Friday, 18 March 2011

မာရသွန် ပြဇာတ်

ဒီလိုနဲ့
အိမ်ပြေး စက္ကူမင်းသားလေးအလှည့်ရောက်ပြန်တော့
အရင်က သီချင်းနဲ့ပဲလား၊ ဘာတဲ့
'ပြက္ခဒိန်ကိုစုတ် စက္ကူလှေလုပ်'ပါလို့ မြော/မျောခဲ့ပြီ သံသရာထဲမယ် ကမ်းလည်းမမြင်၊ ကမ်းလည်းမတင်
မလျှော့ပါဘူး၊ ကြုံလာတဲ့ သူငယ်ချင်းကံကြမ္မာတွေကို အားပါးတရ ပြုံးပြ
ချစ်သူကံကြမ္မာတွေကို ငိုပြ၊ ရယ်ပြ
ချစ်သူကံကြမ္မာတွေနဲ့ ငိုရ၊ ရယ်ရ
ကိုကိုမမ ပျော်တော်မှုရန် အားပါးတရ အသုံးချ
ပြီးမှ စင်နောက်မှာ သွေး ချွေး အလွမ်းအဆွေး အတွင်းခံတွေနဲ့
ဒဏ်ရာအကျီအထပ်ထပ်ကို စွပ်၊ လူမှုရေးမိတ်ကပ်တွေကို ခွါချလို့
နောက်တစ်ပွဲအတွက်တဲ့
ဖုန်တက်နိုင်လည်း
ဟောဒီ ခေါင်းအတွက်
ဦးထုပ်မဆောင်းပဲ ထွက်ခဲ့တယ်

သံသရာရယ် နင် စောင့်နေတာကြာပြီလား။


ချမ်းညီချို
18-03-2011

Friday, 4 March 2011

အစရှိသည်များနှင့် အဲ့ဒါဘာလဲ ပိတောက်ပန်းလေ မမှတ်မိတော့ဘူးလား

ရှိနေတဲ့ အပူချိန်ဟာ ကျွန်တော့်အတွက် မဟုတ်ဘူး အမေ
ကြယ်လွဲမိုးတွေကို လွမ်းတယ်
ပိတောက်မြေကို လွမ်းတယ်။

အမေနဲ့ ကမ္ဘာ ဘာနဲ့လဲမလဲ ...။
(ဘယ်သူ့ရဲ့ ကမ္ဘာလဲ ... ..)
ရေကြည်နောက်လိုက်ရင်း ရေပျောက်ခဲ့ရခြင်းတွေ
မပြောခင်
သူများနှာခေါင်းနဲ့ အသက်ရှုရင် ကောင်းမလား အမေ ..
ဒီမှာ
အသက်ရှုလည်း လေယူလေသိမ်းက မမှန်တော့လို့ ..
ကိုယ့်မြင်းကိုယ်စိုင်းရင်း
ရောက်ခဲ့တဲ့ စစ်ကိုင်းတွေ မနည်း
ဒါတောင် ဘဝက အက်ရှင်ကားလို
သူရဲကောင်းဆန်ဆန်တွေပဲ ရိုက်ချင်သေးတယ်။

ဂုဏ်ယူတယ်အမေ ခုချိန်ထိတော့
ဒင်္ဂါးသံတဝဲဝဲနဲ့ ကျွန်တော်မပြောတတ်သေးဘူး
ကလိန်စေ့တွေနဲ့ ငြမ်းမဆင်တတ်သေးဘူး။
အဆိုးဆုံးကတော့ လူတွေကို ချစ်နေတတ်ခြင်းပဲပေါ့ ...

နေကောင်းပါစေ အမေ ...
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်လို့တော့ မရဘူး
အမေ့ကိုချစ်တဲ့ သားတစ်ယောက် ဒီမှာ ရှိနေသေးတယ် ..။

ချမ်းညီချို
04-03-2011

Saturday, 26 February 2011

ဖြစ်နေကျ အချစ်ပုံစံ (၁၆)

