"အေးစက်မှုက သူ့ရဲ့ သွားတွေနဲ့
အရိုးကိုထိအောင် ကိုက်ထားတယ်" ဆိုတဲ့
ကဗျာတစ်စကို သတိရစေတာ။
ရုပ်ရှင်ထဲကလိုပဲ
မီးဖိုနွေးနွေးဘေး ထိုင်ရင်း
ပေါ်ဦးသက်ရဲ့ ပန်းချီကားတွေအကြောင်း
ပြောချင်တာကစလို့ ..
ရုပ်ရှင်ထဲမှာမဟုတ်တော့
အနွေးထည်ထူထူဝတ်ရင်း
ပြောဖြစ်တာက ..
ဟီတာအများကြီးဖွင့်ရင်
ပိုက်ဆံတော်တော်ကုန်တဲ့အကြောင်း ..
အင်ဒီဝါးဟိုးရဲ့ မရသေးခင်အထိဟာ တန်ဖိုးအရှိဆုံးအရာပေါ့ ဆိုတာ
တစ်ခါမှ မပေါက်ဖူးသေးတဲ့ ထီကို ပြောတာပဲဖြစ်မလားဆိုတဲ့ အကြောင်း ..
လူ့သက်တမ်းထက်ပိုပြီး စိုးရိမ်နေကြတဲ့
ဒီနိုင်ငံမှာနေထိုင်ခွင့်သက်တမ်းများ အကြောင်း ..
တွေ့လား
ရုပ်ရှင်မဆန်လိုက်ပုံများ ပြောပါတယ်
တရားခံကတော့
ရုပ်ရှင်ထဲကလို မီးဖိုနွေးနွေးမရှိတာပဲဖြစ်မှာပေါ့။
ချမ်းညီချို
၂၅-၁၁-၂၀၁၀

No comments:
Post a Comment