်နေတယ်" ဟု ဖွဲ့လျှင် ဖြစ်မဖြစ်မေးပါသည်။

ကျွန်တော်က မရနိုင်ကြောင်း ရှင်းပြရပါသည်။ ကိုလံဘတ်သည် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ ဖြစ်သည်။ ကမ္ဘာသစ်ကို စွန့်စားရှာဖွေသူဖြစ်သည်။ ကမ္ဘာသိ ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် သူ့အမည်သည် အားကောင်းသော နိမိတ်ပုံ ဖြစ်သည်။ သို့ဖြစ်ရာ ဤကဗျာ၌ လက်ဖက်ရည်ဆိုင် ထိုင်နေသောသူများသည် အတွေးအခေါ် နယ်ပယ်သစ်၊ အနုပညာ နယ်ပယ်သစ်၊ ရာဇဝင်သမိုင်း နယ်ပယ်သစ်တို့ကို စူးစမ်းရှာဖွေသူများ ဖြစ်ကြောင်း ဖွဲ့ထားခြင်းဖြစ်ရာ ကိုလံဘတ်ဟူသော အမည်ကသာ အားကောင်းသော နိမိတ်ပုံအဖြစ် ဆောင်ရွက်ပေးပို့နိုင်သည်ဖြစ်ကြောင်း စသည်ဖြင့် တစ်နံတစ်လျား ရှင်းပြရပါသည်။

ယင်းနှင့်တစ်ဆက်တည်းမှာလည်း ဦးဖိုးလှိုင်သည် နယ်ပယ်သစ်ရှာသူမဟုတ်ကြောင်း၊ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်လက်ထက်တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် အစားထိုး အုပ်ချုပ်စေလိုသည့် တိုးတက်သည့် မြန်မာတစ်ဦးသာ ဖြစ်ကြောင်း စသည် စသည်တို့ကို ရှင်းပြကာ "လက်ဖက်ရည်ဆိုင်ထဲမှာ ယောမင်းကြီး ဦးဖိုးလှိုင် ထိုင်နေတယ်" ဟု ဖွဲ့ခြင်းဖြင့် ဆိုလိုချက်ကို မရောက်ရှိနိုင်ကြောင်းတို့ကိုပါ ဆွေးနွေးခဲ့ရပါသည်။ လက်ဖက်ရည်ဆိုင်တွင် ယောမင်းကြီးဦးဖိုးလှိုင်ထိုင်၍ မဖြစ်နိုင်စကောင်းပါ။

သို့ဖြင့် အိမ်သို့ပြန်ရောက်ပြီးသောအခါတွင်ကား ယင်းနှင့်ပတ်သက်နှီးနွှယ်ရာ ကိစ္စအဝဝတို့ကိုပါ ဆက်လက်စဉ်းစားဖြစ်ပါတော့သည်။ ခေတ်ပေါ်မြန်မာကဗျာဆရာတို့သည် နိုင်ငံတကာ ဝေါဟာရများကို နိမိတ်ပုံ အဖြစ် အဘယ့်ကြောင့် သုံးကြပါသနည်း။ မြန်မာမှုနယ်ပယ်တွင် မရှိ၍၊ မသုံးမဖြစ်၍ သုံးကြခြင်း မဟုတ်တန်ရာပါ။ မလိုအပ်ပဲ စတန့်ထွင်၍ ထည့်သုံးခဲ့လျှင်လည်း စတန့်ကဗျာသာ ဖြစ်နေပါလိမ့်မည်။

ဤကဲ့သို့ နိုင်ငံတကာ စကားလုံးများကို နိမိတ်ပုံအဖြစ် သုံးစွဲခဲ့ကြခြင်းမှာ မြန်မာကဗျာသမိုင်းအဆက်ဆက်၌ ယခုခေတ်သစ်မှသာ သုံးခြင်းဖြစ်ကြောင်းလည်း သတိပြုမိပါသည်။ ဂန္ထဝင်ကဗျာခေတ်၊ ခေတ်စမ်းခေတ်၊ တာရာခေတ် အသီးသီးရှိ မြန်မာကဗျာများတွင် နိုင်ငံတကာ စကားလုံးများကို နိမိတ်ပုံအဖြစ် မသုံးခဲ့ကြပါ။ သာမန် ရိုးရိုးဝေါဟာရများအဖြစ်သာ သုံးလျှင် သုံးခဲ့ကြပါသည်။

သို့သော် ၁၉၇၀ နောက်ပိုင်း ခေတ်သစ်သို့ရောက်ရှိသောအခါ နိုင်ငံတကာမှ လူအမည်၊ မြို့အမည်၊ နိုင်ငံအမည်၊ အဖြစ်အပျက်စသည်တို့ကို နိမိတ်ပုံများအဖြစ် ထည့်သွင်းသုံးစွဲလာကြကြောင်း တွေ့ရှိလာရပါသည်။ ယင်းမှာ မြန်မာမှုလောကနယ်ပယ်၌ ယင်းနှင့်ထပ်တူကျသော စကားလုံး သုံးစရာမရှိသောကြောင့်သာ သုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်းကိုလည်း ထင်းထင်းကြီးပင် တွေ့မြင်နေရပါသည်။

အောင်ချိမ့်က သူ၏ "ဂန္ထဝင်မမ" ကဗျာရှည်တွင် တစ်နေရာ၌ ဤသို့ ထည့်သွင်းဖွဲ့ဆိုပါသည်။
သိက္ခာ
မာန
မိတ္တဗလ ဋီကာ
ဒေးကာနက်ဂျီ
ပီမိုးနင်း
မျဉ်းဖြောင့်ပေါ်က လူ
ကွန်ပျူတာလို အသုံးပြုနိုင်တယ်။
အောင်ချိမ့်၏ ကဗျာရှည်၌ လူငယ်တစ်ဦးက မမအရွယ် တစ်ဦးကို မေတ္တာသက်ဝင်မိကြောင်း ရေးဖွဲ့ထားခဲ့ရာတွင် မမတို့ အသိုင်းအဝိုင်းသည် ဟန်ဆောင် လူမှုလောကဆက်ဆံရေး ကိစ္စရပ်များ၌ အကျွမ်းတဝင်ရှိလှကြောင်းကို ထည့်သွင်းဖွဲ့ဆိုထားခဲ့သည်။ ထိုအကြောင်းကို အထက်ပါအဖွဲ့ဖြင့် ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

ဤနေရာ၌ ကဗျာဆရာက "ဒေးကာနက်ဂျီ" ဆိုသော အမည်ကို သုံးသည်။ ဤနာမည်သည် ထင်ရှားပြီး ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်၌ အကျိုးရှိမည်ဟုဆိုလျှင် အတတ်နိုင်ဆုံး ဟန်လုပ်ပေါင်းသင်းတတ်ရမည်ဟူသော ကျမ်းကို ပြုစုခဲ့သော စာရေးသူဖြစ်သည်။ မိတ္တဗလ ဋီကာ၊ လူပေါ်လူဇော် စသည်ဖြင့် သူ၏ စာအုပ်များကို ဘာသာပြန်ဖူးသည်။ သို့ဖြစ်ရာ ကဗျာပါ မမတို့အသိုင်းအဝိုင်း၏ ဟန်လုပ်ပေါင်းသင်းတတ်မှုကို ဤစကားလုံးကိုသာ သုံးရပါလိမ့်မည်။ မြန်မာမှုနယ်ပယ်တွင် ဤစကားလုံးနှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော နိမိတ်ပြ စကားလုံးမရှိဟု ကျွန်တော် ယုံသည်။

မောင်ပြည့်မင်းက "အိပ်မပျော်ခြင်းအိပ်မက်" ဟူသော ကဗျာတစ်ပုဒ်ကို ဟန်သစ်မဂ္ဂဇင်းတွင် ရေးဖူးပါသည်။ ကဗျာ၌ အိပ်စက်၍ မရသဖြင့် သူ၏ ညသည် ညမပီသပါကြောင်း၊ တကယ်တော့ ညဟူသည် အိတ်စက်အနားယူလျှင်လည်း ယူ၊ သို့မဟုတ်လျှင်လည်း အရက်သောက်လျှင် သောက်၊ အပျော်အပါး လိုက်စားလျှင် လိုက်စား၊ တီဗီကြည့်လျှင် ကြည့်၊ ကိုယ့်ဇနီးနှင့်ကိုယ်နေလျှင်နေ၊ တစ်ခုခုတော့ ရှိနေသင့်ကြောင်း၊ သို့မှသာ ည၏ အဓိပ္ပာယ် ပြည့်ဝပေါ်လွင်နိုင်ကြောင်း၊ မိမိမှာမူ တစ်ခုမှလည်း လုပ်စရာမရှိ၊ အိပ်၍လည်းမရနှင့် လောင်မြိုက်နေရကြောင်းတို့ကို ဖွဲ့ဆိုထားခဲ့ပေရာ တစ်နေရာတွင် ဤသို့ ဖွဲ့ပါသည်။
စနေနေ့ည
နည်းနည်း သောက်ထားတဲ့ည
ဗန်ကောက်အနံ့သင်းတဲ့ည
တီဗီကားကောင်းတဲ့ည
သင့်သစ္စာရှိသောည
ညဝတ်အင်္ကျီပါးနဲ့ည
စတဲ့ညတွေဟာ
ညစစ်စစ်တွေပေါ့။
ဤအဖွဲ့တွင် ဗန်ကောက်အနံ့ဟူသော နိမိတ်ပုံအဖွဲ့တစ်ခု ပါဝင်လာပါသည်။ မြန်မာမြို့အမည်တစ်ခုကို အစားထိုး၍သုံးလျှင် မရနိုင်ဘူးလားဟု မေးစရာရှိလာပါသည်။ မရနိုင်ဟုပင် ဖြေရပါမည်။ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားသည်ဟု ထင်ရှားသောမြို့ မြန်မာနိုင်ငံတွင် မရှိပါ။ သို့သော ဗန်ကောက်သည် ထင်ရှားပါသည်။ နိုင်ငံတကာ နိမိတ်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် ကဗျာတွင် ဤစကားလုံးကိုသာ သုံးရမည်ဖြစ်ပါသည်။