လူ့ဘဝဆိုတာ အဲ့လောက်ကို မမြဲဘူး၊ အပ်ချည်ကြိုးလေးတစ်ချောင်းနဲ့ ချည်ထားသလို
ကံကြမ္မာက လက်သန်းနဲ့ တစ်ခါတောက်ရင် ထောက်ကနဲ ပြတ်သွားတတ်တယ်
ခလုတ်တိုက်အလဲမှာ အသည်း ဟက်တက်ကွဲတယ်၊ နာမည်တစ်ချို့ မေ့သွားတယ်
စနစ်တကျ ရူးသွပ်ခဲ့တယ်၊ အရက်ပြင်းပေါ် သံသယဝင်တယ်
သီချင်းတွေနဲ့ မျက်နှာကို ခေါင်းအုံးပေါ် ဖိချတယ်
ဆုတောင်းသံ တစ်ဝက်တစ်ပျက်နဲ့ စေတီခြေရင်းမှာ
ခဲဖျက်တစ်ခုလို ရယ်မောတယ်၊ အမာရွတ်ဟောင်းတစ်ခုလို ပွတ်ကြည့်တယ်
ကြိုးတန်းပေါ် လမ်းလျှောက်တာ သွားကြည့်တယ်
အောင်ချိမ့်လို 'ကိုကို့မှာ တိုက်ပုံအကျီမရှိဘူးကွယ်' လို့ ပြောတယ်
သစ္စာနီရဲ့ 'သတို့သားဝတ်စုံအဟောင်းလေးများ ရှိရင် စွန့်ကြဲပါ' ဆိုတဲ့ အရူးကို လိုက်ရှာတယ်
ဒီလိုပဲ
တအားရှင်းနေတော့လည်း အဖြေရှာရခက်ပြန်ရော ...။

ချမ်းညီချို
26-02-2011

Wednesday, 19 January 2011

သွေး

+++ သွေး +++

ဒီကနေ အဖွားရဲ့အိမ်အထိ ရောက်ဖို့ဆိုရင် အနည်းဆုံး တစ်နာရီခွဲလောက် ကြာမယ်။ အခုလို နှင်းတွေကျပြီး ရေတွေခဲနေတဲ့အချိန်မှာ ပိုလို့တောင် ကြာနိုင်သေးတယ်။ နေမကောင်းလို့ မထနိုင်၊ မလှုပ်နိုင်ပဲ အေးစက်နေတဲ့ အိမ်အိုလေးအတွင်းက ခုတင်အပေါ်မှာ လှဲနေမယ့် အဖွားကို မြင်ယောင်မိတာကြောင့် သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အမေပြုတ်တိုက်တဲ့ စွပ်ပြုပ်ပူပူနွေးနွေးကို သောက်အပြီး သားရေအနွေးထည်ကို တင်းတင်းရင်းရင်း လေမဝင်နိုင်အောင် ဝတ်ပြီး ဒါးမြှောင်ကို ခါးကြားမှာ အိပ်နဲ့ အသေအချာ ဝတ်လိုက်တယ်။ ဒီဓားက အဖေကိုယ်တိုင် သူအရွယ်ရောက်လာလို့ လက်ဆောင်ပေးထားတဲ့ ဓား။ မြေခွေးတွေရဲ့ ရန်က ကာကွယ်နိုင်အောင်လို့ပေါ့။ သူတို့ အိမ်နဲ့ အဖွားရဲ့ အိမ် သွားရာ လမ်းမှာ တောအုပ်တစ်ခု ရှိတယ်။ အဲဒီတောအုပ်ထဲမှာ မြေခွေးတွေလည်း ရှိတယ်။


အပြင်ကိုရောက်တော့ တိုက်နေတဲ့လေက ရေခဲဓားနဲ့ တဖြည်းဖြည်းချင်း လှီးဖြတ်နေသလိုပါပဲ။ အကျီနဲ့ လွတ်နေတဲ့ နေရာတိုင်းဟာ အေးပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်။ တောအုပ်အစပ်ကိုရောက်တော့ အရင်ထက်ပိုပြီး အရာရာကို သတိထားပြီး နေမိတယ်။ အဖွားအိမ်ကိုရောက်ဖို့ သိပ်အဝေးကြီး မလိုတော့ပါဘူး။ နောက်ထပ်နှစ်မိုင်လောက်ဆိုရင် ရောက်ပါပြီ။ တိတ်ဆိတ်နေတဲ့သစ်ပင်ကြီးတွေနားက ဖြတ်လျှောက်လာတုန်း နားထဲမှာ အသံတစ်ခုကြားမိတယ်လို့ ထင်တယ်။ လက်တစ်ဖက်က ဓားရိုးပေါ်မှာရှိနေပြီး ပုံမှန်ပဲ အရှိန်မပျက် ဆက်လျှောက်နေလိုက်တယ်။ ဟုတ်ပါတယ်၊ သူ့နောက်မှာ တစ်ယောက်ယောက် လိုက်လာနေတယ်။ တစ်ယောက်ယောက် မဟုတ်ပဲ တစ်ကောင်ကောင်လည်း ဖြစ်နိုင်တယ်။ ဓားရိုးပေါ်တင်ထားတဲ့ လက်ဟာ ချွေးစေးတွေ ပြန်လာတယ်။ သူ့ ရင်ခုန်နှုန်းဟာ ခုနကထက် ပိုပြီး မြန်လို့လာနေတယ်။


