Saturday 9 April 2011

ငါတို့ သစ်ပင်တွေနဲ့ ပင်ပန်းလှပြီ

သူမသည် ကြယ်တစ်ခုဆိုပါက ကျွန်တော့်အချစ်သည် ဘီလီယံနှင့်ချီသော ကြယ်ခင်းကြီးထဲမှ သူမကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိသော ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။ မြင်မြင်ချင်းပဲ ချစ်မိသွားတယ်ဆိုသော စကားကို သူမ နားလည်နိုင်ပါမည်လား ကျွန်တော်မသိပါ။ ဒါဟာ ရူးသွပ်မှုတစ်ခုပဲလို့တော့ ပြောမှာ ကျိန်းသေသည်။ ကိစ္စမရှိပါ။ Love at first sight ကို ဂရိလို theia mania ("madness from the gods") လို့ ပြောကြသည် မဟုတ်ပါလား။


ရူးတယ်လို့ပဲ ဝန်ခံပါရစေတော့။ ကျွန်တော့်ဘက်ကတော့ ကျိန်းသေနေပါပြီ။ ရက်ပေါင်းမြောက်များစွာ၊ လပေါင်းမြောက်များစွာ ခိုးကြည့်စိတ်ကူးယဉ်နေသော သူမသည် ကျွန်တော့်အတွက် မြားနတ်မောင်က ခိုးယူသွားသော လတ်တလောဆိုဖြစ်နေကျ သီချင်း။ သွားလေရာပါတဲ့ ရင်ဘတ်ထဲက အသည်းနှလုံး၏ အရိပ်။ မနက်ခင်းတိုင်းက အသစ်ထပ်ရေးပေးတဲ့ ကဗျာ။ ဒါတွေကို သူမ သိကောင်းသိနိုင်မည်။ သို့မဟုတ် မသိပဲလည်း ဖြစ်နေနိုင်ပါသည်။ လှည်းဘီးဟာ နွားခြေရာနောက်က ကပ်လိုက်နေသလို သူမသည် ကျွန်တော်ရင်ဘတ်ထဲမှာ တွဲလွဲခိုနေတဲ့ စိတ်ကလေးတစ်ခု။ ရှေ့လာမယ့် သက္ကရာဇ်များစွာရဲ့ အချစ်ဆုံး ..။


သူမသည် ကျွန်တော့်အတွက် အတိတ် မလို၊ အမည်သတ်မှတ်ချက် မလို၊ ဘွဲ့လက်မှတ်စက္ကူရွက် မလို၊ ဝါဝင်းညွှတ်ပြောင်းသော လက်မောင်းလှလှလေးများ မလို၊ ပဲနံပြားနှင့် လက်ဘက်ရည် မလို၊ နွေးထွေးသော အိပ်မက်ဆန်ဆန်အနမ်းတွေ မလို၊ ဖိနပ်အသစ်တစ်ရံ မလို၊ မုတ်ဆိတ်မွှေး မလို၊ ဘာမှ မလို။ ဘာဆို ဘာမှ မလိုသော သူမသည် ကျွန်တော့်အတွက် အရာအားလုံး ဖြစ်ပါသည်။


လူတစ်ယောက်ဟာ ကိုယ်ယုံကြည်တဲ့အရာတစ်ခုကို ပြောခွင့်ရှိတယ် မဟုတ်လား။ ဒီလိုနဲ့ ကျွန်တော့် သူမကို ချစ်တယ်လို့ ယုံယုံကြည်ကြည်နဲ့ ပြောလိုက်ပါသည်။ စိတ်ကို အလိုလိုက်နည်းဟာ ဘယ် တက္ကသိုလ်မှာမှ သင်ဖို့ မလိုအပ်ခဲ့သလိုပေါ့။


မဟုတ်ဘူး၊ လိုအပ်တယ်။ ရှင်နဲ့ကျွန်မ ဆုံဆည်းခဲ့တာ မကြာသေးဘူး။ ကျွန်မအကြောင်းလည်း ရှင် ဘာမှ သေချာမသိသေးပဲ ချစ်ကြောင်းဖွင့်ပြောတာဟာ ကျွန်မကို စော်ကားတာပဲ။ ရှင့်အတွက် ကျွန်မရဲ့ တန်ဖိုးဟာ ဒီလောက်ပဲလား။ ကျွန်မ ရေလာအောင် ဘာမြောင်းမှလည်း မဖောက်ခဲ့ဖူးဘူးလို့ ထင်ပါတယ်။ ရှင့်အမြင်မှာ ကျွန်မဟာ ဒီလို ခဏတစ်ဖြုတ်တွေ့၊ ပြီးရင် ချစ်တယ် ပြောလိုက်တာနဲ့ သဘောကျသွားမယ့် မိန်းကလေး ဖြစ်နေပြီလား။