သုခမိန်လှိုင်၏ ကဗျာတစ်ပုဒ်ကိုလည်း ထုတ်နှုတ်တင်ပြလိုပါသေးသည်။ မာနဟူသော ကဗျာဖြစ်ပါသည်။ ရုပ်ရှင်တေးကဗျာမှ ကဗျာဖြစ်ပါသည်။ အနုပညာသည်၏ မာနကိုဖွဲ့သော ကဗျာဖြစ်ပါသည်။ ကဗျာတွင် ဖော်ပြထားသည်က အချို့သည် မာနမရှိကြကြောင်း၊ အညံ့ခံလွယ်ကြကြောင်း၊ မာနယုံကြည်ချက် မပြင်းထန်ဘဲ လမ်းသစ်တို့ မပွင့်လန်းနိုင်ကြောင်းကို ရေးဖွဲ့ရာ၌ ဤသို့ထည့်သွင်းဖွဲ့ဆိုပါသည်။
အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်။
ဗန်းဂိုးသည် အဆင်းရဲခံ၊ အငတ်ခံ၊ ဘဝတစ်ခုလုံး အပျက်ခံပြီး မာနကြီးစွာ ယုံကြည်ချက်ကြီးစွာဖြင့် သူ၏ အနုပညာပွင့်သစ်များကို ဖွင့်ဖူး ဝေဆာစေသူ ဖြစ်သည်။ သူသည် ကမ္ဘာသိ အားကောင်းသော နိမိတ်ပုံဖြစ်သည်။ သူ မယုံသည့် ပန်းချီကို မဆွဲသူ ဖြစ်သည်။ ထိုအမည်ကိုယ်စား အစားထိုးသုံးနိုင်သည့် အနုပညာသမားအမည် မြန်မာတို့တွင် မရှိ။ ထို့ကြောင့် သုံးရခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အောင်ဝေးကလည်း ကဗျာတစ်ပုဒ် ဖွဲ့ဆိုဖူးပါသည်။ ရုပ်ရှင်တေးကဗျာတွင် ဖော်ပြခဲ့သော ကဗျာပင် ဖြစ်သည်။ "ကောင်းကင်" ဟု အမည် ပေးထားပါသည်။ မိမိကိုယ် မိမိကောင်းကင်နှင့် နှိုင်း၍ တစ်ခါတစ်ရံ မုန်တိုင်းများက ကောင်းကင်ကို လာရောက်ကုတ်ခြစ်ကြပုံ၊ တိမ်စိုင်တိမ်ခဲတို့ လွင့်မြောနေပုံ၊ တဖြည်းဖြည်း ကောင်းကင်ကြီး အိပ်ငိုက်နေပုံ၊ တစ်ခါက ဤသို့သော မိုးကောင်းကင်အောက်မှာပင် ကက်စထရိုနှင့် ချေဂွေဗားရားတို့ ကျူးဘားကမ်းခြေသို့ "ဂရန်မာ"ဟူသော ရွက်လှေကိုစီးပြီး ဆိုက်ရောက်လာကြပုံ၊ တွေဝေမနေသင့်ပုံ စသည်ဖြင့် ရေးဖွဲ့ထားသော ကဗျာ ဖြစ်သည်။
ဟိတ် ... အိပ်ပုတ်ကောင်ကြီး
ထလေဗျာ
လူ ၄၃ယောက်နဲ့ပဲ
"ဂရန်မာ"ကို စခဲ့ပေါ့
မုချရောက်ရမယ်လေ။
ဟူ၍ ဖြစ်ပါသည်။ ဤတွင် ဂရန်မာ(Granma)ရွက်လှေ၏ အမည်ကို သုံးခြင်းအား အပြစ်မဆိုသင့်ပါ။ မြန်မာတို့တွင် သုံးစရာ မရှိပါ။ စနစ် တစ်ခုမှ တစ်ခုသို့ ကူးပြောင်းတိုက်ပွဲဝင်ရန် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ စွန့်စားသွားလာသည့် ကမ္ဘာသိ ရွက်လှေကလေးသည် "ဂရန်မာ" သာ ဖြစ်ပါသည်။ ယင်းကိုသာ ကဗျာ၌ သုံးစွဲရပါလိမ့်မည်။

မောင်သင်းခိုင်ကလည်း မြားနတ်မောင် မဂ္ဂဇင်းတွင် '၁၉၉၁ ဇွန် ၆' ဟူသော ကဗျာကို ရေးဖွဲ့ခဲ့ပါသည်။ ကဗျာတွင် ...
၃၃ လမ်းကို
ရှားလော့ခ်ဟုမ်းလာတယ်
ဒီကိစ္စဟာ
သိပ်ကိုဆန်းတယ်။
စသည်ဖြင့် ဖွဲ့ပါသည်။ ဤနေရာ၌ မိုးဝေ၏ တင်မောင်ဆွေကို ထည့်သုံး၍ မရဘူးလားဟု မေးလာနိုင်ပါသည်။ မရနိုင်ပါ။ တင်မောင်ဆွေသည် ကမ္ဘာမပြောနှင့် ယခုမျက်မှောက် လူငယ်အချို့ကပင် မသိနိုင်လောက်သော ဇာတ်ဆောင်ဖြစ်သွားပါရပြီ။ ရှားလော့ခ်ဟုမ်းသည် နိုင်ငံတကာသိ နိမိတ်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် သူ့ကိုသာလျှင် သုံးရပါလိမ့်မည်။

သင်္ဘောသည် နေမျိုး၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ရုပ်ရှင်တေးကဗျာတွင် ဖော်ပြခဲ့ဖူးသည်။ ကဗျာက လက်ဖက်ရည်ဆိုင်ကို သင်္ဘောဆိပ်နှင့် ခိုင်းနှိုင်းကာ လာသောက်သူများကို အနားယူလာသည့် သင်္ဘောကြီးများနှင့် နှိုင်းယှဉ်ပြီး ရေးဖွဲ့ထားသော ကဗျာဖြစ်သည်။ ကဗျာအလယ်တစ်နေရာ၌ လောကတွင် လိုချင်တဲ့အရာတစ်ခုကို ရရန် တစ်ခါတစ်ခါ ရမ္မက်နှင့် ဆွယ်ရမလို ဖြစ်နေကြောင်း ထည့်သွင်းရေးဖွဲ့ထားသည်။
နောက်တစ်ခါဆို
ဝေလငါးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကို
အစာတပ်ထားမယ်။
ဤအဖွဲ့တွင် မက်ဒေါနားသည် ရမ္မက်၊ လိင်ခွန်အားတို့၏ နိမိတ်ပုံဖြစ်ကြောင်း ကမ္ဘာသိသည်။ မြန်မာတွင် မည်သည့်အမျိုးသမီးအမည်နှင့် အစားသွင်းမလဲ။ မရှိနိုင်ဟု ထင်ပါသည်။

သို့ဖြစ်ရာ မြန်မာခေတ်ပေါ် ကဗျာဆရာတို့ ဤကဲ့သို့ နိုင်ငံတကာ အမည်များ ထည့်သုံးလာကြခြင်းမှာ လိုအပ်၍ သုံးကြရခြင်းသာဖြစ်ကြောင်း ထင်ရှားလှပါသည်။ လက်ဖက်ရည်ဆိုင်ထဲတွင် ကိုလံဘတ်ထိုင်မှ ဖြစ်မည်ထင်၍ ထိုင်ခိုင်းကြရခြင်း ဖြစ်ပါသည်။ ယောမင်းကြီး ဦးဖိုးလှိုင်ကို မလိုလား၍ မဟုတ်တန်ရာပါ။

ယနေ့လူထု ဆက်သွယ်ရေးစနစ် communication system အရ ကမ္ဘာမြေသည် ကျုံ့သွားခဲ့ပါပြီ။ ခေတ်ဟောင်းတုန်းက ကျွန်တော်တို့နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သော ကမ္ဘာပေါ်က လူများ၊ မြို့ရွာနိုင်ငံများ၊ အဖြစ်အပျက်များသည် ကျောင်းစာသင်ခန်းများမှတစ်ဆင့်၊ စာနယ်ဇင်းမှတစ်ဆင့်၊ ရေဒီယိုမှတစ်ဆင့်၊ ရုပ်မြင်သံကြားမှတစ်ဆင့် ကျွန်တော်တို့ အိမ်ပေါက်ကို ရောက်ရှိလာကြပါပြီ။ အမေရိကန်နိုင်ငံတွင် သည်ကနေ့ ကန်နေသည့် ကမ္ဘာဖလား ဘောလုံးပွဲကို ကိုယ့်ဧည့်ခန်းမှာ ကိုယ်ထိုင်ပြီး ကြည့်နေနိုင်ပါပြီ။

ထို့ကြောင့် ခေတ်ပေါ်ကဗျာများ၌ ခေတ်ပေါ်နိုင်ငံတကာ စကာလုံးများ သုံးခြင်းမှာ အဆန်းမဟုတ်ပါ။ "ဆိုကရေးတီး"ဟူသည် အမှန်တရားအတွက် အဆိပ်ကိုသောက်သူ၊ 'ဂယ်လီလီယို'ဟူသည် စကြာဝဠာကို ရှာတွေ့သူ၊ 'ဘရုတပ်စ်'ဟူသည် နောက်ကျောဓားနဲ့ထိုးသူ၊ 'ယုဒ၏ အနမ်း'ဟူသည် သစ္စာဖောက်၏အနမ်း၊ 'အာချိလိ၏ဖနောင့်'ဟူသည် လူတစ်ယောက်၏ ပျော့ကွက်၊ 'ဖီးနစ်ငှက်' သည် ပြန်လည်ရှင်သန်မှု၊ 'ဆိုက်ဗေးရီးယား' ဟူသည် တော်လှန်သူတို့ကို ပို့ဆောင်ရာနယ်မြေ။ ယင်းသို့ ယင်းသို့သော စကားလုံးများကို ကျွန်တော်တို့က မသုံးစွဲသင့်ဘူးလား။ အစားထိုးသုံးစွဲစရာ မြန်မာနိမိတ်ပုံများကော ရှိရဲ့လား။

'မာရာဒိုနာ'ကိုမှ မသိဘဲနှင့်တော့ အာဂျင်တီးနား ဘောလုံးအသင်း ကစားတာကို ကြည့်၍ အရသာတွေ့လှမည် မဟုတ်ကြောင်း ကျွန်တော် စဉ်းစားမိပါသည်။

မောင်သာချို
မြားနတ်မောင်
၁၉၉၅၊ ဇူလိုင်

Monday 26 July 2010

Where did the other dollar go?

Three friends check into a motel for the night and the clerk tells them the bill is $30, payable in advance. So, they each pay the clerk $10 and go to their room. A few minutes later, the clerk realizes he has made an error. The room was really $25 dollars se he had overcharged the trio by $5.

He asks the bellhop to return $5 to the 3 friends who had just checked in. The bellhop sees this as an opportunity to make $2 as he reasons that the three friends would have a tough time dividing $5 evenly among them; so he decides to tell them that the clerk made a mistake of only $3, giving a dollar back to each of the friends.

So the bellhop pockets the leftover $2 and goes home for the day! Now, each of the three friends gets a dollar back, thus they each paid $9 for the room which is a total of $27 for the night. We know the bellhop pocketed $2 and adding that to the $27, you get $29, not $30 which was originally spent.

Where did the other dollar go?

