Tuesday, 27 December 2011

စွယ်တော်ပင်က အရွက်ကလေးလို

၁။ ဗလာစာရွက်သုံးရွက်

CD တစ်ချပ်

စာအုပ် တစ်အုပ်

စာအိတ်အညိုရောင်

သူ့အငွေ့အသက်ပါသည့် အရာဝတ္ထုလေးခုသည် မိုင်ပေါင်း ကိုဖြတ်၍ ရောက်ရှိလာကြသည်။ အဆန်းတကြယ်သိပ်မဟုတ်သော ထိုအရာများသည် သူနှင့်ကျွန်မကြား ဝေးကွာနေသော အတိုင်းအတာများကိုမေ့ပျောက်သွား

စေသည်။ သူရေးပေးသော ကဗျာသိပ်မဆန်သည့် စာသုံးမျက်နှာသည် ညအိပ်ရာဝင်ပုံပြင်ဖြစ်သည်။ အိပ်ယာမှထတိုင်း ဖတ်ဖြစ်နေသည့် ဘာသာရပ်တစ်ခုလည်းဖြစ်သည်။



၁။ အဝေးက ချစ်နေရတယ်ဆိုတာ

အလုပ်မလုပ်တဲ့ မီးခြစ်တစ်လုံးနဲ့

ဆေးလိပ်မီးညှိနေသလိုပါပဲ..။

ကိုယ်ကလည်း တအားသောက်ချင်

သူကလည်း အလုပ်မလုပ်တော့

ခံတွင်းချဉ်ရုံ သက်သက်ပဲ။ .. ။



ဆေးလိပ်မီးညှိရန်အတွက် မီးခြစ်လိုက်ရှာနေချိန်၌ "ဆေးလိပ်တွေ လျှော့သောက်နော် .." ဆိုသော သူမ၏ အမှာစကား စူးစူးရှရှလေးကို ကမ္ဘာတစ်ဘက်ခြမ်းမှ ကြားရပါသည်။ ကမ္ဘာတစ်ဘက်ခြမ်းရှိ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။



၂။ သူသည် ကျွန်မအတွက် ....

နားထောင်၍မရိုးနိုင်သော စည်းချက်၊

ဖတ်၍မ၀နိုင်သော စာတစ်ပုဒ်၊

ဖွဲ့ဆို၍မဆုံးနိုင်သော စာသား၊

ဟောင်းနွမ်းမသွားသော အီးမေးလ်တစ်စောင်၊



သူ၏ ရင်ခုန်သံသည် ကျွန်မ၏ ရင်ခုန်သံ

သူ၏ ပျော်ရွှင်မှုသည် ကျွန်မ၏ ပျော်ရွှင်မှု

သူ၏ နေမကောင်းဖြစ်မှုသည် ကျွန်မ၏ ပူဆွေးမှု



၂။ သူမနှင့် ကျွန်တော်သည် ပုံတူလူသားနှစ်ယောက်လို တစ်ယောက်သိစိတ်နောက် တစ်ယောက် ကပ်လိုက်နေသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။ သူမနှင့် ကျွန်တော်ကြားက ၅၃၄၁.၇၈ မိုင် တနည်းအားဖြင့် ၈၅၉၆.၇၆ ကီလိုမီတာ ဆိုသော နိုင်ငံနှစ်နိုင်ငံ၏ အကွာအဝေးကလည်း ကျွန်တော်တို့ နှစ်ယောက်အား ဝေးကွာသွားစေရန် မည်သို့မျှ မတတ်နိုင်ခဲ့ပါ။ လူနှစ်ယောက်အား အတူတကွ ပူးတွဲ ချည်ငင် တုတ်နှောင်ထားရန်အတွက် အကောင်းဆုံးသော ကြိုးသည် သစ္စာတရားပင် ဖြစ်ပါသည်။ သစ္စာတရားသည် ဟောင်းနွမ်း၍ မသွားနိုင်သော လက်ထပ်စာချုပ်တစ်ခုလည်း ဖြစ်သည်။