သူ့နှာခေါင်းထဲကို သွေးနံ့လိုလို၊ အပုပ်နံ့လိုလို အနံ့တစ်ခုဝင်လာတဲ့အချိန်ကျတော့ ဒါဟာ မြေခွေးတစ်ကောင်ပဲ၊ သူ့နောက်ကို လိုက်လာတာဟာ မြေခွေးတစ်ကောင်ပဲ ဆိုတာ ကျိန်းသေသွားပြီ။ အမှန်တကယ်တော့ သူ့အဖွားရဲ့ အိမ်ကလည်း သိပ်မဝေးတော့ဘူး။ အကူအညီလိုရင်လည်း ရွာထဲက လူတွေရှိတယ်။ ကလေးသာသာအရွယ်ဆိုပေမယ့် တောထဲမှာကြီးပြင်းလာသူပီပီ သူ မြေခွေးတွေကို မကြောက်ပါဘူး။ ဒါပေမယ့် အားကြီးတဲ့ မြေခွေးဆိုရင်တော့ သူ့အနေနဲ့ ယှဉ်ပြိုင်ရ သိပ်ခက်လိမ့်မယ်။ ဒါတွေအတွက် စဉ်းစားချိန်တောင် မရလိုက်ပါဘူး။ ဝေါင်းဆိုတဲ့ အသံနဲ့ သူ့ဆီ အနောက်ကနေ ခုန်ဝင်လာတဲ့ မြေခွေးကို မျက်လုံးထောင့်မှာ ရိပ်ကနဲ တွေ့လိုက်ရတယ်။ ဓားရိုးပေါ်တင်ထားတဲ့လက်ဟာ ဓားကိုတခါတည်း ဆွဲထုတ်ပြီးသား ဖြစ်သွားတယ်။ ကိုယ်ကို တစ်ပတ်လှည့်ပြီး ခုန်ဝင်လာတဲ့ မြေခွေးရှိရာဘက်ကို ဓားကဆွဲမွှေ့အပြီး လူကလည်း လမ်းပေါ်မှာ တစ်ဖက်ကို လှိမ့်ရှောင်ပြီးသား ဖြစ်သွားတယ်။ သူ ကံကောင်းပါတယ်။ ဓားအသွားက ခုန်အုပ်လိုက်တဲ့ မြေခွေးရဲ့ လက်တစ်ဖို့ကို ဖြတ်လိုက်ပြီးသား ဖြစ်သွားပြီး သူလည်း မြေခွေးရဲ့ အစွယ်တွေနဲ့ ဝေးရာဘက်ကို ရှောင်ပြီးသား ဖြစ်သွားတယ်။ မြေခွေးရဲ့လက်က သွေးတွေဟာ နှင်းတွေပေါ်မှာ ရဲကနဲ ပဲ။ မြေခွေးကတော့ နာကျင် ဆိုးရွားစွာ အော်ဟစ်ပြီး တောထဲ ဝင်ပြေးသွားလေရဲ့။ သူလည်း ပါလာတဲ့ အဝတ်စနဲ့ ပြတ်ကျန်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထုတ်ယူလာပြီး သိပ်မဝေးတော့တဲ့ အဖွားအိမ်ကို ဆက်လျှောက်လို့လာခဲ့လိုက်တယ်။


ထင်ထားတဲ့ အတိုင်းပါပဲ။ သူရောက်တော့ အဖွားရဲ့ အိမ်ကလေးဟာ အေးစက်ပြီး ရုတ်တရက်ဆိုရင် လူမနေဘူးလို့တောင် ထင်ရတယ်။ အနံ့ကလည်း မကောင်းဘူး၊ ညှီစို့စို့ နဲ့။ "အဖွားရေ .. အဖွား" သူ အသံပြုလိုက်တော့ အခန်းထောင့်က အဖွားရဲ့ ညည်းသံလိုလို အသံပြုသံတစ်ချက်ကို ကြားရပါတယ်။ အဲဒါနဲ့ပဲ အရင်ဆုံး မီးဖိုကို မီးတောက်လာအောင် လုပ်လိုက်ပြီး အဖွားအတွက် စွပ်ပြုပ်လုပ်ဖို့ ရေတွေ၊ ပဲတွေ၊ အာလူးတွေကို စားပွဲပေါ်မှာ နေရာတကျ ချတယ်။ ခုတင်ပေါ်က အဖွားဆီက ညည်းသံ တစ်ချက်တစ်ချက်ကြားရတယ်။ ထင်းတွေရဲ့ မီးတောက်အရှိန်ကြောင့် အိမ်ကလေးဟာ လင်းလင်းချင်းချင်းနဲ့ နွေးနွေးထွေးထွေးလည်း ရှိလာပါတယ်။ ခုနက တောထဲမှာ သူခုတ်ဖြတ်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထည့်ထားတဲ့ အဝတ်စကို ဖြည်လိုက်တော့ အစွယ်ကောက်ကောက်တွေနဲ့ ညစ်ထေးထေး မြေခွေးလက်တစ်ဖက်ကို တွေ့ရမယ့်အစား လူတစ်ယောက်ရဲ့ လက်ဖြစ်လို့နေပါတယ်။ အသေအချာ ပြောရရင် မိန်းမတစ်ယောက်နဲ့ လက် ဖြစ်လို့နေပါတယ်။ လက်အပြတ်ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လက်ထပ်လက်စွပ်တစ်ကွင်းတောင် ဝတ်ထားပြီး သူ ဒီလက်စွပ်ကို မြင်ဖူးတယ်လို့ ထင်နေပါတယ်။ ဒီလက်စွပ်က အဖွားရဲ့ လက်ထပ်လက်စွပ်ပဲလေ။ အဖွားကို လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်က အဖွားကလည်း သူ့ကို ပြန်စိုက်ကြည့်နေပါတယ်။ အခုမှပဲ မီးရောင်ကြောင့် ကြမ်းပြင်ပေါ်က သွေးစက်တွေကို သူ မြင်ရပြီး သွေးတွေက အဖွားရဲ့ ကုတင်ခြေရင်းမှာ ဂိတ်ဆုံးနေတယ်။ အဖွားခြုံထားတဲ့ စောင်ပေါ်မှာလည်း သွေးကွက်တစ်ချို့ နဲ့၊ သွေးစတစ်ချို့နဲ့။ အဖွားက ဘာမှ မပြောပဲ သူ့ကို စိုက်ကြည့်လို့နေပါတယ်။ သူ့ရဲ့ လက်က ဓားရိုးပေါ် ပြန်ရောက်သွားတယ်၊ သူ့ရဲ့ ရင်ခုန်နှုန်းတွေကလည်း မြန်လို့ လာနေပါတယ်၊ ပြီးတော့ သူဟာ ငိုချလိုက်ချင်အောင်ကို ဝမ်းနည်းလို့လည်း လာပါတယ်။