More brain, less math!! Click here for the answer!

http://en.wikipedia.org/wiki/Missing_dollar_paradox

လူလိမ္မာများ (ကြည်ဇော်အေး)

+ လူလိမ္မာများ +

ပိုက်ဆံမပါတဲ့ သူငယ်ချင်း
မေတ္တာမပါတဲ့ မိန်းမ
ရေမပါဘဲရောက်လာတဲ့ မီးသတ်ကား
ပျင်းလို့
အပျော်တမ်းအမဲပစ်ထွက်သူ
ညအခါပုံပြောသူ ။
ရှေးဟောင်းတံဆိပ်ခေါင်းတွေ သိမ်းဆည်းထားလိုက်
အဖော်ဆိုတာသုံးပြီး လွှင့်ပစ်လိုက်
လူလိမ္မာများ။ ။

ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၁)

ကိုယ်တို့ခေတ်ရဲ့ ဒီလိုဒီလို (ကြည်ဇော်အေး)

+ ကိုယ်တို့ခေတ်ရဲ့ ဒီလိုဒီလို +

ရှင်းနေတော့လည်း
ဘယ်ပစ္စည်းဘယ်နေရာရောက်နေမှန်းမသိ
ရှုပ်နေပလေ့စေ
ခေတ်ကဒီလိုဒီလို။
လိုချင်တာ မရသေးသ၍
ဒီဆံပင်တွေမဖြတ်
အချစ်ရေးက အချစ်ရေး စီးပွားရေးကစီးပွားရေး
ကစားမလား နားမလား
ကိုယ်တို့ခေတ်ရဲ့ ဒီလိုဒီလို။
ကလေးသူငယ်များ
ကစားနည်းတွေဆန်းပြား
ကလေးမတွေလည်း
ဖြောင့်ချည်တစ်ခါ တွန့်ချည်တစ်လှည့်
ကိုယ်တို့တစ်သိုက်သာရွဲပြဲလို့
ဒီလို ဒီလို။
လူတွေလည်းဆေးထိုး
အစားအစာတွေလည်း ဆေးထိုး
တစ်နေ့တစ်ခြားချူချာလာတဲ့မြေကမ္ဘာ
အစစအရာရာဒီလိုဒီလို။
ပန်းချီရေးလိုက ရေး
ကဗျာရေးလိုက ရေး
ဘာမဆို လွယ်လွယ်လေး
ဖြစ်ချင်သလိုဖြစ်နေလေတဲ့ ဒီလိုဒီလို။
စစ်ပွဲတွေလည်းမပြီးသေး
အလုပ်တွေလည်းမပြီးသေး
ကဲ၊ ပျင်းစရာမကောင်းဘူးလား
နောက်တစ်မျိုးပြောင်းကြစို့ အချစ်ကလေး ။ ။


ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၉ ၊ ၂၀ )

ကိုယ့်အချင်းချင်း (ကြည်ဇော်အေး)

+ ကိုယ့်အချင်းချင်း +


ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတာကအစ
ဘယ်သူ့ဂရုစိုက်နေရမှာတုန်း ဆိုတာမျိုးအဆုံး
ဘာမှမပူနဲ့
ငါတို့ခြေရာလက်ရာတွေမှာ
သဲလွန်စတွေကျန်ခဲ့တာချည်း
ဆေးဖက်ဝင်တယ်ပြောပြော
နူတတ်တယ် ပြောပြော၊ ပြောချင်ရာသာပြော
ဟိုကောင်က ဟိုလို၊ ဒီကောင်က ဒီလို
ဟိုကောင်က အီးမေးလ်နဲ့ ပို့မှ
ဒီကောင်က စာတိုက်ပုံးထဲသွားထည့်မှ
ငါတို့ဟာ ပုလင်းအဖုံးကို ရတနာမြေပုံလို ဓားနဲ့ခြစ်လို့
ငါတို့ဟာ ရောက်ရာအရပ်မှာ
သွေးစို့အောင် ပလူပျံလို့
အခြေအနေရော အချိန်အခါရော
ငါတို့ဟာ အုတ်ရောရော ကျောက်ရောရော
ငါတို့ဟာ ရှိပြီးသားကစားနည်းတွေပြုပြင်မွမ်းမံ
ရှိပြီးသား အတွေးအခေါ်တွေ ပြုပြင်မွမ်းမံ
ကုသိုလ်တစ်ပဲလည်းရှိ
ငရဲတစ်ပိဿာလည်းရှိ
ငါတို့ဟာရှေးကတည်းက
ရှိပြီးသား အကြောင်းအရာတွေပေါ်မှာ ခေါင်းခါချင်သူ
ငါတို့ဟာ ထစ်ခနဲဆိုလက်ကပါပြီးသား
ထစ်ခနဲဆို မျက်ရည်ကျပြီးသား
သူငယ်ချင်း ကျေးဇူးပြုပြီးငါ့ကို
မင်းလက်မှတ်ထိုးနေကျ စာရွက်တွေလို မဆက်ဆံရ
သူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို
မင်းဆိုနေကျ သီချင်းတွေလို မဆက်ဆံရ
သူငယ်ချင်း
ငါထိုးလိုက်ရင် လဲသွားမယ့်သူဟာ မင်းမဖြစ်စေချင်ဘူး
ငါထိုးလိုက်ရင် ပေါက်မယ့်ထီလက်မှတ်ဟာ မင်းဖြစ်စေရမယ်
ဘာဖြစ်လို့လဲဆိုတော့
အလွမ်းသယ်ပြီးရင်
အလောင်းသယ်ဖို့ပဲ ကျန်တော့တာကိုး။ ။

ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၇)

ခေတ်ပေါ်ကဗျာ၏ တစ်ကိုယ်ကောင်းဆန်ပုံ (မောင်သာချို)



တစ်နေ့ လှည်းတန်းနားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျွန်တော်နဲ့ ကဗျာဆရာမောင်သင်းခိုင် အမှတ်မထင်ပဲ သွားဆုံဖြစ်တယ်။ ကဗျာအကြောင်း စာအကြောင်းတွေ ရောက်တတ်ရာရာ ပြောကြရင်းက ခေတ်ပေါ်ကဗျာတွေဘက်ကို ရောက်သွားတဲ့အခါ ခေတ်ပေါ်ကဗျာတွေရဲ့ အားနည်းချက်တစ်ခုက တချို့စကားလုံးတွေကို ပုဂ္ဂလိကဆန်ဆန် ရွေးချယ် သုံးနှုန်းမှုပဲဆိုတာကို ပြောဖြစ်ကြပါတယ်။ ကိုသင်းခိုင်က သူလည်းသိ၊ ကျွန်တော်လည်းသိပြီး ဖြစ်တဲ့ ကိုအောင်ချိမ့်ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ပြပါတယ်။ ကဗျာက ကိုညိုသစ်၊ ကိုသန်းအုန်းလက်ထက် မိုးဝေစာပေမဂ္ဂဇင်းက 'သီချင်းတွေနဲ့ ညနေ' ဆိုတဲ့ ကဗျာပါ။

ပုဇွန်တောင် ညောင်တန်းဆိပ်မှာ
ပိတောက်ပန်း ဆိုက်ပါပြီလား
မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ် ကျေးဇူးတင်ပါတယ်။

ကိုသင်းခိုင်က ဒီနေရာမှာ ပိတောက်ပန်းလို့ သုံးထားပုံကို သူ ဘဝင်မကျကြောင်း၊ 'ပိတောက်ပန်း'ဆိုတာ မော်တော်ကလေးရဲ့အမည်ဖြစ်ကြောင်း၊ အဲသည် မော်တော်ကလေး ပုဇွန်တောင် ညောင်တန်းဆိပ်ကို ဆိုက်မဆိုက် ချစ်သူပါ မပါ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒါပေမယ့် ပိတောက်ပန်းဆိုတာ မော်တော်တစ်စီးရဲ့ အမည်ဖြစ်တယ်ဆိုတာကို ကဗျာဖတ်သူက မသိနိုင်ကြောင်း၊ ပုဂ္ဂလိကဆန်တဲ့အတွက် ကဗျာနဲ့ ကဗျာဖတ်သူကို ဝေးသွားစေကြောင်း သူ့အမြင်တွေကို တော်တော်လေး ဆွေးနွေးသွားခဲ့ပါတယ်။

မှန်ပါတယ်။

အနုပညာဆိုတာ ဘယ်က အခြေခံလာသလဲလို့မေးရင် ပုဂ္ဂလိကဓိဋ္ဌာန်က အခြေခံလာတယ်လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် အနုပညာမြောက်အောင် ဖန်တီးလိုက်တဲ့အခါ ဓမ္မဓိဋ္ဌာန်ကျသွားတဲ့အတွက် အားလုံး ခံစားလို့ရတဲ့ အနုပညာပစ္စည်းတစ်ရပ် ဖြစ်သွားရပါတယ်။

လူငယ်တစ်ယောက်က မိန်းမပျိုတစ်ယောက်ကို ချစ်တယ်။ မိန်းမပျိုကလည်း အဲဒီလူငယ်ကို ပြန်ချစ်တယ်။ တစ်နေ့မှာ နှစ်ယောက်တစ်ဘဝ တည်ဆောက်သွားကြမယ်လို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် တစ်ချိန်မှာ အဲဒီလူငယ်ထက် အစစအရာရာ ဂုဏ်ကျက်သရေမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ လက်ဆက်သွားခဲ့တယ်။ ဒါဟာ ပုဂ္ဂလိက ပြဿနာ၊ ပုဂ္ဂလိက ခံစားမှုပါ။ လူတိုင်း လူတိုင်းလည်း ဒီပြဿနာမျိုးကို တွေ့ဖူးကြုံဖူး ခံစားဖူးကြမှာပါပဲ။ ဒါဟာ အနုပညာ မဟုတ်ပါဘူး။ ဒါပေမယ့် သည်အဖြစ်အပျက် သည်ခံစားမှုမျိုးကို သင့်တင့်တဲ့ သင်္ကေတ၊ ဆီလျှော်တဲ့ ကဗျာအဖွဲ့ အစပ်တွေနဲ့ ဖော်ပြလိုက်တဲ့အခါ အားလုံးနဲ့တိုက်ဆိုင်တဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ကဗျာအနုပညာ ဖြစ်သွားပါတယ်။

နှင်းဆီပွင့်
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။

ခရေဟာ ဘာလဲ၊ နှင်းဆီဟာ ဘာလဲ၊ ဘယ်ဟာက ဂုဏ်နိမ့်လို့ ဘာဟာက ဂုဏ်မြင့်သလဲ။ ဒါကို အများက အရိပ်အကဲ သိပြီးဖြစ်တယ်။ အဲဒီသင်္ကေတ၊ အဲဒီနိမိတ်ပုံကို သုံးစွဲလိုက်တဲ့အတွက် ပုဂ္ဂလဓီဋ္ဌာန် ခံစားမှုဟာ ဓမ္မဓိဋ္ဌာန် ဖြစ်သွားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ရေးသူနဲ့ ဖတ်သူကို နီးကပ်သွားစေတဲ့ စကားလုံး သုံးနှုန်းမှုပါ။

ဒါပေမယ့် ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ကိုသင်းခိုင် ဆွေးနွေးခဲ့တဲ့ 'ပိတောက်ပန်း'လို ကိစ္စမျိုးကျတော့ ဘယ်သူမှ မော်တော်ကလေးတစ်စီးရဲ့ အမည်လို့ မသိတဲ့အတွက် ရေးသူနဲ့ ဖတ်သူကြားမှာ ဝေးကွာသွားစေရပါတယ်။

ဒါဟာ တချို့ခေတ်ပေါ်ကဗျာတွေမှာ တွေ့နေရတဲ့ အားနည်းချက် တစ်ရပ်ပါပဲ။ ထင်ရှားတဲ့ဥပမာတစ်ရပ်ကို ထုတ်နှုတ်ပြရရင် '၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ရုပ်ရှင်တေးကဗျာ စာမျက်နှာ ၄' မှာ ဖော်ပြခဲ့တဲ့ သုခမိန်လှိုင်ရဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြလိုပါတယ်။

တနင်္ဂနွေ ဂဠုန်
တိမ်တွေရဲ့ရောင်စုံ
အကျဉ်း လှောင်အိမ်မှာ
ငါ အကြိမ်ကြိမ်ကျ။
ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာ။
စကြာဝဠာကို မထိုးဖောက်နိုင်ခင်
သီချင်းတွေပေါ်မှာ အိပ်တန်းဝင်။
နှုတ်သီးဒေါသ
လက်သည်း အတ္တ
ခြေသည်း မာန
တောင်ပံတစ်စုံသာ
အနုပညာ။
လိုရာရောက် မပျံသန်းနိုင်လျှင်
ဂဠုန် သေဖွယ်ရာပင်။