၃။ သူ့အတွက် ကျွန်မဖြစ်တည်ခဲ့ရသည့် ရက်ပေါင်း သုံးရာရှစ်ဆယ့်နှစ်ရက်ခန့်အတွင်း မျက်စိအောက်မှအပျောက်မခံနိုင်အောင် ချစ်ခဲ့ကြသည့်နေ့များရှိသည်။ အပြန်အလှန်လိုက်ချော့ခဲ့ကြသည့် စိတ်ကောက်သည့်နေ့များလည်းရှိသည်။ ရန်ဖြစ်ပြီးစကားမပြောဘဲနေခဲ့ကြသည့်ရက်နေ့လများလည်းအများကြီးရှိသည်။ ရက်ပေါင်းသုံးရာကျော်အတွင်း သတိမရဘဲနေသည့်နေ့တစ်နေ့မျှမရှိခဲ့။ နေ့တိုင်းလွမ်းသည်ဆိုလျှင် ရယ်စရာတော့ကောင်းပေလိမ့်မည်။ စိတ်နောက်သို့ သူလိုက်နေသည်ဟုပြော၍ရသည်။



သေဖို့တစ်ရက်နီးလာသည်နှင့်အမျှ သူသည် ကျွန်မဘ၀၏ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ ဘ၀တစ်ခုလုံးအပြည့်နေရာယူလာခဲ့သည်။ ကျွန်မ၏ နှလုံးခုန်နှုန်းသည် တစ်မိနစ် အချက်ရှစ်ဆယ်ခုန်မည်ဆိုပါက သူ့နှလုံးသားသည်လည်း ထိုသို့ပင်လိုက်ခုန်လိမ့်မည်။ သူသည် အဖြူရောင်အား အမည်းရောင်ဟုပြောနေပါက ကျွန်မ၏ အမြင်အာရုံသည်လည်း အမည်းရောင်ကိုသာမြင်ရပေလိမ့်မည်။



၃။ သူမနှင့် ကျွန်တော်သည် သံသယနှင့် ရှေ့နောက်မညီမှုများ ပျော်ဝင် ပျောက်ကွယ်သွားစေဖို့ အချစ်နှင့် ယုံကြည်မှုကို ဆတူ ရောစပ်ခဲ့ကြပြီး နှုံးချိရှုပ်ထွေးနေသော အတိတ်များ၊ အရိပ်များကိုလည်း တက်ညီလက်ညီ ပေါင်းသင်ရှင်းလင်းခဲ့ကြသည်များ

ကို အမှတ်ရဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကိုယ်ပေါ်မှ တစ်ကိုယ်ကောင်းဆန်မှုများ၊ မာနများကို အတူတကွ လှုပ်ယမ်းခါချခဲ့စဉ်က ကျွန်တော့်အပေါ် ထားရှိသော သူမ၏ အချစ်သည် ဆိုးချင်တိုင်းဆိုးပြီး စိတ်ပါတာကို စိတ်ပါသလို လုပ်တတ်သော ကျွန်တော့်ဘဝခါးခါး အတွက် ချိုမြိန်သော ပီတီအဟုန်တစ်ခု ဖြစ်စေခဲ့သည်။ ဤသို့သော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။



၎။ ကျွန်မအိမ်တွင်ည သူ့အိမ်တွင်နေ့ ဖြစ်နေသည့်အချိန်၌ အိပ်ချိန်စားချိန်မေ့နေလောက်အောင် စကားထိုင်ပြောမိကြသည်။ ကျွန်မ၏ညအချိန်တွင် သူသည် ကျွန်မ၏ မနက်ခင်းအချိန်အထိ ထိုင်စောင့်နေခဲ့ပြီးလက်ချာမစခင်အထိ စကားဆက်ပြောမိသည်။လစဉ်ရက်ဆက်နီးပါး ထိုနည်းအတိုင်းပြောဖြစ်ခဲ့သော်လည်း ကျွန်မတို့နှစ်ယောက်ပြောနေကျအရာများသည် အိုဟောင်း၍ မသွား ။ မရိုး မဆန်းသော အကြောင်းအရာများသည် သူ့အလိုလိုရောက်လာတတ်သည်။ စကားပြောနေကြသော်လည်း အမြဲတမ်းလွမ်းနေကြရသည်။