ကျွန်မကို ချစ်တယ်ဆိုတဲ့စကား လာပြောနေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ရှင် မသိသေးဘူး ထင်တယ်။ ဒါမှမဟုတ် ရှင်သိသွားရင် ကျွန်မကို ဒါ့ထက်စောပြီး ရှင်ချစ်ကြောင်း ဖွင့်ပြောရင် ပြောမယ် ဒါမှမဟုတ် ဒီလူတွေထဲမှာ ကျွန်မ ချစ်တဲ့သူတစ်ယောက်မှ မပါဘူးဆိုတာ ကျွန်မသိလာတဲ့အထိ ရှင် စောင့်ရင် စောင့်မယ်။ ပြီးတော့ မိဘအုပ်ထိန်းသူတွေရဲ့ အရိပ်အောက်မှာရှိတုန်း ပညာရေးကိုပဲ ဂရုစိုက်နေပါတယ်ဆိုတဲ့ ကျွန်မရဲ့ အကြောင်းပြချက်တွေကို ရှင် နားစွင့်ရင် စွင့်နေမယ်။


ကျွန်မမှာ ချစ်ရတဲ့သူ ရှိနိုင်တယ်ဆိုတာလည်း ရှင် စဉ်းစားမိမှာပါ။ တိတိကျကျတော့ ရှင် မသိနိုင်ဘူးလေ။ ရှင်နဲ့ ကျွန်မ တွေ့တာ မကြာသေးဘူးကိုး။ တွေ့တာတောင် မကြာသေးပဲ ချစ်တယ်ပြောတဲ့ ရှင့်ရဲ့ အနာဂတ်အိပ်မက်တွေလည်း ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မကို ရက်ပေါင်းလပေါင်းများစွာ အသံတိတ် ငြိတွယ်စွဲလန်းနေခဲ့တဲ့ ရှင့်ရဲ့ အချစ်တွေကိုလည်း စိတ်မဝင်စားဘူး။ ကျွန်မကို မေ့လိုက်ပါ။



ထို့နောက် ...

ထို့နောက် ...



ထို့နောက်တို့တွင် ... အနာဂတ် မရှိ။ ပတ်ဝန်းကျင်ဆိုသော အရာသာ ရှိ၏။

ပတ်ဝန်းကျင်ကို ဖွင့်ကြည့်လိုက်သောအခါ လူတိုင်းနှင့်တော်သော ဖိနပ်တစ်ရံနှင့် အသင့်ချုပ်ပြီး အကျီတစ်ထည်ကိုသာ တွေ့ရလေသည်။



ချမ်းညီချို
06-04-2011

အိမ်အပြန်မှာ စံပယ်တွေက ဖွေးလို့မွှေးလို့

စကားထဲမှာ အဆဲတစ်ခွန်းပါလိုက်ရုံနဲ့ ထပ်ပြောရဲပြောကြည့်စမ်း ပါးကို တွယ်ချိတ်နဲ့ ထိုးခံရမှာနော်လို့ ခြိမ်းခြောက်လေ့ရှိတဲ့ မိဘတွေနဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်ရယ်၊ စကားပြောတိုင်း စောက်တစ်ခါ၊ Fuck တစ်ခါ ထည်လဲသုံးတတ်တဲ့ သူမရယ်၊ ပြီးတော့ မသောက်ပဲ မှာထားတဲ့ လိမ္မော်ရည်နှစ်ခွက်ရယ် ညနေဆည်းဆာလှလှအောက်မှာ တဖြေးဖြေးချင်း အရည်တွေပျော်လို့ လိမ္မော်ရည်ဟာ လိမ္မော်ရောင် မပေါက်တော့ဘူး။ အရသာလည်း ပေါ့နေလိမ့်မယ်၊ ဒါပေမယ့် ဆည်းဆာကတော့ လှနေတုန်းပဲ။

