Saturday 9 April 2011

ငါတို့ သစ်ပင်တွေနဲ့ ပင်ပန်းလှပြီ

သူမသည် ကြယ်တစ်ခုဆိုပါက ကျွန်တော့်အချစ်သည် ဘီလီယံနှင့်ချီသော ကြယ်ခင်းကြီးထဲမှ သူမကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိသော ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။ မြင်မြင်ချင်းပဲ ချစ်မိသွားတယ်ဆိုသော စကားကို သူမ နားလည်နိုင်ပါမည်လား ကျွန်တော်မသိပါ။ ဒါဟာ ရူးသွပ်မှုတစ်ခုပဲလို့တော့ ပြောမှာ ကျိန်းသေသည်။ ကိစ္စမရှိပါ။ Love at first sight ကို ဂရိလို theia mania ("madness from the gods") လို့ ပြောကြသည် မဟုတ်ပါလား။


ရူးတယ်လို့ပဲ ဝန်ခံပါရစေတော့။ ကျွန်တော့်ဘက်ကတော့ ကျိန်းသေနေပါပြီ။ ရက်ပေါင်းမြောက်များစွာ၊ လပေါင်းမြောက်များစွာ ခိုးကြည့်စိတ်ကူးယဉ်နေသော သူမသည် ကျွန်တော့်အတွက် မြားနတ်မောင်က ခိုးယူသွားသော လတ်တလောဆိုဖြစ်နေကျ သီချင်း။ သွားလေရာပါတဲ့ ရင်ဘတ်ထဲက အသည်းနှလုံး၏ အရိပ်။ မနက်ခင်းတိုင်းက အသစ်ထပ်ရေးပေးတဲ့ ကဗျာ။ ဒါတွေကို သူမ သိကောင်းသိနိုင်မည်။ သို့မဟုတ် မသိပဲလည်း ဖြစ်နေနိုင်ပါသည်။ လှည်းဘီးဟာ နွားခြေရာနောက်က ကပ်လိုက်နေသလို သူမသည် ကျွန်တော်ရင်ဘတ်ထဲမှာ တွဲလွဲခိုနေတဲ့ စိတ်ကလေးတစ်ခု။ ရှေ့လာမယ့် သက္ကရာဇ်များစွာရဲ့ အချစ်ဆုံး ..။


သူမသည် ကျွန်တော့်အတွက် အတိတ် မလို၊ အမည်သတ်မှတ်ချက် မလို၊ ဘွဲ့လက်မှတ်စက္ကူရွက် မလို၊ ဝါဝင်းညွှတ်ပြောင်းသော လက်မောင်းလှလှလေးများ မလို၊ ပဲနံပြားနှင့် လက်ဘက်ရည် မလို၊ နွေးထွေးသော အိပ်မက်ဆန်ဆန်အနမ်းတွေ မလို၊ ဖိနပ်အသစ်တစ်ရံ မလို၊ မုတ်ဆိတ်မွှေး မလို၊ ဘာမှ မလို။ ဘာဆို ဘာမှ မလိုသော သူမသည် ကျွန်တော့်အတွက် အရာအားလုံး ဖြစ်ပါသည်။


လူတစ်ယောက်ဟာ ကိုယ်ယုံကြည်တဲ့အရာတစ်ခုကို ပြောခွင့်ရှိတယ် မဟုတ်လား။ ဒီလိုနဲ့ ကျွန်တော့် သူမကို ချစ်တယ်လို့ ယုံယုံကြည်ကြည်နဲ့ ပြောလိုက်ပါသည်။ စိတ်ကို အလိုလိုက်နည်းဟာ ဘယ် တက္ကသိုလ်မှာမှ သင်ဖို့ မလိုအပ်ခဲ့သလိုပေါ့။


မဟုတ်ဘူး၊ လိုအပ်တယ်။ ရှင်နဲ့ကျွန်မ ဆုံဆည်းခဲ့တာ မကြာသေးဘူး။ ကျွန်မအကြောင်းလည်း ရှင် ဘာမှ သေချာမသိသေးပဲ ချစ်ကြောင်းဖွင့်ပြောတာဟာ ကျွန်မကို စော်ကားတာပဲ။ ရှင့်အတွက် ကျွန်မရဲ့ တန်ဖိုးဟာ ဒီလောက်ပဲလား။ ကျွန်မ ရေလာအောင် ဘာမြောင်းမှလည်း မဖောက်ခဲ့ဖူးဘူးလို့ ထင်ပါတယ်။ ရှင့်အမြင်မှာ ကျွန်မဟာ ဒီလို ခဏတစ်ဖြုတ်တွေ့၊ ပြီးရင် ချစ်တယ် ပြောလိုက်တာနဲ့ သဘောကျသွားမယ့် မိန်းကလေး ဖြစ်နေပြီလား။


ကျွန်မကို ချစ်တယ်ဆိုတဲ့စကား လာပြောနေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ရှင် မသိသေးဘူး ထင်တယ်။ ဒါမှမဟုတ် ရှင်သိသွားရင် ကျွန်မကို ဒါ့ထက်စောပြီး ရှင်ချစ်ကြောင်း ဖွင့်ပြောရင် ပြောမယ် ဒါမှမဟုတ် ဒီလူတွေထဲမှာ ကျွန်မ ချစ်တဲ့သူတစ်ယောက်မှ မပါဘူးဆိုတာ ကျွန်မသိလာတဲ့အထိ ရှင် စောင့်ရင် စောင့်မယ်။ ပြီးတော့ မိဘအုပ်ထိန်းသူတွေရဲ့ အရိပ်အောက်မှာရှိတုန်း ပညာရေးကိုပဲ ဂရုစိုက်နေပါတယ်ဆိုတဲ့ ကျွန်မရဲ့ အကြောင်းပြချက်တွေကို ရှင် နားစွင့်ရင် စွင့်နေမယ်။


ကျွန်မမှာ ချစ်ရတဲ့သူ ရှိနိုင်တယ်ဆိုတာလည်း ရှင် စဉ်းစားမိမှာပါ။ တိတိကျကျတော့ ရှင် မသိနိုင်ဘူးလေ။ ရှင်နဲ့ ကျွန်မ တွေ့တာ မကြာသေးဘူးကိုး။ တွေ့တာတောင် မကြာသေးပဲ ချစ်တယ်ပြောတဲ့ ရှင့်ရဲ့ အနာဂတ်အိပ်မက်တွေလည်း ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မကို ရက်ပေါင်းလပေါင်းများစွာ အသံတိတ် ငြိတွယ်စွဲလန်းနေခဲ့တဲ့ ရှင့်ရဲ့ အချစ်တွေကိုလည်း စိတ်မဝင်စားဘူး။ ကျွန်မကို မေ့လိုက်ပါ။



ထို့နောက် ...

ထို့နောက် ...



ထို့နောက်တို့တွင် ... အနာဂတ် မရှိ။ ပတ်ဝန်းကျင်ဆိုသော အရာသာ ရှိ၏။

ပတ်ဝန်းကျင်ကို ဖွင့်ကြည့်လိုက်သောအခါ လူတိုင်းနှင့်တော်သော ဖိနပ်တစ်ရံနှင့် အသင့်ချုပ်ပြီး အကျီတစ်ထည်ကိုသာ တွေ့ရလေသည်။



ချမ်းညီချို
06-04-2011

No comments:

Post a Comment