၎။ အိပ်ရာနိုး၍ မျက်စိနှစ်လုံး ပွင့်လာချိန်၌ သတိရမိသော သူမသည် နံနက်ခင်း အိပ်ရာနိုးချိန်၌ အိပ်ရာနိုးကြောင်း အီးမေးပို့ဖို့ ခဏခဏ မှာဖူးသော သူမပင် ဖြစ်သည်။ ကော်ဖီဖျော်နေချိန်၌ သတိရမိသော သူမသည် ကော်ဖီကြိုက်တတ်သော သူမဖြစ်သည်။ အိမ်သာမှအထွက်တွင် ကျွန်တော့်ကို ပြုံးစိစိဖြစ်စေခြင်းမှာ အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးဖို့ ကလေးတစ်ယောက်သဖွယ် စိုးရိမ်တကြီး မှာကြားထားသော သူမ၏စကားကို သတိရမိခြင်းကြောင့် ဖြစ်သည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် ဖတ်နေချိန်၌ သတိရမိသော သူမသည် အနုပညာကိစ္စတွင် ခံစားခြင်းနှင့် နားလည်ခြင်းကိုပင် မကွဲပြားသူများနှင့် အချိန်ကုန်ခံပြီး စကားပင် ပြောလေ့မရှိသော သူမသာလျှင် ဖြစ်သည်။ ထို့ပြင် ထမင်းစားချိန်များ၌လည်း အားဖြစ်အောင် ထမင်းများများ ပိုစားရန် မှာတတ်သော သူမ၊ ဘီယာသောက်မည် စိတ်ကူးသောအခါ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားလျှင် နှစ်ယောက်သား တွေ့ရချိန် ပိုနည်းပါးမှာစိုးသဖြင့် ကျန်းမာရေးအတွက် ဘီယာ အရက် လျှော့သောက်ရန်မှာတတ်သော သူမ၊ အိပ်ရာဝင်ချိန်၌ Good Night ဆိုသော အီးမေးလေးတစ်စောင်လောက်တော့ မအိပ်ခင် ပို့ဖို့ မှာတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံး သူမပင် ဖြစ်သည်။



သို့သော်...



၅။ အရိပ်တစ်ခုလို ကျွန်တော့် အသည်းနှလုံးတွင် တွဲလွဲခိုနေသော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။



၅။ အကွာအဝေးကြောင့် လွမ်းဆွတ်ရသည့်အချိန်များတွင် ရင်ဂို၏ "တောင်ပံပါရင် မင်းဆီကို" သီချင်းအော်ဆို၍ လွမ်းသည့်စိတ်ကိုဖြေဖျောက်ခဲ့ရသည်။ ကျွန်မသည် သူ့အားရူးမတတ်လွမ်းရချိန်တွင် သူသည် ရယ်စရာတစ်ခုခုပြော၍ နှစ်သိမ့်ပေးတတ်သည်။



တောင်းဆုများကို ယုံကြည်လာမည့်နေ့တွင်သာ ဆုတစ်ခု တောင်းဖြစ်ပေလိမ့်မည်။



လွမ်းရသည့်အချိန်တိုင်းအတွက် သူနှင့်ကျွန်မ အတူရှိနေချင်သည်။



ချမ်းညီချို၊ သစ်သု
04-07-2011

အစရှိသည်များနှင့် အသက်ရှုတိုင်း အချစ်က ဒီမှာ

အဝေးက ချစ်နေရတယ်ဆိုတာ
အလုပ်မလုပ်တဲ့ မီးခြစ်တစ်လုံးနဲ့
ဆေးလိပ်မီးညှိနေသလိုပါပဲ..။
ကိုယ်ကလည်း တအားသောက်ချင်
သူကလည်း အလုပ်မလုပ်တော့
ခံတွင်းချဉ်ရုံ သက်သက်ပဲ။ .. ။


ဆေးလိပ်မီးညှိရန်အတွက် မီးခြစ်လိုက်ရှာနေချိန်၌ "ဆေးလိပ်တွေ လျှော့သောက်နော် .." ဆိုသော သူမ၏ အမှာစကား စူးစူးရှရှလေးကို ကမ္ဘာတစ်ဘက်ခြမ်းမှ ကြားရပါသည်။ ကမ္ဘာတစ်ဘက်ခြမ်းရှိ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။

သူမနှင့် ကျွန်တော်သည် ပုံတူလူသားနှစ်ယောက်လို တစ်ယောက်သိစိတ်နောက် တစ်ယောက် ကပ်လိုက်နေသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။ သူမနှင့် ကျွန်တော်ကြားက ၅၃၄၁.၇၈ မိုင် တနည်းအားဖြင့် ၈၅၉၆.၇၆ ကီလိုမီတာ ဆိုသော နိုင်ငံနှစ်နိုင်ငံ၏ အကွာအဝေးကလည်း ကျွန်တော်တို့ နှစ်ယောက်အား ဝေးကွာသွားစေရန် မည်သို့မျှ မတတ်နိုင်ခဲ့ပါ။ လူနှစ်ယောက်အား အတူတကွ ပူးတွဲ ချည်ငင် တုတ်နှောင်ထားရန်အတွက် အကောင်းဆုံးသော ကြိုးသည် သစ္စာတရားပင် ဖြစ်ပါသည်။ သစ္စာတရားသည် ဟောင်းနွမ်း၍ မသွားနိုင်သော လက်ထပ်စာချုပ်တစ်ခုလည်း ဖြစ်သည်။