သည်ကဗျာဟာ ပုဂ္ဂလိကဝေဒနာကို ဖွဲ့တဲ့ကဗျာပါပဲ။ ဒါပေမယ့် ကဗျာဆရာသုံးထားတဲ့ သင်္ကေတ၊ နိမိတ်ပုံတစ်ခုဖြစ်တဲ့ ဂဠုန်ဟာ ဘာကို ရည်ညွှန်းတယ်ဆိုတာ မပေါ်လွင်တဲ့အတွက် ကဗျာဟာ ဖတ်သူရဲ့ ရင်ထဲကို ရောက်သင့်သလောက် မရောက်ဘဲ တစ်နေပါတယ်။ ဂဠုန်ဟာ ဘာလဲ။

ကဗျာကတော့ ရှင်းပါတယ်။ အရောင်အမျိုးမျိုး ပြောင်းလဲနေတဲ့ တိမ်တွေရဲ့ကြားမှာ ပျံသန်းနေတဲ့ ဂဠုန်ငှက်ကလေးဟာ သူ့ကိုယ်သူ မလွတ်လပ်ဘူးလို့ ထင်နေတယ်။ ပျံသန်းရာတစ်လျှောက်မှာလည်း အတွန်း၊ အထိုး၊ အတိုက်၊ အခိုက်တွေကြောင့် ဒဏ်ရာအကြိမ်ကြိမ် ရခဲ့တယ်။ ကိုယ့်ရည်မှန်းထားတဲ့ လွတ်လပ်မှုဆီ မရောက်သေးပေမယ့် ကိုယ်မြတ်နိုးတဲ့ ဂီတ၊ သီချင်းတွေနဲ့ ခဏအနားယူနေရတယ်။ ဒေါသ၊ အတ္တ၊ မာနတွေကတော့ သူလိုငါလို ရှိမြဲဖြစ်ပြီး အနုပညာနဲ့ပဲ ရည်မှန်းရာကို ရောက်အောင် ပျံသန်းနေရလို့ မရောက်ခဲ့ရင် သေမှာပါပဲဆိုပြီး မိမိကိုယ်မိမိ ဂဠုန်ငှက်နဲ့ ခိုင်းနှိုင်းဖွဲ့ဆို ထားခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ဒီနေရာမှာ ဂဠုန်ဆိုတဲ့ နိမိတ်ပုံဟာ ဂီတ၊ အနုပညာစတဲ့ ဘာသာရပ်တွေကို ကိုယ်စားမပြုနိုင်ပါဘူး။ အဲဒါတွေကို မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ကို ရည်ညွှန်းထားတာပါ။

ကဗျာဖွဲ့ဆိုသူ သုခမိန်လှိုင်ဟာ အမည်ရင်း ကိုအောင်မင်းလို့ ခေါ်ကြောင်း၊ ကျွန်တော်တို့ကတော့ စိတ်ဝင်စားလို့ သိထားကြပါတယ်။ သည်တော့ နေ့သင့်နံသင့် မြန်မာဆန်ဆန်သာ အမည်ပေးခဲ့ရိုးမှန်ရင် သူဟာ တနင်္ဂနွေသားပါ။ သည်တော့ တနင်္ဂနွေရဲ့ သင်္ကေတဟာ ဂဠုန်။ ဒါကြောင့် သည်ကဗျာဟာ သူ့ဘဝကို ပြန်ဝေဖန်တဲ့ ကဗျာဆိုပြီး ကျွန်တော်တို့ကတော့ ခံစားကြရပါတယ်။ ဒါပေမယ့် ဒါကို အရပ်က မသိပါဘူး။ သိလည်း မသိနိုင်ပါဘူး။ သည့်အတွက် ကဗျာက ပေးသလောက် ဖတ်သူဆီကို မရောက်ရှိနိုင်ဘူးဆိုတဲ့ အချက်ဟာ ငြင်းမရနိုင်တဲ့ အချက်ပါ။

ကျွန်တော်တို့ခေတ်ပေါ် မြန်မာကဗျာဆရာများအနေနဲ့ ဖ္ဒွံဖြိုးတိုးတက်လာတဲ့ခေတ်နဲ့အညီ မြန်မာကဗျာများကို ဖွဲ့ဆိုတဲ့အခါ ပုဂ္ဂလိက ဆန်လွန်းတဲ့ သင်္ကေတများ၊ နိမိတ်ပုံများကို ရှောင်ရှားပြီး လူထုဆီကို ရောက်အောင် သွားနိုင်ကြရင် မကောင်းဘူးလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။

မောင်သာချို
ပင်လယ်ဝသို့ လှေကလေးနှင့် ထွက်ခဲ့စဉ်က
(စမန ၇၃)

မနေ့က အိပ်မက်များ စိမ်းပါသည်

+++ မနေ့က အိပ်မက်များ စိမ်းပါသည် +++

အလို
အတောင်ပံနဲ့ ကောင်းကင်ဟာ ကြီးမားစွာ ဆက်စပ်နေခဲ့ပေါ့။
ငါမပျံတဲ့နေ့မှာ ကောင်းကင် မရွှင်ပျဘူး။
ငါတေးမဆိုတဲ့နေ့မှာ ကောင်းကင် မြူးကြွမနေဘူး။


အိမ်ဂေဟာအမှတ်နဲ့
ဒီ
အယူဝါဒ
အတွေးအခေါ်
ကျမ်းစာ
ဂိုဏ်းဂဏမှာ
ခဏလေး
နားခဲ့မိပါတယ်
အဲ့ဒါ မှားတာပဲ ..

ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာပဲ အဖတ်တင်တယ်။

အခုတော့
'မှုန်မှုန်မွှားမွှား၊ ဝိုးတဝါးရယ်
ရှေ့ကဘာဆီ၊ ရှိလိမ့်မည်လဲ ..'
မသိနိုင်ဘူး
ဆက်၍တော့
ပျံသန်းရဦးမယ်။

ကောင်းကင်ဆိုတာ အကျယ်ကြီး
ငှက်ကလေး ဘယ်လို
ပျံ .. ပျံ ..
..
ဆက်သာ ပျံ။ ။

ချမ်းညီချို
24-07-2010

ဒေးကာနက်ဂျီ (၁၂) နှစ်၊ နီရှေး (၉) နှစ်

+++ ဒေးကာနက်ဂျီ (၁၂) နှစ်၊ နီရှေး (၉) နှစ် +++

သွားရှာပြီ။ ဒေးကာနက်ဂျီ (၁၂) နှစ်၊ နီရှေး (၉) နှစ် တဲ့။

ဒေးကာနက်ဂျီ (၁၂ နှစ်)
သွားရှာပြီ။ ဟန်ဆောင် လူမှုလောကဆက်ဆံရေး ကိစ္စရပ်တွေမှာ အကျွမ်းတဝင်ရှိဖို့လိုကြောင်း ပြောတဲ့ စာရေးသူ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌ အကျိုးရှိမည်ဟုဆိုလျှင် အတတ်နိုင်ဆုံး ဟန်လုပ်ပေါင်းသင်းတတ်ရမည်ဟူသော ကျမ်းကို ပြုစုခဲ့သော စာရေးသူကြီး။
(သူမို့လို့ အပင်ပန်းခံပြီး စာကြောင်းတွေအများကြီး၊ စာမျက်နှာတွေအများကြီး ရေးနေသေးတယ်။ ရေးလိုက်ပေါ့ နှစ်လုံးတည်း "ဖောပေါ့" လို့။)

နီရှေး (၉ နှစ်)
သွားရှာပြီ။ လူစွမ်းကောင်း စူပါလူသားဟာ ကိုယ့်ရည်ရွယ်ချက် ပေါက်မြောက်ဖို့အတွက် ကိုယ်ယုံကြည်ရာကို ရင်ဆိုင်အနိုင်ယူဖို့အတွက် ကိုယ့်အသက်ကို စွန့်လွှတ်ရဲသလို အခြားသူများကိုလည်း စတေးပစ်ရဲရမယ် ဆိုတဲ့ ဆရာကြီး။ "အခြားသူများကိုလည်း စတေးပစ်ရဲရမယ်" ဆိုတဲ့ ပုဂ္ဂိုလ်ကြီး။ ဪ ဘုရားသခင်ကသေပြီ ဆိုတာ ဆရာကြီးပဲ ပြောတာကိုး။ တော်ပြီ။
"ဟဲ့ ကလေးရဲ့ ငါပြောတာကို ယုံကြည်ကိုးကွယ်နေမှတော့ ငါက နင့်ရဲ့ ဘုရားသခင်ပေါ့ဟဲ့။" လို့ ပြောနေတဲ့ အဖွားရဲ့ ထမင်းကြော်ပဲ စိတ်ဝင်စားတော့တယ်။ ထမင်းကြော်က အချဉ်မပါဘူး။ အစာအိမ် ထိခိုက်နိုင်လို့ တဲ့။ သတိတော့ထားမှ ဖြစ်တော့မယ်။ ကျွန်တော့်မှာလည်း ရင်ပြည့်နေတာက (၁၂) နှစ်၊ ဗိုက်မကောင်းတာက (၉) နှစ်။

ချမ်းညီချို
24-07-2010

နင်လားဟဲ့ ယုံကြည်ချက်

+++ နင်လားဟဲ့ ယုံကြည်ချက် +++

ကဲ ... အိပ်ပုတ်ကောင်ကြီး
ထတော့။

စီးဆင်းနေတဲ့ ရေစီးကြောင်းထဲ
မဆိုစလောက်၊ အနည်းအကျဉ်း နဲ့
ဖူလုံကျေနပ် အဟုတ်ကြီးမှတ်မနေနဲ့။

တကယ်တော့
မဆိုစလောက်၊ အနည်းအကျဉ်း ဟာ
ပုန်းအောင်းနေတဲ့ အများကြီးရှိသေးတယ်ဆိုတာ
ညွှန်ပြနေတဲ့ သက်သေအထောက်အထားဖြစ်တယ်။

ဝက်ခြံကို အနာလုပ်နေတာတွေ ရပ်လိုက်.!
ကြားလား
သုခမိန်လှိုင်ရဲ့စကား ...
"အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်" တဲ့။

ကဲ ... အိပ်ပုတ်ကောင်ကြီး
ထတော့။ ။

ချမ်းညီချို
22-07-2010

မမြင်ရသော အရောင်များ

+++ မမြင်ရသော အရောင်များ +++

ပခုံးပေါ်မှာ လွယ်အိတ်
ဆက်ချိတ်နေတုန်းပဲ
ငယ်ဘဝကို ဒီလို
နှစ်ထပ်ကွမ်းယူတယ်။

ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရှိပြီလဲ
ရသတွေ ပိုပွင့်မလာပဲ
ဒုက္ခတွေ ပိုပွင့်လာခဲ့တာ
ငါဖတ်ချင်တဲ့စာသား
အလင်းဖန်သားပြင်ပေါ်ကမှ မဟုတ်တာ။

တွင်းဝက မထွက်ရဲ့တဲ့ မြွေတစ်ကောင်ရဲ့ သတ္တိလို
အမှောင်ထဲကပဲ ပါးပျဉ်းထောင်မရ။

တော်သေးတာပေါ့
ငါ့ကဗျာရေဒါထဲက
ပျောက်ဆုံးသွားတဲ့ မြို့ကြီးတစ်မြို့
သူ့မှာ ခြေထောက်မပါတာ ကံကောင်းပေစွ။

ချမ်းညီချို
21-07-2010
(ညွှန်း = မောင်နွေထက် - ဆိုင်းဘုတ်၊ ကေမျိုးငြိမ်း - သတိရခြင်းအကြောင်း)

