Saturday 18 December 2010

အပြာရောင် ဂြိုဟ်သားများ (၁၃)

ဒီပညာရပ်ကို နောက်သလို၊ ပြောင်သလို အနေနဲ့တောင် လှောင်ပြောင်မှု မပြုပါဘူးဆိုတဲ့ ကတိကို ရပြီးတော့မှ အန်တီကြီးက ကျွန်တော်တို့ အားလုံးကို ခြံထဲ ခေါ်သွားတယ်။ အချိန်ကတော့ ည ဆယ်နာရီလောက်ပေါ့။ ဒါပေမယ့် မြို့ကြီးပြကြီးမဟုတ်ပဲ နယ်မြို့လေးဆိုတော့ ညဆယ်နာရီဆိုရင်ပဲ လမ်းပေါ်မှာ လူသွားလူလာ တော်တော်ကျဲနေပြီ။ အရာအားလုံးက ပိုပြီး မှောင်သလိုနဲ့ တိတ်ဆိတ်လို့နေပြီ။ ကျွန်တော်ကတော့ ကောင်းကင်မှာ ဝင်းဝင်းလက်နေတဲ့ လမင်းကြီးကို မြင်ရပြီး ပျော်နေတယ်။ ဖြစ်နိုင်ရင် ချက်ချင်းပဲ လပေါ် တက်ကြည့်လိုက်ချင်တယ်။


လူကြီးပြောတာ ကြားဖူးသလောက်ကတော့ ဒီလို ပညာရပ်တွေဟာ ဒီလို ရှမ်းပြည်ဘက်မှာ တော်တော် ခေတ်စားတယ်ဆိုပဲ။ ကျွန်တော်ကတော့ ကလေးဆိုတော့ သိပ်စိတ်မဝင်စားဘူး။ အထူးအဆန်း တစ်ခုခုကို မြင်ရမှာမို့လို့ စိတ်ဝင်စားရုံလောက်ပဲ ရှိမယ်ထင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ ခြံထဲရောက်လာပြီး ကွပ်ပျစ်ကလေးမှာ စုထိုင်ကြတယ်။

အန်တီကြီးက ကျွန်တော် ကောင်းကင်က လမင်းကြီးကို စိတ်ဝင်တစား ကြည့်နေတာ မြင်တော့


"သားက အဲ့လကြီး လိုချင်လို့လား" တဲ့။


ကျွန်တော်က ရယ်တယ်၊ ဘာမှတော့ ပြန်မပြောလိုက်ဘူး။


"သားလိုချင်ရင် အန်တီ သားအတွက် လတစ်စင်း ယူပေးပါ့မယ်" တဲ့။


ကျွန်တော်က ရယ်ပြီးတော့ "ဟာ အန်တီကလည်း လက ယူလို့မှ မရတာ။ ဒီလောက်တော့ သားသိပါတယ်" လို့ ပြန်ပြောတော့ အန်တီကြီးက ရယ်တယ်။


ပြီးတော့ ကျွန်တော့် အစ်မဘက်ကို လှည့်ပြီးတော့


"သမီးရဲ့ လက်ကိုင်ပဝါ ခဏပေးပါဦး။ သမီးမောင်လေးအတွက် လယူပေးမလို့" တဲ့။


ကျွန်တော် အစ်မကလည်း ဘာမှ ပြောမနေဘူး၊ တစ်ခါတည်း ကိုင်ထားတဲ့ လက်ကိုင်ပဝါကို လှမ်းပေးလိုက်တယ်။ ကျွန်တော်ကတော့ ဝင်းဝင်းလက် တောက်ပနေတဲ့ လမင်းကြီးကိုပဲ ပြန်ငေးနေတယ်။ အဲဒီအချိန်မှာ အန်တီကြီးက ကျွန်တော်နဲ့ လမင်းကြီးကြားမှာ လက်ကိုင်ပဝါနဲ့ ဖြန့်ကာလိုက်တယ်။ ပြီးတော့ ရယ်တယ်။


"သား လိုချင်တယ် မဟုတ်လား" တဲ့။


ကျွန်တော်ကလည်း "ဟုတ်ကဲ့" ပေါ့။


"ကဲ လိုချင်ရင် ယူသွားပေတော့" လို့ဆိုပြီး လက်ကိုင်ပဝါကို ကျွန်တော့် လက်ထဲ လှမ်းထည့်ပေးတယ်။


ကျွန်တော်လည်း ဘုမသိဘမသိနဲ့ ယူလိုက်ပါတယ်။

ပြီးတော့ လက်ကိုင်ပဝါကို ဖြန့်ကြည့်တော့ ခုနက ကျွန်တော် ငေးကြည့်နေတဲ့ လမင်းကြီးကို လက်ကိုင်ပဝါထဲမှာ အထိတ်တလန့် တွေ့လိုက်ရတယ်။


အထိတ်တလန့်ဆိုတာ ဝိုင်းကြည့်နေတဲ့ ကျွန်တော့် အစ်မနဲ့ အဒေါ်တွေ ဖြစ်သွားတာပါ။

ကျွန်တော်ကတော့ "ဟေး လမင်းကြီး ရပြီ ဟေး" ဆိုပြီး ပျော်တာပေါ့။

ခြံထဲမှာ လက်ကိုင်ပဝါကို ကိုင်ပြီး လျှောက်တောင် ပြေးလိုက်သေးတယ်။ ကျွန်တော့် အစ်မနဲ့ အဒေါ်တွေကပါ ကျွန်တော် ပြေးတဲ့နောက် ပြေးလိုက်လာကြတယ်။ လက်ကိုင်ပဝါကို တကယ့် အထူးအဆန်းလို လိုက်ကြည့်ကြတာလေ။ ကျွန်တော်ကလည်း သူတို့ကို စချင်တာနဲ့

"ဟာ မပြပါဘူး။ ဒါ သားဟာ" ဆိုပြီး ဖွက်ထားတယ်။


အတင်းတောင်းတော့မှ ပြန်ထုတ်ပြတာပေါ့။

ခုနက အတိုင်းပဲလေ။ လက်ကိုင်ပဝါထဲမှာ လမင်းကြီးကတော့ ရှိနေတုန်းပေါ့။

ကျွန်တော့် အဒေါ်နဲ့ အစ်မတွေကတော့ အန်တီကြီးကို မျက်လုံးပြူးကြီးတွေနဲ့ ဝိုင်းကြည့်ကြတယ်။ တစ်ချက်တစ်ချက် ကောင်းကင်က ဝင်းဝင်းလက်နေတဲ့ လမင်းကြီးကိုလည်း ကြည့်ကြတယ်။ ဝင်းဝင်းလက်နေတဲ့ လက်ကိုင်ပဝါထဲက လမင်းကြီးကိုလည်း ကြည့်ကြတယ်။ အန်တီကြီးကတော့ ဘာမှ မပြောဘူး။ ပြုံးစိစိနဲ့ပဲ ကျွန်တော် လက်ကိုင်ပဝါကို လေထဲ ဝှေ့ပြီး ခြံထဲမှာ လျှောက်ပြေးနေတာကို ကြည့်နေတယ်။


ချမ်းညီချို

၀၈-၁၂-၂၀၁၀


No comments:

Post a Comment