Tuesday 13 November 2012

ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ်

ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ်


      ဒီနေ့တော့ နှိုးစက်မြည်သံကြားကတည်းက စောင်ခြုံထဲကနေ ခြေထောက်ရော၊ ကိုယ်လုံးပါ တခါတည်း ထွက်လိုက်တယ်။ ဒီနေ့မနက် ဆေးခန်းက အချိန်မှီရောက်ဖို့ လိုတယ်လေ၊ အဲဒါကြောင့်။ ခြေထောက်က ကုတင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို ချလိုက်ရုံပဲ ရှိသေးတယ် ခေါင်းထဲမှာ ဝေကနဲ တစ်ချက် ဖြစ်သွားတယ်။ (ဝေကနဲ ဖြစ်တယ်လို့ ပြောသလား၊ မိုက်ကနဲ ဖြစ်တယ်လို့ ပြောသလား မကျိန်းသေလို့ ဒီမှာ ဝေကနဲ ဖြစ်သွားတယ်လို့ပဲ သုံးလိုက်ပါတယ်)။

      စိတ်ထဲမှာလည်း ထင့်ကနဲ တစ်ချက် ဖြစ်သွားတယ်။ ("ဘုရားရေ - ကျွန်တော် နေမကောင်းဘူးလား ..")။

      ထုံးစံအတိုင်း အိပ်ရာထတိုင်း ရေတစ်ခွက်သောက်နေကျမို့လို့ ရေသောက်မလို့ ရေခွက်ဆီ လက်အလှမ်းမှာတော့ လက်က  လိုရာကို မရောက်နိုင်တော့ဘူး။
      "ဝေါ့ ..." ကနဲ ဗိုက်ထဲက ရှိသမျှအစာဟောင်းတွေက ပါးစပ်ထဲကနေ ဘာမပြော ညာမပြောနဲ့ ပြန်ကန်ထွက်လာလို့ လက်က ရေခွက်အစား အမှိုက်ပုံးကိုပဲ ကမန်းကတမ်း ဆွဲယူလိုက်ရတယ်။
      စိတ်ကတော့ "သွားပါပြီ၊ ဒီနေ့ ဆေးခန်း သွားရပါမယ်ဆိုမှ လူက ဒီလို လာဖြစ်နေရတယ်လို့ .. ငါ့နှယ်! " ဆိုပြီး စဉ်းစားနေတယ်။
      ခဏပါပဲ၊ အန်တာ ရပ်သွားတယ်။ မရပ်လို့လည်း အန်စရာရယ်လို့မှ ရှိတာမှ မဟုတ်တာ။ ဘာတွေစားမိခဲ့သလဲ ပြန်စဉ်းစားကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ရက်စလုံးအတွက်မှ ငှက်ပျောသီးတစ်လုံးလား ဒါပဲ စားဖြစ်ခဲ့တာကိုး။
      ဟုတ်တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်က ဘာမှကို စားချင်စိတ် မရှိလို့ ငှက်ပျောသီးတစ်လုံး စားပြီး ကော်ဖီကသုံးခွက်လား ဒါပဲ ဗိုက်ထဲ သွင်းဖြစ်ခဲ့တာ။ (ဒီအသည်းရောင်အတွက် ဆေးကုသမှုကို ခံနေတဲ့ အချိန်မှာ အစားကို အရင်ထက် ပိုစားရမယ်၊ စားဖြစ်အောင်ကို တွန်းအားပေးပြီး စားကို စားရမယ်လို့ အသေအလဲမှာတဲ့ ကျွန်တော့်ရဲ့ ဆရာဝန်မ ဝင်ဒီကို သတိရမိတယ်)။

      အန်တာရပ်သွားလို့ ပါးစပ်ကို စပြီးပါးလုပ်ကျင်းတော့မှ ဒီနေ့ရဲ့ အဓိက အကျဆုံး ပြဿနာကို စပြီး ရင်ဆိုင်ရတော့တာပဲ။

      ပါးလုပ်ကျင်းတဲ့ အခါကျတော့ ပါးစပ်က အရမ်း စပ်ပြီး နာနေတယ်။ ဘာဖြစ်လို့မှန်း မသိဘူး။ လျှာက စပ်ပြီး အောင့်နေ နာနေတာမျိုးကြီး။ အဲဒါနဲ့ မှန်ထဲမှာကြည့်လိုက်တော့ "အား! လား .. လား .." လျှာက  အက်ကွဲကြောင်းတွေ ဗလပွနဲ့ ဖြစ်နေတာကိုး။ ဒါကြောင့် ရေတောင် အထိ မခံနိုင်ပဲ ရေ သွားထိရင်တောင် စပ်နေတာ။ (လူက ငိုချင်စိတ် နည်းနည်းပေါက်သွားတယ်)။
      ဆရာဖော်ဝေးရဲ့ "ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ် အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး မြစ်ရေလုံးလုံး ခန်းပြီ .." ဆိုတဲ့ ကဗျာစာသား တစ်စွန်းတစ်ပဲ့က ခေါင်းထဲ တိုးဝင်လာတယ်။ ဆရာရေ - ကျွန်တော်လည်း ကိုယ့်ကျင်းကို ကိုယ်တိုင်တူး ၊ ကျင်းနဖူးမှာ ညစဉ် ရပ်နေခဲ့မိပေါ့ ...