ချမ်းညီချို
19-01-2011
မှီး = Angela Carter's The Werewolf

Saturday, 18 December 2010

လမ်းတိုင်းကို ရွှေခင်းထားတယ်

ဒီလိုပါ
လမ်းတိုင်းကို ရွှေခင်းထားတယ်ဆိုပေမယ့်
အဲဒီလမ်းက အခုအချိန်ထိ
ကျွန်တော့်အိမ်ရှေ့ မပေါက်သေးတာကစလို့ပေါ့။

နေ့တွေ၊ လတွေနဲ့ နှစ်ကာလတွေဆီက
ရယူခဲ့သမျှဟာ ဒါပဲလား။

ဒဏ်ရာတဲ့
အမှောင်ထဲ ရွှဲရွှဲစိုနေလိုက်ပုံများတော့
သည်လိုပုံနဲ့ မိုးကြီးပဲချုပ်ခဲ့တော့မလို။

ဘဝဟာ ထမင်းစားကောင်းရင် ပျော်တဲ့
အဆင့်မှာပဲ ရပ်နေတော့မှာလား အမေ
ကြာလာရင် အသက်ရှုဖို့တောင်
ခွင့်ပြုချက် တောင်း ရ/မိ မှာမျိုးကို စိုးတယ်။

ဘာမဆို အရင်လို အလွယ်တကူ
ခွင့်လွှတ်တတ်နေတုန်းပါပဲ အမေ
ကိုယ်နဲ့ ထိုက်တန်တာလေးတောင်
မတောင်းရဲတော့တာကိုတော့ ရှက်တယ်။

ဒီလိုပါပဲ အမေ
ကဗျာဆရာတွေ အတွက်တော့
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ ရှူမျှော်ခင်းတွေဖြစ်ပြီး
လူတစ်ချို့အတွက်တော့
သတ္တိကို အလေးခိုး ရေပါထိုးလိုက်တဲ့
အတ္တယောင်ကိုင်းမှုတွေပေါ့။

တိမ်တိမ်တွေးတာ အေးပါတယ်(လေ)
လမ်းတိုင်းကို ရွှေခင်းထားတယ်
ဒီလိုပဲ ယုံပလိုက်မယ်။

ချမ်းညီချို
၁၂-၁၂-၂၀၁၀

အပြာရောင် ဂြိုဟ်သားများ (၁၃)

ဒီပညာရပ်ကို နောက်သလို၊ ပြောင်သလို အနေနဲ့တောင် လှောင်ပြောင်မှု မပြုပါဘူးဆိုတဲ့ ကတိကို ရပြီးတော့မှ အန်တီကြီးက ကျွန်တော်တို့ အားလုံးကို ခြံထဲ ခေါ်သွားတယ်။ အချိန်ကတော့ ည ဆယ်နာရီလောက်ပေါ့။ ဒါပေမယ့် မြို့ကြီးပြကြီးမဟုတ်ပဲ နယ်မြို့လေးဆိုတော့ ညဆယ်နာရီဆိုရင်ပဲ လမ်းပေါ်မှာ လူသွားလူလာ တော်တော်ကျဲနေပြီ။ အရာအားလုံးက ပိုပြီး မှောင်သလိုနဲ့ တိတ်ဆိတ်လို့နေပြီ။ ကျွန်တော်ကတော့ ကောင်းကင်မှာ ဝင်းဝင်းလက်နေတဲ့ လမင်းကြီးကို မြင်ရပြီး ပျော်နေတယ်။ ဖြစ်နိုင်ရင် ချက်ချင်းပဲ လပေါ် တက်ကြည့်လိုက်ချင်တယ်။


