ကြယ်လွဲမိုးတွေကို လွမ်းတယ်
ပိတောက်မြေကို လွမ်းတယ်။
အမေနဲ့ ကမ္ဘာ ဘာနဲ့လဲမလဲ ...။
(ဘယ်သူ့ရဲ့ ကမ္ဘာလဲ ... ..)
ရေကြည်နောက်လိုက်ရင်း ရေပျောက်ခဲ့ရခြင်းတွေ
မပြောခင်
သူများနှာခေါင်းနဲ့ အသက်ရှုရင် ကောင်းမလား အမေ ..
ဒီမှာ
အသက်ရှုလည်း လေယူလေသိမ်းက မမှန်တော့လို့ ..
ကိုယ့်မြင်းကိုယ်စိုင်းရင်း
ရောက်ခဲ့တဲ့ စစ်ကိုင်းတွေ မနည်း
ဒါတောင် ဘဝက အက်ရှင်ကားလို
သူရဲကောင်းဆန်ဆန်တွေပဲ ရိုက်ချင်သေးတယ်။
ဂုဏ်ယူတယ်အမေ ခုချိန်ထိတော့
ဒင်္ဂါးသံတဝဲဝဲနဲ့ ကျွန်တော်မပြောတတ်သေးဘူး
ကလိန်စေ့တွေနဲ့ ငြမ်းမဆင်တတ်သေးဘူး။
အဆိုးဆုံးကတော့ လူတွေကို ချစ်နေတတ်ခြင်းပဲပေါ့ ...
နေကောင်းပါစေ အမေ ...
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်လို့တော့ မရဘူး
အမေ့ကိုချစ်တဲ့ သားတစ်ယောက် ဒီမှာ ရှိနေသေးတယ် ..။
ချမ်းညီချို
04-03-2011

No comments:
Post a Comment