ကောင်းကင်ကြီးအား မော့ကြည့်နေရသည့် အကြောင်း

+++ ကောင်းကင်ကြီးအား မော့ကြည့်နေရသည့် အကြောင်း +++

နာရီလက်တံများ တစ်ပတ်လည်သွားမှ၊ ငှက်ကလေးတွေက သီချင်းတစ်ပုဒ်ကို ထိုးမှဆိတ်မှ နေ့သစ်တစ်ခုသို့ ရောက်မည်ကို သိသော်လည်း ည၏အစိတ်အပိုင်းတစ်ခုထဲမှာပင် သူမကိုလိုက်လံရှာဖွေမိပါသည်။ ညကတော့ လရိပ်အောက်တွင် လှမြဲလှလျှက်။ သူမအတွက် ကော်ဖီတစ်ခွက်နှင့် ရောသောက်ရန် ကြယ်သားနုနုထွတ်ထွတ်များကို မိုးထိအောင် လှေကားထောင်၍ ဆွတ်ယူပေးရန် စိတ်ကူးမိသည့်အခိုက် ကြယ်စင်တစ်ပွင့် ကြွေကျလာခြင်းသည် ကြယ်ကြွေညတိုင်း ဆုတောင်းမယ်ဆိုသော သီချင်းတစ်ပုဒ်ကို အမှတ်ရစေပါသည်။

ဘာဆုမှ မတောင်းရခင် တောင်းတဲ့ဆု(တွေ) ပြည့်ပါစေဟု ဆုတောင်းပြီးချိန်၌ ကြယ်ကြွေသည် ကမ္ဘာ့ လေထုနှင့် ပွတ်တိုက်ပွန်းပါး၍ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ဆုတောင်းရန်အတွက် နောက်ထပ် ကြယ်ကြွေချိန်ကို စောင့်ရပါဦးမည်။ ဘာဆု(များ)ကို တောင်းရင် ကောင်းမလဲ။

သူမနှင့် နီးရပါစေသားလို့ ဆုတောင်းရင် ကောင်းမလား။ (နီးနီးလေးနဲ့ ဝေးနေရင် ဘယ်လိုလုပ်မလဲ။) သူမကို မြင်ခွင့်တွေ့ခွင့်လောက်တော့ ရပါစေသားလို့ ဆုတောင်းရင်ကော။ (မြင်သာမြင် မကြင်ရဆို ဘယ်လိုလုပ်မလဲ။) သူမကို ပိုင်ဆိုင်ခွင့် ရပါစေသား ဆိုရင်ကော။ (ဈေးတန်းက သွေးစိမ်းရှင်ရှင် ငါးတစ်ကောင်ကို ပိုင်ဆိုင်ရသလို၊ ပွဲဈေးတန်းက အရုပ်ငါးတစ်ကောင်ကို ပိုင်ဆိုင်ရသလို၊ အလှမွေးကန်ထဲက ငါးတစ်ကောင်ကို ပိုင်ဆိုင်ရသလိုမျိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ လိုချင်တာက လွတ်လပ်စွာ ကူးခတ်နေပြီး နှလုံးသားကို ဝင်ရောက်တိုးဝှေ့တိုက်ခတ်သွားမယ့် ငါးလေးတစ်ကောင်။)

အချစ်နှင့် တပ်မက်ခြင်းသည် အတူတွဲ၍ လာတတ်ပါသလား။ (ကျွန်တော် မသိပါ။)
အချစ်နှင့် တပ်မက်ခြင်းက အတူတူပဲလား။ (ကျွန်တော် မသိပါ။)

အချစ်ဘဝတည်ဆောက်ရန် စီမံလျှာထားချက်များ၊ သူမက ဖြည့်ဆည်းပေးရမည့် ကျွန်တော့် ဘဝလိုအင်စာရင်းဇယားများ၊ နီရဲစိုထွေးသော နှုတ်ခမ်းဖျားမှ တဆတ်ဆတ်တုန်ခါနေသော ကြင်နာမှုများ၊ ပါးချင်းအပ်၍ထားစဉ် သဲ့သဲ့မျှကြားလိုက်ရသော ပင့်သက်သံ၏ ပူနွေးလတ်ဆတ်မှုများ၊ သူမ၏ နှလုံးသားအတွင်းမှ အချစ်ဆိုသော အရိပ်အယောင်များ၊ ဘာမှ မလိုချင်ပါ။

သူမကို ချစ်နေခွင့်သာ လိုချင်ပါသည်။ သူမကို ချစ်နေခွင့်သာ လိုပါသည်။ (သူမကို ချစ်နေဖို့သာ လိုအပ်ကြောင်း သူမနားလည်သဘောပေါက်နိုင်မည် ထင်ပါသည်။)

ဟော ကြယ်တစ်စင်း ကြွေကျလာပြီ ။
"... ..."

ချမ်းညီချို
04-07-2010

ပထမဆုံးနှင့် နောက်ဆုံး ရည်းစားစာ

+++ ပထမဆုံးနှင့် နောက်ဆုံး ရည်းစားစာ +++

လူတစ်ယောက်ဘဝအတွက် အချစ်ကိစ္စသည် တိုက်ရိုက်သော်လည်းကောင်း၊ ကွေ့ဝိုက်သွယ်ပတ်၍သော်လည်းကောင်း တွေ့ကြုံခဲ့ကြရဖူးသည်။ ကျွန်တော့်ဘဝ၏ ပထမဆုံးအချစ်သင်ခန်းစာသည် ကွေ့ပတ်၍ လာသည်။ သူငယ်ချင်းတစ်ယောက်က အားကိုးတကြီးနှင့် ရည်းစားစာရေးပေးရန် အကူအညီ တောင်းခံလာခြင်း ဖြစ်ပါသည်။ (ငြင်းဆို၍ မကောင်း။) စာပေရေးရာတွင် လက်စလက်နရှိကြောင်း၊ ဤသို့ အကူအညီတောင်ခံလာခြင်းကို ကြည့်၍ ခန့်မှန်းနိုင်လောက်ပါသည်။ (လက်စလက်နရှိသည်ဆိုရာတွင် သူတစ်ပါးထံမှ စာအုပ်ငှါးပြီး ပြန်မပေးပဲ ထားခြင်း၊ မိမိကြိုက်နှစ်သက်ရာ စာမျက်နှာများကို ဆုတ်ဖြဲယူထားခြင်းမျိုး မဟုတ်ပါ။ စာပေအနုပညာပစ္စည်းတစ်ခု ဖန်တီးနိုင်စွမ်း ရှိခြင်းကို ဆိုလိုပါသည်။ ဤနေရာတွင် ရည်းစားစာသည် အနုပညာပစ္စည်းတစ်ခု ဖြစ်မဖြစ်ကို ဆွေးနွေးမည် မဟုတ်ပါ။)

(အကယ်စင်စစ် ကလေးဘဝအတွေ့အကြုံများမှာ ပြန်ပြောရန် အတော်ပင် အားယူရပါသည်။)

ကျွန်တော်၏ ပထမဆုံးဖန်တီးမွေးထုတ်လိုက်သော ရည်းစားစာသည် စာမျက်နှာအားဖြင့် လေးမျက်နှာနီးပါးရှိသည်။ အပြောင်မြောက်ဆုံး စာသားအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ ... ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"

"အရက်တွေမူးပြီး ဝုန်းဒိုင်းကြဲ ရန်မူဖို့ ပြေးဝင်လာတဲ့ ဆဒ္ဒါန်ဆင်ကြီးဟာ ဘုရားရှင်ရှေ့ရောက်တော့ ချက်ချင်းငြိမ်သက်ကျသွားခဲ့ရသလို၊ ဝုန်းဒိုင်းကြဲတုန်ယင်နေတဲ့ ကိုယ့်အသည်းနှလုံးတွေဟာ မင်းရှေ့အရောက်မှာတော့ ရုတ်တရက် ဆွံ့အထိုးရပ်သွားခဲ့ရတော့တယ်။"
(အောင်ခြင်းရှစ်ပါးထဲမှ - 'ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ' ဆိုသော ဇာတ်ကွက်ကို အခြေခံ၍ ရေးဖွဲ့ခြင်းဖြစ်ပါသည်။)

ဤနေရာတွင် ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းသည် ဘွင်းဘွင်းကြီးပေါ်လာသည်။ အမှားအယွင်းသည် ကျွန်တော်ညံ့ဖျင်းကြောင်း အထင်အရှားပင် ပြသကြပါသည်။ (ဤစာကို လူကြီးများအားပြသခဲ့လျှင် ဤအမှားမျိုး ကြုံတွေ့ရမည် မဟုတ်ပါ။) အမှားအယွင်းသည် ထင်ထင်ရှားရှားပေါ်လွင်နေသည် ဆိုရခြင်းမှာ ဆင်တစ်ကောင်လုံးမှားယွင်းခဲ့သောကြောင့် ဖြစ်ပါသည်။ အရက်မူးပြီး ဘုရားရှင်အား ရန်မူရန်ကြိုးစားသော ဆင်ကြီးမှာ နာလာဂီရိဆင်ဖြစ်၍ ဆဒ္ဒါန်ဆင်မင်း မဟုတ်သောကြောင့် အမှားအယွင်းမှာ မြင်သာသည်ဟု ပြောရခြင်းဖြစ်ပါသည်။ (ဤအတွေ့အကြုံသည် လေ့လာမှုအားနည်းခြင်း၊ မသိပဲနှင့်ပြောဆိုခြင်း၊ လူကြီးများနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း စသည့်အချက်များကြောင့် ရခဲ့သည်ဟု ဆိုချင်ပါသည်။)

ကောင်မလေးမှာလည်း အတော်ပင် ဒုက္ခရောက်သွားသည်။ ကျွန်တော်ဘာတွေရေးထားမှန်း သူအကုန် နားမလည်။ 'အနုပညာဟူသည် ပင်ကိုယ်က ခက်ခဲထွေပြားသည်တွင် အလွန်လျှင်မြန်သော အပြောင်းအလဲများနှင့် ပြည့်နှက်နေသည်'ဖြစ်ရာ ကျွန်တော်ဖန်တီးလိုက်သော အနုပညာပစ္စည်းတစ်ခုကို နားမလည်ခြင်းမှာ သဘာဝကျပါသည်။

သို့သော် အနုပညာ၏တန်ဖိုးသည် ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း စသည့် ရသများကို ပေးစွမ်းနိုင်ခြင်းဖြစ်ရာ ကျွန်တော်ဖန်တီးသော အနုပညာတစ်ခုကို နားမလည်ဟုဆိုသောကြောင့် အောင့်သက်သက်တော့ ဖြစ်ရပါသည်။ အနုပညာ၏ ပထမ အဓိကတန်ဖိုးသည် ရသတန်ဖိုးသာ ဖြစ်သည်။ ကျွန်တော့်စာကို နားမလည်လျှင် မဖတ်ပါနှင့် သို့မဟုတ် နားလည်အောင်ကြိုးစားပါဟု ဆိုချင်ပါသည်။ (ထို့ပြင် အနုပညာ၏ အသုံးတန်ဖိုး၊ လူမှုရေးတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး တို့ကို ရှေ့တန်းတင်၍ အဓိကဖြစ်လေဟန် ပြောနေကြသော 'ခပ်ကြောင်ကြောင်' လူတွေလည်း ရှိနေပါသေးသည်။ ထားတော့။)

မည်သို့ပင်ဖြစ်စေ ကလောင်သွားကား အစွမ်းထက်လှလွန်း၍ ကောင်မလေးမှာ မိဘမောင်ဘွားအစုံအလင်ဖြင့် ကျွန်တော့် သူငယ်ချင်းအိမ်သို့ ရောက်ရှိသွားပါတော့သည်။

