Sunday 25 July 2010

လွမ်း၍

+++ လွမ်း၍ +++

တစ်ခါက ဒယ် ဟု ခေါ်သော မမ တစ်ယောက် ကောက်ရဖူးသည်။ သူ့တွင် တစ်ခါတစ်ရံ ကွန်ပြူတာ ခလုတ်များကို နှိပ်၍၊ တစ်ခါတစ်ရံ ကျွန်တော့်ကို ဆိတ်ဆွဲတတ်သော၊ တစ်ခါတစ်ရံ ထမင်း ခွံကျွေးတတ်သော၊ ဘုရားသွားလျှင် ကျွန်တော့် ဖိနပ်ကို ကိုင်ပေးတတ်သော၊ ကားလမ်းကူးလျှင် ကျွန်တော့် လက်မောင်းကို စိုးရွံ့တကြီး ကိုင်ထားတတ်သော လက်ချောင်း ဖြူဖြူကလေးများ ရှိပါသည်။ အလွန်အပျင်းထူသော ကျွန်တော် တစ်ယောက် သူ့ဆီ ဖုန်းဆက်ဖို့ မေ့သွားခဲ့လျှင် စိတ်ဆိုးပြီး စူထားတတ်သော၊ အရက် အများကြီးသောက်ပြီး ကြုံရာ နေရာတွင် ကျွန်တော် ဝင်အိပ်နေခဲ့သည်ကို သိသွားသော အခါမျိုးတွင် စိတ်ဆိုးပြီး စူထားတတ်သော နှုတ်ခမ်း ထူထူများ ရှိပါသည်။ သူမကို ချစ်သော ကျွန်တော်သည် ထို လက်ချောင်း ဖြူဖြူများနှင့် နှုတ်ခမ်းထူထူများကို ချစ်ပါသည်။ လက်ဖက်ရည်ဆိုင် အတူ ထိုင်ချိန်များတွင် မတော့ (တကယ်တမ်းတော့ သူမသည် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို လုံးဝ အားမပေးပါ။) ထို လက်ချောင်းဖြူဖြူများဖြင့် လက်ဖက်ရည်ကို မွှေပေးပြီး၊ နှုတ်ခမ်းထူထူများဖြင့် ကျွန်တော့် လုပ်ခဲ့သမျှ ထိုင်၍ ဆူနေလေ့ရှိပြီး ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသော အင်္ဂလိပ် သီချင်းကိုသာ စိတ်ဝင်တစား နားထောင်နေလေ့ ရှိပါသည်။ အမြဲဆူပူနေသော အကြောင်းအရာများမှာ အသုံးမဝင် (သူမအထင်) သော ကျွန်တော် ငှါးဖတ်နေကျ လစဉ်ထုတ် မဂ္ဂဇင်းများ၊ လခထုတ်ပြီးတိုင်း ဝယ်လေ့ရှိသော ဗမာလိုရေးထားပြီး (သူမ) နားမလည်သော ဝထ္ထုစာအုပ်များ နှင့် နာမည်ကြားဖူးရုံဖြင့် စမ်း ဝယ် နားထောင်ကြည့်သော အင်္ဂလိပ် ကက်ဆက်ခွေများ အကြောင်းသာ ဖြစ်လို့နေခဲ့ပါသည်။ လက်ချောင်းဖြူဖြူ နှုတ်ခမ်းထူထူများကို ချစ်သော်လည်း သူမ၏ ဦးနှောက်ဖြူဖြူများကို မချစ်တတ်ခဲ့သော ကျွန်တော်သည် သူမအတွက်တော့ အဝေးကို ပျံထွက်သွားသော ငှက်ငယ်တစ်ကောင်သာ ဖြစ်ခဲ့ပါသည်။ လူသားနှစ်ဦး ပေါင်းဖက်ဖို့အရေးတွင် လက်ချောင်းဖြူဖြူ၊ နှုတ်ခမ်းထူထူများထက် ဦးနှောက်ဖြူဖြူများက ပို အရေးကြီးသည် ဟု ထင်ခဲ့သော ကျွန်တော်သည် တစ်ခါတစ်ရံ သူမကို လွမ်းပါသည်။ တကယ်တမ်းတော့ သူမသည် ကျွန်တော် လွမ်း၍ မတမ်းတသော လက်ချောင်းဖြူဖြူ၊ နှုတ်ခမ်းထူထူ တစ်ခုသာ ဖြစ်ပါသည်။


ချမ်းညီချို
16.01.2010

No comments:

Post a Comment