Tuesday 27 December 2011

ပဋိပက္ခ မှတ်တမ်းများ (၁)

လောက်စာလုံး မှန်ထားသော ငှက်ကလေးတစ်ကောင်ကို မြင်ရသောကြောင့် ဒါဟာ စွန့်ပစ်ခံရသော အချစ်ရဲ့ ပြရုပ်တစ်ခုပဲလို့ ထင်မှတ်မသွားစေချင်ပါ။ မောင်ချမ်းတစ်ယောက် အကုသိုလ် ခပ်များများကို လောက်လေးတစ်လက်ဖြင့် ဈေးပေါပေါ လိုက်လံဝယ်ယူခြင်းမှ ရရှိလာသော အမည်းစက်ကလေးပေါင်း မြောက်များစွာထဲမှ တစ်စက်သာ ဖြစ်ပါသည်။ အဘိုးအဖွားတို့၏ ဇာတိချက်မြုပ် ကျုံရှရွာသို့ နွေရာသီ အားလပ်ရက်တွင် (အိမ်၌ အားအားယားယား ရှိနေပါက မျက်စိနောက်မည်ကို သိနေသော) အမေက အဖွားနှင့်အတူ ထည့်လိုက်သဖြင့် မောင်ချမ်းတစ်ယောက် ကျုံရှတစ်ခွင် ပြဲပြဲမစင်ခင်၌ နံနက်စောစော အိမ်နောက်ဖေး သရက်ပင်ကို လေးခွတစ်လက်ဖြင့် ပြဿနာစတင် ရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ကံဆိုးသူမောင်ရှင် စာကလေးကား မြိုင်ရာဇာတွတ်ပီနှင့် မရ ရအောင် အမျိုးစပ်လျှင် အမျိုးတော်ချင် တော်နိုင်သော မောင်ချမ်းတစ်ယောက် အိမ်နောက်ဖေးမှ မချစ်စုအား တံချူဖြင့် ခူးရန် ပျင်းရိသည့်အလျောက် လောက်လေးဖြင့် ဆွဲပစ်ရာမှ မဆိုင်သောအမှုတွင် ပူးတွဲ တရားခံ ဖြစ်ရခြင်းသာ ဖြစ်ပါသည်။ (ဤနေရာတွင် မချစ်စုဆိုသည်မှာ သရက်သီးအမျိုးအစား မချစ်စု သာဖြစ်၍ ရွာမှ လှတပတ မိန်းမပျိုလေးတစ်ယောက်အား တင်စားသော နိမိတ်ပုံ အခေါ်အဝေါ်တစ်ခု မဟုတ်ရပါ။) မည်သို့ပင် သူတပါးအသက် မသတ်ရန် ဆုံးမခြင်း ခံထားရလင့်ကစား မထင်မှတ်ပဲ၊ ရည်ရွယ်ချက် မပါပဲ၊ စိတ်အတွင်းမှ မပါပဲ ရမ်းသမ်းပစ်ခတ်ရာမှ စာကလေးတစ်ကောင်ပါ အသက်ဆုံးရှုံးရသည်ကို မြင်တွေ့ရသောအခါ မောင်ချမ်းတစ်ယောက် အကြီးအကျယ် စိတ်မကောင်းဖြစ်သွားမည်၊ စိတ်ဆင်းရဲမှုကြီးစွာ ခံစားရမည်ဟု ထင်ကောင်းထင်နိုင်ပါသည်။

သို့သော် ဤသို့ မဟုတ်ပါ။

စာကလေးကြော်ကြိုက်သော မောင်ချမ်းတစ်ယောက် အပျော်ကြီး ပျော်ခဲ့မိပါသည်။


ချမ်းညီချို
18-11-2011

No comments:

Post a Comment