လူကြီးပြောတာ ကြားဖူးသလောက်ကတော့ ဒီလို ပညာရပ်တွေဟာ ဒီလို ရှမ်းပြည်ဘက်မှာ တော်တော် ခေတ်စားတယ်ဆိုပဲ။ ကျွန်တော်ကတော့ ကလေးဆိုတော့ သိပ်စိတ်မဝင်စားဘူး။ အထူးအဆန်း တစ်ခုခုကို မြင်ရမှာမို့လို့ စိတ်ဝင်စားရုံလောက်ပဲ ရှိမယ်ထင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ ခြံထဲရောက်လာပြီး ကွပ်ပျစ်ကလေးမှာ စုထိုင်ကြတယ်။

အန်တီကြီးက ကျွန်တော် ကောင်းကင်က လမင်းကြီးကို စိတ်ဝင်တစား ကြည့်နေတာ မြင်တော့


"သားက အဲ့လကြီး လိုချင်လို့လား" တဲ့။


ကျွန်တော်က ရယ်တယ်၊ ဘာမှတော့ ပြန်မပြောလိုက်ဘူး။


"သားလိုချင်ရင် အန်တီ သားအတွက် လတစ်စင်း ယူပေးပါ့မယ်" တဲ့။


ကျွန်တော်က ရယ်ပြီးတော့ "ဟာ အန်တီကလည်း လက ယူလို့မှ မရတာ။ ဒီလောက်တော့ သားသိပါတယ်" လို့ ပြန်ပြောတော့ အန်တီကြီးက ရယ်တယ်။


ပြီးတော့ ကျွန်တော့် အစ်မဘက်ကို လှည့်ပြီးတော့


"သမီးရဲ့ လက်ကိုင်ပဝါ ခဏပေးပါဦး။ သမီးမောင်လေးအတွက် လယူပေးမလို့" တဲ့။


ကျွန်တော် အစ်မကလည်း ဘာမှ ပြောမနေဘူး၊ တစ်ခါတည်း ကိုင်ထားတဲ့ လက်ကိုင်ပဝါကို လှမ်းပေးလိုက်တယ်။ ကျွန်တော်ကတော့ ဝင်းဝင်းလက် တောက်ပနေတဲ့ လမင်းကြီးကိုပဲ ပြန်ငေးနေတယ်။ အဲဒီအချိန်မှာ အန်တီကြီးက ကျွန်တော်နဲ့ လမင်းကြီးကြားမှာ လက်ကိုင်ပဝါနဲ့ ဖြန့်ကာလိုက်တယ်။ ပြီးတော့ ရယ်တယ်။


"သား လိုချင်တယ် မဟုတ်လား" တဲ့။


ကျွန်တော်ကလည်း "ဟုတ်ကဲ့" ပေါ့။


"ကဲ လိုချင်ရင် ယူသွားပေတော့" လို့ဆိုပြီး လက်ကိုင်ပဝါကို ကျွန်တော့် လက်ထဲ လှမ်းထည့်ပေးတယ်။


ကျွန်တော်လည်း ဘုမသိဘမသိနဲ့ ယူလိုက်ပါတယ်။

ပြီးတော့ လက်ကိုင်ပဝါကို ဖြန့်ကြည့်တော့ ခုနက ကျွန်တော် ငေးကြည့်နေတဲ့ လမင်းကြီးကို လက်ကိုင်ပဝါထဲမှာ အထိတ်တလန့် တွေ့လိုက်ရတယ်။


အထိတ်တလန့်ဆိုတာ ဝိုင်းကြည့်နေတဲ့ ကျွန်တော့် အစ်မနဲ့ အဒေါ်တွေ ဖြစ်သွားတာပါ။

ကျွန်တော်ကတော့ "ဟေး လမင်းကြီး ရပြီ ဟေး" ဆိုပြီး ပျော်တာပေါ့။

ခြံထဲမှာ လက်ကိုင်ပဝါကို ကိုင်ပြီး လျှောက်တောင် ပြေးလိုက်သေးတယ်။ ကျွန်တော့် အစ်မနဲ့ အဒေါ်တွေကပါ ကျွန်တော် ပြေးတဲ့နောက် ပြေးလိုက်လာကြတယ်။ လက်ကိုင်ပဝါကို တကယ့် အထူးအဆန်းလို လိုက်ကြည့်ကြတာလေ။ ကျွန်တော်ကလည်း သူတို့ကို စချင်တာနဲ့