သူမနှင့် ကျွန်တော်သည် သံသယနှင့် ရှေ့နောက်မညီမှုများ ပျော်ဝင် ပျောက်ကွယ်သွားစေဖို့ အချစ်နှင့် ယုံကြည်မှုကို ဆတူ ရောစပ်ခဲ့ကြပြီး နှုံးချိရှုပ်ထွေးနေသော အတိတ်များ၊ အရိပ်များကိုလည်း တက်ညီလက်ညီ ပေါင်းသင်ရှင်းလင်းခဲ့ကြသည်များကို အမှတ်ရဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကိုယ်ပေါ်မှ တစ်ကိုယ်ကောင်းဆန်မှုများ၊ မာနများကို အတူတကွ လှုပ်ယမ်းခါချခဲ့စဉ်က ကျွန်တော့်အပေါ် ထားရှိသော သူမ၏ အချစ်သည် ဆိုးချင်တိုင်းဆိုးပြီး စိတ်ပါတာကို စိတ်ပါသလို လုပ်တတ်သော ကျွန်တော့်ဘဝခါးခါး အတွက် ချိုမြိန်သော ပီတီအဟုန်တစ်ခု ဖြစ်စေခဲ့သည်။ ဤသို့သော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။

အိပ်ရာနိုး၍ မျက်စိနှစ်လုံး ပွင့်လာချိန်၌ သတိရမိသော သူမသည် နံနက်ခင်း အိပ်ရာနိုးချိန်၌ အိပ်ရာနိုးကြောင်း အီးမေးပို့ဖို့ ခဏခဏ မှာဖူးသော သူမပင် ဖြစ်သည်။ ကော်ဖီဖျော်နေချိန်၌ သတိရမိသော သူမသည် ကော်ဖီကြိုက်တတ်သော သူမဖြစ်သည်။ အိမ်သာမှအထွက်တွင် ကျွန်တော့်ကို ပြုံးစိစိဖြစ်စေခြင်းမှာ အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးဖို့ ကလေးတစ်ယောက်သဖွယ် စိုးရိမ်တကြီး မှာကြားထားသော သူမ၏စကားကို သတိရမိခြင်းကြောင့် ဖြစ်သည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် ဖတ်နေချိန်၌ သတိရမိသော သူမသည် အနုပညာကိစ္စတွင် ခံစားခြင်းနှင့် နားလည်ခြင်းကိုပင် မကွဲပြားသူများနှင့် အချိန်ကုန်ခံပြီး စကားပင် ပြောလေ့မရှိသော သူမသာလျှင် ဖြစ်သည်။ ထို့ပြင် ထမင်းစားချိန်များ၌လည်း အားဖြစ်အောင် ထမင်းများများ ပိုစားရန် မှာတတ်သော သူမ၊ ဘီယာသောက်မည် စိတ်ကူးသောအခါ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားလျှင် နှစ်ယောက်သား တွေ့ရချိန် ပိုနည်းပါးမှာစိုးသဖြင့် ကျန်းမာရေးအတွက် ဘီယာ အရက် လျှော့သောက်ရန်မှာတတ်သော သူမ၊ အိပ်ရာဝင်ချိန်၌ Good Night ဆိုသော အီးမေးလေးတစ်စောင်လောက်တော့ မအိပ်ခင် ပို့ဖို့ မှာတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံး သူမပင် ဖြစ်သည်။

သို့သော်...

အရိပ်တစ်ခုလို ကျွန်တော့် အသည်းနှလုံးတွင် တွဲလွဲခိုနေသော သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေမိကြောင်း စာတစ်ပုဒ်ရေးရန် စိတ်ကူးရှိသော်လည်း လက်တွေ့တွင်မူ သူမအား အချိန်ပြည့်နီးပါး လွမ်းဆွတ်နေရပါသောကြောင့် မရေးနိုင်သေးပါ။