မဟုတ်ဘူး၊ ဆည်းဆာက မလှပါဘူး။ အိမ်မှာ အမေ အသည်းအသန် ဖြစ်နေတယ်လို့ ပြောလိုက်တာကို သူမ ကြားပုံမပေါ်ဘူး၊ ဖိနပ်ကို တမင်ပွန်းတောင် ခြေထောက်အောက်ကလမ်းနဲ့ ဆက်ပွတ်နေတယ်။ အမေက နေရာတကာ သူ့စိတ်ချည်းပဲ၊ ကြာတော့ စိတ်ကုန်လာပြီလို့ သူမ ပြောတော့ ကျွန်တော့်မှာအမေ့ကို ဆပ်စရာ အကြွေးတွေ အများကြီးရှိနေသေးပါလားဆိုတာ သူမ မေ့သွားပြန်ပြီလား၊ ကျွန်တော်စဉ်းစားနေတုန်း ဘေးဆိုင်က ညှော်နံ့က နှာခေါင်းထဲကို ထောင်းကနဲ ဝင်လာလို့လိမ္မော်ရည်ခွက်ကို လှမ်းယူလိုက်တော့ ရေခဲတွေက အရည်ပျော်ပြီးသွားလို့ လိမ္မော်ရည်ဟာ လိမ္မော်ရည် မဟုတ်တော့သလို ဖြစ်နေပြီ။ ပြီးတော့ ဒီလမ်းတွေကို လျှောက်ဖို့ မိဘတွေက ချွေးနဲ့ ဆင်ထားတဲ့ ဖိနပ်ကလေး တမင်ပွန်းအောင် လုပ်နေတာကို ရပ်စေချင်ပြီ။

မရပ်ဘူး၊ ဖိနပ်ကလေးက အတော်ပါးလာနေပြီ။ ကျွန်မက ရှင့်အတွက် အရာရာမှာ ပထမဦးစားပေး ဖြစ်ရမှာနော်၊ မိဘတွေ မောင်နှမတွေ မသိဘူး ပြောတော့ ဆိုင်က ကောင်လေးက Men Always Remember Ladies Because Of Romance Only လို့ (တစ်ခါတစ်လေမှာ) ဘာသာပြန်တတ်တဲ့ Marlboro တစ်ပွဲ လာချတယ်။ ဪ ဒါလား၊ ဟုတ်တယ် အဲဒါ အဆိပ်တွေ။ ကျွန်တော့် ကိုယ်ထဲကို အဲဒီ အဆိပ်တွေ တရှိုက်မက်မက် စုပ်သွင်းခဲ့တာ ကြာပေါ့။ တစ်လိပ်ယူပြီး မီးညှိလိုက်တော့ အမေရေ ခဏနေဦး၊ ဒီမှာ သားရည်းစားနဲ့ မအားလို့ လို့ ပြောလိုက်တုန်းက မြင်လိုက်တဲ့ အမေ့ရဲ့အပြုံးနဲ့ ဆေးလိပ်ကို ကြိုက်လို့ သောက်တာပါ အမေရယ်၊ မဖြတ်ပါရစေနဲ့ဦး လို့ ပြောလိုက်တုန်းက မြင်လိုက်တဲ့ အမေရဲ့အပြုံး တူသလိုရှိတယ်လို့ တွေးမိတယ်။

မတူဘူး။ လူတော်တော်များများအတွက် တစ်သက်မှာ အမေတစ်ယောက်ပဲ ရှိတတ်ကြတာမို့ အမေသီချင်းခွေတွေ ရောင်းမကောင်းတာနဲ့ တစ်ယောက်ထက်ပိုရှိနိုင်လို့ ချစ်သူများနေ့ သီချင်းခွေတွေ ရောင်းကောင်းတာနဲ့ မတူသလိုပေါ့ လို့ ပြောတော့ လိမ္မော်ရည်ခွက်ထဲကို ယင်ကောင်တစ်ကောင် ပြုတ်ကျလာတယ်။ ဟာ စောက် ဒီယင်ကောင်ကတော့ လုပ်ပြီ၊ Fuck! ဒီမှာ သောက်မလို့ စဉ်းစားနေတာလို့ သူမက ပြောတော့ ခွက်ထဲမှာလည်း ပိုးလောက်လန်းတစ်ချို့ တွေ့တယ်လို့ ပြန်ပြောလိုက်တော့ ဪ .. ကြားဖူးတယ် မဟုတ်လား၊ 'ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင် အချစ်ကို သွန်ပစ်လိုက်ရတာ ကောင်းတယ်' တဲ့။ အဲဒါနဲ့ပဲ လိမ္မော်ရည်တွေကို သွန်ပစ်၊ ဆေးလိပ်ကို မီးသတ်ပြီး သူမနဲ့ လမ်းခွဲလိုက်တယ်။ လမ်းပေါ်မှာ ပိုးလောက်လန်းတွေနဲ့ လိမ္မော်ရည်တွေက စီးကျနေတုန်း၊ ယင်ကောင်လေးလည်း အသက်ငင်နေတုန်းပေါ့။

ဒါပေမယ့် ဆည်းဆာကတော့ လှနေတုန်းပါပဲ၊ ပြီးတော့ စံပယ်တွေဖွေးနေတဲ့ လမ်းကလေးအတိုင်း ကျွန်တော် အိမ်ကို ပြန်လာခဲ့တယ်။

ချမ်းညီချို
18-03-2011