Thursday 29 November 2012

ရွှတ်ခဲ့ဖတ်ခဲ့သည် ရှိသော် .. မရွှတ်ခင်၊ မဖတ်ခင်မှာ

 ရွှတ်ခဲ့ဖတ်ခဲ့သည် ရှိသော် .. မရွှတ်ခင်၊ မဖတ်ခင်မှာ


      ဘုရား .. ဘုရား ကိုတောင် ကျယ်ကျယ်ဟပြီး မတရဲဘူး၊ အန်မှာစိုးလို့ လို့ ပြောရမတတ်အောင်ပဲ သုံးလေးရက်ဆက်တိုက် ရှိရှိသမျှ အန်ထွက်ခဲ့ရတော့ 'ဒီဒဏ်ကို ခံနိုင်ပါတယ်လေ ..' ဆိုတဲ့ ကျွန်တော့်ရဲ့ အရင်က ယုံကြည်ချက်လေး ဘယ်နားကျပျောက်လို့ သွားမှန်း မသိတော့ဘူး။ ဒီထိုးဆေးတွေ၊ သောက်ဆေးတွေကိုလည်း နားမလည်နိုင် ဖြစ်မိတယ်။ သူတို့နဲ့ အသားတကျဖြစ်လာပြီ၊ အဆင်ပြေလာပြီလို့ ထင်ပြီး ဝမ်းသာနေခဲ့မိတာလည်း အခုတော့ လေထဲ လွင့်လို့ သွားပြန်တာပါပဲ။ ခြောက်ရက်၊ ခုနစ်ရက်လောက် နေမကောင်းဖြစ်ရတာဟာ စိတ်ဓာတ်ကိုလည်း တော်တော်ထိခိုက်စေတယ်လို့ ထင်တယ်။

      ကျိန်းသေပေါက် ထိခိုက်မှာပါ။ လူဟာ ဝေဒနာ ခံစားနေရချိန်မှာ ကောင်းတဲ့အတွေး၊ ပျော်စရာအတွေး နဲ့ ကုသိုလ်ဖြစ်စေတဲ့အတွေးတွေကို ဘယ်မှာလာပြီး တွေးနိုင် စဉ်းစားနိုင်မှာတုန်း။ ကျွန်တော်လည်း အဲလိုပါပဲ။ ပိုဆိုးတာက မကောင်းတဲ့အတွေးတွေပါ ခေါင်းထဲကို ရောက်ရောက်လာတာ။ ဘာကိုမှန်းမသိ လက်လျှော့လိုက်ချင်တဲ့ အတွေးတွေ၊ ဘာကြောင့်မှန်း မသိ ဒေါသထွက်နေတဲ့ အတွေးတွေ မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ခေါင်းထဲကို ရောက်ရောက်လာကြတယ်။ ဟုတ်ပါတယ်၊ ဘာမှမဖြစ်နိုင်တော့ပါဘူးလေ ဆိုပြီး ဘယ်သူ့ကိုမှန်းမသိ အရှုံးတွေလည်း ပေးနေခဲ့မိသေးတယ်။ ကိုယ်က မကျန်းမာတော့ စိတ်နဲ့အတွေးတွေပါ လိုက်ပြီး မကျန်းမာသလို ဖြစ်ကုန်ပြီနဲ့တူတယ်။ ခုချိန် မှန်ထဲ သွားကြည့်လိုက်လျှင် ခိုရုပ် ထွက်နေလောက်ပြီ။ ခိုကတောင် အရှုံးပေးရလောက်အောင်ကို ညည်းမိနေတဲ့ ဘဝရောက်နေပြီ။

      ဒီလို ဘဝမှာ ဒီလိုပဲ ငြိမ်နေလို့တော့ လုံးဝ မဖြစ်ဘူး။ နေမကောင်းလို့ ဆေးခန်း မသွားနိုင်လျှင် ဆေးခန်းကို ကိုယ့်ဆီလာဖို့ လုပ်ရမယ်။ မနက်ဖြန် ထပြီး ဆေးရုံကို သွားနိုင်လျှင် သွား၊ မသွားနိုင်လျှင် ဆေးရုံက ကားကို လာခေါ်ခိုင်းရမယ်လို့ သေသေချာချာ စဉ်းစားထားလိုက်တယ်။ ဒီလောက်ကြီး နေမကောင်းဖြစ်တာ သိပ်တော့ အထာမကျဘူးလို့ ကျွန်တော် ထင်မိတယ်။ စာရေးစာဖတ် လုပ်ဖို့ မပြောနဲ့၊ ကွန်ပြုတာသုံးဖို့ မပြောနဲ့ အိပ်ရာထဲက လူကိုတောင် အပြင်ရောက်အောင် ထွက်မလာနိုင်ဘူး။ ဘာဖြစ်လို့ ဘာဖြစ်မှန်း ကျွန်တော်လည်း မသိဘူး။

      အခုလို ညသန်းခေါင်ကျော်ကျမှ ခေါင်းနည်းနည်း ထူလာနိုင်တယ်။ မျက်လုံး ဖွင့်နိုင်၊ ကွန်ပြုတာကိုလည်း ခလုတ်ဖွင့်နိုင် ဖြစ်လာတယ်။

      အဲလို လူလည်း မျက်လုံးဖွင့်နိုင်၊ ကွန်ပြုတာလည်း ဖွင့်နိုင် ဖြစ်လာချိန်မှာ ပထမဦးဆုံး လုပ်ချင်တာကတော့ စာတစ်ပုဒ်လောက် ရေးထားခဲ့ချင်တာပါပဲ။ အကယ်၍များ အခန့်မသင့်လို့ "ရွှတ် .." ကနဲ အသက်ကလေးများ ထွက်သွားခဲ့သည်ရှိသော်၊ "ဖတ် .." ကနဲ လိပ်ပြာကလေးများ လွင့်သွားခဲ့သည်ရှိသော် "အားလုံးကို သတိရပါတယ် .." လို့ မရွှတ်ခင်၊ မဖတ်ခင်မှာ ပြောသွားချင်တာပါ။


       ထွေထွေထူးထူးရယ်လို့လည်း မဟုတ်ပါဘူး။ 

       ဒီလိုပဲ၊  သတိရကြောင်း သာကြောင်း မာကြောင်းနဲ့ နာကြောင်း ပေါ့။     ။

ချမ်းညီချို
၂၉ - ၁၁ - ၂၀၁၂






   
     

2 comments:

  1. ကိုယ့်ဖာကိုယ် သေခါနီးလို့ ထင်နေတဲ့လူတယောက်ရဲ့ အတွေးက အတော်ရီရပဲ ။ ( ရီချင်ရင်သေခါနီးလူကိုပဲ လိုက်ရှာရတော့မလို ဖြစ်သွားတယ်။) ဒါမှမှုတ် ဖတ်သူကိုပဲ သေတော့မယ်လို့ ထင်စေချင်ပီး ရေးသူက ကိုယ်တိုင် တကယ်မထင်လို့ လား.. အင်း တခုခုပဲ။ ကျနောသိတဲ့ လူတွေကတော့ ဆေးဒဏ်မခံနိုင်ရင် ရပ်လိုက်တာပဲ ဒါမှမှုတ် ဆေးပြောင်းခိုင်းတယ်။ ရွှတ် ပါစေနဲ့ ဖတ်ချင်လို့ ပါ။ ခွိ

    ReplyDelete
  2. အားတင်းထား btw ကိုချမ်းလေး BLOG မှာ command ရေးရတာ ခက်လိုက်တာ

    ReplyDelete