      အဆုံးသတ်တော့ လျှာတင် မကပဲ လည်ချောင်းကပါ ကွဲနေတယ်လို့ ထင်ပါတယ်။ ရေတောင် သောက်လို့ အဆင်မပြေဘူး။ ရေသောက်တဲ့အခါ လည်ချောင်းကို ရေက သွားထိတဲ့ အချိန်ကျရင် လည်းချောင်းက နာပါလေရော။ အရည်တွေ၊ အဖတ်တွေ မပြောနဲ့ အငွေ့တောင် မရဘူး ဒီလည်ချောင်းက။ ဆေးလိပ်သောက်တဲ့ အခါကျပြန်တော့လည်း ဆေးလိပ်ငွေ့က လည်ချောင်းထဲ ဝင်တဲ့အချိန်မှာ လည်ချောင်းက နာပြန်ပါလေရော။ ကဲ! ပြတ်ကရော - ဘာမှကို လုပ်လို့ မရတော့ဘူး။ တော်တော်လေးကို စိတ်ဓာတ်ကျသွားပါတယ်။

      ဒီလိုဖြစ်တာ ဒီနေ့တစ်ရက်ပဲ ဖြစ်ပါစေလို့ ခဏ ခဏ ဆုတောင်းနေမိပါတယ်။


      (ဘာဖြစ်လို့လဲဆိုတော့ အစားအသောက် အဆင်ပြေအောင်လို့ဆိုပြီး ကျွန်တော့်အစ်မ မထက်က ရန်ကုန်ကနေ အစားအသောက်တွေကို ပါဆယ်ပုံးနဲ့ ပို့ထားတယ်တဲ့။ အဲဒါက ရောက်ကာနီးနေပြီ။ ဒီလည်ချောင်းနာကြီးက ဒီပါဆယ်ပုံး မရောက်ခင်မှာ ပျောက်သင့်တယ်။ ဟုတ်တယ်မှတ်လား။)

      ဆေးခန်းရောက်သွားတော့ ဆရာဝန်က ဒီ သောက်ဆေးတွေ၊ ထိုးဆေးတွေက အရမ်းပူလို့ ဖြစ်တာ ဖြစ်နိုင်တယ်လို့ ပြောတာပါပဲ။ ပိုပြီး တိတိကျကျ သိရနိုင်ဖို့ကတော့ မနက်ဖြန် ဆေးရုံမှာ တခြား ဆရာဝန်ကြီးတွေနဲ့ တွေ့ပြီး၊ စမ်းသပ်ပြီးမှပဲ သိနိုင်မယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ မနက်ဖြန် ဆေးရုံကို သိပ် မသွားချင်ပါဘူး။ အပတ်တိုင်း သွားနေရတယ်ဆိုပေမယ့်လည်း ဖြစ်နိုင်ရင်တော့ မသွားချင်ပါဘူး။ ဆေးရုံမှာ လက်ထဲကို အပ်နဲ့ထိုးပြီး သွေးတွေ သုံးလေးပုလင်း ဖောက်ဖောက် ယူသွားပြီးရင် ကျွန်တော့်ခေါင်းထဲ မူးမူးပြီး ကျန်နေတတ်တယ်။ အဲဒါကြောင့် အပတ်တိုင်း ဆေးရုံသွားရတိုင်း သွားချင်စိတ် မရှိဘူး။
 
      သွားချင်စိတ်မရှိလည်း သွားနေရမှာပဲ။ စားချင်စိတ်မရှိလည်း ရှိအောင် လုပ်ကို လုပ်ပြီး စားဖြစ်အောင်ကို စားရမှာပဲ။ ခန္ဓာကိုယ်ထဲမှာ အစာမရှိရင်၊ အဟာရဖြစ်မနေရင် ကုနေတဲ့ ဆေးတွေကလည်း အစွမ်းထက်သင့်သလောက် ထက်မှာ မဟုတ်ဘူး။ (စိတ်ထဲမှာ ကော်ဖီလေးတစ်ခွက်လောက် သောက်ချင်လာတယ်)။ ကော်ဖီသောက်ရင်လည်း ဒီလည်ချောင်းက နာဦးမယ်၊ ဒီလျှာက စပ်ဦးမယ်ဆိုတာ သိနေပြန်တယ်။ ငိုရမလို၊ ရယ်ရမလို ဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိလာတယ်။ (တစ်ယောက်ယောက်ကို ဖက်ပြီး ငိုလိုက် ရယ်လိုက် ရရင်လည်း တော်တော်ကောင်းသွားနိုင်တယ်လို့ တွေးမိပြန်တယ်)။ အဲဒီအချိန်မှာ ညကိုးနာရီထိုးလောက်ကျရင် ငါ ဖုန်းပြန် ဆက်လိုက်မယ်၊ သိလား လို့ မနေ့က ပြောခဲ့တဲ့ ဗူးသျှေက ခေါင်းထဲ ဝင်လာတာနဲ့ စားပွဲပေါ်က တယ်လီဖုန်းဆီ လက်က လှမ်းမိသွားတယ်။ (ငါ လာပြီ  ဗူးသျှေရေ၊ အဲထုဖို့ အသင့်ပြင်!) ...  ။

ချမ်းညီချို
၁၃ - ၁၁ - ၂၀၁၂


No comments:

Post a Comment