Sunday 25 July 2010

ကျွန်တော် မဖြေနိုင်၍ ချန်လှပ်ထားခဲ့သော မေးခွန်းများကို ပြန်ဖြေခြင်း (၁)

++ ကျွန်တော် မဖြေနိုင်၍ ချန်လှပ်ထားခဲ့သော မေးခွန်းများကို ပြန်ဖြေခြင်း (၁) ++

တစ်ချိန်တစ်ခါမှာ ကျွန်တော်တို့အဖို့ ကျောခိုင်း လှည့်ထွက်လို့မရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အရင်းအနှီးကြီးတဲ့၊ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတွေကို စွန့်လွှတ် ဆုံးရှုံးရမယ့် အနေအထားမျိုးတွေပေါ့။

မြင်ကွင်း
=====
ကိုနီက အသက်သုံးဆယ်ကျော်။ သူ့မှာ အိုးပိုင်အိမ်ပိုင်မရှိ၊ ပစ္စည်းဥစ္စာ မရှိပါဘူး။ ဒါကြောင့် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အိမ်ခန်းငှါး နေထိုင်ရပြီး နံနက်စာ ညစာကိုလည်း ဖြစ်သလို စားသောက်နေရတဲ့သူ။ သူ့တစ်ယောက်စာ နေထိုင် စားသောက်မှုအတွက် သူတတ်ကျွမ်းရာ ပညာမျိုးစုံနဲ့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

သူဟာ တစ်နေ့မှာ အပြင်ကနေ အိမ်ကို ပြန်လာတဲ့အချိန် မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံပါတယ်။ အဲဒီဖြစ်ရပ်ကတော့ လမ်းမှာ သူ့အသိ မိန်းကလေးတစ်ဦးနဲ့ တွေ့လိုက်ခြင်းက စပါတယ်။ တွေ့တဲ့အခါ အဲဒီမိန်းကလေးရဲ့ လက်ထဲမှာ ခြင်းတောင်းတစ်ခု ဆွဲထားပြီး ဆွဲခြင်းထဲမှာတော့ မွေးကင်းစ လသားအရွယ် ကလေးတစ်ယောက်၊ ကလေးကလည်း မိန်းကလေး။ အဲဒီကလေးကို သွားပစ်မလို့တဲ့။ အဲဒီလို ပစ်မယ့်သူကတော့ ကလေးရဲ့ မိခင်ကိုယ်တိုင်ပါပဲ။ အကျိုးအကြောင်း မေးကြည့်တဲ့အခါ ယောက်ျားတစ်ယောက်ရဲ့ တာဝန်မဲ့မှုအပေါ် လက်တုံ့ပြန်တဲ့သဘောနဲ့ သူ့ရဲ့မိဘတွေက ဒီကလေးကို စွန့်ပစ်ဖို့ အတင်းအကျပ် ခိုင်းစေတာရယ်၊ မိန်းကလေးကိုယ်တိုင်က အရွယ်ငယ်ပြီး ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်တဲ့ အနေအထား မရှိတာရယ်တို့ကြောင့် တစ်ခြားနည်းလမ်းကို မရွေးနိုင်ပဲ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်း မိန်းကလေးက ငိုကြီးချက်မနဲ့ ပြောပါတယ်။

ဒီအခါ ကိုနီဟာ သူ့ရှေ့က ကလေးသားအမိကို ဘယ်လို ကျောခိုင်းရမှန်းမသိ ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူ့အတွက်က တစ်ခုခုကို ဆုံးဖြတ်လိုက်မှ ဖြစ်မှာပါ။ အဲဒီ ဆုံးဖြတ်ချက်ဟာ ဘယ်လို ဆုံးဖြတ်ချက်မျိုး ဖြစ်မလဲ။ ဒီသားအမိကို နှစ်သိမ့်စကား ပြောရုံပဲ ပြောမလား၊ တစ်စုံတစ်ရာ တာဝန်ယူမလား၊ ဒါမှမဟုတ် အလိုက်သင့် စကားပြောရင်း ကျောခိုင်းမလား။


ကျွန်တော်တို့ ကိုယ်တိုင် ကြုံလိုက်ရမယ်ဆိုရင် ဘယ်လို ဆုံးဖြတ်ကြမှာလဲ။
?
?
?
?
?
အဖြေ = စွန့်ပစ်ခံရတော့မယ့်ဆဲဆဲ ကလေးကို ကျွန်တော် ခေါ်ယူမွေးစားလိုက်ပါတယ်။

ချမ်းညီချို
28-01-2010

ရည်ညွှန်း
လူနှင့် ညီမျှခြင်းများ (အောင်သန့်)
သူတို့ အတွေးအခေါ် မှတ်စုများ (တက်တိုး)

No comments:

Post a Comment