တစ်မျိုးမတွေးစေချင်ပါ။ ရည်းစားစာ အပေးခံရမှုနှင့် ပတ်သက်၍ တိုင်ကြားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်းမှ တဆင့် ကျွန်တော့်မိဘများထံရောက်လာပါသည်။ ကျွန်တော့်ထံရောက်လာခြင်းမှာ ဘာတွေရေးထားသလည်း သိချင်ရုံ သက်သက်သာ ဖြစ်ပါသည်။ တိုင်ကြားရန် မဟုတ်ပါ။ ထိုအခါကျွန်တော့်မှာ ပြန်၍ ရှင်းပြရပါတော့သည်။ (ရှင်းပြချင်စိတ် မရှိပါ။) အဘယ့်ကြောင့်ဆိုသော် အနုပညာ ပစ္စည်းတစ်ခုသည် စာရေးသူ ကိုယ်တိုင် ရှင်းလင်းစေကာမူ မူလကပေးချင်သော ရသကို ရချင်မှ ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရှင်းလင်းချက်တစ်ချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"
ပိုးဟပ် = ညစ်ပတ်၍ အသုံးမတည့်သော ပိုးမွှားတစ်ကောင်
အာဖရိက = ဝေးကွာသော အရပ်တစ်ခု

ကောင်မလေးမှာ ချောမောသောကြောင့် အနားတွင် ယောက်ျားလေးမျာစွာ ဝိုင်းနေသည်ဖြစ်ရာ ထိုသူများမှာ ကျွန်တော့်သူငယ်ချင်းအတွက်တော့ ပိုးဟပ်များသာဖြစ်ပါသည်။ ထိုသူများမှ တစ်ယောက်ယောက် အဝေးသို့ ထွက်ခွါသွားလျှင် ကျွန်တော့် သူငယ်ချင်းမှာ ဝမ်းနည်းနေမည် မဟုတ်၊ ဝမ်းသာလိမ့်မည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ (ကောင်မလေးအိမ်တွင် ပိုးဟပ် ရှိလား မရှိလား ကျွန်တော် မသိပါ။)

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ ... ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"

ဤနေရာမှာ ကိုမာသည် အလှဖန်တီးရှင် လူ 'ကိုမာ' မဟုတ်ပါ။ ရောဂါနာမည် ကိုမာ (Coma) ဖြစ်ပါသည်။ ကိုမာရောဂါသည် မေ့မြောနေသော၊ ကြာရှည်သတိလစ်နေသော ရောဂါတစ်မျိုးဖြစ်ပြီး၊ ဤရောဂါခံစားနေရသူသည် အသက်ရှင်လျှက်နှင့် သေနေသူတစ်ယောက်ကဲ့သို့ ဖြစ်နေသောကြောင့် ကောင်မလေးက အချစ်ကို ငြင်းပယ်ခဲ့လျှင် ရှင်လျှက်နှင့်သေရပါမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ (ကိုမာရောဂါအကြောင်း အသေးစိတ်သိလိုလျှင် ဆေးပညာရှင်များထံတွင် မေးမြန်းနိုင်ပါသည်။)

ထိုအချိန်မှစ၍ မည်သည့်အကြောင်းနှင့်မှ ကျွန်တော် ရည်းစားစာ မရေးတော့ပါ။ ပထမဦးဆုံးသော ရည်းစားစာသည် ရသ မမြောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော့် ဘဝ၏ ပထမဆုံးသော အချစ်သင်ခန်းစာသည် ဤသို့ ကွေ့ပတ်သွယ်ဝိုက်၍ ကျွန်တော့်ကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ပါသည်။ (ထို့ကြောင့် ရည်းစားစာရေးပေးဖို့ အကူအညီတောင်းခြင်း သည်းခံပါ။)

ချမ်းညီချို
03-07-2010

ဇာတ်ပွဲ

+++ ဇာတ်ပွဲ +++

ရှိတ်စပီးယားဆိုသူက ကမ္ဘာလောကသည် ဇာတ်ခုံကြီးတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ လှမ်းကြည့်လိုက်သောအခါ တခမ်းတနား ပြိုးပြိုးပျက် တောက်ပသော မုသာဝါဒများအောက်တွင် လူကြမ်းကြီးများ သရုပ်ဆောင်နေကြပြီး ဇာတ်သိမ်းခန်းအပြီးတွင် နက်မှောင်၍တောက်ပသော ကတ္တရာလမ်းများတစ်လျှောက် ဝင်ရောက်ပျောက်ကွယ်သွားမည့်ဟန် ရှိပါသည်။

ကတ္တရာလမ်းများ ကိုယ်ထူကိုယ်ထ ခင်းထားကြသည်။ မြို့တိုင်းတွင် ကတ္တရာလမ်းများ ရှိသည်။ ကတ္တရာလမ်းများဖြင့် မြို့များကို ဆက်သွယ်ထားသည်။ ရှိတ်စပီးယားဆိုသူသည် ဇာတ်ခုံပေါ်တွင် လူကြမ်းတွေလည်း ရှိနိုင်သည်ဆိုသောအချက်ကို သိမှ သိသွားပါလေစ။

"မင်းနဲ့ငါ အချစ်ဇာတ်လမ်းဟာ ဇာတ်သဘင်တစ်ခုပါဆိုရင် ကြားက ကန့်လန့်ကာဟာ ဘယ်သူပါလဲ" ဟု ကဗျာဆရာတစ်ယောက်၏ မေးခွန်းကို ရှိတ်စပီးယား ဖြေနိုင်လိမ့်မည် မထင်။ မီးရောင်အောက်ကိုဝင်၍ လူပြက်များနှင့် တွဲဖို့သာ ကြိုးစားနေသော မင်းသမီးများကို ပို၍ စိတ်ဝင်စားဟန် ရှိသည်။ တစ်ခါတစ်ရံ ဇာတ်လမ်းသဘောအရ ဇာတ်ခုံပေါ်တွင် လူကြမ်းများသာ ရှိနေနိုင်ပါသည်။

စိတ်ထားကောင်းကောင်း မွေးပြီး အနုပညာဆန်ဆန်လေးနေရင် ဘဝဟာ ရုပ်ရှင်ကားတစ်ကား ရိုက်နေသလို ဖြစ်မှာပဲ ဆိုသော မောင်ရန်ပိုင်နှင့် ရှိတ်စပီးယားတို့ စကားလက်ဆုံကျနေချိန်တွင် ပြောင်လက်နက်မှောင်သော ကတ္တရာလမ်းထောင့် လူကြမ်းတစ်ယောက် ဖြတ်လျှောက်လို့သွားသည်။

ယခုအချိန်ထိ ဇာတ်လမ်း၏ ခေါင်းဆောင်မင်းသမီးကတော့ ပေါ်မလာသေး။ နေ့သစ်တစ်နေ့ကို ဝင်းပလာအောင် တစ်ညတာလုံး တံခါးခေါက်သူ၊ အလင်းနှိုးသူ အဝိဇ္ဇာကြယ်ပွင့်လေး ဇာတ်မင်းသားလေးသိန်းဇော်ကတော့ သောင်းထိုက် စကြဝဠာရဲ့ မြတ်နိုးအပြုံးတွေကို ဖိတ်ခေါ်နေလေရဲ့။ ကျွန်တော် ပြုံးမိတယ်။ သူက စန္ဒရားတစ်လုံးနဲ့ အသံညှိယူထားသလို တိကျလှပတဲ့ အဲဒီအပြုံးတွေကို သူ့ရင်ထဲမှာ ဘယ်တော့မှ စစ်အရှုံးမခံဘူးလို့ အာမခံတယ် ဆိုလို့လေ။

ဇော်ဇော်အောင်ကတော့ အလှဆိုတာ သီးခြားကင်းလွတ်စွာ ရပ်တည်နေနိုင်တဲ့ အရည်အချင်းတစ်ခုလား၊ အရုပ်ဆိုးခြင်းနဲ့ နှိုင်းယှဉ်မှ မြင်သာထင်သာတဲ့ ဂုဏ်တစ်ခုလား။ စိတ်ထဲက အထင်လား။ အလှဆိုတာ ပိုင်ဆိုင်ထားသူဘက်က အကြောင်းတရားလား။ ခံစားသူဘက်က အကျိုးသက်ရောက်မှုလား ဆိုပြီး ပြုံးပြုံးကြီး လုပ်နေလေရဲ့။

ဒီလိုပါပဲ။ ကားမီးတစ်ထိုးစာအလင်းထဲ မြင်သလောက် ဝင်ရောက် ကကြတာပေါ့။ ဇာတ်ညွှန်း သစ္စာနီရဲ့ ပထမဆုံး ဝါကျကတော့ အခုမှ လမ်းလျှောက်လို့လာနေတုန်းပဲ ရှိသေးတယ်။

ချမ်းညီချို
01-07-2010

ပြန်/မျှော် ကြည့်ခြင်း

+++ ပြန်/မျှော် ကြည့်ခြင်း +++

ကွန်ပြုတာနှင့်အင်တာနက် - ၄၉ %
တယ်လီဗီးရှင်း - ၁၃ %
တယ်လီဖုန်း - ၁၂ %
မော်တော်ကား - ၅ %
မီးရထား - ၅ %
ဆေးဝါး - ၅ %
စာအုပ် - ၅ %
လေယာဉ်ပျံ - ၁ %
အာကာသခရီးစဉ် - ၀ %

သည်လစကား၊ အယ်ဒီတာအကြိုက်၊ သိပံ္ပနည်းပညာနှင့် စိတ်ကူးသစ်များ၊ မျက်နှာဖုံးဆောင်းပါး၊ အတွေ့အကြုံ၊ စီးပွါးရေး၊ နိုင်ငံတကာဝတ္တုတို၊ အမြင်၊ သဘောထားမှန်ကူကွက်၊ သူတို့အမြင်၊ အထူးကဏ္ဍ၊ အက်ဆေး၊ လတ်တလော ဆိုဖြစ်နေတဲ့ သီချင်း။ - ၅ %

'လူတိုင်းနှင့်တော်သော ဖိနပ်တစ်ရံ' - ၀ %

ခရီးသွားခြင်း မှတ်တမ်းစာသားအချို့။ မှတ်ချက် - ပျော်ရွှင်ခြင်း၏ ပါဝင်မှု ပမာဏ လွန်စွာမှ နည်းပါး။ အင်္ဂါဂြိုဟ်သို့ ကျွန်တော်ဆိုက်ရောက်လျှင် ကမ္ဘာဂြိုဟ်ပေါ်မှ ကျွန်တော့်ထံသို့ အဆက်ဖြတ်လိုက်ပြီဖြစ်ကြောင်း စာရေးသားစေလို။

ချမ်းညီချို
25-06-2010

ဂြိုဟ်အမှတ် ၁၀/၁၇၀၅

+++ ဂြိုဟ်အမှတ် ၁၀/၁၇၀၅ +++

တစ်နေ့သ၌ ကျွန်တော့် ဂြိုဟ်ကမ္ဘာထဲတွင် ပန်းလေးတစ်ပွင့် ပွင့်လာခဲ့သည်။ နံနက်ခင်းတစ်ခု ဥယျာဉ်ထဲတွင် ပေါင်းပင် မြက်ပင်များ သုတ်သင်ရှင်းလင်းနေခိုက် နေရောင်ခြည်အောက်တွင် လှပစွာပွင့်နေသော ပန်းလေးကို ပထမဦးဆုံးအကြိမ်အဖြစ် ငေးကြည့်မိသည်။ ကျွန်တော့်ဂြိုဟ်ကမ္ဘာတွင် နံနက်ခင်းပေါင်း ၃၆၅ ခု ရှိ၍၊ မကောင်းသောစိတ်များသည် မသိမထားမိပါက ပေါင်းပင်မြက်ပင်များကဲ့သို့ ရှင်သန်ကြီးထွားတတ်သည် ဆိုသောကြောင့် နံနက်ခင်း ပေါင်းပင်များ ရှင်းလင်းနေချိန် "ကောင်းသော နံနက်ခင်းပါရှင်.." ဟူသော အသံစူးစူးလေးကို စတင်ကြားမိခဲ့ခြင်း ဖြစ်သည်။