"ဟာ မပြပါဘူး။ ဒါ သားဟာ" ဆိုပြီး ဖွက်ထားတယ်။


အတင်းတောင်းတော့မှ ပြန်ထုတ်ပြတာပေါ့။

ခုနက အတိုင်းပဲလေ။ လက်ကိုင်ပဝါထဲမှာ လမင်းကြီးကတော့ ရှိနေတုန်းပေါ့။

ကျွန်တော့် အဒေါ်နဲ့ အစ်မတွေကတော့ အန်တီကြီးကို မျက်လုံးပြူးကြီးတွေနဲ့ ဝိုင်းကြည့်ကြတယ်။ တစ်ချက်တစ်ချက် ကောင်းကင်က ဝင်းဝင်းလက်နေတဲ့ လမင်းကြီးကိုလည်း ကြည့်ကြတယ်။ ဝင်းဝင်းလက်နေတဲ့ လက်ကိုင်ပဝါထဲက လမင်းကြီးကိုလည်း ကြည့်ကြတယ်။ အန်တီကြီးကတော့ ဘာမှ မပြောဘူး။ ပြုံးစိစိနဲ့ပဲ ကျွန်တော် လက်ကိုင်ပဝါကို လေထဲ ဝှေ့ပြီး ခြံထဲမှာ လျှောက်ပြေးနေတာကို ကြည့်နေတယ်။


ချမ်းညီချို

၀၈-၁၂-၂၀၁၀


Friday, 3 December 2010

ဖြစ်နေကျ အချစ်ပုံစံ (၁၅)

ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

သူမကြောင့်ပင် ဖတ်သူမရှိသောကြောင့် စကားလုံးများအဖြစ်သို့ မရောက်ရှိနိုင်ခဲ့သည့် "နင့်ကို ငါ ချစ်တယ်" ဆိုသော စာလုံးများကို ကျွန်တော် ပြန်လည် ဆွဲထုတ်လာခိုက် ကောင်းကင်တွင် ကြယ်အစင်းတစ်ရာ ကြွေကျမသွားပါ။ နေသည်လည်း အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ဝင်သွားပြီး ညရောက်သောအခါ ပတ်ဝန်းကျင်သည် မှောင်မှောင်မဲမဲရှိလာပါသည်။ "ဒါ ရှေးဘဝက ရေစက်ပါလို့ပဲ သိလား" ဟု သူမဆိုသောအခါ ကျွန်တော် ပြုံးမိပါသည်။ ဘာကြောင့် ပြုံးလိုက်မိသလဲ ကျွန်တော် မသိပါ။ ပြုံးချင်၍ ပြုံးလိုက်ခြင်းသာ ဖြစ်ပါသည်။ သို့သော် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသောကြောင့် ဘာရယ်မဟုတ် ပြုံးချင်၍ ပြုံးလိုက်ခြင်းသာဖြစ်ကြောင်း အဆောတလျှင် ရှင်းပြမိပါသည်။ "မယုံဘူးပေါ့လေ ဟုတ်လား" ဟု ဆိုသောအခါ "အဲလိုလည်း မဟုတ်ပါဘူး" ဟု ခပ်ပေါ့ပေါ့ ပြန်ဖြေမိပါသည်။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

ကျွန်တော် ကြိုက်သော သီချင်းအမျိုးအစားများ၊ အဆိုတော်များကို သူမ မကြိုက်သလို သူမကြိုက်သော သီချင်းအမျိုးအစား၊ အဆိုတော်များကို ကျွန်တော် မကြိုက်ပါ။ သို့သော် သူမ ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း သူမ ပြောသောအခါ နားထောင်ပေးရုံတင်မဟုတ်ပဲ ကျွန်တော်ပါ သူတို့အကြောင်း ပြောလို၍ သူမ ကြိုက်သော သီချင်းအမျိုးအစားများကို ကျွန်တော် လိုက်နားထောင်ဖြစ်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာဖြစ်ပါသည်။ အံ့ဩစရာကောင်းသည်မှာ သူမလည်း ကျွန်တော်ကြိုက်သော သီချင်းများကို လိုက်နားထောင်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာနေသည်ကို မျှော်လင့်မထားပဲ သိလိုက်ရပါသည်။ ဒီလိုကိစ္စများသည် လူတော်တော်များများအတွက် အရေးမကြီး၊ အရေးမပါသော ကိစ္စများ ဖြစ်နိုင်သော်လည်း ကျွန်တော်တို့ နှစ်ယောက်အတွက်မှု ကြည်နူးစရာကိစ္စတစ်ခု ဖြစ်လို့နေပါသည်။ တစ်ယောက်ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း တစ်ယောက်ကလည်း သိနေခြင်းမှာ ကျွန်တော်နှင့်သူမကို ပိုပြီး နီးကပ်သွားအောင် ဆွဲစေ့လိုက်သလိုရှိသည်ဟု ကျွန်တော် ထင်သည်။ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာစကားမရှိ ဖြစ်နေခြင်းမျိုးမှ ကင်းဝေးစေပါသည်။