ချမ်းညီချို
04-07-2011

ရှေးအကျဆုံး စီးပွါးရေးနဲ့ အရွယ်မရောက်သေးတဲ့ ကမ္ဘာ

မေမေက ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံသောအခါ ကျွန်တော် ငိုချင်ပါသည်။ 'သွားလေ၊ ဟိုနားမှာ ဒေါ်အေးတို့နဲ့ သွားထိုင်နေလို့ ပြောနေတာ မရဘူးလား' ဟု မေမေ အော်သောအခါ ကျွန်တော် ပို၍ ငိုချင်သည်။ 'သားလေး၊ မေ့မေ့သားလေး' ဆိုသော နူးညံ့၍ မေတ္တာအပြည့်ပါသော အခေါ်အဝေါ် အသုံးအနှုန်းများကို မည်သူ ခိုးယူသွားပါလိမ့်။ ကလေးဖြစ်သော ကျွန်တော်တစ်ယောက် နားမလည်နိုင်ပါ။ ဒေါ်အေးတို့ ကွမ်းယာဆိုင်နားတွင်လည်း သွားထိုင်၍ မနေချင်ပါ။ မေမေ့အနားမှာသာ နေချင်ပါသည်။ မေမေ့အနားမှာသာ နေချင်သော ကျွန်တော်တစ်ယောက် အနားကပ်လိုက်တိုင်း မေမေ့ထံမှ အော်ဟစ် နှင်ထုတ်ခြင်းသာ ခံနေရပါသည်။ မေမေကတော့ အရေးတယူ ဂရုစိုက်ဖို့ဝေးစွ၊ ကျွန်တော့်ကို အော်ငေါက်နှင်ထုတ်လိုက်ပြီးတိုင်း တစ်ဖက်သို့ မျက်နှာလွှဲ၍သာ နေပါသည်။ စကပ်တိုတိုလေး ဝတ်ထားသော မေမေ့အနား ကျွန်တော် ကပ်သွားလိုက်တိုင်း နှုတ်ခမ်းနီ၊ ပါးနီများ ခြယ်ထားသော မေမေ့မျက်နှာ ပျက်ပျက်သွားတတ်ပြီး အော်ဟစ်မောင်းထုတ်ခြင်းသာ ခံနေရသောကြောင့် အတော်လေးဟိုက်ပြီး ဇာပါးပါးလေးဖြင့်သာ ဖုံးအုပ်ထားသော မေမေ့ရင်ခွင်ထဲသို့ ခေါင်းဝင်တိုး၍ 'မေမေ သားကို ဘယ်လောက်ချစ်၊ မိုးလောက်ကြီး ချစ် ...' ဟု ချွဲဆိုနိုင်ခွင့်မှာ ပျောက်ဆုံးလို့နေပါသည်။ မေမေ ကျွန်တော့်ကို မချစ်တော့ဘူးလား။ ကျွန်တော် နားမလည်နိုင်ပါ။ မေမေ ကျွန်တော့်ကို မ..ချစ်..တော့..ဘူး..လား။ ဟုတ်တယ်၊ မေမေ ကျွန်တော့်ကို မချစ်တော့ဘူးလို့ ထင်ပါတယ်။



မဟုတ်ပါဘူး သားလေးရယ်။ မေမေ သားကို ချစ်တာပေါ့။ ချစ်တာမှ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ချစ်ပါတယ်။ ချစ်လွန်းလို့ သားလေးအတွက်ပဲ မေမေ ဒီအလုပ်ကို လုပ်နေရတာပေါ့။ အခု လာခေါ်မယ့် အန်ကယ်ကြီးတွေကလေ မေမေနဲ့ သားလေး စားဖို့သောက်ဖို့အတွက် ပိုက်ဆံတွေ ပေးကြလိမ့်မယ် သားရဲ့။ ပြီးတော့ ဒီအန်ကယ်ကြီးတွေက ကလေးအမေဆိုရင် သဘောမကျကြဘူး။ သူတို့က ငယ်ငယ်ရွယ်ရွယ် အပျိုလေးတွေကိုမှ ကြိုက်တာလေ။ ဒါကြောင့် မေမေက သားကို သားလို့ မခေါ်ဖြစ်တာပါ။ ပြီးတော့ ဒါ့ကြောင့်ပဲ သားကို မေမေ့အနားမှာ မနေခိုင်းတာ။ မေမေ့ကို ကလေးအမေမှန်းသိရင် တခြားကောင်မလေးတွေကိုပဲ ကားပေါ် ခေါ်တင်သွားပြီး မေမေ့ကို ထားခဲ့လိမ့်မယ် သားရဲ့။ အဲလိုဆိုရင် မေမေနဲ့ သားအတွက် စားဖို့သောက်ဖို့ ပိုက်ဆံရမှာ မဟုတ်တော့ဘူး။ သားလေး အရွယ်ရောက်လာရင် ကျောင်းတက်ဖို့အတွက်လည်း မေမေ ပိုက်ဆံစုနိုင်တော့မှာ မဟုတ်ဘူး။ တကယ်တော့ သားကို ဝေးဝေးမှာနေဖို့ အော်ထုတ်လိုက်ပြီးတိုင်း မေမေ မျက်ရည်ကျရပါတယ် သားရယ်။ မျက်နှာမဲ့မဲ့လေးနဲ့ သားလေး ငိုနေတာမြင်ရင် မေမေလည်း ငိုချင်တယ်။ ဒါ့ကြောင့်ပဲ မေမေ့မျက်ရည်တွေကို သားမမြင်အောင် သားကို အော်ငေါက်ထုတ်လိုက်ပြီးတိုင်း မေမေ မျက်နှာ လွှဲနေခဲ့ရတာပေါ့။ မေမေ သားကို အရမ်း ချစ်ပါတယ်။ ပြီးတော့ မေမေ့သားကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်တယ်။ ဒါမှ သားအဖေလို ယောက်ျားမျိုး ငါ့သားလေး မဖြစ်မှာ။



