လမ်းတိုင်းကို ရွှေခင်းထားတယ်ဆိုပေမယ့်
အဲဒီလမ်းက အခုအချိန်ထိ
ကျွန်တော့်အိမ်ရှေ့ မပေါက်သေးတာကစလို့ပေါ့။
နေ့တွေ၊ လတွေနဲ့ နှစ်ကာလတွေဆီက
ရယူခဲ့သမျှဟာ ဒါပဲလား။
ဒဏ်ရာတဲ့
အမှောင်ထဲ ရွှဲရွှဲစိုနေလိုက်ပုံများတော့
သည်လိုပုံနဲ့ မိုးကြီးပဲချုပ်ခဲ့တော့မလို။
ဘဝဟာ ထမင်းစားကောင်းရင် ပျော်တဲ့
အဆင့်မှာပဲ ရပ်နေတော့မှာလား အမေ
ကြာလာရင် အသက်ရှုဖို့တောင်
ခွင့်ပြုချက် တောင်း ရ/မိ မှာမျိုးကို စိုးတယ်။
ဘာမဆို အရင်လို အလွယ်တကူ
ခွင့်လွှတ်တတ်နေတုန်းပါပဲ အမေ
ကိုယ်နဲ့ ထိုက်တန်တာလေးတောင်
မတောင်းရဲတော့တာကိုတော့ ရှက်တယ်။
ဒီလိုပါပဲ အမေ
ကဗျာဆရာတွေ အတွက်တော့
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ ရှူမျှော်ခင်းတွေဖြစ်ပြီး
လူတစ်ချို့အတွက်တော့
သတ္တိကို အလေးခိုး ရေပါထိုးလိုက်တဲ့
အတ္တယောင်ကိုင်းမှုတွေပေါ့။
တိမ်တိမ်တွေးတာ အေးပါတယ်(လေ)
လမ်းတိုင်းကို ရွှေခင်းထားတယ်
ဒီလိုပဲ ယုံပလိုက်မယ်။
ချမ်းညီချို
၁၂-၁၂-၂၀၁၀

No comments:
Post a Comment