"လက်ထပ်ဖြစ်ရင် ဧည့်ခံပွဲ မလုပ်ချင်ဘူး သိလား။ အဲဒါလုပ်ဖို့ ကုန်မယ့် ပိုက်ဆံကို လိုအပ်နေတဲ့သူတွေ၊ လှူသင့်တဲ့နေရာတွေမှာ လှူလိုက်ချင်တယ်" ဆိုသော သူမ၏ စကားတစ်ခွန်းသည် ကျွန်တော့်ကို အတော်ပင် ပျော်ရွှင်စေခဲ့ပါသည်။ ထိုစဉ်က သူမကို ကြည့်သောအကြည့်တွင် အချစ်သာမက လေးစားမှုပါ ပါတယ်လို့ သူမထင်ကြောင်း ပြောသောအခါ ဟုတ်မှန်ကြောင်း ကျွန်တော် ဝန်ခံခဲ့ပါသည်။ မိန်းမတစ်ယောက်ဖြစ်နေလို့၊ ကိုယ့်ထက် အသက်ငယ်နေလို့၊ ကိုယ်ချစ်တာ လေးစားတာသိပြီး အနိုင်ယူမှာစိုးလို့ စသည်ဖြင့် ဘာဘာညာညာ တွေးမိပြီး ခံစားချက်အမှန်ကို ဝန်မခံတာမျိုး ကျွန်တော် မလုပ်ခဲ့ပါ။ ကိုယ်ချစ်သော မိန်းကလေးတစ်ယောက်ကို လေးစားမိခြင်းသည် အပြစ်မရှိဟု ထင်ပါသည်။ ကျွန်တော့်ထံမှ အချစ်သာမက လေးစားမှုပါ ရသောကြောင့် ပိုပြီး ပျော်တယ်လို့ သူမက ဆိုပါသည်။ အဲလို ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်တဲ့ ကျွန်တော့်ကို ပိုပြီး ချစ်မိလာတယ်ဟု ဆိုသောအခါ ကျွန်တော်လည်း ပျော်ပါသည်။

တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော် သေသေချာချာ နားမလည်သေးပါဘူးဟု ထင်မိသောကြောင့် ကျွန်တော်သူမကို ချစ်တာ တကယ်မှ ဟုတ်ရဲ့လားလဲ စဉ်းစားမိပါသည်။ ကျွန်တော် သူမကို တော်တော် သဘောကျ၊ တော်တော် ကြိုက်နှစ်သက်သည်ကတော့ သေချာပါသည်။ သူမရဲ့ အသံ၊ ဆံပင်အရောင်၊ သူမကြိုက်တဲ့ အစားအသောက်တွေ၊ မကြိုက်တဲ့ အစားအသောက်တွေ အကုန်လုံးကို ကျွန်တော် အလွတ်ရ မှတ်မိနေပြီး အားလုံးကို ကျွန်တော်သဘောကျပါသည်။ သူမကို ကြိုက်တဲ့ အဆင့်ကနေ ချစ်တဲ့အဆင့်ကို ရောက်သွားပြီလား။ "ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ ကျွန်တော် သေသေချာချာမသိပါ။ ချစ်တယ်ဆိုရင် ဘာတွေလုပ်ရမလဲ။ ချစ်တယ်ဆိုတာ အချိန်တော်တော်များများမှာ သူမကို သတိရနေခြင်းတွေလား။ အမြဲတမ်း အနားမှာ ရှိနေစေလိုတာတွေလား။ သူမ ရယ်မောပျော်ရွှင်နေတာကို မြင်လိုက်ရတိုင်း ကျွန်တော်ပါ ပျော်ရွှင်လာတာတွေက အချစ်လား။ သူမကို အမြဲပဲ စိတ်ချမ်းသာအောင် ထားလိုတဲ့ ဆန္ဒတွေကပဲ အချစ်ဆိုတာကြီး ဖြစ်နေမလား။ ဒီလောက်လေးနဲ့တော့ အချစ်ဟု မခေါ်နိုင်သေးဘူး ထင်ပါသည်။ သူမကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ သူမ မကြိုက်သော ဆေးလိပ်သောက်သည့်အကျင့်ကို ဖြတ်ပစ်လိုက်ခြင်းများကိုလည်း ထည့်သွင်းပြောရမည် ထင်သည်။ သူမကို တစ်ယောက်တည်း ထားခဲ့ပြီး သူငယ်ချင်းများနှင့် တစ်နေကုန် လျှောက်သွားမိခဲ့လျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ လျှောက်သွားမိသော ကျွန်တော့်ကို အပြစ်တင်နေသော သူမကို ဒေါသထွက်မိလျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ သူမရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ တကယ်လက်တွေ့မှာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးနေခြင်းတွေကပဲ အချစ်လို့ ခေါ်ရပါမည်လား။ သူမ ကူညီစောင့်ရှောက်ချင်သော မိသားစုတွေ၊ ဆွေမျိုးတွေကို ကျွန်တော်ကပါ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခြင်းတွေဟာ အချစ်တွေပဲလား။ ဒါမှမဟုတ် ဒါတွေက လုပ်သင့်လို့ လုပ်နေတဲ့ လူမှုရေးကိစ္စတွေများလား။

ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားစေလိုခြင်းနှင့် လက်သည်းနီဆိုးတာကို မကြိုက်ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားလိုက်ခြင်းနှင့် လက်သည်းနီ မဆိုးတော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆေးလိပ်မသောက်စေလိုခြင်းနဲ့ ဆေးလိပ်မသောက်တော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် အရက်အများကြီး မသောက်စေလိုခြင်းနဲ့ အရက်အများကြီး မသောက်တော့ခြင်းများ ပါသည်။ သူမ၏ ကျွန်တော့်အတွက် အချစ်ဆိုတာထဲတွင်မတော့ မနက် အိပ်ရာထချိန်တွင် သွားတိုက်ဆေး ထည့်ထားပြီးသား သွားတိုက်တံတစ်ချောင်းနှင့် အသင့်ပြင်ပြီးသား မနက်စာလည်း ပါလေ့ရှိသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သွားရင်းလာရင်း သူမနှင့်လိုက်မည့် အဝတ်အစား အသုံးအဆောင်များ တွေ့ပါက လက်ဆောင်အဖြစ် ချက်ခြင်း ဝယ်လာခြင်းများ ပါသည်။ စနေ၊ တနင်္ဂနွေ သူမ တစ်နေကုန် ဈေးဝယ်ထွက်သည့်နောက်ကို မငြီးမငြူ အထုပ်ဆွဲရင်း ပိုက်ဆံလိုက်ရှင်းသည်များ ပါသည်။ တစ်ခုခု စားခါနီးတိုင်း သူမအကြိုက် ဆိုင်ကို ရွေးဖို့ ဦးစားပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ရုပ်ရှင်များကို မပျင်းရိဟန်ဆောင်၍ အတူတူ လိုက်ကြည့်ပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ဟင်းများကို မနက်အစောကြီးထ၍ အဝေးကြီးအထိသွားပြီး ဝယ်ယူ ချက်ပြုတ်ခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် မလိုအပ်ပဲ ကက်ဆက်အကောင်းစားကြီးဝယ်၍ အသံစနစ် အကောင်းစားကြီး တပ်ဆင်များကို မငြုစူ အပြစ်မတင်ခြင်းများ ပါသည်။ ကျွန်တော် ဘောလုံးပွဲကြည့်ဖို့ တီဗီအကြီးကြီး ဝယ်တာကို မငြုစူခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် အိမ်ကို သူမအကြိုက် ဆေးရောင်ပြောင်းသုတ်ပေးခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သူမဟင်းချက်သောအခါ ဝိုင်းကူလုပ်ပေးခြင်းများ ပါသည်။ တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော်တို့ သေသေချာချာ နားမလည်သေးဟု ထင်ပါသည်။

သူမက "ကလေးမလိုချင်ဘူး၊ အချစ်တွေ ခွဲပေးရမှာစိုးလို့" ဟု ဆိုသောအခါ "အင်း သဘောပဲလေ" ဟု ဖြေမိခြင်းသည်လည်း အချစ်ပဲလား။ သူမက အဲလို စိတ်ကူးရှိပေမယ့် ကျွန်တော်လိုချင်ရင်တော့ ယူမှာပေါ့ ဆိုတာကရော အချစ်ပဲလား။ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ရှိခိုးပြီးမှ အိပ်တာကရော အချစ်ပဲလား။ ကျွန်တော်မရှိတော့ရင် လောကကြီးထဲမှာ သူမတစ်ယောက်တည်း မျက်နှာငယ်ပြီး ကျန်မနေရအောင်လို့ အလုပ်တွေလုပ်ပြီး ပိုက်ဆံစုနေတာဟာ ကျွန်တော်ရဲ့ သူမအပေါ်မှာ ရှိတဲ့ အချစ်လား။ ဒီတစ်သက်မက နောက်ဘဝတွေ ဘဝတွေမှာလည်း ကျွန်တော်နဲ့ ဒီလို ပေါင်းဖက်ရပါစေလို့ ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းနေတာဟာ သူမရဲ့ ကျွန်တော့်အပေါ်မှာ ရှိတဲ့ အချစ်လား။ ကျွန်တော် အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။


ချမ်းညီချို
၂၈-၁၁-၂၀၁၀