ပန်းကလေးသည် မူယာများသူလေးလည်း ဖြစ်ပါသည်။

"အဟွတ် အဟွတ် ရှင့်နေရာက လေစိမ်းတွေ တအားတိုက်တာပဲ" ဟု ဆိုသောအခါ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရပါသည်။ လောကကြီးထဲ စတင်ဝင်ရောက်စ ပန်းလေးရဲ့ ပွင့်ဖတ်နုနုများအကြား အရာရာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖြတ်သန်းတိုက်ခတ်နိုင်သော လေစိမ်းများအကြောင်း ကျွန်တော် သိရှိ ခံစားနားလည်လို့ ရပါသည်။ ထို့ကြောင့် ပန်းလေးအတွက် ဖန်ပေါင်ချောင်လေးတစ်ခု ရေးဆွဲရပါဦးမည်။

သို့သော် ဖန်ပေါင်းချောင်သည် ပန်းကလေးကို ကျွန်တော့် ဂြိုဟ်ကမ္ဘာထဲရှိ သိုးတစ်ကောင်၏ စားသုံးမှု အန္တရာယ်မှ ကာကွယ်ပေးနိုင်လိမ့်မည်ကား မဟုတ်ပေ။ (ထိုသိုးကလေးကို အဖြုရောင် မဟုတ်သော်လည်း တစ်ကောင်တည်းသာရှိ၍ သိုးမည်းလေးဟု ကျွန်တော် မခေါ်ရက်ခဲ့ပါ။) ကျွန်တော်တစ်ယောက်တည်း နေထိုင်သော ဤ ဂြိုဟ်ကမ္ဘာတွင် သိုးမည်းတစ်ကောင်လည်း ရှိသည်ဟု ပြောရမှာကို ရှက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဖန်ပေါင်ချောင်လေးကတော့ ပန်းကလေးကို လေစိမ်းများ၏အန္တရာယ်မှ အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ပြီး သိုးမည်းလေး၏ အန္တရာယ်မှ ကာကွယ်ရန်အတွက်တော့ ပါးခြုပ်လေးတစ်ခု ရေးဆွဲရပါဦးမည်။

ညနေဆည်းဆာချိန်များတွင် ပန်းကလေးကို လေစိမ်းများမတိုက်အောင် ကာကွယ်ပေးရင်း
(၁) အခြားဂြိုဟ်ကမ္ဘာများတွင် နေထိုင်သော အရက်သောက်ခြင်းကိုရှက်လို့ မေ့ပစ်နိုင်အောင် အရက်သောက်နေသော အရက်သမားများ အကြောင်း၊
(၂) ကိန်းဂဏန်းများကိုသာ စိတ်ဝင်စားသော လူကြီးများနေထိုင်ရာ ဂြိုဟ်ကမ္ဘာများအကြောင်း၊
(၃) ဖြတ်သွားဖြတ်လာပြုမိသူများကအစ သူတို့ဆီ ဝင်ရောက်ခစားဖို့ လာသည်ဟု ထင်နေသော ဘုရင်ကြီးများနေထိုင်ရာ ဂြိုဟ်ကမ္ဘာများအကြောင်း၊
(၄) မီးတောင်သေများရှိပြီး မပေါက်ကွဲအောင် စက္ကန့်မလပ် စောင့်ကြည့်နေရသော ဂြိုဟ်ကမ္ဘာများအကြောင်း
ပြောပြရပါဦးမည်။

ချမ်းညီချို
17-06-2010

(ညွှန်း - Antoine de Saint-Exupéry's The Little Prince)

သူ့နောက်မှာ ဘာမှ မရှိတော့ဘူး

+++ သူ့နောက်မှာ ဘာမှ မရှိတော့ဘူး +++

ခိုတစ်အုပ် လန့်ပြီး ထပျံသလို
စဉ်းစားလိုက်တိုင်း ခေါင်းထဲက
စကားလုံးတွေ ထပျံသွားတယ် ..
အဲ့သလောက်ပဲ
မင်းအတွက် နေရာပေးနိုင်ခဲ့...။

မင်းနဲ့ငါ ချိတ်ဆက်မိကြပုံဟာ
ငါ့ကိုယ်ငါ ရှာမတွေ့နိုင်တော့ရုံ...။

မင်းနဲ့ငါ အကျွမ်းဝင်ခဲ့ပုံဟာ
မနက်ဖြန်တွေက ချည်ပြီးတုပ်ပြီး ဖြစ်နေရုံ...။

ပုံတူလူသားနှစ်ယောက်လို တစ်ယောက်
သိစိတ်နောက် တစ်ယောက် ကပ်လိုက်နေလို့ ..

အရေပြားအောက်က ဖြုစင်တဲ့လွမ်းဆွတ်မှု
(ငါ့မှာ)
ဘယ်ဘက်ရင်အုံကို လက်နဲ့ ဖိထားရတယ်။

ချမ်းညီချို
16-06-2010

အပြာရောင် ဂြိုဟ်သားများ (၁၂)

+++ အပြာရောင် ဂြိုဟ်သားများ (၁၂) +++

လျှောက်သွားနေလိုက်တယ်
လူတွေရဲ့ မျက်နှာထဲ
ဘယ်သူဟာ ချစ်တတ်သလဲ
မေးခွန်းထုတ်ရင်းနဲ့။

ဒါဟာ
လောကကြီးရဲ့ သတ်ဖြတ်
စားသုံးခြင်းခံရမယ့် ရင်သွေးငယ်တွေရဲ့
နှလုံးသားများ အတွက် ..။

အချို့တွေလို
ပင်စင်စားအတွေးအခေါ်နဲ့
ရေဒီယိုက စိတ်ကူးယဉ် စစ်ပွဲသတင်းတွေ
ထိုင်နားထောင်နေရင်လည်း ဖြစ်တယ်။

ကိုယ်လွတ်ရုန်း ဖြတ်သန်းသွားလိုက် ..
ရှေ့လာမယ့် သမိုင်းမှာ သစ္စာဖောက်တွေ အဖြစ်နဲ့။

ချမ်းညီချို
09-06-2010

မနေ့ကလက်တံများ နဲ့ ဒီနေ့နာရီ

+++ မနေ့ကလက်တံများ နဲ့ ဒီနေ့နာရီ +++

အရင်လိုပါပဲ
အရိုးသားဆုံး တက်မက်မှုတွေ
အကုန်လုံး လန်းဆန်းနေတုန်းမှာပေါ့။

ကမ်းပါးတွေကလည်း
မြစ် ရေစီးကြောင်းအတိုင်း
ကောက်ကွေ့သွားရသလို ...။

ကျွန်တော့်မှာလည်း
ခေတ် ရေစီးကြောင်းအတိုင်း
ကွေ့ကောက်မျောပြီး ကမ်းမတင်ဖြစ်လိုက်ရ။

ဒီလိုနဲ့ပဲ ...

အခန်းထဲမှာ
ငြိမ်သက်တဲ့ စကားလုံးတွေက
ဖျော်ဖြေမှု တစ်ခုလို လွမ်းနာကျလို့။

အခန်းဟာ
ရွဲ့စောင်းဖုန်တက်နေတဲ့ ပြင်္ကဒိန်အောက်မှာ
ကျွန်တော့် မိသားစုကို ချိတ်ဆွဲလို့။

အခန်းဟာ
ဘဝကို အင်္ကျီတစ်ထည်လို ချွတ်ချပြီး
မျက်လုံးအိမ်ထဲက အိမ်ကို စိုက်ကြည့်လို့။

အခန်းဟာ
အိပ်မက်တွေကို အချိုသပ်ဖို့
အချိုပွဲတည်လို့။

အခန်းမှာ
ကျွန်တော်ဟာ
ရိုးသားစွာ ဖုန်တက်ပြီး
အိပ်မက်တွေကို အချိုပွဲတည်နေတဲ့
အင်္ကျီမပါ မျက်ကန်း ပြင်္ကဒိန်တစ်ချပ်ဖြစ်လို့
ကွေ့ကွေ့ကောက်ကောက်ကြီး မျော/မြောနေလေရဲ့။

ချမ်းညီချို
06-06-2010

တံခါးပေါက်မှ ဖြတ်ဝင်လာသော အရောင်များ

+++ တံခါးပေါက်မှ ဖြတ်ဝင်လာသော အရောင်များ +++

သိလား
ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာမဟုတ်ဘူး (ဇေယျာလင်း)
တွေ့လား ဟောဟိုမှာ
လွှမ်းမိုးမှုအပြီး တင်ကျန်ရစ်ခဲ့သော နုံးများ (ဇေယျာလင်း)
ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း) နဲ့
ရေကန်တိုင်းမှာ အိမ်ရှိတယ် (ဇေယျာလင်း)
ကြုံတုန်းဆုံခိုက်
တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုရန်အတွက် (မောင်ယုပိုင်)
တစ်ထောင့်တစ်နေရာကနေ ဝင်အန်ကြ (ဟိန်းမြတ်ဇော်)
ဒီအကြောင်းတွေ ငါတို့ ပြောတဲ့အခါ (နေမျိုး)
ဒီဘဝမှာ ငါရတဲ့ ဝေစု (နေမျိုး)
ကြည့်ပါ
ရွှင်ပျော်မြူး ပြဇာတ် (အောင်ချိမ့်)
မင်းအပြုအမူကို ကိုယ်စားပြုသော ငါ့သီချင်း (မောင်ဖီလာ)
ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ (မောင်ဖီလာ)
အရက်သမား ၁၀ (ခရမ်းပြာ ထက်လူ)
အိမ်ပြေး ၄ (ခရမ်းပြာ ထက်လူ)
တော်ပြီ တော်ပြီ ဒီလောက်ပဲ
ငါ့ စိတ်ကို မီးခလုတ်လို လာလာမဖွင့်နဲ့တော့ (မောင်ဖီလာ)။ ။

ချမ်းညီချို
28-05-2010

အပြာရောင် ဂြိုဟ်သားများ (၁၁)

+++ အပြာရောင် ဂြိုဟ်သားများ (၁၁) +++

ဒီမှာ
အပ်တစ်ထောက်စာ
ဖြု၊ မည်း၊ ညို၊ ဝါ အရေခွံထဲ
ကိုယ့်အလောင်းကိုယ် ထမ်းလို့
ဒွါရကိုးပေါက်နဲ့
ရွာရိုးကိုးပေါက် လျှောက်နေကြရပေါ့ ..။

ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပြီတဲ့ ..။

ဒီလိုနဲ့ ရွာထဲမှာ
ကျီးကန်းတွေဟာ အမျိုးကိုထိရင် နာလို့
ဒိုင်နိုဆောတွေဟာ မျိုးတုန်းလို့
ဝံပုလွေတွေဟာ အုပ်စုဖွဲ့ နေထိုင်လို့
ပုရွက်ဆိတ်တွေဟာ စည်းလုံးကြလို့
မျောက်တွေဟာ အနီးဆုံးကောင်ကို အကာအကွယ်ပေးလို့ ..။

