Sunday 18 November 2012

စက္ကူလေယာဉ်ပျံလေးလို ဝဲချင်ရာ ဝဲခဲ့မိတယ်လို့


စက္ကူလေယာဉ်ပျံလေးလို ဝဲချင်ရာ ဝဲခဲ့မိတယ်လို့ 


     ညက အိပ်လို့ မရခဲ့တဲ့အတွက် အခုမနက်မှာ လူက အိပ်ရာထဲကနေ မထွက်ချင်လှဘူး။ (အခုမနက်အစား အခုနေ့လယ်လို့ ပြောင်းပြီး ပြောရင် ပိုမှန်မယ် ထင်တယ်)။ နာရီကို ကြည့်လိုက်တော့ ၁၃း၀၀ နာရီနားမှာ လက်တံတွေက ဝဲနေတယ်။ အပြင်မှာ ရာသီဥတုက ဘယ်လိုလဲ သိချင်လာတာနဲ့ ခန်းဆီးကို မရဲတရဲ ဆွဲဖွင့်ကြည့်လိုက်တယ်။ မဆိုးပါဘူး၊ လင်းလင်းချင်းချင်းတော့ ရှိသားပဲ။

      အမြဲတမ်း ကိုက်နေကျဖြစ်တဲ့ ဒီဦးခေါင်းကြီးကို ခေါင်းအုံးပေါ်ကနေ ဆွဲမလိုက်တယ်။ ခြေထောက်တွေကို စောင်ခြုံထဲကနေ တဖြေးဖြေးချင်း ဆွဲထုတ်နေတုန်းမှာ ကော်ဖီဖျော်ဖို့ နွားနို့ ကုန်နေတယ် ဆိုတာကို ရိပ်ကနဲ သတိရမိလိုက်တယ်။ ဒီနေ့တော့  သီရိဂျေမောင်မောင် (ဘလက်ကော်ဖီ) နဲ့ပဲ နှစ်ပါးသွားရတော့မယ်ဆိုတာ ကျိန်းသေသွားပေါ့။

      အစာနဲ့ တွဲသောက်ပါလို့ မှာထားတဲ့ ဆေးငါးလုံးကို ဒီအတိုင်းပဲ ရေနဲ့ ရောသောက်ပစ်လိုက်ရင်း ကိုက်နေတဲ့ ခေါင်းအတွက်ပါ ပါရာစီတမောနှစ်လုံးကို ရက်ရက်ရောရောကြီး တွဲသောက်ချပစ်လိုက်တယ်။ ဒီလောက် ဖျားချင်နာချင် နေမကောင်းချင်နေတာ တွေ့ကြသေးတာပေါ့လို့ မထင်မှတ်ပဲ ရွတ်မိလိုက်တယ်။ စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်မယ်ဆိုတဲ့ အထာမျိုး။ စိတ်ထဲမှာတော့ ကိုယ် နဲ့ ဒီရောဂါ ဝေဒနာတွေနဲ့ ထိပ်တိုက် စီးချင်းထိုးကြတော့မလိုလို ပြင်ဆင်ထားလိုက်မိတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိတယ်။ ဖျားစမ်း! ဘယ်လောက် ဖျားမလဲ! ကြည့်ကြသေးတာပေါ့လို အထာပေါ့။

     ကြာသပတေးနေ့က ထိုးဆေး ထိုးရတော့ သောကြာ နဲ့ စနေ နှစ်ရက်မှာ စာတိုလေး တစ်စောင်လောက်ပဲ ရေးလိုက်နိုင်လောက်အောင်ကို လူက မှောက်နေခဲ့တာ။ ကွန်ပြုတာသုံးမယ် ဆိုပြီး ဒီစကရင်ကြီးရှေ့ ရောက်လာရင် လူက အန်ချင်သလိုလို ဘာလိုလိုနဲ့ ဖြစ်ဖြစ်လာလို့ ပြန်လှဲနေမိတဲ့ အချိန်တွေ တော်တော်များတယ်။ အသုံးတည့်လျှင် တည့်နိုင်တယ်လို့ ထင်မိတဲ့အတွက် နာရီဝက်လောက် အောက်ဆင်းပြီး လမ်းလျှောက်ခဲ့မိသေးတယ်။ အပြင်ထွက်လျှင် ကိုယ်ပူရှိန်က ပိုတက်လာတယ်လို့ ထင်မိတဲ့အတွက် အိမ်ထဲကို ပြန်ပြန်ဝင်လာမိတယ်။