ချမ်းညီချို
17-06-2011

Friday, 10 June 2011

အပြာရောင် ဂြိုဟ်သားများ (၁၄)

ကျွန်တော့် အမအကြီးဟာ ကျွန်တော့်ကို တော်တော်လေး ချစ်ပါတယ်။ ဘယ်လောက်တောင်ချစ်သလဲဆိုရင် အမှတ်တရဖြစ်အောင်ဆိုပြီး ကျွန်တော့်တူမလေးတွေကို ကျွန်တော့်မွေးနေ့ မတ်လ(၆)ရက်နေ့မှာ ဗိုက်ခွဲပြီး မွေးပေးခဲ့တဲ့ အထိပါပဲ။ ဆရာဝန်ရဲ့ အဆိုအရ စောင့်မယ်ဆိုရင် နောက်ထပ် ငါးရက်၊ တစ်ပတ်လောက် စောင့်လို့ရနေသေးတယ်။ ဒါပေမယ့် မမကတော့ ကျွန်တော့်မွေးနေ့မှာ အမှတ်တရဖြစ်အောင်၊ သူ့သမီးလေးတွေနဲ့ မွေးရက်ချင်းတူအောင်ဆိုပြီး ဗိုက်ခွဲပြီး မွေးပစ်လိုက်တာပါပဲ။ ကျွန်တော့် ရင်ထဲမှာ ဘယ်လိုရှိမလဲ မေးစရာ မလိုပါဘူး၊ ကျွန်တော် အရမ်း ပျော်ပါတယ်။ ကျွန်တော့်အမကို အရင်ကထက် ပိုချစ်မိလာတယ်။ ကျွန်တော့်ယောက်ဖ ရင်ထဲမှာကော ဘယ်လို ရှိမလဲ စဉ်းစားကြည့်နိုင်ပါတယ်။ သူ့ခမျာ အချိန်မစေ့ခင် မွေးမှာမို့လို့ သူ့မိန်းမအတွက်ကော၊ ကလေးတွေအတွက်ပါ အရမ်းစိုးရိမ်နေရတော့တာပေါ့။ သူ့နေရာမှာ တခြားလူသာဆိုရင် စိတ်ဆိုးကောင်း ဆိုးပါလိမ့်မယ်။ ကျွန်တော့်အမကိုသာမက ကျွန်တော့်ကိုပါ ဒေါသတွေလှိမ့်ထွက်နေလောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ယောက်ဖက အပေါ်စားရုပ်ရှင်တွေထဲကလို အကိုတွေ၊ မောင်တွေနဲ့ အဆင်မပြေတဲ့ ယောက်ဖမျိုး မဟုတ်ဘူး။ သူကလည်း ကျွန်တော့်ကို ညီအရင်းတစ်ယောက်လို ချစ်တဲ့ ယောက်ဖဆိုတော့ သူလည်း ပျော်တယ်။ ဒီလိုနဲ့ပဲ အခုတော့ ကျွန်တော့်တူမအမြွှာလေးနှစ်ယောက်ဟာ  ကျွန်တော်နဲ့  မွေးရက်အတူတူဖြစ်လို့ နေပါတော့တယ်။



ချမ်းညီချို
06-06-2011

ဖြစ်နေကျအချစ်ပုံစံ (၁၉)

