Thursday 15 November 2012

ချစ်တဲ့ လွန်ပါစေ အလွမ်းညတွေ

ချစ်တဲ့ လွန်ပါစေ အလွမ်းညတွေ


      ကျွန်တော် လှိုင်ဦးမော်ရဲ့ 'လွန်ပါစေ အလွမ်းညတွေ' ကို မနက်ပိုင်းတိုင်းလိုလိုမှာ နားထောင်နေဖြစ်ခဲ့တာ သုံးလလောက်တောင် ရှိနေပြီ။ ကျွန်တော့်ကို ကျွန်တော် အလွမ်းညတွေကနေ လွန်မြောက်စေချင်တာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကို အလွမ်းညတွေကနေ လွန်မြောက်စေချင်တာလားတော့ မသိဘူး၊ ဒီ 'လွန်ပါစေ အလွမ်းညတွေ'  ချည်းပဲ ဖြစ်နေခဲ့မိတာ ကြာပြီ။ အဓိက ဆွဲဆောင်မှုက သီချင်းရဲ့ စာသားပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ (ကျွန်တော့်အကြိုက်ပဲ ဖြစ်နေပြီး ခင်ဗျားတို့အကြိုက် ဖြစ်ချင်မှ ဖြစ်မှာပါ၊ ထားပါလေ ဒါက အရေးမကြီးပါဘူး)။ ဘာပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ (နားမထောင်ဖူးသေးလျှင်) နားထောင်ကြည့်စေချင်တယ်။ သီချင်းရဲ့ အဝင် ပထမဦးဆုံး စာသားက အားပြင်းလို့၊ စာသားရဲ့ ရည်ရွယ်ချက်လေးက ကိုယ့်စိတ်ကြိုက်ဖြစ်နေလို့ ချက်ချင်းကို ရင်ဘတ်ထဲမှာ တွဲလွဲခိုပြီး တင်ကျန်နေရစ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက်ကိုယ် အဓိက မထားပဲ ချစ်ရတဲ့သူအတွက် "မင်းကလေးအကြောင်းတွေပဲ အဝေးက ဆုတောင်းဆဲလေ .. အားအင်(တွေ)ပြည့်(ဖြည့်)ဖို့ လွန်ပါစေ အလွမ်းညတွေ ..." ဆိုတဲ့ စာသားဟာ တော်တော်လေးကို စေတနာပါနေတယ်လို့ ခံစားရပါတယ်။ (ဒီနေရာမှာ စေတနာဟာ ဘယ်လို စေတနာမျိုးလဲဆိုတာကို ဆွေးနွေးမည် မဟုတ်ပါ)။


      သီချင်းရဲ့ ဒုတိယအပိုဒ်လောက် အရောက်မှာတော့ လူကလည်း အတိတ်မှာ ပြန်ရောက်နေပြီ။ ဟိုး/အရင် တုန်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ ထင်မိ၊ ခံစားမိခဲ့ကြတဲ့ ရည်းစားဟောင်းတွေနဲ့ စကားလက်ဆုံ ပြန်ကျချင် ကျလို့နေပါတယ်။ စာမေးပွဲနောက်ဆုံးနေ့မှာ နှုတ်ခမ်းနီတွေနဲ့ လူရှေ့သူရှေ့မှာ လာနမ်းသွားပြီး နောက်စကားတစ်ခွန်းမှ မပြောဖြစ် တော့/ခဲ့ တဲ့ ကောင်မလေး ဘယ်ရောက်သွားပြီလဲဆိုတာလည်း ပါတယ်။ တကယ်တမ်းကျတော့ တော်တော်များများက အပေါ်ယံအရေပြား ယားယံမှုလေးတွေပါ၊ ငါ့ကို တကယ် ချစ်တယ် သံယောဇဉ်ရှိကြတယ်ဆိုတာ ဒီလောက်ပဲရှိတာဆိုပြီး လက်ထဲက တစ်ဆုပ်စာလူတွေဆီကို စိတ်က ပြန်ရောက်လာတယ်။ လက်တစ်ဆုပ်ထဲမှာ ဖေဖေ၊ မေမေ၊ ကိုကြီး၊ ကိုလေး၊ မအိ နဲ့ မထက်လို မိသားစုတွေ၊ ကိုရွှေ ကိုတင်မောင်ထွန်း နဲ့ မတူးတို့လို ချစ်စရာကောင်းတဲ့ ယောက်ဖနဲ့ မရီးတွေ၊ ရှားရှားပါးပါး ကျန်နေတဲ့ ဘုသျှေလို ချစ်စရာ သူငယ်ချင်းညီမလေး နဲ့ ဒီက ကိုဝင်းမင်းထွန်းနဲ့ ကိုဇင်ခိုင်လို မိတ်ဆွေကောင်းတွေ ခပ်ပါးပါးလေးပေါ့။

