ဆိုကြပါစို့၊ သေခြင်းတရားသည် ရှင်လျှက်ရှိနေခြင်းနှင့် တံခါးလေးတစ်ချပ်သာ ခြားနေသည်ဟု ဆိုလျှင် အချိန်တန် ဤတံခါးပွင့်သွားပါက မည်သူမျှ ငြင်းဆိုခွင့် မရှိ၊ ဝင်ရောက်ပျောက်ကွယ်သွားရမည်သာ ဖြစ်ပြီး အသွားရှိပြီး အပြန်မရှိသော ခရီးမှာလည်း ဤခရီးသာ ဖြစ်သောကြောင့် အစမ်းခရီးသွားကြည့်ရန် သင့်တော်ကြောင်း မသင့်တော်ကြောင်း သိနိုင်ပါသည်။ (ဤနေရာတွင် ကျွန်တော့်လို စမ်းကြည့်လို့ရရင် စမ်းကြည့်ချင်စိတ်ရှိပါသည်ဆိုသော ဂုဂ္ဂိုလ်တော်တော်များများ ရှိနေလိမ့်မည်ဟု ထင်ပါသည်)။ သို့ပေမင့် ယခု အချိန်တွင်မှတော့ အစမ်းသွားကြည့်ချင်စိတ်လည်း မရှိသေးပါ။ ခုနက ပြောသလို မည်သို့ဖြစ်သည်မသိ သေရမှာကို ကြောက်နေမိခြင်းကြောင့် ဖြစ်ပါသည်။ သေရမှာကို ကြောက်နေမိခြင်းသည် စိတ်ကို ခိုးလိုးခုလု ဖြစ်စေပါသည်။ ကမ်းမမြင်သော ပင်လယ်ထဲတွင် ဘယ်ဘက်ကို ကူးရမှန်းမသိဖြစ်နေသည်နှင့် ခပ်ဆင်ဆင်တူနေသည်ဟု ထင်ပါသည်။
စဉ်းစားကြည့်လိုပါက စဉ်းစားကြည့်နိုင်ပါသည် ...
'ဘဝတွင် ပြန်လည် ပြုပြင် ပြင်ဆင်စရာ အမှားတွေ အများကြီးရှိနေသေးသည်' က သေခြင်းတရားကို ရင်ဆိုင်ဖို့ ထိတ်လန့်စေသည်ဟု ထင်နေမိခြင်းကတော့ မှန်ရဲ့လား ..
အဖြေသည် မသေချာပါ။ အဖြေသည် ရေရေရာရာမရှိ။
ခုနက ပြောသလို အသွားရှိပြီး အပြန် မရှိခြင်းကြောင့်လည်း သေခြင်းတရားကို ရင်ဆိုင်ရန် ကြောက်ရွံ့နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သေပြီးသည့်နောက်တွင် ချစ်သော မိဘဆွေမျိုး၊ သူငယ်ချင်းမိတ်ဆွေများနှင့် ထပ်မံတွေ့ဆုံခွင့် မရနိုင်တော့သည်မှာ သေချာသလောက်ရှိပြီး လက်ရှိအချိန်တွင် ဤလူများနှင့် ခွဲခွါရမှာကို စိုးရိမ်နေသေးသောကြောင့်လည်း သေခြင်းတရားကိုရင်ဆိုင်ရမှာ ကြောက်လန့်နေခြင်း ဖြစ်နိုင်ပါသည်။
ဖြစ်နိုင်ချေရှိသော်လည်း လူတိုင်းအတွက် မမှန်ကန်နိုင်ပါ။ အဖြေသည် မှုန်ဝါးလို့နေသည်။
မည်သူ့ကိုမှ သတိရ လွမ်းဆွတ်စရာ မရှိသော လူတစ်ယောက်၊ မည်သူကမှ သတိရမည်မဟုတ်သော လူတစ်ယောက်အတွက် သေခြင်းတရားသည် အရက်ဆိုင် အတူထိုင်ဖြစ်လေ့ရှိသော အပေါင်းအသင်းတစ်ဦး၊ ဘတ်စ်ကားနောက်မြီးမှာ အံသေအောင် တွယ်ထားရတဲ့ လက်တစ်ဖက်၊ ဓာတ်ငွေ့စက်ရုံမှ အလုပ်သမားတစ်ယောက်၏ အဆုတ်တစ်ခြမ်းလို ဖြစ်နေနိုင်ပါသည်။
ကျိန်းသေတာကတော့ လက်ရှိအချိန်တွင် ကျွန်တော် သေရမှာကို ကြောက်နေမိပါသည်။
အဘယ့်ကြောင့်ဆိုသော် ...
ကျွန်တော်၏ ဇာတ်လမ်းသည် ယခုမှ နိဒါန်းပျိုးစဲပင် ရှိနေသေးခြင်းကြောင့် ဖြစ်ပါသည်။
ဆက်ရန် ရှိသည်၊ ထို့ကြောင့် ...
ချမ်းညီချို
27-12-2011

No comments:
Post a Comment