Wednesday, 14 November 2012

သောက်ပေဦးတော့ နောက်တစ်မျိုး

သောက်ပေဦးတော့ နောက်တစ်မျိုး


      ဆေးရုံချိန်းအတိုင်း ဒီနေ့ နေ့ခင်း ဆေးရုံကို အသွားမှာ ဓာတ်လှေခါးနဲ့ ရှစ်ထပ်မြောက်ကို တက်နေကတည်းက ဆရာမဝင်ဒီနဲ့ တွေ့ရင် ပြောဖို့ ချရေးထားတဲ့ နုတ်စ်စာအုပ်ကို လက်ထဲမှာ အသင့် ကိုင်ထားလိုက်တယ်။ စာအုပ်လေးထဲမှာ မနေ့က ကျွန်တော့်လျှာပေါ်မှာ ထွန်ခြစ်နဲ့ ခြစ်ထားပေါက်ထားသလို အက်ကွဲကြောင်းတွေ ထနေလို့ နာကျင်နေတဲ့ဒဏ်ကို တော်တော်လေး ခံနေရပြီး အစာ စားဖို့မပြောနဲ့ ရေသောက်ရင်တောင် လျှာက စပ်ဖျဉ်းလာတယ်၊ လည်ချောင်းကလည်း နာလာတယ် ဆိုတာတွေကို သေသေချာချာ ရေးတို့ထားတယ်။ ပိုပြီး သေချာအောင် စာမျက်နှာရဲ့ ထိပ်ထောင့်မှာ "Painful Day .." လို့ ရုပ်တည်နဲ့ ဖမ်းရေးထားလိုက်သေးတယ် (ဘယ်ရမလဲ ဒါမျိုး ဟင်း! ဟင်း!)။

      အခန်းထဲ ရောက်သွားတော့မှ ခဲလေသမျှက သဲရေကျရတော့တာပဲ။ ဒီနေ့ ဝင်ဒီ နေမကောင်းလို့ အလုပ် မလာဘူး တဲ့။    (ဪ! ငါ့ ဆရာမနှယ် ဘာများ ဖြစ်တာပါလိမ့်။ ရိုးရိုးဖျားတာလောက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါသေးတယ်။ ပြီးမှ သွား သတိရတာက ဪ.. သူ့သားလေး နေမကောင်းတာက ပိုဖြစ်နိုင်တယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ဒီက တစ်ခါတုန်းက ပြောဖူးတယ် သူ့သားမှာ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု ရှိတဲ့အကြောင်း)။ ရောဂါ ဝေဒနာဆိုတာကလည်း ဖြစ်နေတဲ့ ကိုယ်တင် မကပဲ ကိုယ့်ကို ကုသပေးနေကြတဲ့ ဆရာဝန်တွေ၊ ဆရာဝန်မတွေလည်း ဖြစ်နေကြတာပဲ။ ကျန်းမာရေးဆိုတာ တကယ့်ကို ဂရုစိုက်သင့်တဲ့ဟာပါလားဆိုတာ ကျွန်တော်ကတော့ အခု လက်ခံနေပါပြီ။

      ကျန်းမာရေးဆိုတာကြီးကလည်း ကြည့်လေ။ ကိုယ်က ဘာမှလည်း မလုပ်မိပါပဲနဲ့ အခု လျှာတွေ ကွဲနေတယ်၊ လည်ချောင်းက ကွဲပြီး စပ်နေတယ်။ ရေတောင် မနည်း မြိုချနေရတယ် အဖြစ်က။ အဲဒါအတွက်ကို ဒီ စပယ်ရှယ်လစ် ဆရာဝန်နဲ့ တွေ့ရဖို့က နာရီဝက်လောက် စောင့်လိုက်ရတယ်။ ဝင်ဒီသာ ရှိရင် ဒီလောက် စောင့်ရတာ မဟုတ်ဘူး။ ဝင်ဒီက ကျွန်တော် သိပ် မစောင့်ရအောင် သူ့လူတွေကို လိုက်ပြီး လော ပေးလေ့ရှိတယ်။ (ချစ်စရာကောင်းတာ၊ သဘောကောင်းတာက အဲသလို)။ ဒီနေ့ ဝင်ဒီ့ အစား တာဝန်ယူပြီး လုပ်ပေးတဲ့ ပေါလ် ကျတော့ ကိုယ်နဲ့က အခုမှ စတွေ့ဖူးတာဆိုတော့ ဘယ်သိပ်ဂရုစိုက်လှမတုန်း၊ ဟုတ်တယ်မှတ်လား။ ဆေးရုံပေါ်က ကုတင်ပေါ်မှာ လှဲပြီး စောင့်နေရင်းနဲ့ ပျင်းလာလွန်းလို့ လမ်းထ လျှောက်ရတဲ့ အဆင့်တောင် ရောက်ပါတယ်ဆို ကိုပေါကြီးတို့ကတော့။ (စောင့်ရတော့ လူက ဖုလာပြီး ပေါလ်တွေ ဘာတွေ လုပ်မနေတော့ဘူး၊ ကိုပေါကြီးပဲ ခေါ်လိုက်တော့တယ်)။ (ဒိထက် ပိုစောင့်ရရင်တော့ ဟေ့ကောင်! ငပေါ ဖြစ်သွားနိုင်လောက်တယ်)။