      ရောဂါဝေဒနာဖြစ်ပြီး အလုပ်လည်း မလုပ်နိုင်တော့ပဲ ဆေးရုံကနေစပြီး ဆေးကုတဲ့အချိန်မှာ လက်ဆုပ်ထဲကလူတွေ တဖြည်းဖြည်းနဲ့ ပါးပါးကျသွားလိုက်တာ အခုဆို ကိုယ်နဲ့ ပုံမှန်စကားပြောဖြစ်တယ်ဆိုတဲ့လူဆိုတာ ခြေထောက်ချိုးရေလို့ ရနေပြီ။ အားလုံးဟာ ကိုယ့်အလုပ်နဲ့ ကိုယ်၊ သူ့အလုပ်နဲ့ သူ ဘယ်သူကမှ ဘယ်သူ့ကို အရေးလုပ်ပြီး ဂရုမစိုက်နိုင်ကြတော့ဘူး (ခုခေတ်ကြီးက အဲလို)။

အဲသလိုအချိန်မှာ ကြည်ဇော်အေးရဲ့ "ကိုယ့်အချင်းချင်း" ဆိုတဲ့ ကဗျာကို ပြန်သတိရမိတယ်။

+ ကိုယ့်အချင်းချင်း +

ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတာကအစ
ဘယ်သူ့ဂရုစိုက်နေရမှာတုန်း ဆိုတာမျိုးအဆုံး
ဘာမှမပူနဲ့
ငါတို့ခြေရာလက်ရာတွေမှာ
သဲလွန်စတွေကျန်ခဲ့တာချည်း
ဆေးဖက်ဝင်တယ်ပြောပြော
နူတတ်တယ် ပြောပြော၊ ပြောချင်ရာသာပြော
ဟိုကောင်က ဟိုလို၊ ဒီကောင်က ဒီလို
ဟိုကောင်က အီးမေးလ်နဲ့ ပို့မှ
ဒီကောင်က စာတိုက်ပုံးထဲသွားထည့်မှ
ငါတို့ဟာ ပုလင်းအဖုံးကို ရတနာမြေပုံလို ဓားနဲ့ခြစ်လို့
ငါတို့ဟာ ရောက်ရာအရပ်မှာ
သွေးစို့အောင် ပလူပျံလို့
အခြေအနေရော အချိန်အခါရော
ငါတို့ဟာ အုတ်ရောရော ကျောက်ရောရော
.
.
.
.
.
.
.
.
သူငယ်ချင်း ကျေးဇူးပြုပြီးငါ့ကို
မင်းလက်မှတ်ထိုးနေကျ စာရွက်တွေလို မဆက်ဆံရ
သူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို
မင်းဆိုနေကျ သီချင်းတွေလို မဆက်ဆံရ
သူငယ်ချင်း
ငါထိုးလိုက်ရင် လဲသွားမယ့်သူဟာ မင်းမဖြစ်စေချင်ဘူး
ငါထိုးလိုက်ရင် ပေါက်မယ့်ထီလက်မှတ်ဟာ မင်းဖြစ်စေရမယ်
ဘာဖြစ်လို့လဲဆိုတော့
အလွမ်းသယ်ပြီးရင်
အလောင်းသယ်ဖို့ပဲ ကျန်တော့တာကိုး။ ။

ကြည်ဇော်အေး
ပထ၀ီအနေအထား
(စမန-၁၇)

ကဗျာအကြောင်းကို စဉ်းစားနေမိလိုက်တာနဲ့ပဲ သီချင်းက နောက်ဆုံးအပိုဒ်နား ရောက်လာနေပြီ။ မထင်မှတ်ပဲ စာသားတွေက -
"စဉ်းစားရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးသွားပြီ .. လွမ်းနေဆဲမို့ လွန်ပါစေ အလွမ်းညတွေ ..."  ဆိုလား။

အင်း! ဟုတ်တယ် ..

"လွမ်းနေဆဲမို့ လွန်ပါစေ အလွမ်းညတွေ ..." ။     ။

ချမ်းညီချို
၁၅ - ၁၁ - ၂၀၁၂

2 comments:

  1. တခါတခါကျတော့လည်း ကိုယ်ကိုယ်တိုင်ကိုက သူများ အသနားမခံချင်ဘူးမလား..။ သူများတွေ " ကိုယ့်အပေါ်မှာ .... " ဆိုတဲ့ အတွေးတွေက ကိုယ့်စိတ်ကို အတော် ဒုတ်ခရောက်စေတာဗျ..။ ကိုယ်မပိုင်တဲ့အရာတခု ကို ဆက်မတွေးတာ ကိုယ့်အတွက်အကောင်းဆုံး ဖြစ်မယ် ထင်တာပဲ။

    ReplyDelete
  2. ဘုသျှေ18 November 2012 at 14:46

    အလွမ်းညတွေကို လွမ်းနေဆဲ..
    ဒါပေမယ့် ကိုယ်ပိုင်ဆိုင်ထားတဲ့ ချစ်ရသူတွေ ရှိနေသေးတာလည်း ပျော်စရာပေါ့ ကိုချမ်းလေးရ..

    ReplyDelete