သူ့အကိုက သူ့ညီမကို သိပ်ချစ်တယ်။ မိန်းမယူတော့ သူ့ညီမနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းမကို ရှာယူတယ်။ ရုပ်ရည်တင်မဟုတ်ဘူး၊ အမူအကျင့် တော်တော်များများလည်း တူကြတယ်။ မနက်စာကို အိပ်ရာထထချင်း မစားပဲ ကော်ဖီတစ်ခွက် အရင်သောက်၊ တစ်နာရီလောက် ခြားပြီးတော့မှ စားတာမျိုးက အစ၊ စားချင်တဲ့ အစားအသောက်ကို ဘယ်လောက် ခရီးဝေးဝေး တကူးတက သွားဝယ်ပြီး အိမ်မှာ ကိုယ်တိုင်စိတ်ကြိုက် ချက်စားတာမျိုးအထိ ခပ်ဆင်ဆင် အကျင့်တွေရှိတယ်။ သူ့ညီမလိုပဲ သူ့မိန်းမကလည်း အပေါင်းအသင်းတွေကို တွယ်တာတယ်။ စနေ၊ တနင်္ဂနွေဆိုရင် အပေါင်းအသင်းတွေနဲ့ အိမ်မှာ တစ်ခုခု ချက်စားနေကျ။ ဒီအကျင့်လည်း တူတယ်။ စကားကို ကျယ်လောင်ကျယ်လောင်နဲ့ ပြောတတ်တာလည်း တူတယ်။ ရုပ်ရှင်ကြိုက်တာလည်း တူတယ်။ သူ့ညီမက နိုင်ငံခြားမှာဆိုတော့ အနားမှာ သူ့ညီမနဲ့တူတဲ့ မိန်းမရှိနေတာ သူ့အကိုအတွက် အလွမ်းလည်း ပြေစေတယ်။ ဂါဝန်အပြာလေးနဲ့ ခြံထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတတ်တဲ့ သူ့ညီမကို သတိရလို့တဲ့ သူ့မိန်းမအတွက် ဆင်တူ ဂါဝန်အပြာလေးတစ်ထည် ဝယ်လာပေးဖူးတယ်။ ခြံထဲမှာ ဂါဝန်အပြာလေးဝတ်ပြီး အလုပ်လုပ်နေတဲ့ သူ့မိန်းမကို ကြည့်ရင်း သူ့ညီမကို ပိုပြီး သတိရမိတယ်။ ညီအစ်ကို မောင်နှမကလည်း ဒီ နှစ်ယောက်ပဲ ရှိတာဖြစ်တဲ့အတွက် သူ့အကိုက သူ့ညီမကို သိပ်ချစ်တာ မဆန်းဘူးလို့ ထင်ပါတယ်။ သူ့အကိုကလည်း သူ့ညီမရဲ့ အဝတ်အစားတွေနဲ့ တိတိကျကျ ဆင်တူကြီးမဟုတ်တောင် တော်တော်လေးဆင်တဲ့ အဝတ်အစားတွေ သူ့မိန်းမအတွက် ဝယ်လာပေးလေ့ရှိတယ်။ သူ့အကိုအတွက်ကတော့ သူ့မိန်းမကို မြင်နေရတာ သူ့ညီမလေးကို မြင်နေရသလိုပဲ အလွမ်းပြေတယ်၊ စိတ်ချမ်းသာတယ်။ ပြဿနာက ဘယ်သူက သွားပြီး စလိုက်သလဲတော့ မသိဘူး။ သူ့ညီမနဲ့ တူလို့ သူ့ကို ယူတာပါလို့ သူ့မိန်းမကို ဘယ်သူက သွားပြောလိုက်သလဲ မသိဘူး။ သူ့မိန်းမက ဒါကို စိတ်ဆိုးတယ်။ သူ့မိန်းမက ဘာလို့ စိတ်ဆိုးလဲ ကျနော်လည်း မသိဘူး။ သူ့အကိုကတော့ သူ့ညီမကို သိပ်ချစ်တယ်။ သူ့ညီမနဲ့ တူလို့ သူ့ကို ယူတာပါလို့ အပြောခံရတဲ့ သူ့မိန်းမကတော့ အခု စိတ်ဆိုးနေတယ်။ ဘာမှန်းတော့ မသိဘူး၊ ဝမ်းနည်းတယ်လို့လည်း ပြောပါတယ်။


ချမ်းညီချို
06-06-2011

Saturday, 14 May 2011

ဖြစ်နေကျ အချစ်ပုံစံ (၁၈)

ပူပူနွေးနွေး လမ်းခွဲကာစကလို ဝမ်းနည်းခြင်းများ တဖျစ်ဖျစ်လောင်ကျွမ်းချိန် မဟုတ်တော့သော်လည်း ငြိမ်သက်သော သတိရစိတ်သည် အလွမ်းနှင့်အတူ ကျွန်တော့်ရင်ဘတ်ထဲတွင် ပုန်းခိုနေဆဲ ဖြစ်သည်။ အိပ်မက်ထဲက ပခုံးတစ်ဖက်ကို အပြင်ဖက်ဆီ ဆွဲထုတ်လို့ မရမဲ့အတူတူ မျက်ရည်တွေကို သိမ်းဝှက်ထားကြဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါသလား မသိပါ။