      ခဏနေတော့မှ လည်ချောင်း နဲ့ လျှာကို စစ်ကြည့်ပေးမယ့် ဆရာဝန် ရောက်လာတယ်။ ပါးစပ်ဖြဲပါ၊ လျှာထုတ်ပါ နဲ့ပေါ့။ ပြီးတော့ ဖြဲနိုင်သလောက် ဖြဲပါဦး၊ လျှာကိုကော ဒီထက် ပိုပြီး ထပ်ထုတ်နိုင်သေးလား လုပ်နေလို့ "မထုတ်နိုင်ဘူး ဆရာ .." လို့၊ "ဒီမှာ ပါးစပ်ထောင့်က နေရာမှာ ကွဲနေလို့ ပါးစပ်ကို ကောင်းကောင်းဟလို့ မရဘူး .." လို့ ပြောပြလိုက်တော့မှ "ဪ! .. အဲဒါဆို ဟုတ်ပြီ" ဖြစ်သွားလေရဲ့။ အဆုံးသတ်တော့ဗျာ - ကွဲနေတဲ့ နှုတ်ခမ်းထောင့်တွေအတွက် သက်သာအောင် လိမ်းဖို့ ကရင်မ် (Clotrimazole Cream) တစ်ဗူးရယ်၊ တစ်နေ့ လေးကြိမ်သောက်ရမယ့် (Nystatin) ဆေးတစ်မျိုးရယ် ထပ်ပေးလွှတ်လိုက်တယ်။     
    
      တစ်နေ့ တစ်နေ့ ဒီဆေးတွေ သောက်သောက်နေရတာကို စိတ်ညစ်နေပါတယ်ဆိုမှ အခု နေ့တိုင်းသောက်ရတဲ့ ဆေးတစ်ဆယ့်ပြားအပြင် အခုလည်ချောင်းအတွက်ပါ တစ်မျိုး ထပ်တိုးသောက်ရဦးမယ် တဲ့။ တော်ပါသေးတယ်၊ ဒီလည်ချောင်းဆေးက တစ်ပတ်ပဲ သောက်ရမှာ မို့လို့။ ဟူး! ...

ချမ်းညီချို
၁၄ - ၁၁ - ၂၀၁၂


5 comments:

  1. Chan .. u should try getting second opinion.နောက် lab တခုနဲ့  စစ်ကြည့်ပါလား။ ကျနော့်အကိုမှာ အဲဒီပိုးတွေ့ တယ် ဒီလိုပဲ လူလဲ ချုံးချုံးကြ အမြဲတန်း တပါတ်တခါ ဆေးထိုးရတယ် နောက်တော့ သူလုံးဝမထိုးဘူး လူလည်းမခံနိုင်တော့ဘူးလေ.. အဲဆေးတွေက အရမ်းပျင်းတာ .. နောက် ခေါင်းမာမာနဲ့  သူမသောက်တော့ဘူးဆိုပီး လုံးဝမသောက်တော့ ဘူး အဲဒါနဲ့ ဘန်ကောက်ထွက်ပီး testသွား လုပ်တော့ ဘာပိုးမှမတွေ့ တော့ဘူး အခုတော့ ဒေါင်ဒေါင်မြည်ပဲ တအားထိုးတောင် ယိုင်မဲ့ ပုံမပေါ်ဘူး။ ( မောင်ချမ်းရေးတဲ့ စာတွေ ဖတ်ချင်လို့ လာရှာတာ.. ကော်မန့် ဖတ်ပီးရင်လဲ ဖျက်ချင်ရင် ပြန်ပြန်ဖျက်ပစ်လိုက်ရတယ်နော်..)

    ReplyDelete
  2. ဒီကွန်းမန့်အတွက် ကျေးဇူးပဲဗျ။ ကျနော် ဆေးရုံအသေးကို မယုံလို့ အကြီးမှာ ထပ်စစ်ကြည့်လိုက်သေးတယ်။ အတူတူပဲဗျာ၊ သွေးထဲမှာ 1.4 millions ရှိနေဆဲပဲ ဆိုတာနဲ့
    ကဲ! ဒါဆိုရင်တော့ ဆေးကို စပြီး ကုလိုက်ပါမယ်လေ ဆိုပြီး စကုနေလိုက်တာ။
    ဆေးတွေ ပျင်းချက်ကတော့ ပြောမပြောချင်တော့ပါဘူးဗျာ။ သေချင်သေသွားနိုင်တယ်ထင်လို့ စာတွေ ထရေးနေတာကိုပဲ ကြည့်တော့ ...။

    ReplyDelete
    Replies
    1. why don't u take a pic of yourself now? believe me! you won't get second chance :D after u contain what it supposed to, u'll look totally different. u won't get it back. Not for others, just for yourself to be reminded before u drink or smoke ..hah! good idea..right? seriously.. i hv some friends exactly the same problem like u.

      Delete
  3. That's a good idea. At least I should have some as records.. :D

    ReplyDelete