      ဆိုင်တယ် မဆိုင်တယ် မသိဘူး။ ဆရာငြိမ်းအေးအိမ်ရဲ့ စာတွေ ဖတ်ချင်လာမိတယ်။ အဲသလိုနဲ့ ဖြစ်စဉ်က မသုံးတော့ပဲ ပစ်ထားတဲ့ ဖေ့စ်ဘုဒ်ထဲ ပြန်ဝင်ဖို့ ကြိုးစားရတဲ့ဖြစ်စဉ်ကို ရောက်သွားတယ်။ သုံးခေါက်မြောက် ထည့်လိုက်တဲ့ ပတ်စ်ဝါဒ်က မှန်သွားတဲ့အတွက် ချောချောမောမောပဲ စာတွေကို ဖတ်ခွင့်ရသွားပါတယ်။ သီရိဂျေမောင်မောင်တစ်ခွက်နဲ့ ပွတ်ချွန်းတစ်လိပ် ပြင်ထားလိုက်ပြီး စဖတ်တော့ တကယ်တမ်းမှာ ခေါင်းက မူးလာတော့ သုံးလေးပုဒ်ပဲ ဖတ်နိုင်ပါတယ်။ အဲသလိုနဲ့ပဲ ပြုတင်းပေါက်နားမှာ လေသွား ရှူလိုက်၊ စကရင်ပေါ်က စာသားတွေကို ပြန်လာဖတ်လိုက်နဲ့ပေါ့။ (တော်တော်လေးကို အဆင် မပြေဘူး)။ လက်ထဲမှာ စာရွက်တွေကို ကိုင်တွယ်ပွတ်သပ်ပြီး ဖတ်ရတဲ့ အရသာကို ပြန်တမ်းတလာမိတယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုတာ ဒါပဲ ဖြစ်မှာပါပဲ။

     စာဖတ်ရတာ အဆင်မပြေလို့ ရုပ်ရှင်ကြည့်လျှင် ကောင်းမလား ဆိုပြန်တော့လည်း စိတ်က မကြည့်ချင်ပြန်ဘူး။ (ဟုတ်တယ်၊ နေ့ခင်းဘက် ရုပ်ရှင်ကြည့်ရတာကို ကျွန်တော် သိပ်မကြိုက်လှဘူး)။ မနေ့ညကတော့ (အိပ်မက်လိုလို ဘာလိုလိုနဲ့) ဖေကြီးနဲ့ မာ့မီရဲ့ ဘဝဇာတ်ကြောင်းကို ဗီဒီယိုကားလေး တစ်ကားအဖြစ် ရိုက်ဖြစ်တယ်လို့ စိတ်ထဲမှာ ဝိုးတိုးဝါးဝါးနဲ့ ထင်နေတယ်။ အိပ်မက်အနေနဲ့ မက်ခဲ့မိတာလား၊ ဒီလို လုပ်မယ်လို့ ကျွန်တော် စိတ်ကူးခဲ့မိတာလားကို ကျွန်တော် အခု ပြန်စဉ်းစားကြည့်တော့ မသေချာဘူး။ မေမေရဲ့ မွေးနေ့အကြောင်းရယ်၊ မအိတို့ သားအမိတွေ ရန်ကုန် အလည် ပြန်မယ့် အကြောင်းတွေကို သွားပြီး စဉ်းစားလိုက်မိလို့နဲ့ တူပါတယ်။

     ကျွန်တော် ဒီမှာ ဘာတွေ လုပ်နေပါလိမ့်။

     ဘဝက ခေါက်ရိုးချိုးလှလှလေးတွေနဲ့  စနစ်တကျ လုပ်လိုက်ပြီးတော့မှ သွားချင်ရာ သွားလို့ လေထဲ ပစ်တင်လိုက်တဲ့ စက္ကူလေယာဉ်ပျံလေးလိုပဲ ဝဲချင်ရာ ဝဲခဲ့မိတယ်လို့ ထင်မိတယ်။ စနစ်တကျနဲ့ ခေါက်ရိုးလေးတွေကို လုပ်နေချိန်မှာရော၊ လေထဲ ပစ်တင်လိုက်တဲ့ အချိန်မှာရော လှပနေခဲ့တဲ့  စက္ကူလေယာဉ်ပျံလေးဟာ ဝဲချင်ရာနေရာတွေကို ဝဲခဲ့ပြီး၊ တခါတလေတော့လည်း လေကြောင်းသင့်သလို ဝဲခဲ့ပြီး  အဆုံးသတ်တော့ အောက်ကို ပြန်ထိုးကျလာနေပြီ။ ဒီ  စက္ကူလေယာဉ်ပျံလေးဟာ တကယ်တော့ (ကျွန်တော့်) ပြင်္ကဒိန်တွေ၊ သက္ကရာဇ်တွေ နဲ့ တည်ဆောက်ခဲ့တာပဲ မဟုတ်လား။ လေထဲမှာ ဝဲနေခဲ့တုန်းက ကမ္ဘာကြီးကို အပေါ်စီးက မြင်ခဲ့ရတယ်လို့လည်း ထင်မိခဲ့သေးတယ်။

      အဆုံးသတ်မှာ ဘယ်နေရာကို ဘယ်လို ထိုးဆင်းသွားမလဲ ဆိုတာကတော့ ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှူပါ ခင်ဗျား ပေါ့။

ချမ်းညီချို
၁၈ - ၁၁ - ၂၀၁၂



2 comments:

  1. Chan,စိန်ခေါ်တာပါဗျ။ စိမ်ခေါ်တယ်ဆို ရေထဲမှာစိမ်ပြီးတိမ်ပေါ်လိုက်သလိုဖြစ်မှာပေါ့။ :)

    ReplyDelete
  2. မှန်လိုက်လေ (ဒေါင်ကနဲ ပဲ)! ပြင်လိုက်ပြီ။ သိုဏ်းကြူး သိုဏ်းကြူး ..။ :)

    ReplyDelete