အချစ်က အဓိက အကျဆုံး အုတ်မြစ်ပါလို့ ပြောသွားခဲ့သူကိုတွေ့လျှင်သာ သဘောမတူနိုင်တော့ပါကြောင်း ဤနေရာမှ တရားဝင် ပြောကြားလိုပါသည်။

*'ရွှေဝါရောင်ဂုဏ် ဧည့်ခန်းကြီးထဲမှာ မိဘအလိုကျ ခေါင်းညိမ့်ပြတာထက် သဲပြင်ပေါ်မှာ တုတ်ကလေးနဲ့ ချစ်ပြထားတဲ့ အချစ်ကို ပိုတန်ဖိုးထား' * ရင်း ကျွန်တော်တို့နှစ်ယောက် ပျော်ခဲ့ဖူးကြသည်များကရော ဘယ်မှာလဲ။ (သဲထဲရေသွန်တာကမှ အကွက်လေးကျန်ဦးမည် ထင်ပါသည်။)

"လူဆိုတာ လူလိုနေမှ အဆင်ပြေမှာမို့ ..
လူတွေအလည်မှာဆိုတော့ လူမြင်သူမြင်ကောင်းဦးမှ ..." တို့၏ တိုက်စားမှုဒဏ်ကြောင့် ပျောက်ပျယ်သွားခဲ့သည်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။ (အချစ်ကို ဘယ်သူကစပြီး ဈေးဆစ်ခဲ့မိသလဲ မသိပါ။)

အလွယ်တကူ ပျက်လိုက် ပြင်လိုက် လုပ်နိုင်သော အပေါစားဆန်ဆန် နှလုံးသားများ မဟုတ်သောကြောင့် ခေတ်မှီသွားအောင် ခေတ်နဲ့အညီ ပျက်လိုက် ပြင်လိုက် လုပ်ခဲ့သည်ဟု ဝါးလုံးရှည်နှင့် ရမ်းခြင်း သည်းခံပါ။ ရောသောဖောသောနဲ့ မျောပါရာအရပ်မှာ အိမ်စိုက်သွားသည်ဟုသာ ထင်ကောင်းထင်နိုင်ပါသည်။

အတိတ်သည် ကြိုးဖြစ်ပါက လည်ပင်း၌ တင်းတင်းရစ်သော အရာသည် ထိုအရာသာ ...


ချမ်းညီချို
13-05-2011

ဝန်ခံချက်။
*'ရွှေ - * သည် ဆရာအော်ပီကျယ်၏ စကားလုံးဟု ကြားဖူးပါသည်။
ဤစာ၏ အစိတ်အပိုင်းအချို့ကို မှူးဒါရီ၏ 'လွမ်းရမှာတွေ များတယ်' ကဗျာအား ဖတ်ရင်း ခံစားရင်း ရေးပါသည်။
နောက်ဆုံးဝါကျသည် ကျွန်တော်ကြိုက်သလိုပြင်ထားသော ဆရာဇော်ဇော်အောင်၏ ဝါကျဖြစ်ပါသည်။

စပျစ်သီးတွေ ချဉ်ရင် ပြုံးပြ မြိုချတုန်းပဲလား

ကျွန်တော့်မျက်လုံးက ကျွန်တော်အမိန့်ကို မနာခံတော့ဘူး

အလင်း ၅၀% ၊ အမှောင် ၅၀% နဲ့ ကမ္ဘာကြီးက

ခုတော့ ချဉ်တဲ့ စပျစ်သီးတွေကို သိမ်းဝှက်တတ်လာကြပြီ

အချိန်တွေက အစစ်အမှန်တစ်ခုလို အချိန်မှန် ပြန်ရောက်လာတယ်

ဘဝတွေဟာ ဘယ်ပုံဘယ်နည်း ရှင်သန်မလဲဆိုတာ

ဘယ်သူ့ဆီက ဘာ ထောက်ခံချက် ယူရမှာလဲ ဒီလို

ဟန်ဆောင်မှုတွေကြားထဲ အရသာတွေ တခုချင်းစီ ပျောက်ကွယ်လာချိန်မှာ

နောက်ကျောကနေ နာမည်ခေါ်သံကြားရင် လန့်မနေဖို့ပဲ ကြိုးစားမိတယ်။


ချမ်းညီချို
25-04-2011