ရွာသားတွေဟာ
သမိုင်းဝင် စိတ်ကူးယဉ်စစ်ပွဲတွေ ဆင်နွှဲလို့
လပြည့်၊ လကွယ်နဲ့ စိတ်တွေပြည့်၊ စိတ်တွေကွယ်လို့
တစ်စိတ်တည်း တစ်ဝမ်းတည်း စိတ်ဝမ်းတွေကွဲလို့
ဖန်တစ်ရာတေ ဇာတ်လမ်းတွေကိုပဲ အဖန်ငါးရာငါးကမ္ဘာ ဖန်ဆင်းလို့
ရုပ်မြင်၊ သံကြားတွေကိုပဲ ချစ်၊ကြိုက်၊ဆဲဆို၊အပြစ်တင်၊ ချီးမွမ်းကြလို့။

စိတဇ္ဇနာမ်တွေနဲ့ ကိုယ့်မြင်းကိုယ်စိုင်း နေလိုက်ကြတာ။

နောက်ဆုံးတော့
တစ်ကိုယ်ရေ အစိတ်စိတ်အမွှာမွှာ
ဖူးပွင့်ခြွေချပစ်လိုက်ဖို့ အတွက်ပါပဲ ..။

ဒီလိုနဲ့
ရွာကြီးဟာ အဆုံးစွန်ထိ ပူနွေးသွားတဲ့ အချိန်မှာ
ဒွါရကိုးပေါက်ကနေ ပုတ်အဲ့ အငွေ့ပျံထွက်သွားကြပေါ့။ ။

ချမ်းညီချို
27-05-2010

ဖြစ်နေကျ အချစ်ပုံစံ (၁၁)

+++ ဖြစ်နေကျ အချစ်ပုံစံ (၁၁) +++

ဒီလိုနဲ့
ကျွန်တော်တို့ ဟာ
အင်တာနက်၊ တယ်လီဖုန်း
ဓာတ်ပုံ၊ ဗီဒီယို၊ မိုက်ကရိုဖုန်းနဲ့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

စာလုံးများဟာ ဖတ်သူရှိမှ
စကားလုံးများ ဖြစ်လာတာမို့...

ကျွန်တော်တို့ဟာ
အသံတိတ် ချစ်ကျွမ်းဝင်လို့
စိတ်ကောက်လို့၊ လိုက်ချော့လို့
ကြည်နူးလို့၊ လွမ်းလို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ဟာ
အရင် ခေတ်တွေကလို
တွေ့ရင် ပျော်လို့
မတွေ့ရင် လွမ်းလို့
သွားလေရာ သူ့အရိပ်ပဲဖြစ်လို့
ကြားလေရာ သူ့အသံပဲဖြစ်လို့
မြင်လေရာ သူ့မျက်နှာဖြစ်လို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ ဟာ
အရင် ခေတ်တွေကလို
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ချမ်းညီချို
22-05-2010

ဗီလိန် ဂျိုကာ

+++ ဗီလိန် ဂျိုကာ +++

တကယ့်ကောင်။

ဘာမှ လုပ်စရာ မလိုဘူး
ဒီတစ်ချပ် ကိုင်ပြီး ထိုင်စောင့်ရုံပဲ..တဲ့။

ဂျိုကာ မျက်နှာနဲ့ပဲ
ဘယ်မှာ ကပ်ကပ်
ဟုတ်သလို ရှိတယ်။

သူက ဦးဆောင်ပြီး ဘာမှ သုံးမရတာကလွဲလို့
ကြားဝင်တွဲတွဲ၊ အနောက်ကဝင်ဆွဲဆွဲ
ဖြစ်နေတာပဲ ..။

ဒီမှာတင် မဟုတ်
ကမ္ဘာကြီးတောင် ပြောင်းပေးနိုင်တယ် ဆိုလား ..

ဆယ်ပြားအဆင့်နဲ့ ပျော်ပြီး
ဂျိုကာရုပ်နဲ့ လာနောက်နေလေရဲ့ ..။

တကယ်တမ်းက
ကမ္ဘာ့ အဆင့်မှီ
ဝိုင်းကြီးတွေမှာ
အဲ့ဒီ အကောင်ကို ဘေးထုတ်ရိုက်တာဗျ။

ရွေးပြီးတော့ကို ဖယ်ထုတ်ရသေးတာ ...။

ချမ်းညီချို
15-05-2010

ညီမလေး

+++ ညီမလေး +++

တကယ်ပါ
ကျွန်တော့်ရဲ့ ညီမလေး
သတိမရအောင် နေလို့ မရဘူး။

"သတိရလိုက်တာ.."

အော်လိုက်တဲ့ အသံဟာ
မိုးပေါ်က သိကြားမင်းကိုတောင်
ပြုံးသွားစေသတဲ့။

မမြင်ရပေမယ့်
တချို့အရာတွေ ကျွန်တော် ယုံတယ်။

နှလုံးခုန်လို့
ကျွန်တော်အသက်ရှင်နေတယ်

နှလုံးခုန်တာလေး
ကျွန်တော် မမြင်ရ
ဒါပေမယ့် ကျွန်တော် ယုံတယ်။

အဆိပ်ခွက်တစ်ခွက်
သူ .. သောက်မိမယ်အလုပ်
ကျွန်တော့် နှလုံးသားနဲ့ တိုးတိုက်လို့
အဲဒီ့ခွက်ကို မှောက်ပစ်ပေးလိုက်မယ်။

အဲဒီလောက်ထိ ကျွန်တော်ယုံတယ်။

ချစ်သူဆိုတာ
ကြုံသမျှ ပညတ်တရားတွေ မဟုတ်
ငြိမ်းအေးခြင်း၊ ပြုစုခြင်း၊ ရှင်သန်ခြင်းတွေသာ
ချစ်သူမည်သတဲ့။

တကယ်ပါ
ကျွန်တော့်ရဲ့ ညီမလေး
သတိမရအောင် နေလို့ မရဘူး။

ချမ်းညီချို
14-05-2010

+++ ည +++

ကြည့်လေ
ညက ညစစ်စစ် ဖြစ်လို့နေပုံများတော့ ..

အမှောင်က တစိမ့်စိမ့် ဖွဲ
လျှောကျလို့လာနေပြီး
လရောင်တွေက အမှောင်ကို စွန်းလို့

အလင်းကွက်က နက်ရှိုင်းတဲ့
အမှောင်ထဲ တစိမ့်စိမ့် ပြန့်လို့လာနေချိန်မှာ

လေအတိုက်ပါးလို့ အရာရာက ငြိမ်ငြိမ်ဆိတ်
ကြည်နူးစရာကောင်းရုံလေးသာ ခပ်စိမ့်စိမ့် တိုက်နေတာ

ဟောဒီ
လရောင် ငြိမ်သက်နေတဲ့
ညမှာ ..။

ညဟာ
ယဉ်ယဉ်လေးရယ် ..။

ကြယ်တွေဆိုလည်း
တစ်ပွင့်ချင်းနဲ့ တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေး ထွန်းလင်းတောက်ပ။

သဘာဝဖြစ်ရက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာ လှပခွင့်မရတဲ့
သဘာဝ တရားဟာ
ဒီညထဲ
သဘာဝကျစွာ လှပ .. ။

ချမ်းညီချို
12-05-2010

နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါး

+++ နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါး +++

အဲဒါ
နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါးတွေမှာ
ဖြစ်ခဲ့တာပါ။

ဟုတ်တယ်
မွေးမြုရေး ငါးတွေမှာ
ဖြစ်ခဲ့တာပါ။

အဲဒီမှာ
တစ်ဝက် မှိုတက်ခံရတဲ့
နုပျိုမှုတွေ ပါတယ်၊

အိမ်ပြေးတစ်ယောက်ရဲ့
ကြေကွဲရမှုတွေ ပါတယ်၊

ဆယ်ဘဝစာ အမောမီးခိုး ပါတယ်၊

အမြဲစိမ်းသစ်တောလေးသာ တောင့်တတဲ့
ငန်းဖြုတစ်ကောင်ရဲ့
ဆန္ဒအပူတွေ ပါတယ်

ဒေါင်းပျိုတစ်ကောင်ရဲ့
ဆန္ဒအပူတွေ ပါတယ်။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ

မစဉ်းစားတော့ပါဘူး ... တဲ့။

မြေကြီးမှာ ဆွဲအားရှိလည်း
ပေါ့ပေါ့ နေစား လိုက်ချင်တာပါပဲတဲ့။

တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ
ကိုယ့်ကိုကိုယ် မသေရုံ မွေးမြုထားတဲ့သူတွေ

မစဉ်းစားတော့ပါဘူး ... တဲ့။

တိုက်ကလေးဆောက်၊ ကားလေးစီး
ဟောဒီ ဝမ်းတစ်ထွာ ဝနေရုံလောက်ပါပဲတဲ့။

ကမ္ဘာကြီးခင်ဗျား
သင်ကောင်းခဲ့သော်လည်း
ကျွန်ုပ်တို့ ဆိုးခဲ့ပါတယ်

ရိုးသားခွင့် မရှိတော့လို့ ပါ ... ။

ရိုးသားခွင့် မရှိတော့လို့ ပါ ... ။

ရိုးသားခွင့် မရှိတော့လို့ ပါ ... ။

အဲဒီမှာ လူ့အဖြစ်ကို
အံ့ဩ ထိတ်လန့်ဖွယ်ရာ
တွေ့ရှိရတာ ဖြစ်ပါတယ်။

ကျွန်တော့် ဦးနှောက်အဆင့်က ဒီလောက်ပါပဲ ...

နိုင်ငံရေး မရှိတဲ့ မွေးမြုရေးငါးတွေပါ ခင်ဗျာ။

ချမ်းညီချို
08-05-2010
အပိုင်းအစများ
မောင်ချောနွယ် - "မောင်ချောနွယ် အတု" ကဗျာများ။

နင်ဟာ လရောင်

+++ နင်ဟာ လရောင် +++

ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရိစ္ဆေဒတွေ
လရိပ်တွေ မနိုးမခြင်း စောင့်နေရ။

အဖြုအမည်းလား၊ ရောင်စုံလားတောင်
မကွဲပြားတဲ့ အိပ်မက်ထဲ၊
မွှေးပျံ့နေတဲ့အရာ ဒါဘာလဲ၊ ဘယ်သူပြောမလဲ။

ဟောဒီမှာ
ချစ်ခြင်းစကား ဖွင့်ဟတဲ့၊ မျက်လုံးလေးကိုတောင်
မမြင်ရလေအောင် မှောင်မဲ၊
ငါ့ လရောင် ခိုးသွားတာဘယ်သူလဲ။

ဒါနဲ့များတောင် (ငါဆိုတဲ့ကောင်က)
ကြယ်စုံလစုံနဲ့ ရင်ခုန်ချင်သေးသတဲ့။

အဲလို ...

ရူးရူးမူးမူး ဆုတောင်းလိုက်လည်း
သစ်ရွက်လို လွယ်လွယ်ကြွေဖို့
ကြယ်တွေမှာ ပင်စည်မရှိဘူးတဲ့။

ဒီလိုနဲ့ပဲ မှောင်မှောင်မဲ၊
(ငါလို)
လူတစ်ယောက်ရဲ့ ဦးခေါင်းဟာလည်း၊
အိပ်မက်တွေနဲ့
အက်ကြောင်းထ ကဗျာပါပဲ။

ချမ်းညီချို
08-05-2010

အပိုင်းအစများ
မောင်သိန်းဇော် - ရှုမျှော်ခင်း ကဗျာများ။